အခန်း ၂၄၇
Vol. 25 Ch. 247
အခန်း ၂၄၇ - ဒီလိုယောကျာ်းမျိုးက မျိုးတုံးသွားပြီ
ထိုနေ့ လေလံပွဲ ပြီးဆုံးသွားသောအခါ ဆွန်ဖုန်းသည် ရှန်ကွမ်ဇီရှီထံ ဖုန်းဆက်ကာ ညစာစားရန် မည်သည့်နေရာသို့ သွားမည်ကို မေးလိုက်သည်။ သူမက လေလံရုံ တံခါးဝတွင် အရင်ဆုံး ဆုံပြီးမှ ဆက်စဉ်းစားမည်ဟု ပြန်ပြောခဲ့သည်။
မကြာမီပင် ဆွန်ဖုန်းသည် လူးဝစ်ထံမှ ငှားထားသော ကားကို မောင်းကာ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ တံခါးဝတွင် ရှန်ကွမ်ဇီရှီနှင့် ရှောင်ဖန်တို့ နှစ်ဦး ရပ်စောင့်နေသည်ကို သူ တွေ့လိုက်ရသည်။
"ဒီည ဘယ်သွားစားကြမလဲ..."
ဆွန်ဖုန်းက ကားမှန်ကို ချကာ သူတို့ နှစ်ဦးကို မေးလိုက်သည်။
"ရှောင်ဖန်က နှင်းဆီ စားသောက်ဆိုင်က ဟင်းတွေ ကောင်းတယ်လို့ ပြောတယ်... ကျွန်မတို့ အဲဒီကို သွားကြမယ်လေ... ဒါနဲ့... ကျွန်မတို့ပါ ကားကြုံ လိုက်လို့ ရမလား..."
ရှန်ကွမ်ဇီရှီက ကားအနီးသို့ လျှောက်လာရင်း မေးလိုက်သည်။
"ရတာပေါ့... ကျွန်တော်တို့က သူငယ်ချင်းတွေပဲလေ... အားနာစရာ မလိုပါဘူး..."
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ဤသူများက လာလည်ကြသည်ဖြစ်ရာ ကားမပါသည်မှာ သဘာဝပင်။
ဆွန်ဖုန်းက သဘောတူလိုက်သည်နှင့် ရှန်ကွမ်ဇီရှီသည် ဘာမှ ထပ်မပြောတော့ဘဲ ယာဉ်မောင်းဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူမနောက်မှ လိုက်လာသော ရှောင်ဖန်မှာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုဖြင့် နောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။
သူတို့ နှစ်ဦးစလုံး တိတ်ဆိတ်စွာ ကားပေါ် တက်လာသည်ကို မြင်သောအခါ ဆွန်ဖုန်းသည် ရှောင်ဖန်အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိသည်။
ဤမျှ ချောမောသည့် လူငယ်လေးက မိန်းမလှလေး၏ အေးစက်စက် အပြုအမူကို ခံနေရသည်မှာ တကယ်ကို မခံချင်စရာပင်။
သို့သော် ဤကိစ္စက ဆွန်ဖုန်းနှင့် မသက်ဆိုင်ပေ။ သူက ရှန်ကွမ်ဇီရှီနှင့် ညစာ အတူစားရန် သဘောတူလိုက်ခြင်းမှာ သူတို့ နှစ်ယောက်ကြား ဘာတွေ ဆက်ဖြစ်မလဲ ဆိုသည်ကို စိတ်ဝင်စား၍သာ ဖြစ်သည်။
"ကဲ... သွားကြစို့..."
