အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း ၂၃၈ - ဂြိုဟ်သား ယာဉ်ပျံ
"သခင်... ကျွန်တော်တို့ ဆင်းသွားကြရအောင်... ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ တွင်းနက်ကြီးအောက်မှာ ဘာတွေများ ရှိနေမလဲဆိုတာ သွားကြည့်ကြတာပေါ့..."
"အင်း... သွားမယ်..." ဆွန်ဖုန်းက ဆက်လက် တွေဝေမနေတော့ပေ။ အောက်တွင် မကောင်းဆိုးဝါးများ ရှိနေလျှင်တောင်မှ သူ ဆင်းသွားပြီး အဆုံးထိ စူးစမ်းကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ တွင်းနက်ကြီးမှာ ထပ်မံ ကျဉ်းမြောင်းမသွားတော့ဘဲ အကျယ် ဆယ်မီတာခန့်တွင်သာ တည်ငြိမ်နေသည်။ ဆက်လက် ရေငုပ်ဆင်းသွားသော်လည်း ထူးဆန်းသော သံလိုက်စက်ကွင်း၏ အနှောင့်အယှက်မှလွဲ၍ အခြား အန္တရာယ် တစ်စုံတစ်ရာကို မတွေ့ရပေ။
သို့သော် ယခုအခါ သံလိုက်စက်ကွင်း၏ အနှောင့်အယှက်မှာ တည်ငြိမ်သွားခဲ့ပြီး ရေငုပ်စစ်ဝတ်စုံ၏ ထောက်လှမ်းရေးစနစ်ကို ဆက်လက် ကျဆင်းသွားစေခြင်း မရှိတော့ပေ။
ထောက်လှမ်းနိုင်စွမ်းမှာ မီတာ ၃၀၀၀ အကွာအဝေးအတွင်း၌သာ ဆက်လက် ထိန်းထားနိုင်တော့သည်။
တွင်းထဲသို့ မီတာ တစ်ထောင်ခန့် ဆက်လက် ငုပ်လျှိုးသွားပြီးနောက် တွင်း၏ အဆုံးသတ်သို့ ရောက်ရှိသွားသည်ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။
"ဟင်... အတွင်းထဲမှာ ကမ္ဘာသစ်တစ်ခု ရှိနေတာလား..."
ရှေ့တွင် အလင်းရောင် ဖျော့ဖျော့လေးတစ်ခု ပေါ်ထွက်လာပြီး ရုတ်တရက် ကျယ်ဝန်းလင်းလက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တွင်းပေါက်၏ အတွင်းဘက်တွင် ဧရာမ လိုဏ်ဂူကြီးတစ်ခု ရှိနေပုံရသည်။
ဆွန်ဖုန်းသည် အနည်းငယ် စိုးရိမ်စိတ်ဖြင့် ရေငုပ်စစ်ဝတ်စုံကို မောင်းနှင်ကာ လိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားသည်။ လိုဏ်ဂူအတွင်းတွင် အမှောင်ထု ကြီးစိုးမနေဘဲ အလင်းရောင် ဖျော့ဖျော့လေး လင်းလက်နေသည်။
အကြောင်းမှာ မြေအောက် လိုဏ်ဂူအတွင်း၌ ခရီးသည်တင် လေယာဉ်ပျံ တစ်စင်းစာခန့် အရွယ်အစားရှိသော မီးခိုးရင့်ရောင် သတ္တုဘောလုံးကြီး တစ်လုံး ငြိမ်သက်စွာ တည်ရှိနေသည်ကို ဆွန်ဖုန်း မြင်တွေ့လိုက်ရသောကြောင့်ပင်။
လိုဏ်ဂူအတွင်းရှိ အလင်းရောင် ဖျော့ဖျော့လေးမှာ ဤသတ္တုဘောလုံးကြီးထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
လိုဏ်ဂူကြီးမှာ ဤသတ္တုဘောလုံးကြီးထက် အနည်းငယ်မျှသာ ပိုမို ကြီးမားလေသည်။ ဆွန်ဖုန်း၏ မျက်စိရှေ့တွင် အမည်မသိ သတ္တုဘောလုံးကြီး တည်ရှိနေပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ဖုန်မှုန့်များနှင့် ရွှံ့နွံများ ဖုံးလွှမ်းနေသည်။
အနေအထားကို ကြည့်ရလျှင် ဤနေရာတွင် ရွေ့လျားခြင်းမရှိဘဲ ရပ်တန့်နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်ပုံရသည်။
"ဒါကြီးက ဘာကြီးလဲ... ကြည့်ရတာ ကမ္ဘာမြေက ပစ္စည်းတော့ မဟုတ်လောက်ဘူး..." ဧရာမ သတ္တုဘောလုံးကြီးကို မော့ကြည့်ရင်း ဆွန်ဖုန်းမှာ အလွန်တရာ အံ့ဩတုန်လှုပ်သွားမိသည်။
"ဘာမြူဒါတြိဂံရဲ့ သံလိုက်စက်ကွင်းဆိုတာ ဒီအရာကြီးဆီကနေ ထွက်ပေါ်နေတာများလား..."
