← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆ - အမည်မသိ စက်ကွင်း

ဂြိုဟ်တု လမ်းကြောင်းပြစနစ် အလုပ်မလုပ်တော့ခြင်း၊ ဆက်သွယ်ရေး ပြတ်တောက်သွားခြင်း၊ သံလိုက်အိမ်မြှောင်များ မှားယွင်းနေခြင်းတို့အပြင် ယခုအခါ ကောင်းကင်ကြီးမှာလည်း မီးခိုးရောင် သန်းလာပြီး နေမင်းကြီးပင် ပျောက်ကွယ်သွားခဲ့သည်။

ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အဖြစ်အပျက်များ ဆက်တိုက် ဖြစ်ပေါ်လာမှုကြောင့် လူတိုင်း ကြောက်လန့်လာကြသည်။ သူတို့သည် လှောင်ချိုင့်တစ်ခုထဲတွင် ပိတ်လှောင်ခံထားရသကဲ့သို့ ခံစားလာရပြီး ဖော်ပြ၍မရနိုင်သော အကြောက်တရားနှင့် ဖိအားများက သူတို့၏ စိတ်ကို ကြီးစိုးလာသည်။

"ကပ္ပတိန်... ကျွန်တော်တို့ အခု ဘယ်လို လုပ်ကြမလဲ... နေထွက်လာမယ့် အချိန်ကို ဒီနေရာမှာပဲ ရပ်စောင့်နေမလား... ဒါမှမဟုတ် တစ်ဖက်ဖက်ကို မှန်းပြီး သွားကြည့်မလား..."

ဘရက်ဒီ သည် တိတ်ဆိတ်နေသော ကားလ် ကို မေးလိုက်သည်။ ယခုအခါ ကားလ် သည် ဤသင်္ဘော နှစ်စင်းစလုံး၏ အားကိုးရာ ဖြစ်နေပြီး ဤကဲ့သို့ အခြေအနေမျိုးတွင် ဘရက်ဒီ အနေဖြင့် ကားလ် ထံမှ အကြံဉာဏ်ကောင်း တစ်ခုခု ရရှိရန် မျှော်လင့်နေသည်။

"အခု ကျွန်တော်တို့ အရပ်မျက်နှာကို ခွဲခြားလို့ မရတော့ဘူး... အကယ်၍ တစ်ဖက်ဖက်ကို မှန်းပြီး သွားမယ်ဆိုရင် လမ်းပိုမှားသွားနိုင်တယ်... ဒီနေ့ ဒီနေရာမှာ ရာသီဥတု အခြေအနေ နည်းနည်း ထူးဆန်းနေတယ် ထင်တယ်... ခဏလောက် စောင့်ကြည့်တာ ပိုကောင်းမယ်... နေပြန်ထွက်လာတာ ဒါမှမဟုတ် ဂြိုဟ်တု ဆက်သွယ်ရေး ပြန်ရလာတာမျိုး ဖြစ်လာနိုင်တယ်..."

ကားလ် က စဉ်းစားကာ ပြောလိုက်သည်။

ပင်လယ်ပြင်တွင် ရာသီဥတု ဆိုးရွားချိန်၌ နေကို မမြင်ရခြင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိသော ကိစ္စဖြစ်သည်။ ယခု အခြေအနေမှာ အလွန် ထူးဆန်းနေသော်လည်း နေမင်းကြီး လုံးဝ ပျောက်ကွယ်သွားမည်တော့ မဟုတ်ဟု ကားလ် ယုံကြည်သည်။

ဒီနေ့ နေမထွက်သော်လည်း မနက်ဖြန် ထွက်လာနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် အခြေအနေကို အရင်ဆုံး စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရန် စီစဉ်လိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် အလွန် သတိထားရမည် ဖြစ်ပြီး အလျင်စလို မလုပ်သင့်ပေ။

"ဟုတ်ကဲ့... ဒါကို ကျွန်တော် သဘောတူပါတယ်..."

ဘရက်ဒီ က ခေါင်းညိတ် ထောက်ခံလိုက်သည်။ ဤအခြေအနေမျိုးတွင် ဤသို့သာ လုပ်နိုင်ပေမည်။ အကယ်၍ နောက်ပိုင်း အခြေအနေ ပိုဆိုးလာမှသာ မျက်ကန်းလမ်းလျှောက်သကဲ့သို့ မဖြစ်မနေ ဆက်သွားရန် ဆုံးဖြတ်ရမည် ဖြစ်သည်။

"ဘရက်ဒီ ... အခု သင်္ဘောပေါ်မှာ ရိက္ခာ ဘယ်လောက် ကျန်သေးလဲ..."

