အခန်း ၂၄၃
Vol. 25 Ch. 243
အခန်း ၂၄၃ - ဒေါ်လာ သန်းတစ်ရာ ဟုတ်လား
"မစ္စတာဆွန်က ကျွန်တော်တို့ အီချွမ် စွမ်းအင် ကုမ္ပဏီကို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့ ကုမ္ပဏီ ကိုယ်စားလှယ် အနေနဲ့လည်း ကြီးမားတဲ့ စိတ်အားထက်သန်မှုနဲ့ လာခဲ့တာပါ... မစ္စတာဆွန်သာ X စုပ်ယူပစ္စည်းကို ကျွန်တော်တို့ဆီ ရောင်းမယ်ဆိုရင် စျေးနှုန်းပိုင်းမှာ လုံးဝ မနစ်နာစေရပါဘူး... အားလုံး ဆွေးနွေးလို့ ရပါတယ်"
ဝါတာနာဘေး တာရိုသည် မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက် ရင်ဘတ်ကိုပုတ်ကာ အာမခံနေတော့သည်။
"ဟားဟား... ခင်ဗျားတို့ ကုမ္ပဏီရဲ့ စိတ်အားထက်သန်မှုကို ကျွန်တော် မြင်ပါတယ်... မစ္စတာ ဝါတာနာဘေး တစ်ညလုံး မအိပ်ဘဲ လာခဲ့တာကိုက လေးစားစရာပါပဲ"
ဆွန်ဖုန်းက နှုတ်မှ ချောမွေ့စွာ ပြောဆိုနေသော်လည်း စိတ်ထဲတွင်တော့ လှောင်ပြုံး ပြုံးနေမိသည်။
ငါက မင်းလို ငတုံးမျိုးကို ဂျင်းထည့်ဖို့ စောင့်နေတာကွ ဟု သူ တွေးလိုက်သည်။
"ဒါဆိုရင်လည်း ကျွန်တော် မစ္စတာ ဝါတာနာဘေးကို အများကြီး မပြောတော့ပါဘူး... ခင်ဗျားတို့ ကုမ္ပဏီက ဒီစုပ်ယူပစ္စည်းကို ဝယ်ဖို့ စျေးဘယ်လောက် ပေးနိုင်မလဲ"
ဆွန်ဖုန်းသည် စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး ကုလားထိုင်တွင် မှီကာ ဘယ်ဘက်လက်ဖြင့် စားပွဲကို ဖွဖွလေး ခေါက်ရင်း ဝါတာနာဘေး တာရို၏ အဖြေကို အေးဆေးစွာ စောင့်ဆိုင်းနေလိုက်သည်။
ဤစျေးနှုန်းနှင့် ပတ်သက်၍ ဝါတာနာဘေး တာရိုသည် လွန်ခဲ့သော တစ်ပတ်ကတည်းက ကုမ္ပဏီ အထက်ပိုင်း တာဝန်ရှိသူများနှင့် ဆွေးနွေး တိုင်ပင်ထားခဲ့ပြီး ဖြစ်သည်။
X စုပ်ယူပစ္စည်း၏ နည်းပညာ အဆင့်အတန်း၊ အနာဂတ် အလားအလာ၊ အဆင့်မြင့်မှုနှင့် ရေရှည် အကျိုးအမြတ် ရရှိနိုင်မှု စသည့် အချက်များကို ထည့်သွင်း စဉ်းစားကာ ဝါတာနာဘေး၏ စိတ်ထဲတွင် သတ်မှတ်ထားသော စျေးနှုန်းတစ်ခု ရှိနှင့်ပြီး ဖြစ်သည်။
"မစ္စတာဆွန်... အမေရိကန် ဒေါ်လာ သန်းတစ်ရာ ဆိုရင်ကော ဘယ်လိုလဲ..."
