← Chapters

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅ - ပူလောင်နေတဲ့ အညစ်အကြေးကို စားလိုက်ရသလိုပဲ

ဆွန်ဖုန်းက ဟန်ဆောင်တာ လုံလောက်ပြီဟု ထင်သဖြင့် ဒေါသထွက်နေဟန်ဖြင့် ကုလားထိုင်ပေါ် ပြန်ထိုင်ချလိုက်သည်။

ထို့နောက်... "ဝါတာနာဘေး တာရို... အခု မင်းတို့ ကုမ္ပဏီက ဘယ်လောက်ပေးနိုင်မလဲ ဆိုတာ ပြောကြည့်စမ်းပါ..." ဟု မေးလိုက်သည်။

ဆွန်ဖုန်း ပြန်ထိုင်လိုက်သည်ကို မြင်တော့မှ လည်ချောင်းဝအထိ ရောက်နေသော ဝါတာနာဘေးတာရို၏ နှလုံးသားမှာ အနည်းငယ် ပြန်ကျသွားတော့သည်။ ဆိုလိုသည်မှာ ဆွေးနွေးရန် အခွင့်အရေး ရှိနေသေးသည်ပေါ့။

တကယ်တမ်း ကုမ္ပဏီက သူ့ကို ပေးထားသည့် နောက်ဆုံးစျေးမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြစ်သည်။ သေချာပေါက် ထိုထက် ပိုလျှော့နိုင်မည်ဆိုလျှင် ဝါတာနာဘေးက ကြိုးစားမည်သာ ဖြစ်သည်။ သို့သော် ဆွန်ဖုန်း၏ ဒေါသကို မြင်လိုက်ရပြီးနောက် တစ်ဖက်လူက ဒီလို အချောင်နှိုက်တာမျိုးကို လက်ခံမည် မဟုတ်မှန်း သူ သိလိုက်သည်။

"မစ္စတာဆွန်... သန်း ၂၅၀ ဆိုတာက တကယ်ကို များလွန်းနေလို့ပါ... သန်း ၂၀၀... သန်း ၂၀၀ ဆိုရင်ရော အဆင်ပြေမလား..."

ဝါတာနာဘေးတာရိုက ညှိနှိုင်းသည့် လေသံဖြင့် မေးလိုက်သည်။ အကယ်၍ သန်း ၂၅၀ သာဆိုလျှင် သူတို့ တကယ် ဝယ်နိုင်တော့မည် မဟုတ်ပေ။ တွက်ခြေ မကိုက်တော့သောကြောင့် ဖြစ်သည်။

ဆွန်ဖုန်းက ဝါတာနာဘေးတာရိုကို အေးစက်စက် စိုက်ကြည့်နေပြီး ဘာမှ မပြောပေ။ ရုတ်တရက် အခန်းတွင်း လေထုမှာ တင်းမာ အေးခဲသွားသည်။

ဝါတာနာဘေးတာရိုမှာ အသက်ပြင်းပြင်းပင် မရှူရဲတော့ပေ။ နောက်တစ်စက္ကန့်တွင် ဆွန်ဖုန်း ဘာတွေ ဆုံးဖြတ်ပြီး ဘာတွေ လုပ်လာမည်ကို သူ မသိသောကြောင့် ဖြစ်သည်။

"ဟားဟား... မစ္စတာ ဝါတာနာဘေး... ဒီလိုလုပ်ကြမလား... ကျွန်တော်တို့ တစ်ယောက် တစ်လှမ်းစီ ဆုတ်ပေးကြတာပေါ့... သန်း ၂၃၀ ဆိုရင်ကော... ဒီလောက်ဆိုရင် ကျွန်တော်လည်း လျှော့ပေးပြီးပြီ... ခင်ဗျားတို့ဘက်ကလည်း စိတ်အားထက်သန်မှုကို ပြသင့်တယ်လေ..."

တစ်မိနစ်ကျော်ခန့် တိတ်ဆိတ်နေပြီးနောက် ဆွန်ဖုန်းက ရယ်မောလျက် ပြောလိုက်သည်။

"သန်း ၂၃၀ ဆိုတာက နည်းနည်း မြင့်နေတုန်းပဲ... သန်း ၂၁၀ ဆိုရင်ကော မစ္စတာဆွန်..."