ကားလ် သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ မှိုင်းညို့နေသော ကောင်းကင်ကြီးကို ကြည့်ရင်း အလေးအနက် မေးလိုက်သည်။ လုံလောက်သော ရိက္ခာသာ ရှိပါက ရက်အနည်းငယ် စောင့်ရသည်ကို ဂရုစိုက်စရာ မလိုပေ။

"ရိက္ခာက နောက်ထပ် နှစ်ပတ်စာ လောက်တော့ ရပါသေးတယ်... လောင်စာဆီလည်း အလုံအလောက် ရှိပါတယ်..."

ဘရက်ဒီ က ပြန်ဖြေသည်။

"ကောင်းပြီ... အခု သင်္ဘောသားတွေကို အရင် အနားယူခိုင်းလိုက်... ပင်လယ်ပြင်ကိုတော့ အချိန်ပြည့် စောင့်ကြည့်ဖို့ လူချထား... ထူးခြားတာ တစ်ခုခု တွေ့တာနဲ့ ချက်ချင်း လာသတင်းပို့..."

"ဟုတ်ကဲ့ပါ..."

ထိုသို့ဖြင့် ကယ်ဆယ်ရေး သင်္ဘော နှစ်စင်းစလုံးသည် ပင်လယ်ပြင်ထက်တွင် ရပ်တန့်နေလိုက်ကြသည်။ သင်္ဘောပေါ်ရှိ လူအားလုံးကလည်း သူတို့၏ ကံကြမ္မာ အမြဲတမ်း ဆိုးရွားမနေစေရန်သာ ဆုတောင်းနေကြသည်။

...

"အို... ရှေ့က သင်္ဘော နှစ်စင်း ဘာလို့ ရပ်သွားတာလဲ..."

ထိုအချိန်တွင် ရေငုပ်စစ်ဝတ်စုံကို မောင်းနှင်လာသော ဆွန်ဖုန်းသည် ရှေ့ရှိ ကယ်ဆယ်ရေး သင်္ဘောများနှင့် ကီလိုမီတာ ၂၀ အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ရေငုပ်စစ်ဝတ်စုံ၏ မျက်နှာပြင်မှတစ်ဆင့် ထိုသင်္ဘော နှစ်စင်း ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။

"ဘာတွေ ဖြစ်ကုန်တာလဲ... သူတို့ ရှာနေတာကို တွေ့သွားလို့များလား..."

ဆွန်ဖုန်းက မှန်းဆကြည့်လိုက်သည်။

"သတိပေးချက်... သတိပေးချက်..."

ရုတ်တရက် ရေငုပ်စစ်ဝတ်စုံ အတွင်း၌ စူးရှသော သတိပေးသံများ ဆွန်ဖုန်း၏ နားထဲတွင် ဆူညံစွာ ထွက်ပေါ်လာသည်။ ဆွန်ဖုန်းသည် ရေနက်ပိုင်း ဉာဏ်ရည်တု စက်ရုံကို ပိုင်ဆိုင်ပြီးကတည်းက ဤကဲ့သို့ ပြင်းထန်သော သတိပေးချက်မျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။

မျက်နှာပြင်တွင်လည်း အနီရောင် အချက်ပြမီးများ လင်းလက်နေပြီး အလွန် အန္တရာယ်ကြီးမားသည့် အခြေအနေမျိုးကို ဖော်ပြနေသည်။

"ဘာဖြစ်တာလဲ..."

ဆွန်ဖုန်းက အသံလက်ထောက်ကို အလောတကြီး မေးလိုက်သည်။ ယခင်က အမေရိကန် ဖျက်သင်္ဘောများနှင့် ရင်ဆိုင်ရချိန်ကပင် ဤမျှလောက် သတိပေးချက်မျိုး မဖြစ်ပေါ်ခဲ့ပေ။ ယခု ဘာမှ မရှိဘဲနဲ့ အဘယ်ကြောင့် သတိပေးချက် အချက်ပြနေရသနည်း။ ဆွန်ဖုန်း၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်များ ဖြစ်ပေါ်လာသည်။

"သခင်... အခြေအနေ မကောင်းဘူး... ရေငုပ်စစ်ဝတ်စုံရဲ့ ရှာဖွေထောက်လှမ်းရေး စနစ်က အရင်က ကီလိုမီတာ ၃၅၀ အထိ ရှာဖွေနိုင်ပေမဲ့ အခု ဘာအကြောင်းကြောင့်မှန်း မသိဘဲ ကီလိုမီတာ ၂၀ အတွင်းကိုပဲ ရှာဖွေနိုင်တော့တယ်... ဒီပင်လယ်ပြင်မှာ အမည်မသိ လျှို့ဝှက်ဆန်းကြယ်တဲ့ စက်ကွင်းတစ်ခု ရှိနေပြီး အဲဒါက ကျွန်တော်တို့ရဲ့ ရှာဖွေနိုင်စွမ်းကို ကီလိုမီတာ ၃၅၀ ကနေ ၂၀ အထိ လျော့ကျသွားစေတာပဲ..."