"စကင်ဖတ် စစ်ဆေးနေပါတယ်..." အသံလက်ထောက်က ဆွန်ဖုန်း၏ စကားကို ပြန်မဖြေဘဲ ဧရာမ သတ္တုဘောလုံးကြီးကို စတင် စစ်ဆေးလေတော့သည်။
"တီ... တီ... တီ..."
"သခင်... အခု မြင်တွေ့နေရတဲ့ ဧရာမ သတ္တုဘောလုံးကြီးက ပြင်ပဂြိုဟ်က ပစ္စည်းတစ်ခု ဖြစ်ဖို့များတယ်... ယာဉ်ပျံ တစ်မျိုးမျိုး ဖြစ်လောက်တယ်..." ဟု အသံလက်ထောက်က ပြောလိုက်သည်။
"ဘာ... ပြင်ပဂြိုဟ်က ပစ္စည်း ဟုတ်လား... ယာဉ်ပျံဆိုတော့ ပန်းကန်ပြားပျံပေါ့..."
ဆွန်ဖုန်းမှာ မှင်သက်သွားသည်။ မိမိရှေ့ရှိ ဧရာမ သတ္တုဘောလုံးကြီးမှာ ဂြိုဟ်သားများ၏ ယာဉ်ပျံ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ သို့သော် မည်သို့ပင် ကြည့်စေကာမူ ပန်းကန်ပြားပျံ (UFO) နှင့် လုံးဝ မတူဘဲ သံဘောလုံးကြီး တစ်လုံးနှင့်သာ တူနေသည်။ အလင်းရောင် ထွက်နေသည်မှလွဲ၍ အခြား ထူးခြားချက် ဘာမှမရှိပေ။
"အဲဒီအထဲမှာ ဂြိုဟ်သားတွေ ရှိနေသေးလား..."