ဆွန်ဖုန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး လီဗာကို နင်းလိုက်ရာ ကားလေးသည် ချက်ချင်းပင် ရှေ့သို့ ပျံထွက်သွားလေသည်။ မကြာမီမှာပင် ဤတန်ဖိုးကြီး ဇိမ်ခံကားလေးသည် လမ်းမပေါ်တွင် အခြားကားများကို ကျော်တက်ကာ မြန်နှုန်းမြှင့် မောင်းနှင်နေတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
ဆွန်ဖုန်း၏ ကားမောင်းကျွမ်းကျင်မှုမှာ တဖြည်းဖြည်း တိုးတက်လာပြီး ကားပြိုင်ပွဲများတွင်ပင် ဝင်ပြိုင်လို့ ရလောက်ပြီဟု သူ ကိုယ်တိုင် ခံစားလာရသည်။
ကားထဲတွင် အခြေအနေမှာ အနည်းငယ် တိတ်ဆိတ်နေသည်။ ရှန်ကွမ်ဇီရှီက ဘာစကားမှ မပြောသလို ရှောင်ဖန်ကလည်း နှုတ်ဆိတ်နေသည်။ ဆွန်ဖုန်းက ထိုနှစ်ယောက်၏ တိတ်ဆိတ်မှုကို အနည်းငယ် သည်းမခံနိုင်ဖြစ်လာပြီး...
"ရှောင်ဖန်... မင်း အခု ဘယ်မှာ အလုပ်လုပ်နေလဲ..." ဟု စကားစမြည် ပြောရန် မေးလိုက်သည်။
"ကျွန်တော် အခု ရွှေလင်းယုန် ကုမ္ပဏီစုရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပါတယ်..."
ရှောင်ဖန်က ပြန်ဖြေလိုက်သည်။
"ဟာ... အဲဒါ ကမ္ဘာ့ ထိပ်တန်း ၅၀၀ စာရင်းဝင် ကုမ္ပဏီကြီး မဟုတ်ဘူးလား... ညီအစ်ကို မင်း တကယ် မိုက်တာပဲ... ငါက ၂၁ ရာစုရဲ့ အစွမ်းအထက်ဆုံး လူငယ် စီးပွားရေးသမားလို့ ငါ့ကိုယ်ငါ ထင်နေတာ... မင်းနဲ့ ယှဉ်လိုက်တော့ မင်းကမှ တကယ့် အောင်မြင်တဲ့ လူငယ် လုပ်ငန်းရှင် အစစ်ပဲ..."
ဆွန်ဖုန်းမှာ အတော်လေး အံ့ဩသွားသည်။ ရွှေလင်းယုန် ကုမ္ပဏီစုမှာ ပြည်တွင်းတွင် ထိပ်တန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်တွင်လည်း နာမည်ကြီးသည်။ ဤလူငယ်လေးက ထိုကုမ္ပဏီစုကြီး၏ ဥက္ကဋ္ဌ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ရှောင်ဖန်ကတော့ ဆွန်ဖုန်းအပေါ် မကျေနပ်မှု သို့မဟုတ် အခြား ခံစားချက် မရှိပေ။ လက်ရှိ ရှန်ကွမ်ဇီရှီ၏ စိတ်ထဲတွင် ဘာတွေ တွေးနေသည်ကို သူ သိသည်။ ဆွန်ဖုန်းက ဤမျှ ရင်းနှီးဖော်ရွေစွာ ဆက်ဆံလာသောအခါ သူကလည်း ပြုံး၍...
"မဟုတ်ရပါဘူးဗျာ... ကျွန်တော်က အဖေ့ရဲ့ အရှိန်အဝါကို မှီခိုနေရုံပါ... အစ်ကိုဆွန်နဲ့ ယှဉ်ရင်တော့ အများကြီး ကွာပါသေးတယ်... အစ်ကိုဆွန်က ကိုယ့်ဒူးကိုယ်ချွန်ပြီး အောင်မြင်လာတာလို့ ကျွန်တော် ကြားဖူးပါတယ်..." ဟု ပြန်ပြောလိုက်သည်။
"ဟားဟား..."