ဝါတာနာဘေးတာရိုက ခေါင်းကို အဆက်မပြတ် ခါမ်းလျက် ပြောလိုက်သည်။ သန်း ၂၃၀ ဆိုသည်မှာ ကုမ္ပဏီက သတ်မှတ်ပေးထားသည့် နောက်ဆုံးစျေးထက် ဒေါ်လာ သန်း ၃၀ တောင် ပိုနေသည်။ တကယ်ကို များလွန်းလှသည်။

"နိုး နိုး နိုး... သန်း ၂၃၀... စျေးအပြတ်ပဲ... ခင်ဗျား မဝယ်ရင် ကျွန်တော် တခြားသူကို ရောင်းလိုက်မယ်... တခြား ကုမ္ပဏီတွေက သန်း ၂၃၀ ကို အသာလေး ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်..."

ဆွန်ဖုန်းက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ ဟွန်း... မင်း အရှုံးပေးမလား မပေးဘူးလား ကြည့်ရသေးတာပေါ့။

"မစ္စတာဆွန်... ဒီလိုလုပ်ပါလား... လူကြီးလူကောင်း ပီပီ သဘောထားကြီးကြီးထားပြီး သန်း ၂၂၀ ဆိုရင်ကော ဘယ်လိုလဲ..."

ထိုအချိန်တွင် ဝါတာနာဘေးတာရို၏ မျက်နှာမှာ ပူလောင်နေသည့် အညစ်အကြေးကို စားလိုက်ရသကဲ့သို့ အလွန် အရုပ်ဆိုးနေသည်။ ဆွန်ဖုန်း၏ အနိုင်ကျင့်မှုကြောင့် သူ ငိုချင်လုမတတ် ပင် ဖြစ်နေပြီ။

နောက်ဆုံးတွင် အပြန်အလှန် စျေးဆစ်ပြီးနောက် အမေရိကန်ဒေါ်လာ သန်း ၂၂၀ ဖြင့် အရောင်းအဝယ် တည့်သွားခဲ့သည်။

အီချွမ်ကုမ္ပဏီက X စုပ်ယူပစ္စည်း၏ မူပိုင်ခွင့် အပြည့်အဝကို တရားဝင် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ နောင်တွင် ဆွန်ဖုန်း ကိုယ်တိုင်ပင် ဤ X စုပ်ယူပစ္စည်းကို ထုတ်လုပ် အသုံးပြုခွင့် မရှိတော့ပေ။

ယခု ၎င်းသည် အီချွမ်ကုမ္ပဏီပိုင် ဖြစ်သွားပြီ ဖြစ်သည်။ ဆွန်ဖုန်းက အသုံးပြုခဲ့ပါက ဥပဒေကို ချိုးဖောက်ပြီး မူပိုင်ခွင့်ကို ထိပါးရာ ရောက်မည် ဖြစ်သည်။

သို့သော် လောလောဆယ်တွင် ဆွန်ဖုန်းက ဤ X စုပ်ယူပစ္စည်းကို အထင်မကြီးတော့ပေ။ အသံလက်ထောက်က ဤထက် ပိုမို အဆင့်မြင့်သော စုပ်ယူပစ္စည်းကို သုတေသနပြု ဖန်တီးပေးနိုင်မည်ကို သူ ယုံကြည်သည်။

အချိန်ကျလျှင် ဆွန်ဖုန်း၏ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံက ထိုပိုမို အဆင့်မြင့်သော စုပ်ယူပစ္စည်းကိုသာ အသုံးပြုတော့မည် ဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း ၂၂၀ သည် အီချွမ် စွမ်းအင် ကုမ္ပဏီက ဝါတာနာဘေးတာရိုအား ပေးထားသော ဘတ်ဂျက်ထက် ကျော်လွန်နေသဖြင့် စျေးနှုန်း သတ်မှတ်ပြီးနောက် ဝါတာနာဘေးသည် ရှုံ့မဲ့နေသော မျက်နှာဖြင့် ဌာနချုပ်သို့ ညှိနှိုင်းမှု ရလဒ်ကို အစီရင်ခံလိုက်ရသည်။