ဝါတာနာဘေး တာရိုက အသက်ကို ပြင်းပြင်းရှူကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
"အမေရိကန် ဒေါ်လာ သန်းတစ်ရာ ဟုတ်လား... မစ္စတာ ဝါတာနာဘေး... ဒီစျေးက နည်းနည်း နည်းနေတယ် မထင်ဘူးလား... ကျွန်တော်တို့ရဲ့ X စုပ်ယူပစ္စည်းက ဘယ်လိုပဲဖြစ်ဖြစ် ကုန်ကျစရိတ်ကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လေ... ယူရေနီယမ် ထုတ်ယူတဲ့ မြန်နှုန်း၊ အရည်အသွေး ဘယ်ဘက်က ကြည့်ကြည့် လောလောဆယ် ရှိနေတဲ့ တခြား စုပ်ယူပစ္စည်းတွေထက် အများကြီး သာတယ်... ကျွန်တော် ကြွားပြောတာ မဟုတ်ပါဘူး... ဒေါ်လာ သန်းတစ်ရာဆိုတာ ကျွန်တော့်အတွက်တော့ သိပ်အားမရသေးဘူး"
ဆွန်ဖုန်းက ခေါင်းခါလျက် ငြင်းလိုက်သည်။
ဤကဲ့သို့သော စွမ်းအင် ကုမ္ပဏီများမှာ အမြတ်အစွန်း အများဆုံး ရရှိသည့် ကုမ္ပဏီများ ဖြစ်ကြောင်း၊ အထူးသဖြင့် ဤ အီချွမ် စွမ်းအင် ကုမ္ပဏီဆိုလျှင် လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်ခုလုံးကို လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး ဖြစ်ကြောင်း ဆွန်ဖုန်း သိသည်။ ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူခြင်းမှသည် နျူကလီးယား ဓာတ်အားပေးစက်ရုံများဖြင့် လျှပ်စစ် ထုတ်လုပ်ခြင်းအထိ လုပ်ကိုင်နေခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံရှိ အိမ်ထောင်စုပေါင်း ထောင်သောင်းချီနှင့် စက်ရုံအလုပ်ရုံများက သူတို့၏ လျှပ်စစ်ကို အသုံးပြုနေကြရာ တစ်နှစ်လျှင် မည်မျှ အမြတ်အစွန်း ရမည်ကို တွေးကြည့်၍ပင် မရနိုင်ပေ။ ယခု သူ၏ စုပ်ယူပစ္စည်းသစ်ကို အမေရိကန် ဒေါ်လာ သန်းတစ်ရာတည်းဖြင့် အပိုင်ဝယ်ချင်နေသည် ဆိုတော့ ဆွန်ဖုန်းက ဘယ်လိုလုပ်ပြီး လက်ခံနိုင်မည်နည်း။
"မစ္စတာဆွန်... အမေရိကန် ဒေါ်လာ သန်းတစ်ရာဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး... အဲဒီ ငွေကြေးပမာဏကို ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး သုတေသနမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တကယ့်ကို ကောင်းမွန်တဲ့ ရလဒ်တွေ ရလာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
ဝါတာနာဘေး တာရိုသည် ယခုအချိန်မှာ စျေးဆစ်ရမည့် အချိန်ဖြစ်ကြောင်း သိထားသဖြင့် တတ်နိုင်သမျှ စျေးချနိုင်ရန် ကြိုးစားနေသည်။
"မစ္စတာ ဝါတာနာဘေး... တစ်ခါတလေ ရင်းနှီးမြှုပ်နှံမှု ကြီးတိုင်း အကျိုးအမြတ် ကြီးကြီးမားမား ရလာနိုင်တာ မဟုတ်ဘူးဆိုတာ ခင်ဗျားလည်း သိမှာပါ... ခင်ဗျားတို့ ကုမ္ပဏီက X စုပ်ယူပစ္စည်းကို ဒေါ်လာ သန်းတစ်ရာပဲ ပေးနိုင်တယ် ဆိုရင်တော့ တောင်းပန်ပါတယ်... တခြား ကုမ္ပဏီတွေက ဒီထက်ပိုပြီး မြင့်တဲ့ စျေးနဲ့ ဝယ်ဖို့ အဆင်သင့် ဖြစ်နေကြတယ်လို့ ကျွန်တော် ယုံကြည်တယ်"