အသံလက်ထောက်က အစီရင်ခံသည်။

"ဘာ... ကီလိုမီတာ ၃၅၀ ကနေ ၂၀ ထိ ကျသွားတယ် ဟုတ်လား... သမိုင်းမှာ အနိမ့်ဆုံး စံချိန်ပဲ..."

အသံလက်ထောက်၏ စကားကို ကြားသောအခါ ဆွန်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ယခင်က ရေငုပ်စစ်ဝတ်စုံကို အာကာသ စွမ်းအင်ဖြင့် အဆင့်မမြှင့်တင်ရသေးချိန်ကပင် ကီလိုမီတာ ၅၀ အထိ ရှာဖွေနိုင်ခဲ့သည်။ ယခု ရုတ်တရက် ဤသို့ ဖြစ်သွားခြင်းမှာ ဆွန်ဖုန်းအတွက် အံ့ဩစရာပင်။

"မင်းပြောတဲ့ စက်ကွင်းဆိုတာ ဘာကြီးလဲ... အဲဒီ စက်ကွင်းက ငါတို့ စက်ရုံရဲ့ ထောက်လှမ်းရေး စနစ်ကို နှောင့်ယှက်လိုက်လို့ ဒီလောက်တောင် စွမ်းရည် ကျသွားတာလား..."

ဆွန်ဖုန်းက မေးလိုက်သည်။

"ဟုတ်တယ်... အဲဒီလိုပဲ ဖြစ်မယ် ထင်တယ်... စက်ကွင်းဆိုတာက... အင်း... လူသားတွေရဲ့ အခေါ်အဝေါ်အရ ဆိုရင်တော့ အမည်မသိ အနှောင့်အယှက်ပေးတဲ့ သံလိုက်စက်ကွင်းလို့ ခေါ်လို့ရတယ်... ဒီလို စက်ကွင်းမျိုး ဖြစ်ပေါ်လာတာက ပထဝီဝင် အနေအထားကြောင့် ဖြစ်နိုင်သလို၊ နောက်တစ်ချက်က ဒီနေရာမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေလို့လည်း ဖြစ်နိုင်တယ်... တစ်စုံတစ်ယောက်က ဖန်တီးထားတာလည်း ဖြစ်နိုင်ခြေ ရှိတယ်..."

အသံလက်ထောက်က ရှင်းပြသည်။

"ဪ... ဒီလိုကိုး... ဒါကြောင့်မို့လို့ ဒီလထဲမှာ သင်္ဘော လေးစင်း ဆက်တိုက် ပျောက်သွားတာပဲ... ဒီလို အခြေအနေမျိုးနဲ့ ကြုံရင် လမ်းမပျောက်ဘဲ နေမလား... ဒါပေမဲ့ ဒါက အရမ်း ထူးဆန်းလွန်းတယ်... အရင်တစ်ခေါက် ငါတို့ ဘာမြူဒါတြိဂံကို ဖြတ်သွားတုန်းက ဒီလို အခြေအနေမျိုး မကြုံခဲ့ရဘူးနော်..."

ဆွန်ဖုန်းက နားလည်သွားသလို ရှိသော်လည်း သံသယများက ဆက်လက် ဖြစ်ပေါ်နေဆဲပင်။

အကယ်၍ ၎င်းသည် ပထဝီဝင် အနေအထားကြောင့် ဖြစ်ပေါ်လာသော သဘာဝ သံလိုက်စက်ကွင်းသာ ဖြစ်ပါက အမြဲတမ်း တည်ရှိနေမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ယခင်က ဆွန်ဖုန်း ဖြတ်သွားစဉ်ကလည်း ဤအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရမည် ဖြစ်ပြီး ဤရာစုနှစ်များအတွင်း ဖြတ်သွားဖြတ်လာ သင်္ဘောများအားလုံး ကြုံတွေ့ရမည် ဖြစ်သည်။ သို့သော် လွန်ခဲ့သော အကြိမ်က ဆွန်ဖုန်း ဤနေရာကို ဖြတ်သွားစဉ် မည်သည့် စက်ကွင်းကိုမျှ မတွေ့ရှိခဲ့ရပေ။

လက်ရှိ အခြေအနေကို ကြည့်လျှင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။ တစ်ခုမှာ ဤစက်ကွင်းသည် တစ်ခါတစ်ရံမှ ပေါ်လာခြင်း ဖြစ်နိုင်ပြီး နောက်တစ်ခုမှာ လူလုပ် ဖန်တီးထားခြင်း ဖြစ်နိုင်သည်။