ဆွန်ဖုန်းသည် ရင်ထဲမှ အံ့ဩတုန်လှုပ်မှုကို မထိန်းချုပ်နိုင်သေးဘဲ အသံလက်ထောက်အား ဆက်မေးလိုက်သည်။ ယခင်က ကမ္ဘာမြေပေါ်သို့ ဂြိုဟ်သားများ ရောက်ရှိလာဖူးသည်ဆိုခြင်းကို သူ မယုံကြည်ခဲ့ပေ။
သို့သော် ယခု အမှန်တကယ် မြင်တွေ့လိုက်ရချိန်တွင်မူ လုံးဝ ယုံကြည်သွားခဲ့ပြီ။ သို့သော် လောလောဆယ် သူ အစိုးရိမ်ဆုံးမှာ ဤဂြိုဟ်သား ယာဉ်ပျံထဲတွင် ဂြိုဟ်သားများ ရှိနေမလား ဆိုသည်ကိုပင်။
"လောလောဆယ်တော့ ရှာဖွေလို့ မရသေးဘူး... ဒီသတ္တုဘောလုံး ယာဉ်ပျံရဲ့ အပြင်ဘက်မှာ စွမ်းအင်အကာအကွယ်လွှာ တစ်ထပ် ရှိနေပြီး ကျွန်တော့်ရဲ့ ရှာဖွေမှုကို ပိတ်ဆို့ထားတယ်... ဒါပေမဲ့ အဲဒီ စွမ်းအင်အကာအကွယ်လွှာက ပျက်စီးနေတဲ့ အနေအထားမှာ ရှိနေပုံရတယ်... အဲဒီလို ပျက်စီးနေလို့သာ ဒီအမည်မသိ သံလိုက်စက်ကွင်း အနှောင့်အယှက်တွေ ထွက်ပေါ်လာတာပဲ... စက်ကွင်းဆိုတာ ဒီစွမ်းအင်အကာအကွယ်လွှာကနေ စိမ့်ထွက်လာတဲ့ စွမ်းအင်တွေကြောင့် ဖြစ်ပေါ်လာတာပါ..." ဟု အသံလက်ထောက်က ရှင်းပြသည်။
"ဪ... ဒီလိုကိုး... လောလောဆယ် ဒီယာဉ်ပျံက ငါတို့ကို အန္တရာယ် ပေးနိုင်လား... နောက်ပြီး ဒီဂြိုဟ်သား ယာဉ်ပျံနဲ့ ငါတို့ရဲ့ ရေနက်ပိုင်း ဉာဏ်ရည်တု စက်ရုံ နှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ဘယ်ဟာက ပိုပြီး အဆင့်မြင့်လဲ..."
"လောလောဆယ်တော့ ဒီယာဉ်ပျံက ကျွန်တော်တို့ကို အန္တရာယ် မပေးနိုင်ပါဘူး... နောက်ပြီး ဒီဂြိုဟ်သား ယာဉ်ပျံဟာ နဂါးငွေ့တန်း ဂလက်ဆီထဲက မျိုးစိတ်တစ်ခုခုရဲ့ နည်းပညာ ထုတ်ကုန် ဖြစ်ဖို့များတယ်... ကမ္ဘာမြေပေါ်ကို ဘယ်လို ရောက်လာလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး... ဒီလို ဂြိုဟ်သား ယာဉ်ပျံရဲ့ နည်းပညာမျိုးက ကျွန်တော်တို့ X ဂလက်ဆီမှာတော့ အနိမ့်တန်း နည်းပညာလောက်ပဲ ရှိတယ်... ဘယ်လို ရှင်းပြရမလဲဆိုရင် ရေနက်ပိုင်း ဉာဏ်ရည်တု စက်ရုံက အဆင့်နိမ့် စွမ်းအင်ကို အသုံးပြုတဲ့ အချိန်မှာ ပြသနိုင်တဲ့ နည်းပညာ အဆင့်အတန်းမျိုးနဲ့ သွားတူတယ်..."
"ဒါဆိုရင် ငါတို့ရဲ့ ရေနက်ပိုင်း ဉာဏ်ရည်တု စက်ရုံနဲ့ဆို တစ်တန်းတည်း မဟုတ်ဘူးပေါ့..."