ဆွန်ဖုန်းက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။
ဆွန်ဖုန်းက အသာစီးယူကာ ဖိအားပေးလာသည်ကို မြင်သောအခါ ဝါတာနာဘေး တာရို၏ စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ သို့သော် ယခုအချိန်တွင် သူသည် ဆွန်ဖုန်း၏ ဓားစာခံ ဖြစ်နေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။ ပြိုင်ဘက် ကုမ္ပဏီများကလည်း အများအပြား ရှိနေသည် မဟုတ်ပါလား။
"မစ္စတာဆွန်... ကိစ္စက ဒီလိုပါ... လောလောဆယ် ကျွန်တော်က X စုပ်ယူပစ္စည်းရဲ့ ပုံပန်းသဏ္ဌာန်ကိုလည်း မမြင်ရသေးဘူး... ယူရေနီယမ် တစ်ပေါင် ထုတ်ယူဖို့ တကယ်ပဲ ကုန်ကျစရိတ် ဒေါ်လာ ၂၇၀ ပဲ လိုတယ် ဆိုတာကိုလည်း လက်တွေ့ စမ်းသပ်ချက် မမြင်ရသေးဘူးလေ... ဒါကြောင့် စုပ်ယူပစ္စည်းရဲ့ အစွမ်းထက်မှုကို အရင်ဆုံး လက်တွေ့ ကြည့်ပြီးမှ စျေးနှုန်း ဆက်ဆွေးနွေးလို့ ရမလား... အကယ်၍ စွမ်းဆောင်ရည်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားတဲ့အတိုင်း တကယ်ပဲ ကောင်းမွန်တယ်ဆိုရင် စျေးနည်းနည်း ပိုပေးရလည်း ကျွန်တော် ဝယ်ပါ့မယ်လို့ အာမခံပါတယ်"
ဝါတာနာဘေး တာရိုက ဉာဏ်ဆင်ကာ အရင်ဆုံး ပစ္စည်းကို ကြည့်ပြီးမှ စျေးနှုန်း ဆက်ဆွေးနွေးရန် အကြံပြုလိုက်သည်။ သို့မှသာ စုပ်ယူပစ္စည်း၏ အစွမ်းအစ အစစ်အမှန်ကို သိရပြီး သူ၏ စိတ်ထဲတွင် သင့်လျော်မည့် အခြေခံ စျေးနှုန်း တစ်ခုကို သတ်မှတ်နိုင်မည် ဖြစ်သည်။
"ဒါပေါ့... ရတာပေါ့"
ဆွန်ဖုန်းက မငြင်းဆန်ပေ။ နည်းပညာ အရောင်းအဝယ် လုပ်ရာတွင် တစ်ဖက်လူ ယုံကြည်စေရန် လက်တွေ့ စမ်းသပ် ပြသရမည်မှာ သဘာဝပင်။ ဤကိစ္စအတွက် ဆွန်ဖုန်းက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ အချိန်ကျလျှင် ဝယ်သူကို ခေါ်သွားပြီး ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူသည့် လုပ်ငန်းစဉ်ကို ပြသလိုက်ရုံသာ ရှိသည်။
"ဒါဆိုရင်လည်း နားလည်ပေးတဲ့အတွက် မစ္စတာဆွန့်ကို ကျေးဇူးတင်ပါတယ်"
ဝါတာနာဘေး တာရိုက ပြုံးရွှင်သော မျက်နှာဖြင့် ဆွန်ဖုန်းကို ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။ ဤမြင်ကွင်းကို ကြည့်ရင်း ဆွန်ဖုန်း၏ စိတ်ထဲတွင် "မင်းရဲ့ အဘိုးကို လာပြီး အရိုအသေ ပေးနေတဲ့အတွက် ကျေးဇူးပဲ လိပ်မြေးလေး" ဟု အော်ဟစ်လိုက်ချင်စိတ် ပေါ်လာသည်။
"ဒီလိုလုပ်... ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်စရာလေးတွေ ရှိသေးတော့ မနက်ဖြန် မွန်းလွဲပိုင်းလောက်မှ မစ္စတာ ဝါတာနာဘေး သုတေသနဌာနကို လာခဲ့ပါ... ကျွန်တော်တို့ရဲ့ စမ်းသပ်မှုက ပင်လယ်ပြင်မှာ လုပ်မှာဆိုတော့ အဲဒီအချိန်ကျရင် အတူတူ သွားကြည့်ကြတာပေါ့"
ဆွန်ဖုန်းက ပြောလိုက်သည်။
