အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း ၂၃၉ - သေဆုံးနေသော ဂြိုဟ်သား
"ဝုန်း... ဝုန်း... ဝုန်း..."
အားပြင်းလှသော သေမင်းတမန် အလင်းတန်း နှစ်ကြောင်းက အနီရင့်ရောင် စွမ်းအင်အကာအကွယ်လွှာကြီးကို ပြင်းထန်စွာ ဝင်တိုက်သွားလေသည်။
တစ်ဖက်က တိုက်ခိုက်ပြီး တစ်ဖက်က ကာကွယ်နေသည်ဖြစ်ရာ စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံ ပွတ်တိုက်သွားပြီး ပြင်းထန်လှသော စွမ်းအင် လှိုင်းဂယက်များ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်ထွက်ပေါ်လာသည်။
ပြင်းထန်သော စွမ်းအင် လှိုင်းဂယက်များကြောင့် ပင်လယ်အောက် မြေပြင်လိုဏ်ဂူကြီး တစ်ခုလုံး တုန်ခါသွားတော့သည်။
နံရံများနှင့် အပေါ်ယံ ကျောက်သားလွှာများဆီမှ ကျောက်စိုင်ကျောက်ခဲများ တစ်သီကြီး ပြုတ်ကျလာလေသည်။ သာမန်လူ တစ်ယောက်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက ထိုကျောက်ခဲများ ပိကျကာ သေဆုံးသွားသည်မှာ ကြာလောက်ပြီ ဖြစ်သည်။
သို့သော် ဆွန်ဖုန်းတွင် ရေငုပ်စစ်ဝတ်စုံ၏ အကာအကွယ် ရှိနေသည်ဖြစ်ရာ မည်သည့် အန္တရာယ်မျှ မထိခိုက်နိုင်ပေ။
"ဖောင်း" ဟူသော ကြည်လင်ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ရေငုပ်စစ်ဝတ်စုံ၏ ဆက်တိုက် တိုက်ခိုက်မှုအောက်တွင်မူ စွမ်းအင်အကာအကွယ်လွှာကြီးဟာ အဆုံးသတ်သွားခဲ့ရလေပြီ။
အနီရင့်ရောင် အကာအကွယ်လွှာကြီးသည် မှန်ကွဲသွားသကဲ့သို့ တစ်စစီ အက်ကွဲသွားပြီး ထိုအနီရင့်ရောင် စွမ်းအင် အစအနလေးများမှာ ပင်လယ်ရေထဲတွင် သိပ်မကြာခင်မှာပင် လွင့်စင် ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် တုန်ခါမှုများလည်း ရပ်တန့်သွားလေသည်။ လိုဏ်ဂူအတွင်း၌မူ ပြုတ်ကျလာသော ကျောက်စိုင်ကျောက်ခဲများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
ဤမျှ နက်ရှိုင်းသော မြေအောက် အနေအထားက အတော်လေး ခိုင်ခံ့နေ၍သာ တော်တော့သည်။ မဟုတ်လျှင် ဤလိုဏ်ဂူကြီး ပြိုကျသွားမည်ကို ဆွန်ဖုန်း တော်တော်လေး စိုးရိမ်နေခဲ့မိသည်။
"ဟားဟား... ကျိုးပျက်သွားပြီ... ဒီဂြိုဟ်သား ယာဉ်ပျံရဲ့ ကာကွယ်နိုင်စွမ်းကလည်း သိပ်တော့ မဟုတ်ပါဘူး"
ရေငုပ်စစ်ဝတ်စုံက တစ်ဖက်ရန်သူ၏ ခံစစ်ကို အချိန်တိုအတွင်းမှာပင် ချိုးဖျက်နိုင်လိုက်သည်ကို မြင်သောအခါ အသံလက်ထောက်က ဟားတိုက် ရယ်မောလိုက်လေသည်။
"အသံလက်ထောက်... ဂြိုဟ်သား ယာဉ်ပျံရဲ့ အကာအကွယ်ကိုတော့ ငါတို့ ချိုးဖျက်နိုင်ပြီ... အခု အထဲကို အကြမ်းပတမ်း ဖျက်ဝင်ရမလား ဒါမှမဟုတ် ပိုလွယ်တဲ့ နည်းလမ်းများ ရှိသေးလား"
ဆွန်ဖုန်းက ရှေ့တွင်ရှိနေသော သတ္တုဘောလုံးပုံစံ ယာဉ်ပျံကြီးကို ကြည့်လိုက်သော်လည်း မည်သည့် နေရာမှ ဝင်ရမည်ဆိုသည်ကို လုံးဝ ရှာမတွေ့ဘဲ ဖြစ်နေသည်။ ကြက်ဥတစ်လုံးလိုပင် အထဲဝင်ရန် ဝင်ပေါက် လုံးဝ မရှိပေ။
"ဝင်ပေါက်တစ်ခု ရအောင် အကြမ်းပတမ်းပဲ ဖျက်ဆီးပြီး ဝင်လိုက်တာ အကောင်းဆုံးပဲ... ဘာပဲဖြစ်ဖြစ် ငါတို့ ပစ္စည်းမှ မဟုတ်တာ... ပျက်သွားလည်း ပျက်သွားပါစေပေါ့"