ဆွန်ဖုန်းက စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။ ဒါဆိုရင်လည်း တော်သေးသည်ဟု ဆိုရမည်။ သူ့ရေနက်ပိုင်း ဉာဏ်ရည်တု စက်ရုံမှာ လက်ရှိတွင် အဆင့်နိမ့် စွမ်းအင်ကိုပင် မသုံးနိုင်သေးကြောင်း သူ သိသည်။
အကယ်၍သာ အဆင့်နိမ့် စွမ်းအင်ကို အသုံးပြုနိုင်ပါက ဤဂြိုဟ်သား ယာဉ်ပျံနှင့် အဆင့်အတန်း တူညီပေမည်။ အကယ်၍သာ အဆင့်မြင့် စွမ်းအင်ကို အသုံးပြုနိုင်ပါက ဤဂြိုဟ်သား နည်းပညာဆိုသည်ကို အသာလေး အနိုင်ယူနိုင်မည် ဖြစ်သည်။
လက်ရှိတွင် ဆွန်ဖုန်း၏ ရေငုပ်စစ်ဝတ်စုံသာလျှင် ယခင်က အာကာသ ဥက္ကာခဲမှ ရရှိသော အဆင့်နိမ့် စွမ်းအင်တုံးကို အသုံးပြုထားခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိ ရေငုပ်စစ်ဝတ်စုံမှာ ဤဂြိုဟ်သား နည်းပညာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။ ရေငုပ်စစ်ဝတ်စုံ၏ ထောက်လှမ်းရေး စနစ်မှာ အလွန်အမင်း အနှောင့်အယှက် ခံနေရသော်လည်း အလုပ်လုပ်နိုင်သေးသည် မဟုတ်ပါလား။
"ဟုတ်တယ် သခင်... ဒီစွမ်းအင်အကာအကွယ်လွှာကို ဖျက်ဆီးပစ်ဖို့ ကျွန်တော် အကြံပေးချင်တယ်... ဒီယာဉ်ပျံ အထဲမှာ ဘာတွေ ရှိနေလဲဆိုတာ သွားကြည့်ကြတာပေါ့..." အသံလက်ထောက်က အနည်းငယ် စိတ်လှုပ်ရှားကာ စူးစမ်းလိုစိတ် ပြင်းပြစွာဖြင့် ပြောလိုက်သည်။
"ငါတို့ ဖျက်ဆီးနိုင်ပါ့မလား..."
ဆွန်ဖုန်းမှာလည်း အသံလက်ထောက်၏ စကားကြောင့် စိတ်လှုပ်ရှားလာသည်။ ဤဂြိုဟ်သား ယာဉ်ပျံအတွင်းတွင် ဂြိုဟ်သားများ ရှိနေမလား၊ သို့မဟုတ် စွမ်းအင်များ ရှိနေမလား ဆိုသည်ကို သူ အလွန် သိချင်နေသည်။
ဤယာဉ်ပျံကို မောင်းနှင်ရန်အတွက် စွမ်းအင် သေချာပေါက် လိုအပ်မည်ဖြစ်ရာ အတွင်းတွင် စွမ်းအင်များ ကျန်ရှိနေနိုင်သည် မဟုတ်ပါလား။
လက်ရှိအချိန်တွင် ဆွန်ဖုန်းရော အသံလက်ထောက်ပါ စွမ်းအင်ကို အလွန်အမင်း လိုအပ်နေကြသည်။ ကမ္ဘာမြေပေါ်တွင် ဤစွမ်းအင်မျိုး မရှိသောကြောင့်ပင်။
လက်ရှိတွင် ရေငုပ်စစ်ဝတ်စုံသည် အာကာသအတွင်းသို့ ပျံသန်းကာ နေအဖွဲ့အစည်း အတွင်းရှိ အဆင့်နိမ့် စွမ်းအင်များကို သွားရောက် မတူးဖော်နိုင်သေးပေ။
ရေငုပ်စစ်ဝတ်စုံမှာ တိုက်ခိုက်ရေးနှင့် သခင်ကို ကာကွယ်ရန်အတွက်သာ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး စွမ်းအင်တူးဖော်ရေး စက်ရုပ် သို့မဟုတ် အာကာသယာဉ်ပျံ မဟုတ်ပေ။
၎င်းသည် ဤဂြိုဟ်သား ယာဉ်ပျံကဲ့သို့ အာကာသထဲတွင် ဖြတ်သန်း ပျံသန်းနိုင်စွမ်း မရှိပေ။ သို့သော် ရေနက်ပိုင်း ဉာဏ်ရည်တု စက်ရုံအတွင်းတွင် ယာဉ်ပျံတစ်စင်း ပါရှိကြောင်း ဆွန်ဖုန်း သိထားသည်။ လတ်တလောတွင် အသုံးပြုရန် စွမ်းအင်မရှိသဖြင့် သံတိုသံဟောင်းပုံကြီးနှင့် ဘာမှ မကွာခြားလှပေ။
"နိုင်ပါတယ်... ဒီလို စွမ်းအင်အကာအကွယ်လွှာမျိုးကို ဖျက်ဆီးဖို့ ကမ္ဘာမြေရဲ့ လက်ရှိ နည်းပညာ လက်နက်တွေနဲ့တော့ မလွယ်လောက်ဘူး... ဒါပေမဲ့ ကျွန်တော်တို့ ရေငုပ်စစ်ဝတ်စုံရဲ့ သေမင်းတမန် အလင်းတန်းနဲ့ ပစ်ခတ်ရင်တော့ အသာလေး ဖျက်ဆီးနိုင်ပါတယ်..."