အီချွမ် စွမ်းအင် ကုမ္ပဏီက ဤစုပ်ယူပစ္စည်းကို အလွန် အလေးထားသဖြင့် နောက်ဆုံးတွင် သွားကြိတ်ကာ ဆွန်ဖုန်း၏ ဂျင်းထည့်မှုကို ခံလိုက်ရတော့သည်။

အားလုံး သဘောတူညီမှု ရပြီးနောက် စာချုပ် စတင် ချုပ်ဆိုကြသည်။ စာချုပ် ချုပ်ပြီးသွားသောအခါမှ ဝါတာနာဘေးတာရို တစ်ယောက် သက်ပြင်းချနိုင်တော့သည်။

"မစ္စတာဆွန်... ကိစ္စက ဒီလိုပါ... ကျွန်တော်တို့ အီချွမ် စွမ်းအင် ကုမ္ပဏီက ပါရဂူ လူစီကို အရမ်း သဘောကျလို့ပါ... မစ္စ လူစီကို ကျွန်တော်တို့ ကုမ္ပဏီမှာ လာအလုပ်လုပ်ဖို့ ခေါ်သွားလို့ ရမလား..."

စာချုပ်ချုပ်ပြီးနောက် ဝါတာနာဘေးတာရိုက မျက်နှာပြောင်တိုက်ကာ ဆွန်ဖုန်းကို မေးလိုက်သည်။ နောက်ဆုံး အချိန်တွင် ဝါတာနာဘေးက ဆွန်ဖုန်း၏ လူကိုပါ ခေါ်ယူရန် မမေ့ခဲ့ပေ။ တကယ်တော့ ဖြစ်နိုင်ခြေ အလွန်နည်းပြီး မဖြစ်နိုင်သလောက် ဆိုသည်ကို သူ ခန့်မှန်းမိသော်လည်း မနေနိုင်ဘဲ စမ်းမေးကြည့်လိုက်ခြင်း ဖြစ်သည်။

"အော်... ရတာပေါ့..."

ဆွန်ဖုန်းက အလွန် ပွင့်လင်းလွယ်ကူစွာပင် ပြန်ဖြေလိုက်သည်။

"တကယ်လား..."

မျှော်လင့်မထားသော အဖြေကို ကြားလိုက်ရသဖြင့် ဝါတာနာဘေးတာရိုမှာ အလွန် အံ့ဩသွားသည်။ ဘာမျှော်လင့်ချက်မှ မထားဘဲ မေးလိုက်ခြင်းကို တစ်ဖက်လူက ဤမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဝါတာနာဘေးတာရိုမှာ သူ့ကိုယ်သူ အိပ်မက် မက်နေသလားဟုပင် မေးခွန်းထုတ်နေမိသည်။ အကယ်၍ လူစီကိုသာ ခေါ်သွားနိုင်မည်ဆိုလျှင် ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူရေး သုတေသနအတွက် ပါရမီရှင် တစ်ယောက်ကို ရလိုက်ခြင်းပင် ဖြစ်သည်။ စုပ်ယူပစ္စည်း ဝယ်ရခြင်းထက် အများကြီး ပို၍ တန်သွားပေမည်။

"တကယ်ပေါ့... ခင်ဗျားကို လိမ်လို့လည်း ထမင်းစားရမှာမှ မဟုတ်တာ... ဒါပေမဲ့... လူစီက သဘောတူမတူတော့ ခင်ဗျား မေးကြည့်ရမယ်... သူသာ ခေါင်းညိတ်ရင် ခင်ဗျား အေးဆေး ခေါ်သွားလို့ ရတယ်..."

ဆွန်ဖုန်း၏ နှုတ်ခမ်းထောင့်တွင် သရော်ပြုံးတစ်ခု ပေါ်လာသည်။

ဝါတာနာဘေးတာရိုသည် မျက်လုံးများ အရောင်လက်သွားပြီး ဆွန်ဖုန်း ဘေးရှိ လူစီကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"မစ္စ လူစီ... ကျွန်တော်တို့ အီချွမ် စွမ်းအင် ကုမ္ပဏီမှာ လာပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိပါသလား..."

