အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း ၂၄၂ - ဂျပန်တွေကို ဂျင်းထည့်ရတာ သဘောကျတယ်
"လူစီ... အခု ငါတို့ သုတေသနဌာနဆီကနေ X စုပ်ယူပစ္စည်းကို ဝယ်ချင်တဲ့ ကုမ္ပဏီ ဘယ်နှခုလောက် ရှိနေပြီလဲ..."
နောက်ထပ် လဝက်ခန့် အကြာတွင် ဆွန်ဖုန်းသည် ရွှေသင်္ဘောစုမှ ရတနာများ၏ ဒုတိယပိုင်း လေလံပွဲကို ဦးစီးရန် အင်္ဂလန်သို့ သွားရမည် ဖြစ်ရာ ထိုအချိန်အတွင်း ငွေအမြောက်အမြား ရအောင် အရင် လုပ်ထားရန် စီစဉ်ထားခြင်း ဖြစ်သည်။
"သူဌေး... လောလောဆယ် X စုပ်ယူပစ္စည်းကို ဝယ်ဖို့ တကယ် စိတ်ဝင်စားနေတဲ့ ကုမ္ပဏီ သုံးခု ရှိပါတယ်... ကျန်တဲ့ ကုမ္ပဏီတွေ အများကြီး ရှိသေးပေမဲ့ ဒီသုံးခုလောက်တော့ စိတ်အားထက်သန်မှု မရှိကြဘူး... အဲဒီ ကုမ္ပဏီ သုံးခုကတော့ ဂျပန်က အီချွမ် စွမ်းအင် ကုမ္ပဏီ၊ အမေရိကန်က ချွမ်လီ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်မှုလုပ်ငန်းစုကြီးနဲ့ အင်္ဂလန်က တော်ဝင် စွမ်းအင် ကုမ္ပဏီတို့ ဖြစ်ပါတယ်..."
"အဲဒီ ကုမ္ပဏီ သုံးခုက တာဝန်ခံတွေက သူဌေးနဲ့ အရမ်း တွေ့ချင်နေကြတာ... ဒါပေမဲ့ ဒီရက်ပိုင်း သူဌေး မရှိတော့ သူတို့အားလုံး စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားခဲ့ကြရတယ်" ဟု လူစီက ပြောပြသည်။
"ဒီ ကုမ္ပဏီ သုံးခုက လောလောဆယ် ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ နျူကလီးယား စွမ်းအင် ကုမ္ပဏီကြီးတွေပဲ... ဒီလို ကုမ္ပဏီကြီးတွေကတောင် ငါ့ရဲ့ စုပ်ယူပစ္စည်းကို ဝယ်ချင်နေကြတယ် ဆိုတော့ ကြည့်ရတာ ဒီနှစ်တွေထဲမှာ သူတို့ရဲ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး သုတေသနတွေ သိပ်မတိုးတက်ဘူး ထင်တယ်..." ဆွန်ဖုန်းက ပြောလိုက်သည်။
ထိုကုမ္ပဏီ သုံးခုမှာ ကမ္ဘာပေါ်တွင် ကျော်ကြားသော နျူကလီးယား စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီကြီးများ ဖြစ်ကြသည်။ ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူခြင်းနှင့် ပတ်သက်၍ ကမ္ဘာ့ထိပ်တန်းတွင် ရှိနေကြပြီး ဆယ်စုနှစ်ပေါင်းများစွာ သုတေသန ပြုလုပ်ခဲ့ကြသူများ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့ကြသော်လည်း မကြာသေးမီ နှစ်များအတွင်းတွင်မူ တိုးတက်မှုများ နှေးကွေးသွားခဲ့ပုံ ရသည်။
ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူသည့် နည်းပညာမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ ထပ်မံ၍ ကြီးမားသော တိုးတက်မှုများ ရရှိရန်မှာ မလွယ်ကူတော့ဘဲ အချိန်ယူရန်နှင့် နည်းပညာပိုင်းဆိုင်ရာ တော်လှန်ပြောင်းလဲမှု အသစ်များ လိုအပ်နေပြီ ဖြစ်သည်။