"ကောင်းပြီလေ... ဘာစောင့်နေဦးမှာလဲ... မြန်မြန် လုပ်ကြတာပေါ့..." ဆွန်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ဤဂြိုဟ်သား ယာဉ်ပျံထဲမှ အကျိုးအမြတ် တစ်ခုခု ရရှိရန် အလွန် မျှော်လင့်နေမိသည်။
"လက်နက်စနစ်ကို စတင် ဖွင့်လှစ်နေပါတယ်... သေမင်းတမန် အလင်းတန်းကို စတင်နေပါပြီ... အမြင့်ဆုံး စွမ်းအင်ပမာဏကို စုစည်းနေပါတယ်... စွမ်းအင် စုစည်းမှု ပြီးစီးပါပြီ..."
"စတင် ပစ်ခတ်ပါပြီ..."
ဤတစ်ကြိမ် ပစ်ခတ်လိုက်သော သေမင်းတမန် အလင်းတန်းမှာ ပုံမှန်ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်သည်။ အမြင့်ဆုံး စွမ်းအင်ကို သုံးမိနစ်ကျော်ကြာ စုစည်းထားခြင်းဖြစ်ရာ အပြင်းထန်ဆုံး တိုက်ကွက်ဟုပင် ဆိုနိုင်သည်။
ပုံမှန် ချက်ချင်း ပစ်ခတ်သော အလင်းတန်းများမှာ ယခုကဲ့သို့ ဖျက်ဆီးနိုင်စွမ်း မကြီးမားပေ။ သို့သော် ဖျက်သင်္ဘော ကဲ့သို့သော အရာများကိုမူ တိုဟူးတုံးကို ထိုးဖောက်သကဲ့သို့ အလွယ်တကူ ပစ်ခတ် ဖျက်ဆီးနိုင်သည်။
"ဗုံး... ဗုံး..."
ရေပုံးတစ်လုံးစာခန့် တုတ်ခိုင်သော အပြာရောင် သေမင်းတမန် အလင်းတန်း နှစ်ကြောင်းသည် ရေငုပ်စစ်ဝတ်စုံ၏ လက်မောင်းနှစ်ဖက်မှ ပစ်လွှတ်လိုက်ပြီး ရှေ့ရှိ သတ္တုဘောလုံးပုံစံ ဂြိုဟ်သား ယာဉ်ပျံဆီသို့ ချက်ချင်း ပြေးဝင်သွားသည်။
"ဝုန်း..."
ဧရာမ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် အလင်းတန်း နှစ်ကြောင်းမှာ ယခင်က မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်အကာအကွယ်လွှာ တစ်ခု၏ တားဆီးမှုကို ခံလိုက်ရသည်ကို ဆွန်ဖုန်း မြင်တွေ့လိုက်ရသည်။
အစပိုင်းက ဤအကာအကွယ်လွှာကို ဆွန်ဖုန်း မမြင်ခဲ့ရသော်လည်း အလင်းတန်းနှင့် ထိမှန်သွားချိန်တွင်မူ အနီရင့်ရောင် စွမ်းအင်အကာအကွယ်လွှာကြီး ပေါ်ထွက်လာသည်။
ထိုအကာအကွယ်လွှာမှာ အဝိုင်းပုံစံ ဖြစ်ပြီး ဂြိုဟ်သား ယာဉ်ပျံ တစ်ခုလုံးကို ဖုံးအုပ် ကာကွယ်ထားလေသည်။