အခန်း ၈၂
Vol. 9 Ch. 82
အခန်း (၈၂)
“ဒုတိယမရီး၊ ခင်ဗျား ကိုယ်ဝန်ရှိနေတာလား”
စုန့်ဟွိုင်ဟွာက သူမ၏ဗိုက်ကိုကိုင်ကာ အံ့ဩတကြီးပြန်ဖြေလိုက်သည်။
“မရှိလောက်ပါဘူး၊ ငါ သားကြောခြားပစ္စည်း ထည့်ထားတာပဲ”
ယန်ကျောက်က မီးဖိုချောင်ထဲမှနေ၍ အကြံပေးလိုက်သည်။
“ဆေးရုံကိုသွားပြီး စစ်ဆေးကြည့်လိုက်ပါ၊ ခင်ဗျား ကိုယ်ဝန်ရှိနေတဲ့ပုံ ပေါက်နေတယ်”
စုန့်ဟွိုင်ဟွာတွင် ကလေးနှစ်ယောက်ရှိပြီးဖြစ်ရာ နောက်ထပ်မလိုချင်တော့ပေ။ ကိုယ်ဝန်ရှိနေနိုင်သည်ဟု ကြားသောအခါ သူမ တစ်ခွန်းမှ ပြန်မပြောတော့ဘဲ အလျင်စလိုထွက်သွားတော့သည်။
သူမသည် တကယ် ကိုယ်ဝန်မရှိပါစေနှင့်ဟု ဆုတောင်းရင်း စစ်ဆေးရန် ဆေးရုံသို့ အပြေးအလွှား သွားနေလေတော့၏။
ယန်ကျောက်တွင် လင်းယုန်မျက်စိမျိုး ရှိသည်ဟု ချန်မေ့လန် စိတ်ထဲမှ တွေးလိုက်မိသည်။
‘အမျိုးသားတစ်ယောက်ဖြစ်ပြီး စုန့်ဟွိုင်ဟွာ ကိုယ်ဝန်ရှိနေတာကို သူ ဘယ်လိုလုပ် သိနိုင်တာလဲ’
ချန်မေ့လန်က စကားစလိုက်သည်။
“ဒုတိယယောင်းမ...”
ချန်မေ့လန် စကားမဆုံးမီမှာပင် ယန်ကျောက်က ချက်ချင်းဝင်ပြောလိုက်သည်။
“ဒုတိယအစ်ကိုက ပြည့်တန်ဆာတွေဆီ မကြာခဏသွားနေတယ်၊ ဒုတိယမရီး ဆေးစစ်တာ အကောင်းဆုံးပဲ၊ ညစ်ပတ်တဲ့ရောဂါတွေ ကူးစက်ခံရတာကနေ ရှောင်ရှားနိုင်အောင်လို့လေ”
ချန်မေ့လန်က စုန့်ဟွိုင်ဟွာနောက်ကျောကို လှမ်းကြည့်လိုက်ပြီး သူမ၏ယခင်ဘဝက စုန့်ဟွိုင်ဟွာ ရေတွင်းထဲခုန်ချသွားခဲ့ကြောင်း ရုတ်တရက် အမှတ်ရသွားခဲ့သည်။
ယန်ပင်းက သူမအား ကာလသားရောဂါ ကူးစက်စေခဲ့သောကြောင့် သူမ ခုန်ချသွားခဲ့ခြင်းများ ဖြစ်နိုင်မည်လော။
ယန်ကျောက် ထပ်မံ၍ နှုတ်ဆိတ်သွားသည်ကို မြင်သောအခါ ချန်မေ့လန် အပြင်ထွက်ရန်ပြင်လိုက်စဉ် သူက ထပ်ခေါ်လိုက်သည်ကို ကြားလိုက်ရသည်။
“မေ့လန်”
သို့သော် သူမ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ သူသည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်။
သူ စကားမပြောသည်ကို မြင်သောအခါ သူ ဘာပြောချင်သည်ကို ချန်မေ့လန် မသိတော့ပေ။ ခဏအကြာတွင် သူမ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဤအမျိုးသားသည် ယန်ပင်းတွင် ကာလသားရောဂါရှိနေသည်ဟု သံသယရှိသောကြောင့် သူ၏ဒုတိယမရီးအား ဆေးစစ်ရန် ပြောခဲ့ခြင်းဖြစ်သည်။
ယခု သူက သူမကို စကားပြောရန် တုံ့ဆိုင်းနေသည်ဆိုလျှင် သူမတွင်လည်း ရောဂါကူးစက်ခံထားရနိုင်သည်ဟု သူ ထင်နေခြင်းများလော။