"ဟုတ်ပါတယ် သူဌေး... ကျွန်မတို့ရဲ့ ဖုန်းရွေ့ သုတေသနဌာနက ဒီလုပ်ငန်းရှင်ကြီးတွေကို ကျော်တက်သွားနိုင်လိမ့်မယ်လို့ ကျွန်မ တကယ်ကို မယုံကြည်နိုင်သေးဘူး..." လူစီက လေးစား အားကျဟန်ဖြင့် ပြောလိုက်သည်။ သူမက ဆွန်ဖုန်းကို အားကျခြင်း မဟုတ်ဘဲ ဖုန်းရွေ့ သုတေသနဌာနကြီးကို အားကျခြင်း ဖြစ်သည်။
"ဖြစ်နိုင်ခြေ ဆိုတာ အမြဲတမ်း ရှိနေတာပဲ... ကိုယ့်ကိုယ်ကိုယ် သူများထက် ညံ့တယ်လို့ ဘယ်တော့မှ မထင်နဲ့... သူများတွေ ကိုယ့်ထက် သာနေတယ် ဆိုတာ ကိုယ့်ထက် ပိုကြိုးစားလို့ပဲ..." ဆွန်ဖုန်းက အေးဆေးစွာပင် ပြောလိုက်သည်။
ရှေးခေတ် တရုတ်ပြည်၏ တီထွင်မှုကြီး လေးခုအနက် တစ်ခုဖြစ်သော ယမ်းမှုန့်ကို မိမိတို့ ဘိုးဘေးများက ဗြောက်အိုးဖောက်ကာ ပျော်ရွှင်ရန်အတွက်သာ အသုံးပြုခဲ့ကြသော်လည်း အနောက်နိုင်ငံများက ထိုယမ်းကို ရရှိသွားချိန်တွင် သေနတ်များနှင့် အမြောက်များ ပြုလုပ်ကာ မိမိတို့ကို ပြန်လည် တိုက်ခိုက်ခဲ့ကြသည်ကို ဆွန်ဖုန်း သတိရလိုက်မိသည်။ စဉ်းစားကြည့်လျှင် တကယ့်ကို ရယ်စရာပင်။
"သူဌေး ပြောတာ မှန်ပါတယ်..." လူစီက ထောက်ခံလိုက်သည်။
"အင်း... ငါ ဂျပန်က အီချွမ် စွမ်းအင် ကုမ္ပဏီနဲ့ အရင် စကားပြောကြည့်ချင်တယ်... ဒီလိုလုပ်... မင်း အဲဒီ အီချွမ် စွမ်းအင် ကုမ္ပဏီကို ဆက်သွယ်လိုက်... အချိန်တစ်ခု ညှိပြီး သူတို့ကို သုတေသနဌာနကို လာခဲ့ဖို့ ပြောလိုက်ပါ..." ဆွန်ဖုန်းက လူစီကို အမိန့်ပေးလိုက်သည်။
အဘယ်ကြောင့် ဆွန်ဖုန်းသည် ဂျပန်ကုမ္ပဏီကို ပထမဆုံး ရွေးချယ်လိုက်ရသနည်း ဆိုသော် သူသည် ဂျပန်တွေကို ဂျင်းထည့်ရသည်ကို သဘောကျသောကြောင့်ပင်။ ထိုသူများသည် မွေးရာပါ ဆွန်ဖုန်း၏ ဂျင်းထည့်ခြင်းကို ခံရမည့်သူများ ဖြစ်သည်။
"ကောင်းပါပြီ... ကျွန်မ သူတို့ကို အခုချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်..." လူစီက ပြောလိုက်သည်။
ထိုနေ့ နေ့လယ်ပိုင်းတွင် အီချွမ် စွမ်းအင် ကုမ္ပဏီသည် လူစီ၏ ဖိတ်ကြားချက်ကို လက်ခံရရှိသောအခါ အလွန် ဝမ်းသာသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်းက သူတို့ကိုသာ အထူး ရွေးချယ် တွေ့ဆုံခြင်း ဖြစ်ကြောင်း လူစီက တမင်တကာ ပြောလိုက်သောကြောင့်ပင်။
ဆိုလိုသည်မှာ ဆွန်ဖုန်းသည် အခြား ကုမ္ပဏီများနှင့် ဆွေးနွေးရခြင်း မရှိသေးဘဲ သူတို့အတွက် အလွန် အခွင့်အရေး ကောင်းနေသည်။ ကြည့်ရသည်မှာ ဖုန်းရွေ့ သုတေသနဌာနသည် သူတို့နှင့် ပူးပေါင်းရန် ဆန္ဒရှိနေပုံရသည်။