"တောင်းပန်ပါတယ် မစ္စတာ ဝါတာနာဘေး... ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်... လောလောဆယ် ကျွန်မ ဖုန်းရွေ့ သုတေသနဌာနမှာ အလုပ်လုပ်ရတာ အရမ်း ပျော်နေလို့ပါ..."

လူစီက ဝါတာနာဘေးတာရို၏ ကမ်းလှမ်းမှုကို သိမ်မွေ့စွာ ငြင်းပယ်လိုက်သည်။ နောက်နေတာလား။ အကယ်၍ သူမသာ အလုပ်ပြောင်းသွားမည်ဆိုလျှင် အရင်က ပေးဆပ်ခဲ့သမျှ အနစ်နာခံမှုတွေက အလကား ဖြစ်သွားမှာပေါ့။ ဒါ့အပြင် သူမရဲ့ အစစ်အမှန် အရည်အချင်းက ဘာလဲဆိုတာလည်း ပေါ်သွားမှာ သေချာသည်။

" မစ္စ လူစီ... ကျွန်တော်တို့ အီချွမ် စွမ်းအင် ကုမ္ပဏီက ပေးမယ့် လစာနဲ့ အခွင့်အရေးတွေက ဖုန်းရွေ့ သုတေသနဌာနလောက် မကောင်းမှာကို စိုးရိမ်လို့များလား... ကျွန်တော် ရဲရဲကြီး အာမခံပါတယ်... မစ္စ လူစီသာ ကျွန်တော်တို့ ကုမ္ပဏီကို ရောက်လာမယ်ဆိုရင် အခွင့်အရေး အပိုင်းမှာ လုံးဝ ကျေနပ်စေရပါမယ်... အကယ်၍ သဘောမကျဘူး ဆိုရင်လည်း ကိုယ်လိုချင်တဲ့ အခွင့်အရေးကို ကိုယ်တိုင် တောင်းဆိုလို့ ရပါတယ်..."

ဝါတာနာဘေးတာရိုက ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ လူစီက သူ့ကို ငြင်းဆန်ရခြင်းမှာ အခွင့်အရေး ပြဿနာ တစ်ခုတည်းကြောင့်ဟု သူ ထင်နေသည်။

သို့သော် လူစီသာ ပါလာမည်ဆိုလျှင် သူတို့ အီချွမ် စွမ်းအင် ကုမ္ပဏီက မိုးပျံလောက်အောင် ကောင်းမွန်သည့် အခွင့်အရေးများကို ပေးမည်မှာ သေချာသည်။

X စုပ်ယူပစ္စည်းက လူစီ၏ ကြိုးပမ်းမှုကြောင့် ဖြစ်လာသည်ဟု သူတို့က ထင်မှတ်ထားပြီး လူစီသည် ဤ X စုပ်ယူပစ္စည်း သုတေသန၏ အဓိက တာဝန်ခံ ဖြစ်သည်ဟု ယူဆထားကြသည်။

အကယ်၍ သူမကိုသာ ခေါ်ယူနိုင်ပါက X စုပ်ယူပစ္စည်း ဒုတိယ မျိုးဆက်၊ တတိယ မျိုးဆက် စသည့် ပိုမို အဆင့်မြင့်သော စုပ်ယူပစ္စည်းများကို သုတေသနပြု ဖန်တီးနိုင်မည် မဟုတ်ပါလား။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... မစ္စတာ ဝါတာနာဘေး အထင်လွဲနေပါပြီ... အခု ကျွန်မ ဖုန်းရွေ့ သုတေသနဌာနမှာ အလုပ်လုပ်ရတာ အရမ်းကို ပျော်နေပါတယ်... ကဲပါ မစ္စတာ ဝါတာနာဘေး... ဒီလောက်ပဲ ပြောကြတာပေါ့..."

လူစီ၏ စကားတွင် ဝါတာနာဘေးတာရို၏ ကမ်းလှမ်းမှုကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည့် သဘော ထင်ရှားစွာ ပါဝင်နေသည်။

"အော်... အဲဒါ ငါ သတိရသွားပြီ... ပါရဂူ လူစီက ငါ့ရဲ့ သုတေသနဌာနမှာ အလုပ်လုပ်ရတာ တကယ်ပဲ အရမ်း ပျော် နေတာ..."