အသံလက်ထောက်က လုံးဝ နှမြောတွန့်တိုနေသည့် ပုံမပေါ်ဘဲ အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ"
ဆွန်ဖုန်းက နှုတ်ခမ်းကို သပ်လိုက်ပြီး ရေငုပ်စစ်ဝတ်စုံကို မောင်းနှင်ကာ ဂြိုဟ်သား ယာဉ်ပျံအနီးသို့ ကပ်သွားလိုက်သည်။
ရေငုပ်စစ်ဝတ်စုံ၏ စက်ရုပ်လက်တံ တစ်စုံကို ဆန့်ထုတ်လိုက်ပြီး ထိုလက်တံများပေါ်မှနေ၍ ဖြတ်တောက်ရေး လေဆာဓားကဲ့သို့ အပြာရောင် သေမင်းတမန် အလင်းတန်း နှစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထို့နောက်တွင်မူ ယာဉ်ပျံ၏ သတ္တုအပြင်ခွံကို စတင် ဖြတ်တောက်တော့လေသည်။
ဂျီး... ဂျီး... ဂျီး... ဟူသော စူးရှသည့် အသံများ ထွက်ပေါ်လာသည်။
ဖြတ်တောက်ရေး လေဆာဓားကဲ့သို့သော အပြာရောင် သေမင်းတမန် အလင်းတန်း နှစ်ခုသည် မီးခိုးရင့်ရောင် သတ္တုကိုယ်ထည်နှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် အနီနှင့် အပြာ ရောယှက်နေသော မီးပွားများ လွင့်စင်ထွက်လာလေသည်။
ရေငုပ်စစ်ဝတ်စုံ၏ လက်နက်စနစ်က တကယ်ကို အစွမ်းထက်သည်ဟု ဆိုရမည်။ လက်နက်အဖြစ် အသုံးပြုနိုင်ရုံသာမက ဖြတ်တောက်ရေး ကိရိယာအနေဖြင့်ပါ သုံး၍ ရသေးသည် မဟုတ်ပါလား။
ဤကဲ့သို့ ဂြိုဟ်သား ယာဉ်ပျံမျိုးတွင် သုံးထားသည့် သတ္တုက အလွန်ကို မာကျော ခိုင်ခံ့မည်မှာ အသေအချာပင်။ သို့သော်လည်း သေမင်းတမန် အလင်းတန်း ဓား၏ ဖြတ်တောက်မှု အောက်တွင်မူ ရှည်လျားသော အက်ကြောင်း နှစ်ကြောင်းကို အလွယ်တကူပင် ဖြတ်တောက်နိုင်ခဲ့လေသည်။
သိပ်မကြာခင်မှာပင် ရေငုပ်စစ်ဝတ်စုံက ယာဉ်ပျံကိုယ်ထည်ပေါ်၌ စတုရန်းပုံစံ တံခါး တစ်ချပ်ကို ဖောက်ထွင်းနိုင်ခဲ့သည်။ ထိုအပေါက်သည် ရေငုပ်စစ်ဝတ်စုံ အလွယ်တကူ ဝင်ထွက်နိုင်လောက်သည့် အရွယ်အစား ရှိလေသည်။
"ဟားဟား... ရပြီ... အခု ငါတို့ အထဲဝင်ပြီး ဘာတွေရှိလဲ သွားကြည့်ကြမယ်... အထဲမှာ ဂြိုဟ်သား ကောင်မလေးတွေများ တွေ့ရင် ပိုတောင် ကောင်းသေးတယ်"
ယာဉ်ပျံကို အကြမ်းပတမ်း ဖောက်ထွင်းပြီး 'တံခါး' တစ်ပေါက် ရသွားသည်ကို ကြည့်ရင်း ဆွန်ဖုန်း၏ စိတ်ထဲတွင် အတော်လေး စိတ်လှုပ်ရှားနေလေသည်။
ဂြိုဟ်သား ယာဉ်ပျံ အထဲတွင် ဘာတွေရှိမလဲ ဆိုသည်ကို သူ အရမ်း သိချင်နေပြီဖြစ်သည်။
စပ်စုချင်စိတ်က ကြောင်လေးကိုတောင် သေစေနိုင်သည် ဆိုသည့် စကားလိုပင် ယခု ဆွန်ဖုန်းက အထဲတွင် အန္တရာယ် ရှိနိုင်မလား ဆိုသည်ကိုတောင် မစဉ်းစားတော့ပေ။ အထဲဝင်ရန်သာ စိတ်အားထက်သန်နေတော့သည်။
"သခင်... မလောပါနဲ့... ဘေးကင်းဖို့က အဓိကပဲ... ကျွန်တော့်ကို အရင် စစ်ဆေးခွင့် ပေးပါဦး"
ထိုအချိန်မှာပင် အသံလက်ထောက်က အထဲဝင်ရန် တက်ကြွနေသော ဆွန်ဖုန်းကို တားဆီးလိုက်သည်။
"အော်... အေးအေး... ခုနက အရမ်း စိတ်လှုပ်ရှားသွားလို့... မြန်မြန် စစ်ဆေးလိုက်"
အသံလက်ထောက်၏ စကားကို ကြားတော့ ဆွန်ဖုန်းလည်း ချက်ချင်းပင် စိတ်တည်ငြိမ်သွားလေသည်။
"စကင်ဖတ်စစ်ဆေးမှုကို စတင်နေပါတယ်... စစ်ဆေးနေဆဲ... စစ်ဆေးမှု ပြီးဆုံးပါပြီ"
စက္ကန့်အနည်းငယ် အကြာမှာတော့ အသံလက်ထောက်၏ စကင်ဖတ်စစ်ဆေးမှု ပြီးဆုံးသွားခဲ့လေသည်။