ထိုနေ့ ညတွင်းချင်းပင် ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး ဌာန၏ ဒုတိယ အထွေထွေ မန်နေဂျာဖြစ်သူ ဝါတာနာဘေး တာရို သည် ဂျပန်နိုင်ငံမှ နယူးဖောင်လန်သို့ ထွက်ခွာသည့် လေယာဉ်ပေါ်သို့ အပြေးအလွှား တက်ရောက်လာခဲ့သည်။ နောက်တစ်နေ့ နံနက်ပိုင်းတွင်မူ စိန့်ဂျွန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မွန်းလွဲပိုင်း အချိန်တွင် ဝါတာနာဘေး တာရိုသည် ဂျပန် အမျိုးသမီး လက်ထောက် သုံးဦးကို ခေါ်ဆောင်ကာ ဆွန်ဖုန်း၏ ဖုန်းရွေ့ သုတေသနဌာနသို့ ရောက်ရှိလာခဲ့သည်။
ဖုန်းရွေ့ သုတေသနဌာန၏ ယာယီ အစည်းအဝေးခန်းမ အတွင်း၌...
လူစီက ဝါတာနာဘေး တာရိုကို ခေါ်ဆောင်လာခဲ့ပြီး ဆွန်ဖုန်းကို မြင်သည်နှင့် တာရိုသည် ရိုသေစွာ ခေါင်းညိတ် အရိုအသေပေးကာ လက်ဆွဲ နှုတ်ဆက်လိုက်သည်။ ဂျပန်လူမျိုးများမှာ ယဉ်ကျေးပျူငှာသည်ဟု ဆိုရမည်။ သူတို့သည် ဆန့်ကျင်ဘက် အစွန်းနှစ်ပါး ရှိသော လူမျိုးများ ဖြစ်ကြသည်။
"မစ္စတာဆွန်... မင်္ဂလာပါ... မစ္စတာဆွန့်ကို အရင်ကတည်းက လေးစား အားကျနေခဲ့ရတာပါ... ဒီနေ့ အပြင်မှာ တွေ့လိုက်ရတော့ မစ္စတာဆွန်ဟာ တကယ့်ကို အောင်မြင်နေတဲ့ လူငယ် လုပ်ငန်းရှင် တစ်ယောက်ပဲ ဆိုတာ သေချာသွားပါပြီ... ကျွန်တော်ကတော့ အီချွမ် စွမ်းအင် ကုမ္ပဏီရဲ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး ဌာနက ဒုတိယ အထွေထွေ မန်နေဂျာ ဝါတာနာဘေး တာရို ပါ"
ဝါတာနာဘေး တာရိုသည် အထဲဝင်လာသည်နှင့် ပြုံးရွှင်စွာဖြင့် ဆွန်ဖုန်းထံသို့ လျှောက်သွားကာ လက်လှမ်းပေးရင်း နှုတ်ဆက်လိုက်သည်။
ယခုအခါ ဆွန်ဖုန်းသည် ကမ္ဘာပေါ်တွင် အတော်လေး နာမည်ရနေပြီ ဖြစ်သည်။ တည်ထောင်ထားသည်မှာ မကြာသေးသော ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီက ရွှေသင်္ဘောစုကို ရှာဖွေ ဆယ်ယူနိုင်ခဲ့ခြင်းကြောင့် ဆွန်ဖုန်း၏ နာမည်မှာ နယ်ပယ်အသီးသီးတွင် ကျော်ကြားနေခဲ့သည်။
မကြာမီကလည်း သူ၏ ဖုန်းရွေ့ သုတေသနဌာနမှ စုပ်ယူပစ္စည်းသစ် တစ်မျိုးကို ထုတ်ဖော်လိုက်ပြန်ရာ ဆွန်ဖုန်းသည် လူအများ၏ အာရုံစိုက်မှုကို ထပ်မံ ရရှိသွားပြန်သည်။ နာမည် မကြီးချင်၍ပင် မရတော့ပေ။
ဝါတာနာဘေး တာရိုမှာ အသက် ၅၀ ကျော် အရွယ်ရှိပြီး အရပ်က တစ်မီတာခွဲကျော်ခန့်သာ ရှိကာ ပုပုဝဝ ဖြစ်သည်။ ခေါင်းပေါ်တွင်လည်း ဆံပင် သိပ်မရှိလှပေ။ ဝဖိုင့်နေသော မျက်နှာပေါ်တွင် အထူးခြားဆုံးမှာ ဂျပန်တို့၏ အမှတ်အသား ဖြစ်သော နှုတ်ခမ်းမွေးပင် ဖြစ်သည်။
"ဟားဟား... မစ္စတာ ဝါတာနာဘေး... မင်္ဂလာပါ... အခုလို လာရောက် တွေ့ဆုံတဲ့အတွက် ဝမ်းသာပါတယ်... ထိုင်ပါဦး..."