"ကောင်းပါပြီ... ဒါဆိုရင် ကျွန်တော် မစ္စတာဆွန့်ကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး"
"ကောင်းပါပြီ... ဂရုစိုက် ပြန်ပါ"
ဝါတာနာဘေး တာရို ပြန်သွားပြီးနောက် ဆွန်ဖုန်းသည် ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူရန် ရိုးရှင်းသော စမ်းသပ် ကိရိယာများကို ပြင်ဆင်ထားရန်နှင့် X စုပ်ယူပစ္စည်းများကို အဆင်သင့် လုပ်ထားရန် လူစီကို ညွှန်ကြားလိုက်သည်။ ဤတစ်ကြိမ်တွင် ယူရေနီယမ် တစ်ပေါင်သာ ထုတ်ယူမည် ဖြစ်ရာ စမ်းသပ် ကိရိယာများမှာ အလွန်အမင်း ရှုပ်ထွေးနေရန် မလိုပေ။
ထို့နောက် ဆွန်ဖုန်းသည် သင်္ဘောတစ်စင်း ငှားရမ်းလိုက်ပြီး နောက်တစ်နေ့တွင် ပင်လယ်ပြင်သို့ ထွက်ကာ စမ်းသပ်မှုများ ပြုလုပ်ရန် စီစဉ်လိုက်သည်။
နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် လူတစ်စုကို ခေါ်ဆောင်ကာ ပင်လယ်ပြင်တွင် ယူရေနီယမ် ထုတ်ယူသည့် အသေးစား စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။
စမ်းသပ်မှု လုပ်ငန်းစဉ်မှာ အလွန် ချောမွေ့ခဲ့ပြီး ဝါတာနာဘေး တာရို အနေဖြင့်လည်း X စုပ်ယူပစ္စည်းသည် လက်ရှိ အခြား စုပ်ယူပစ္စည်းများထက် များစွာ အဆင့်မြင့်ကြောင်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။
စုပ်ယူသည့် မြန်နှုန်း၊ အရည်အသွေး၊ စွမ်းဆောင်ရည် အားလုံးတွင် အများကြီး သာလွန်နေသည်။ ထို့အပြင် ဤ X စုပ်ယူပစ္စည်းကို ထုတ်လုပ်သည့် ကုန်ကြမ်းများမှာလည်း တကယ်ပင် စျေးပေါလှသဖြင့် ဝါတာနာဘေး တာရို၏ မျက်လုံးများပင် အရောင်လက်သွားခဲ့သည်။
သူတို့၏ ခရီးစဉ်မှာ တကယ်ကို အချည်းနှီး မဖြစ်ခဲ့ကြောင်း တွေးလိုက်မိပြီး X စုပ်ယူပစ္စည်းကို သူတို့ ကုမ္ပဏီအတွက် မဖြစ်မနေ ဝယ်ယူသင့်ကြောင်း ဆုံးဖြတ်လိုက်သည်။
အပြန်လမ်းတွင် ဆွန်ဖုန်းသည် ကားပေါ်၌ သူ၏ ဘေးတွင် ထိုင်နေသော ဝါတာနာဘေး တာရိုကို ပြုံး၍ ကြည့်ကာ...
"ဘယ်လိုလဲ... မစ္စတာ ဝါတာနာဘေး... စမ်းသပ်မှုကိုလည်း ခင်ဗျား မြင်ပြီးပြီ... ကျွန်တော့်ဘက်ကလည်း အစွမ်းကုန် ပွင့်ပွင့်လင်းလင်း ပြသခဲ့ပြီးပြီဆိုတော့ ခင်ဗျားတို့ဘက်ကကော ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှု ရှိလဲ သိပါရစေ..." ဟု မေးလိုက်သည်။
ဝါတာနာဘေး တာရိုသည် ပြုံးစိစိ လုပ်နေသော ဆွန်ဖုန်းကို ကြည့်ကာ ရယ်မောလျက်...
"မစ္စတာဆွန်... ကျွန်တော်ရော ကျွန်တော်တို့ ကုမ္ပဏီကပါ ဖုန်းရွေ့ သုတေသနဌာနရဲ့ X စုပ်ယူပစ္စည်းကို အရမ်း သဘောကျပါတယ်... စိတ်ချပါ... ဒီအကြောင်းကို အထက်ကို သေချာ အစီရင်ခံပြီးမှ မစ္စတာဆွန်နဲ့ စျေးနှုန်း ကိစ္စကို သေချာ ပြန်ဆွေးနွေးလို့ ရမလား..." ဟု ပြန်ပြောလိုက်သည်။
"ရပါတယ်... ဒါပေမဲ့ မြန်မြန်လေးတော့ လုပ်နော်... တခြား ကုမ္ပဏီတွေက ကျွန်တော့်ကို နေ့တိုင်း လာရှာနေကြတာ..."