မည်သို့ပင်ဆိုစေ မြို့ထဲရှိ အကြီးဆုံးညကလပ်ဖြစ်သော အိမ်မက်မြို့တော်ပဲရစ်သည် ကျောက်မီးသွေးသူဌေးများထံမှ ၀င်ငွေအများဆုံး ရရှိလေ့ရှိသည်။
ယန်ရှီရှန်းသည် အချောမောဆုံးဖြစ်ပြီး မိန်းကလေးများက သူ့ကို အခမဲ့ဝန်ဆောင်မှုပေးကြကာ သူရောက်လာလျှင် လုယက်ကြသည်ဟုပင် ဆိုကြ၏။
ထိုအခိုက်အတန့်တွင် ချန်မေ့လန်သည် ဒေါသပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့သည်။
အမျိုးသားတစ်ဦး ထိုကဲ့သို့သောနေရာများသို့ သွားခြင်းကို အမျိုးသမီးတစ်ဦးက မထိန်းချုပ်နိုင်သော်လည်း ယန်ရှီရှန်း ထိုကဲ့သို့သောနေရာကို သွားခဲ့ကြောင်း ပထမဆုံးအကြိမ် သိရှိပြီးနောက်ပိုင်းတွင် သူမက သူ့အား လုံးဝ အထိအတွေ့မခံတော့ကြောင်း အာမခံနိုင်သည်။
အကယ်၍ သူမတွင် ရောဂါကူးစက်ခံထားရပါက ယန်ကျောက်ကို သူမ မည်သို့လုပ်၍ လက်ထပ်နိုင်မည်နည်း။
ဤသည်မှာ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာဆိုင်ရာ ကိစ္စရပ်များ ပါဝင်နေသည်။
‘ငါက ကိုယ်ကျင့်တရားမကောင်းသူတစ်ယောက်နဲ့ တူနေလို့လား'
ယန်ကျောက်သည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရပြီး တစ်စုံတစ်ရာကို ပြောလိုနေသည်။
ချန်မေ့လန်ကလည်း စိတ်ထဲမှ အော်ဟစ်နေခဲ့၏။
‘တကယ်လို့ သူသာ ပါးစပ်ဟပြီး အဲဒီအကြောင်းကို ပြောရဲရင် ငါ ချက်ချင်းပဲ ကွာရှင်းဖို့ တောင်းဆိုပစ်မယ်'
သူမက ကလေးများကို ချစ်သဖြင့် ရှောင်လန်၊ ရှောင်ဝမ်တို့နှင့် ဆက်နေနိုင်သော်လည်း ဤခွေးကောင်လို လူကိုမူ အပြင်သို့ နှင်ထုတ်ပစ်မည်ဖြစ်သည်။
ယန်ကျောက်က အားယူကာ မေးလိုက်၏။
“မင်း... ငါ့အတွက် အတွင်းခံဝယ်ခဲ့လား”
ထိုသို့ပြောပြီးသည်နှင့် သူက ချက်ချင်းလှည့်ကာ ပန်းကန်များကို ဆက်ဆေးနေတော့သည်။
‘ဒါက အတွင်းခံအကြောင်းကိုး'
‘သူက အတွင်းခံအကြောင်း မေးနေရင်း သူ့နားရွက်တွေက နီလာပြန်တာလား'
ချန်မေ့လန်က တုံ့ဆိုင်းစွာဖြင့် ပြန်ဖြေလိုက်သည်။
“ဝယ်ခဲ့တယ်၊ လေးထည်၊ ရှင်တို့အိပ်ခန်းထဲမှာ ရှိတယ်၊ ကျွန်မ လျှော်ပြီး ခေါက်ထားပေးတယ်”
သူ ပြန်လည်မတုံ့ပြန်လာသည်ကို မြင်သောအခါ ချန်မေ့လန်က ထပ်ဖြည့်ပြောလိုက်၏။
“အဟောင်းတွေက အရမ်းစုတ်ပြဲနေလို့ ကျွန်မ လွှင့်ပစ်လိုက်ပြီ”
‘ခွေးကိုက်ထားသလို ဖာထေးထားတဲ့ ငါ့ရဲ့ အဲဒီအတွင်းခံတွေကို သူမ တကယ်ပဲ မြင်ခဲ့တာပေါ့'
ယန်ကျောက်၏ နားရွက်များမှာ နီရဲသွားပြီး ချန်မေ့လန်မှာမူ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရကာ အလျင်အမြန် ပြေးထွက်သွားတော့သည်။