ပြုံးရွှင်နေသူကို ပါးမရိုက်ရ ဆိုသည့် စကားအတိုင်း ဆွန်ဖုန်းကလည်း ပြုံးရွှင်စွာဖြင့် ဝါတာနာဘေး တာရိုကို နှုတ်ဆက်လိုက်သည်။
လက်ဖက်ရည် ချပေးပြီးနောက် ဝါတာနာဘေး တာရိုသည် အတွေ့အကြုံရင့် ကျွမ်းကျင်သူပီပီ ဆက်ဆံရေးတွင် အလွန် ကောင်းမွန်လှသည်။ သူသည် ဆွန်ဖုန်းနှင့် အကြောင်းအရာ စုံလင်စွာ ပြောဆိုနေသော်လည်း အဓိက ကိစ္စသို့ တိုက်ရိုက် မဝင်သေးပေ။ ဤမြေခွေးအိုကြီးသည် ဆွန်ဖုန်း မည်သို့သော စရိုက်ရှိသူ ဖြစ်သည်ကို အရင်လေ့လာပြီးမှ စီးပွားရေး စကားပြောရန် အကွက်ချနေပုံ ရသည်။
စကားပြော၍ အတော်လေး အဆင်ပြေသွားသောအခါ ဝါတာနာဘေး တာရိုက ဆွန်ဖုန်းကို စတင် မေးမြန်းလိုက်သည်။
"မစ္စတာဆွန်... ကိစ္စက ဒီလိုပါ... ကျွန်တော်တို့ ကုမ္ပဏီက မစ္စတာဆွန်တို့ရဲ့ X စုပ်ယူပစ္စည်းကို အရမ်း စိတ်ဝင်စားနေလို့ပါ... အဲဒီ စုပ်ယူပစ္စည်းရဲ့ မူပိုင်ခွင့်ကို ကျွန်တော်တို့ကို အပြည့်အဝ ရောင်းချပေးနိုင်မလား ဆိုတာ သိချင်လို့ပါ"
ဆွန်ဖုန်းက မျှော်လင့်တကြီး ကြည့်နေသော ဝါတာနာဘေး တာရိုကို ကြည့်ကာ ပြုံး၍ ပြန်ဖြေလိုက်သည်။
"အင်း... မစ္စတာ ဝါတာနာဘေးလည်း သိမှာပါ... ကျွန်တော့် သုတေသနဌာနက ထုတ်လုပ်ထားတဲ့ X စုပ်ယူပစ္စည်းက လက်ရှိမှာ အသစ်ဆုံး နည်းပညာဖြစ်တယ် ဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံရဲတယ်... ယူရေနီယမ် တစ်ပေါင် ထုတ်ယူဖို့ ကုန်ကျစရိတ် ၂၇၀ ဒေါ်လာပဲ လိုတယ်လေ... အမှန်တိုင်း ပြောရရင် ကျွန်တော်က ရောင်းဖို့ အစီအစဉ် မရှိပါဘူး... ဒါပေမဲ့ အခု သုတေသနဌာနက ရင်းနှီးမြှုပ်နှံမှုတွေ အရမ်း ကြီးမားနေသလို ကျွန်တော့်ရဲ့ တခြား ကုမ္ပဏီတွေကလည်း အရေးတကြီး ငွေလိုနေလို့ပါ... ဒါကြောင့်မို့လို့ ဒီစုပ်ယူပစ္စည်းရဲ့ နည်းပညာ မူပိုင်ခွင့် အားလုံးကို ရောင်းချဖို့ စဉ်းစားလိုက်တာပါ"
ဝါတာနာဘေး တာရိုသည် ဆွန်ဖုန်း၏ စကားကို ကြားသောအခါ စိတ်ထဲတွင် အောင်ပွဲခံလိုက်မိသည်။ ဆွန်ဖုန်းက ရောင်းချမည်ဟု ဆိုလာမှတော့ အားလုံးက လွယ်ကူသွားပြီ ဖြစ်သည်။ သူ အကြောက်ဆုံးမှာ ဆွန်ဖုန်းက X စုပ်ယူပစ္စည်းကို မရောင်းချဘဲ နေမည်ကိုပင်။