ဆွန်ဖုန်း တွေးမိသည်ကို အသံလက်ထောက်လည်း မတွေးမိဘဲ မနေပေ။ ထို့အပြင် အသံလက်ထောက်က ဒုတိယ ဖြစ်နိုင်ခြေကို ပို၍ အလေးထားသည်။ လွန်ခဲ့သော အကြိမ်က ဘာမြူဒါတြိဂံကို ဖြတ်သွားစဉ်က အသံလက်ထောက်သည် ထောက်လှမ်းရေး စနစ်ကို ဖွင့်ထားခဲ့သည်။

အကယ်၍ ပင်လယ်ကြမ်းပြင်တွင် သဘာဝ သံလိုက်စက်ကွင်း ရှိနေပါက ထောက်လှမ်း၍ တွေ့ရှိမည်သာ ဖြစ်သည်။ ထို့အပြင် ကမ္ဘာမြေ၏ သာမန် သံလိုက်စက်ကွင်းမျိုးသည် အသံလက်ထောက်၏ ထောက်လှမ်းမှုကို မည်သို့မျှ မနှောင့်ယှက်နိုင်ပေ။

ရေနက်ပိုင်း ဉာဏ်ရည်တု စက်ရုံဆိုသည်မှာ ကမ္ဘာမြေထက် နှစ်ပေါင်း ရာချီ အဆင့်မြင့်သော နည်းပညာတစ်ခု ဖြစ်ရာ ဤမျှ သေးငယ်သော သံလိုက်စက်ကွင်း အနှောင့်အယှက်လေးလောက်နှင့် ဘယ်လိုလုပ်ပြီး ဟန့်တားနိုင်မည်နည်း။

"သခင်... အခြေအနေက သိပ်မကောင်းဘူးလို့ ထင်တယ်... အန္တရာယ် တစ်ခုခု ဖြစ်လာနိုင်တယ်... ဒီပင်လယ်အောက်မှာ ကျွန်တော်တို့ မသိသေးတဲ့ အရာတစ်ခုခု ရှိနေနိုင်တယ်..."

အသံလက်ထောက်၏ လေသံမှာ ပထမဆုံးအကြိမ်အဖြစ် ဆွန်ဖုန်းကို လေးနက်စွာ ပြောဆိုလာခြင်း ဖြစ်သည်။

ယခုအခါ ရေငုပ်စစ်ဝတ်စုံ၏ ရှာဖွေထောက်လှမ်းရေး စနစ်မှာ ကီလိုမီတာ ၂၀ အတွင်းကိုသာ လွှမ်းခြုံနိုင်တော့သည်။ ဆိုလိုသည်မှာ ကီလိုမီတာ ၂၀ အပြင်ဘက်ရှိ မည်သည့်အရာကိုမျှ ရေငုပ်စစ်ဝတ်စုံက ရှာဖွေ မတွေ့ရှိနိုင်တော့ပေ။ အကယ်၍ အန္တရာယ် တစ်ခုခု သို့မဟုတ် အခြား အရာတစ်ခုခု ရှိနေပါကလည်း ကြိုတင် သိရှိနိုင်တော့မည် မဟုတ်ပေ။

"ကြည့်ရတာ ရှေ့က သင်္ဘော နှစ်စင်းလည်း ဒီအမည်မသိ စက်ကွင်းကြောင့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်သွားပြီး လမ်းကြောင်း ရှာမရလို့ ရပ်နေတာပဲ ဖြစ်ရမယ်..."

ဆွန်ဖုန်းသည် ရှေ့ရှိ သင်္ဘော နှစ်စင်း အဘယ်ကြောင့် ရပ်နေသနည်း ဆိုသည်ကို ယခုမှ သဘောပေါက်သွားတော့သည်။

အားလုံးက ကံဆိုးသူတွေချည်းပဲ... ဟု သူ တွေးလိုက်မိသည်။ ဆွန်ဖုန်းမှာလည်း အသံလက်ထောက်၏ ဖြားယောင်းမှုကြောင့် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ဒုက္ခနှင့် လာတွေ့နေရပြီ။

"အသံလက်ထောက်... ငါတို့ အခု ဒီကနေ ချက်ချင်း ထွက်သွားလို့ ရမလား... ဒီစက်ကွင်းက ငါတို့ရဲ့ ခရီးစဉ်ကို နှောင့်ယှက်နိုင်သလား... ငါတို့ရော ဒီကျိန်စာသင့် ဘာမြူဒါတြိဂံထဲမှာ လမ်းပျောက်သွားနိုင်သလား..."

ဆွန်ဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။ ဤကိစ္စမှာ လက်ရှိတွင် အရေးကြီးဆုံး ပြဿနာပင် ဖြစ်သည်။

All Chapters