ယန်ကျောက်သည် အိပ်ခန်းထဲသို့ ဝင်သွားခဲ့လေ၏။
ရှောင်ဝမ်က သူ့နောက်မှ လိုက်ဝင်သွားသည်။ ချန်မေ့လန်က အပြင်မှနေ၍ နားထောင်နေရာ ရှောင်ဝမ်က အဆက်မပြတ်မေးနေသည်ကို ကြားလိုက်ရသည်။
“ဖေဖေ၊ ဒီအတွင်းခံကို သားရွေးပေးထားတာ၊ ဖေဖေ သဘောကျလား”
ယန်ကျောက်၏အသံမှာ အနည်းငယ် ဩရှရှဖြစ်သွားပြီး မေးလိုက်သည်။
“ဘာလို့ တြိဂံပုံတွေ ဖြစ်နေတာလဲ”
ရှောင်ဝမ်က ချက်ချင်းပင် ဂုဏ်ယူစွာ ရှင်းပြလိုက်သည်။
“ဘာလို့လဲဆိုတော့ စူပါမန်းက ဒီလိုအတွင်းခံမျိုး ဝတ်လို့လေ”
ယန်ကျောက်က ရှင်းပြလိုက်လေ၏။
“ဖေဖေက ဘောက်ဆာဘောင်းဘီပဲ ဝတ်တာ”
ရှောင်ဝမ်က အလျှော့မပေးဘဲ ငြင်းခုံလိုက်သည်။
“ဒါပေမဲ့ စူပါမန်းက တြိဂံပုံတွေဝတ်တာလေ၊ ပြီးတော့ အပြင်ဘက်ကနေဝတ်တာ၊ သူက အနီရောင်တွေတောင် ဝတ်သေးတာ”
ဖခင်ဖြစ်သူ၏ စူးစူးရဲရဲ စိုက်ကြည့်ခြင်းကို ခံလိုက်ရ၍ ဖြစ်ပေမည်၊ အချိန်အတော်ကြာပြီးနောက် သူက ညည်းတွားလိုက်သည်။
“ဖေဖေ သဘောကျမယ်ထင်လို့ပါ၊ ဖေဖေ့ရဲ့ အတွင်းခံတွေက ရှေ့မှာ ဖောင်းဖောင်းကြီးနဲ့၊ အရမ်းချစ်စရာကောင်းတာပဲ”
အမှန်တကယ် ဖောင်းဖောင်းကြီးပင်။ အပြင်ဘက်တွင် ချန်မေ့လန်မှာ ရယ်ရလွန်း၍ သေလုမတတ်ဖြစ်သွားရသည်။
ယခုခေတ်တွင် အတွင်းခံများမှာ အများအားဖြင့် ဘောက်ဆာဘောင်းဘီများသာဖြစ်၏။ အမျိုးသားသုံး အတွင်းခံဘောင်းဘီတိုများမှာ ယခုမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။
စူပါမန်းသည် ယမန်နှစ်က ရုံတင်ပြသခဲ့သော နိုင်ငံခြားဇာတ်ကားဖြစ်သည်။ ကလေးများ မကြည့်ဖူးကြသော်လည်း စူပါမန်းပိုစတာများ လမ်းများပေါ်တွင် ပြည့်နှက်နေပြီး ကလေးများက အတွင်းခံကို အပြင်ဘက်မှဝတ်ဆင်ထားသော ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာပြာအမျိုးသားကို အထူးစိတ်ဝင်စားကြလေ၏။
ယန်ကျောက်၏အတွင်းခံကို ရှောင်ဝမ်က အမှန်တကယ် ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က သူ့ဖခင် သေချာပေါက် သဘောကျလိမ့်မည်ဟု အာမခံခဲ့သည်။
‘သနားစရာ ကလေးလေး’
ထိုကလေးလေး ဖခင်ဖြစ်သူ၏ငြင်းပယ်မှုကို ထပ်မံခံလိုက်ရပြန်သည်။
သို့သော် ညဘက်ရောက်သောအခါ ယန်ကျောက်သည် ထိုအတွင်းခံဘောင်းဘီတိုကို ဝတ်ဆင်လိုက်လေ၏။
ရှောင်ဝမ်က အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်သည်။
“ဖေဖေ၊ ဖေဖေက တကယ်ကြီး စူပါမန်းနဲ့တူတာပဲ”