"ဒါပေမဲ့..." ဆွန်ဖုန်းက စကားကို ခဏ ရပ်လိုက်ပြီး... "မစ္စတာ ဝါတာနာဘေးလည်း သိတဲ့အတိုင်း ဒီစုပ်ယူပစ္စည်းသစ်ကို စိတ်ဝင်စားနေတဲ့ ကုမ္ပဏီတွေ အများကြီး ရှိတယ်လေ... ဥပမာ - အင်္ဂလန်က တော်ဝင် စွမ်းအင် ကုမ္ပဏီ၊ အမေရိကန် စက်မှုလုပ်ငန်းစုကြီးတွေပေါ့..."
ထိုစကားကို ပြောပြီးသည်နှင့် ဆွန်ဖုန်းက ဆက်မပြောတော့ဘဲ ဝါတာနာဘေးကိုသာ စိုက်ကြည့်နေကာ သူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေလိုက်သည်။
ဝါတာနာဘေးသည် ထိုစကားကို ကြားလိုက်သည်နှင့် ဆွန်ဖုန်းက သူ့အား ရောင်းချလိုသည့် ဆန္ဒရှိသော်လည်း စျေးကောင်းကောင်း လိုချင်နေမှန်း ရိပ်မိလိုက်သည်။
အမှန်တကယ်လည်း လက်ရှိ အနေအထားတွင် ဆွန်ဖုန်းက စျေးခေါ်နိုင်သည့် အသာစီးရ အနေအထားတွင် ရှိနေကြောင်း ဝါတာနာဘေး တာရို သိသည်။ သူ ကျေနပ်လောက်မည့် စျေးနှုန်း တစ်ခု ဖြစ်ရမည်။
ယခုအချိန်တွင် သူတို့ အီချွမ် စွမ်းအင် ကုမ္ပဏီသာမက အခြား အင်အားကြီး ကုမ္ပဏီများစွာကလည်း ဤစုပ်ယူပစ္စည်းကို မျက်စိကျနေကြသည်။
ဆွန်ဖုန်း၏ သဘောထားမှာ အလွန် ရှင်းလင်းလှသည်။ "မင်းကို ရောင်းပေးလို့ ရတယ်... ဒါပေမဲ့ မင်းပေးတဲ့ စျေးနှုန်းက ငါ ကျေနပ်လောက်တဲ့ စျေးဖြစ်ရမယ်... အကယ်၍ စျေးမတည့်ဘူး ဆိုရင်လည်း ငါက တခြား ကုမ္ပဏီတွေနဲ့ အေးဆေး ပူးပေါင်းလို့ ရတယ်" ဟူသည့် သဘောပင်။
တကယ်တော့ ဝါတာနာဘေး တာရိုသည် အမြတ်ကြီးစား ခံရမည်ကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက အသာစီး ရနေသည် မဟုတ်ပါလား။
"မစ္စတာ ဝါတာနာဘေး... ကျွန်တော် ခင်ဗျားတို့ ကုမ္ပဏီကို အရင်ဆုံး ဆက်သွယ်ပြီး ဆွေးနွေးရတာက ခင်ဗျားတို့ရဲ့ ကြီးမားတဲ့ စိတ်အားထက်သန်မှုကို မြင်လို့ပါ... မဟုတ်ရင် ခင်ဗျားတို့ကို အရင်ဆုံး ဆက်သွယ်မှာ မဟုတ်ဘူး..." ဆွန်ဖုန်းက ဝါတာနာဘေး တာရိုကို ကြည့်ကာ နောက်ထပ် တစ်ခွန်း ထပ်ပြောလိုက်လေသည်။