ဆွန်ဖုန်းက ရယ်မောလိုက်သော်လည်း စိတ်ထဲတွင်တော့ ဒီကောင်က တကယ့် သူဌေးသား အစစ်ပဲဟု တွေးလိုက်မိသည်။
လမ်းတစ်လျှောက်လုံးတွင် ဆွန်ဖုန်းနှင့် ရှောင်ဖန်တို့သာ စကားပြောဖြစ်ခဲ့ကြပြီး ရှန်ကွမ်ဇီရှီကတော့ ကားပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကိုသာ ငေးကြည့်နေခဲ့သည်။
ဤမျှ ချမ်းသာသည့် သူဌေးသားက ဘာကြောင့် ဤလို မာနကြီးသည့် မိန်းမမျိုးကို လိုက်နေရသနည်း ဟု ဆွန်ဖုန်း သိချင်နေမိသည်။
ငွေရှိလျှင် ချောမောလှပသည့် မိန်းကလေးများကို အလွယ်တကူ ရှာလို့ ရသည် မဟုတ်ပါလား။ သို့သော် ရုပ်ရှင်ထဲက ဇာတ်လမ်းများအတိုင်းပင် သူဌေးသားများက ဤလို မာနကြီးသည့် အလှလေးများကိုသာ လိုက်ချင်ကြသည် ထင်ပါရဲ့။
သို့သော် ဆွန်ဖုန်းကတော့ ထိုသို့ မဟုတ်ပေ။ သူ့အပေါ် အေးစက်စက် ဆက်ဆံသူဆိုလျှင် သူကလည်း ဂရုစိုက်နေမည် မဟုတ်ပေ။ လှပတဲ့ မိန်းကလေးတွေမှ အများကြီး ရှိတာပဲ။ မီးပိတ်လိုက်ရင် ဘယ်သူပဲဖြစ်ဖြစ် အတူတူပဲ မဟုတ်ဘူးလား ဟု သူ တွေးလိုက်မိသည်။
မိနစ်နှစ်ဆယ်ခန့် အကြာတွင် ဆွန်ဖုန်းသည် နှင်းဆီ စားသောက်ဆိုင် ဆိုသော နေရာသို့ ရောက်ရှိလာခဲ့သည်။ ကားရပ်ပြီးနောက် သုံးယောက်သား အထဲသို့ ဝင်သွားကာ သီးသန့်ခန်း တစ်ခန်း ယူပြီး ဟင်းမှာကာ ညစာစားရန် ပြင်ဆင်လိုက်ကြသည်။
ဟင်းများ မရောက်လာခင်တွင် ရှန်ကွမ်ဇီရှီက ဆွန်ဖုန်းကို စတင် စကားပြောလေသည်။ ဟယ်မင်ယီ အဆင်ပြေရဲ့လား၊ ကလေးလေးရော ဘယ်လိုနေလဲ စသည်ဖြင့် မေးခွန်းများ ဆက်တိုက် မေးနေပြီး ရှောင်ဖန်ကိုတော့ လုံးဝ အဖက်မလုပ်ဘဲ ထားလိုက်သည်။
သို့သော် သူဌေးသား ရှောင်ဖန်ကလည်း အတော်လေး သည်းခံနိုင်စွမ်း ရှိသူ ဖြစ်သည်။ အချိန်တစ်လျှောက်လုံး အပြုံးမပျက်ဘဲ နေနိုင်ခဲ့သည်။ ဤကောင်မှာ ဉာဏ်များသူ တစ်ဦး ဖြစ်ကြောင်း၊ သာမန်လူ မဟုတ်ကြောင်း ဆွန်ဖုန်း ရိပ်မိလိုက်သည်။
မကြာမီ ဟင်းများ ရောက်လာသောအခါ ဆွန်ဖုန်းက ဟန်ဆောင်နေသော ရှန်ကွမ်ဇီရှီကို ဂရုမစိုက်တော့ဘဲ ထမင်း စတင် စားတော့သည်။ သူမ ပြောသမျှကို အလိုအလျောက် ပိတ်ပင်ထားလိုက်ပြီး အစားကိုသာ အာရုံစိုက်နေလိုက်သည်။
နောက်ဆုံးတွင် ဆွန်ဖုန်းက အလိုက်တသိ ထမင်းကိုသာ စားနေပြီး ရှန်ကွမ်ဇီရှီ၏ စကားများကို ရှောင်ရှားလိုက်သည်ကို မြင်သောအခါ ရှောင်ဖန်က စကားဝင်ပြောရန် အချိန်ရောက်ပြီဟု ဆုံးဖြတ်လိုက်သည်။
"ဇီရှီ... ဒါက မင်း အကြိုက်ဆုံး ဆယ်လ်မွန်ငါးလေ... စားကြည့်ပါဦး..."