တကယ်တော့ ဆွန်ဖုန်းသည် အခြား ကုမ္ပဏီများနှင့် လုံးဝ ပူးပေါင်းချင်စိတ် မရှိဘဲ အီချွမ် စွမ်းအင် ကုမ္ပဏီကိုသာ ဂျင်းထည့်ချင်နေခြင်း ဖြစ်သည်။ ယခု သူ ပြောလိုက်သည့် စကားမှာ ဝါတာနာဘေး တာရိုကို ဖိအားပေးလိုက်ရုံ သက်သက်သာ ဖြစ်သည်။
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... မစ္စတာဆွန် တခြား ကုမ္ပဏီတွေနဲ့ လုံးဝ မပူးပေါင်းလိုက်ပါနဲ့နော်... ဒီညပဲ ဌာနချုပ်ကို ကျွန်တော် သတင်းပို့လိုက်ပါ့မယ်... မနက်ဖြန်လောက်ဆိုရင် မစ္စတာဆွန်နဲ့ စျေးနှုန်း ကိစ္စ လာဆွေးနွေးနိုင်မယ် ထင်ပါတယ်... ဒီလောက် အဆင့်မြင့်တဲ့ စုပ်ယူပစ္စည်းကို မြင်ရင် ဌာနချုပ်ကလည်း မစ္စတာဆွန် ကျေနပ်လောက်မယ့် စျေးနှုန်းတစ်ခု ပေးပါလိမ့်မယ်"
ဝါတာနာဘေး တာရိုက အလောတကြီး ပြောလိုက်သည်။
အမှန်တကယ်တော့ အကယ်၍သာ ဆွန်ဖုန်းက ဒေါ်လာ သန်းတစ်ရာဖြင့် ရောင်းမည်ဆိုလျှင် ဝါတာနာဘေး တာရို ကိုယ်တိုင် ဆုံးဖြတ်၍ ရသည်။
သို့သော် ယခုအခါ ဆွန်ဖုန်းက စျေးပိုတောင်းနေသဖြင့် အထက်လူကြီးများနှင့် ပြန်လည် တိုင်ပင်ဆွေးနွေးရန် လိုအပ်လာခြင်း ဖြစ်သည်။ ထို့အပြင် ယနေ့ မြင်တွေ့ခဲ့ရသည့် စမ်းသပ်မှု အစီရင်ခံစာ အမှန်ကိုလည်း အထက်သို့ တင်ပြရမည် ဖြစ်သည်။
"ကောင်းပြီ... ဒါဆို မနက်ဖြန်ပေါ့... အကယ်၍ မနက်ဖြန် ခင်ဗျား မလာနိုင်ရင်တော့ စိတ်မကောင်းပါဘူးဗျာ..." ဆွန်ဖုန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..." ဝါတာနာဘေး တာရိုက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
ဝါတာနာဘေး တာရို ထွက်သွားပြီးနောက် ဘေးတွင်ရှိနေသော လူစီက...
"သူဌေး... သူတို့ စျေးဘယ်လောက် ပေးမယ် ထင်လဲ..." ဟု မေးလိုက်သည်။
"ဟွန်း... ဒေါ်လာ သန်းနှစ်ရာ အောက်ဆိုရင်တော့ ငါ မရောင်းဘူး"
ဆွန်ဖုန်းက လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။ ဒေါ်လာ သန်းနှစ်ရာ ဆိုသည်မှာ တရုတ်ယွမ်ငွေ တစ်ဘီလီယံကျော် ဖြစ်သည်။
X စုပ်ယူပစ္စည်းမှာ အလွန် အဆင့်မြင့်သည် ဆိုသော်လည်း အလွန်အမင်း မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချရန်မှာမူ မဖြစ်နိုင်ပေ။ ယခင်က ဂျပန်တို့သည် ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး ကုန်ကျစရိတ်ကို ထက်ဝက်တိတိ လျှော့ချနိုင်ခဲ့စဉ်ကပင် မိုးပျံလောက်အောင် စျေးမကြီးခဲ့ပေ။
ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူခြင်း နည်းပညာမှာ ရင့်ကျက်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အနည်းငယ် ပိုမို အဆင့်မြင့်ရုံဖြင့် စျေးကောင်းကောင်း ရနိုင်သော်လည်း မိုးပျံလောက်သည့် စျေးနှုန်းမျိုးတော့ မမျှော်လင့်နိုင်ပေ။
အကြောင်းမှာ တစ်ဖက်လူ အနေဖြင့် ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး အချိန်တစ်ခု အကြာတွင် ထိုထက်ပို၍ အဆင့်မြင့်သော စုပ်ယူပစ္စည်းများကို ကိုယ်တိုင် သုတေသနပြု ဖန်တီးနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။