ဆွန်ဖုန်းက အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် လူစီကို ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် စဉ်းစားစရာ အပြုံးတစ်ခု ပေါ်လာသည်။

ဆွန်ဖုန်း၏ လျှို့ဝှက်ဆန်းကြယ်သော အပြုံးကို မြင်လိုက်ရသောအခါ လူစီ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။ ရုံးခန်းထဲတွင် နေ့စဉ် ဖြစ်ပျက်နေကျ ကိစ္စများကို သတိရသွားစေပြီး သူမ၏ စိတ်ထဲတွင် ဗျာများသွားတော့သည်။

"အော်... ဒီလိုကိုး... တကယ့်ကို နှမြောစရာပါပဲ..."

လူစီက အကြိမ်ကြိမ် ငြင်းဆန်နေသည်ကို မြင်သောအခါ ဝါတာနာဘေးတာရိုက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

...

မကြာမီမှာပင် ဖုန်းရွေ့ သုတေသနဌာနက X စုပ်ယူပစ္စည်းကို အီချွမ် စွမ်းအင် ကုမ္ပဏီသို့ ရောင်းချလိုက်ကြောင်း သတင်းများ ပြန့်နှံ့သွားခဲ့သည်။ ထိုသတင်းကြောင့် X စုပ်ယူပစ္စည်းကို မျက်စိကျနေကြသော အခြား ကုမ္ပဏီများမှာ အလွန် မနာလို ဝန်တို ဖြစ်သွားကြတော့သည်။

ကနေဒါ သတင်းစာတစ်စောင်တွင် "ဂျပန်နိုင်ငံမှ အီချွမ် စွမ်းအင် ကုမ္ပဏီသည် X စုပ်ယူပစ္စည်းကို ရရှိသွားပြီးနောက် ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူရေး နယ်ပယ်တွင် နောက်တစ်ဆင့်သို့ ထပ်မံ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ ဤနယ်ပယ်တွင် အမေရိကန်နှင့် အင်္ဂလန်တို့ကို ကျော်တက်သွားပြီး နံပါတ်တစ် နေရာကို ပြန်လည် ရယူသွားမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဖုန်းရွေ့ သုတေသနဌာနသည်လည်း ကြီးမားစွာ ကျော်ကြားလာခဲ့သည်။ ထိုဌာန၏ ဥက္ကဋ္ဌမှာ ဒီနှစ်ရဲ့ အအောင်မြင်ဆုံး လူငယ် စီးပွားရေးသမား ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ မစ္စတာဆွန် ဖြစ်ကြောင်း မမေ့သင့်ပါဘူး" ဟု ဖော်ပြထားသည်။

အမေရိကန် သတင်းစာများတွင်မူ "ဖုန်းရွေ့ သုတေသနဌာနက အီချွမ် စွမ်းအင် ကုမ္ပဏီနဲ့ ပူးပေါင်းလိုက်မယ်လို့ မထင်ထားခဲ့ဘူး... နောက်တစ်ကြိမ်မှာတော့ ကျွန်တော်တို့ ပြည်တွင်းက ကုမ္ပဏီတွေ ဖုန်းရွေ့ သုတေသနဌာနနဲ့ ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်..." ဟု ဖော်ပြကြသည်။

ဆွန်ဖုန်းကတော့ ပြင်ပကမ္ဘာ၏ မှတ်ချက်များကို ဂရုမစိုက်ပေ။ သူ သိသည်မှာ သူ့အိတ်ကပ်ထဲသို့ အမေရိကန် ဒေါ်လာ သန်း ၂၂၀ ထပ်တိုးလာပြီ ဆိုသည်ကိုသာ ဖြစ်သည်။

"နောက်တစ်ဆင့်က ရွှေသင်္ဘောစုရဲ့ ဒုတိယပိုင်း လေလံပွဲ စရတော့မယ်..."

ဤကိစ္စကို ဖြေရှင်းပြီးနောက် ဆွန်ဖုန်း၏ နောက်ဆက်တွဲ အလုပ်မှာ တော်ဝင် လေလံရုံနှင့် ပူးပေါင်း၍ လေလံပွဲ ဆက်လက် ကျင်းပရန်ပင် ဖြစ်လေသည်။

All Chapters