ရှောင်ဖန်က တူဖြင့် ငါးတစ်ဖတ်ကို ယူကာ ရှန်ကွမ်ဇီရှီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"ကျွန်မ သူများ တံတွေးနဲ့ မစားချင်ဘူး..."
ရှန်ကွမ်ဇီရှီက အေးစက်စက် လေသံဖြင့် ပြောကာ ပန်းကန်ထဲမှ ငါးဖတ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
"ဒီတူကို ကျွန်တော် မသုံးရသေးပါဘူး..."
ရှောင်ဖန်၏ မျက်နှာတွင် ဒေါသထွက်သည့် အရိပ်အယောင် မရှိဘဲ ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။ ဘေးမှ ကြည့်နေသော ဆွန်ဖုန်းကတော့ ဤအခြေအနေကို မြင်ပြီး ရှောင်ဖန် တစ်ယောက် ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မည်ဟု ထင်နေမိသည်။
မှန်ပါသည်။ ရှောင်ဖန်၏ စိတ်ထဲတွင် တကယ်ကို ပေါက်ကွဲနေပြီ ဖြစ်သည်။ သူနှင့် ရှန်ကွမ်ဇီရှီ အင်္ဂလန်သို့ ရောက်နေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သော်လည်း ဤအမျိုးသမီးက သူ့ကို အမြဲတမ်း အေးစက်စက် ဆက်ဆံနေခဲ့သည်။
ငယ်ငယ်ကတည်းက သူမကို သူ အရမ်း သဘောကျခဲ့သော်လည်း သူမက သူ့ကို ရှောင်ရှားရန်အတွက် နိုင်ငံခြားသို့ ပညာသင် ထွက်သွားခဲ့သည်။ ယခု ပြန်ရောက်လာချိန်တွင်လည်း သူ့ကို ဤကဲ့သို့ပင် ဆက်ဆံနေဆဲ ဖြစ်သည်။
သို့သော် ရှောင်ဖန်က တကယ်ကို သည်းခံနိုင်စွမ်း ရှိသူ တစ်ဦး ဖြစ်ပြီး ခေါင်းထဲ ဘာမှမရှိသော သူဌေးသားမျိုး မဟုတ်ပေ။ ရှန်ကွမ်ဇီရှီ၏ မိဘများနှင့် သူ၏ မိဘများက သူတို့ နှစ်ဦးကို သဘောတူစေရန် အစွမ်းကုန် ကြိုးစားနေကြကြောင်း သူ သိသည်။
ထို့အပြင် သူ ကိုယ်တိုင်ကလည်း သူမကို အလွန် သဘောကျနေသည်။ အကယ်၍ အခြား အမျိုးသမီး တစ်ဦးသာ ဤသို့ ဆက်ဆံမည်ဆိုပါက သူမကို လူ့လောကသို့ ရောက်လာရခြင်းကို နောင်တရသွားအောင် သူ လုပ်ပစ်ပြီးလောက်ပြီ ဖြစ်သည်။
"ရှင် ခွံ့ကျွေးစရာ မလိုဘူး... ကျွန်မမှာ လက်ပါတယ်..."
ရှန်ကွမ်ဇီရှီက အေးတိအေးစက်ပင် ပြန်ပြောလိုက်သည်။
"သူက မင်းကို ဂရုစိုက်လို့ပါ... ရှောင်ဖန်က မင်းကို အရမ်း သဘောကျနေတယ် ဆိုတာ သိသာပါတယ်..."
ဆွန်ဖုန်းက ဝင်ရောက် စကားပြောလိုက်သည်။
"ကျွန်မ သူ့ကို မကြိုက်ဘူး... သူက မိန်းကလေးတွေကို ဘယ်လောက်တောင် ဖျက်ဆီးခဲ့ပြီးပြီလဲ မသိတဲ့ နှာဘူးပဲ..."
ထိုအကြောင်းကို ပြောလိုက်သည်နှင့် ရှန်ကွမ်ဇီရှီက ရွံရှာသည့် လေသံဖြင့် ပြောလိုက်သည်။
"ဟာ... အစ်ကိုရှောင်... ခင်ဗျားက ဆရာကြီးပဲ... နောက်တစ်ခါဆိုရင် ကျွန်တော့်ကိုပါ ခေါ်ပါဦး..."
ဆွန်ဖုန်း၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်သည်။
"ဟွန်း..."
ရှန်ကွမ်ဇီရှီက နှာခေါင်းရှုံ့လိုက်ပြီး ဆွန်ဖုန်းကို ရွံရှာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ရှောင်ဖန်ကတော့ မျက်နှာ ရှုံ့မဲ့သွားပြီး စကားပြောချင်သော်လည်း ပြန်မျိုချလိုက်ရသည်။
ဟယ်မင်ယီက ဘာကြောင့် ဤလို ယောကျာ်းမျိုးကို သဘောကျရသနည်းဟု ရှန်ကွမ်ဇီရှီက စိတ်ထဲတွင် တွေးနေမိသည်။
"အော်... ဒါနဲ့... မစ္စ ရှန်ကွမ်... မင်းက ဘယ်လို ယောကျာ်းမျိုးကို သဘောကျတာလဲ... ဒါမှမဟုတ် ဘယ်လို ယောကျာ်းမျိုးကို အထင်ကြီးတာလဲ..."
ဆွန်ဖုန်းက မေးလိုက်သည်။
ဘေးမှ ရှောင်ဖန်လည်း ဤစကားကို ကြားသောအခါ စိတ်ဝင်စားသွားပြီး အာရုံစိုက် နားထောင်နေလိုက်သည်။ ရှန်ကွမ်ဇီရှီ၏ စိတ်ထဲတွင် ဘယ်လို ယောကျာ်းမျိုးကို သဘောကျသနည်း ဆိုသည်ကို သူလည်း သိချင်နေပုံရသည်။
"ယဉ်ကျေးပျူငှာရမယ်... ဟာသဉာဏ် ရှိရမယ်... မိန်းမ မလိုက်စားရဘူး... မိန်းမကို နားလည်ပြီး ဂရုစိုက်တတ်ရမယ်... အလုပ်အကိုင် အောင်မြင်ဖို့ ကြိုးစားချင်စိတ် ရှိရမယ်... မိဘကို မမှီခိုဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်... ပြီးတော့ လုံခြုံမှုပေးနိုင်တဲ့ ခံစားချက်မျိုး ရှိရမယ်..."
ရှန်ကွမ်ဇီရှီက သိပ်မပြောချင်သော်လည်း ပြောပြလိုက်သည်။ အထူးသဖြင့် မိန်းမ မလိုက်စားရဘူး ဆိုသည့် စကားကို ပြောချိန်တွင် ရှောင်ဖန်နှင့် ဆွန်ဖုန်းကို အထူးတလည် စိုက်ကြည့်လိုက်သေးသည်။
"အော်... ဒီလိုလား... ငါ့အမြင်တော့ ဒီလို ယောကျာ်းမျိုး ကမ္ဘာပေါ်မှာ မျိုးတုံးသွားပြီ ထင်တယ်... မစ္စ ရှန်ကွမ် အနေနဲ့ သီလရှင်သာ ဝတ်လိုက်ဖို့ အကြံပေးချင်ပါတယ်..."
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"ရှင်..."
ရှန်ကွမ်ဇီရှီက ဆွန်ဖုန်းကို စိုက်ကြည့်ရင်း စိတ်ထဲတွင် ဒေါသထွက်လာသည်။ ဟုတ်ပါသည်... ဒေါသထွက်လာခြင်း ဖြစ်သည်။ ဒီလောက် အရှက်မရှိတဲ့၊ ရိုင်းစိုင်းတဲ့၊ ယဉ်ကျေးမှု မရှိတဲ့ ယောကျာ်းမျိုးကို သူမ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် ရှောင်ဖန်မှာတော့ ရယ်ချင်စိတ်ကို မနည်း အောင့်ထားရသဖြင့် မျက်နှာပင် နီရဲလာသည်။
ဆွန်ဖုန်းသည် သူ့အတွက် စံပြပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရလေတော့သည်။