အတွင်းခံဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားပြီး စူပါမန်းထက်ပင် ပိုမိုတောင့်တင်းသော ကြွက်သားများရှိသည့် ဖခင်ဖြစ်သူက ရုတ်တရက် နောက်သို့လှည့်ကာ ခေါ်လိုက်သည်။
“ယန်ဝမ်ချီ”
မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်ကာ မျက်လုံးများ အရောင်လက်နေသော သားဖြစ်သူက မေးလိုက်၏။
“ဖေဖေ၊ ဘာလဲဟင်”
“ထစမ်း၊ ငါနဲ့အတူ ဒိုက်ထိုးမယ်”
တစ်ခြားအခန်းရှိ ကလေးငယ်နှစ်ယောက်မှာ အိပ်ပျော်နေကြပြီဖြစ်သည်။ အတန်ကြာပြီးနောက် တံခါးအား ဖွဖွလေး ခေါက်လိုက်သည့်အသံကို ချန်မေ့လန် ကြားလိုက်ရ၏။
ခေါင်းအုံးကိုပိုက်ကာ တံခါးဝတွင်ရပ်နေသော ရှောင်ဝမ်က အလွန်သနားစရာကောင်းသော လေသံဖြင့် တောင်းဆိုလိုက်သည်။
“အန်တီ့ဘက်မှာ လာအိပ်လို့ရမလားဟင်”
ကျိုးရွှယ်ချင်းက မိခင်အရင်းတစ်ယောက်အနေဖြင့် မည်သို့ပင် ဆိုးရွားစေကာမူ ကလေးတစ်ယောက်အား ညသန်းခေါင်ယံတွင် ဒိုက်ထိုးခိုင်းခြင်းက ယန်ကျောက်ကို ပထွေးတစ်ယောက်ထက်ပင် ပိုမိုဆိုးရွားသွားစေသည်။
ချန်မေ့လန်က ရှောင်ဝမ်ကို ပွေ့ချီလိုက်ပြီး တင်ပါးအား ဖွဖွလေးပုတ်ကာ အုတ်ကုတင်ပေါ်တွင် တင်ပေးလိုက်၏။
၎င်းမှာ ပေါ့ပါးသော ဖက်တွယ်မှုလေးတစ်ခုမျှသာ ဖြစ်သော်လည်း ချန်မေ့လန်၏ရင်ခွင်သည် မွှေးကြိုင်ပြီးနူးညံ့ကြောင်း ရှောင်ဝမ် ခံစားလိုက်ရသည်။
သူ၏ အနံ့အသက်ကို ညည်းညူတတ်သော ကျိုးရွှယ်ချင်းနှင့်မတူဘဲ သူမက သူ့ခေါင်းလေးကိုပင် ချစ်ခင်ကြင်နာစွာ နမ်းရှုံ့လိုက်သေး၏။
………..
ချန်မေ့လန်သည် အလုပ်လက်ခံရန် ချန်တကုန်းကိုခေါ်ယူသည့် ကြေးနန်းစာတစ်စောင် ပို့ထားခဲ့သည်။
သုံးလေးရက်အကြာတွင် သူ ရောက်ရှိလာခဲ့သည်။
ကြီးမားသော ရည်မှန်းချက်များဖြင့် ချန်မေ့လန်သည် အသေးစား ကန်ထရိုက်တာတစ်ဦး ဖြစ်လာတော့မည်ဖြစ်၏။
သို့သော် သူတို့ ယန်တာ့ဝေကိုသွားရှာရန် ဘေးအိမ်သို့ သွားလိုက်ချိန်တွင် သူက ချန်မေ့လန်အား မမျှော်လင့်ထားသောစကားတစ်ခွန်းကို ပြောလိုက်သည်။
“မေ့လန်၊ ငါတို့ ဒီပရောဂျက်နဲ့ပတ်သက်ပြီး ပြဿနာတစ်ခု ကြုံနေရတယ်၊ အဲဒါက တော်တော်လေးကြီးတဲ့ ပြဿနာပဲ”
ချန်မေ့လန်က မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ယန်တာ့ဝေက သူ့လက်ထဲရှိ ကန်ထရိုက်စာချုပ်ကို ဝှေ့ယမ်းပြရင်း ရှင်းပြလိုက်သည်။
“ပရောဂျက်တစ်ခုကို ကန်ထရိုက်ယူဖို့က ခွေးတစ်ကောင်တောင် ကန်ထရိုက်တာ လုပ်လို့ရတယ်၊ ဒါပေမဲ့ ငါတို့က ပုံစံထုတ်တွေကိုဖတ်တတ်ပြီး ပစ္စည်းတွေကိုတွက်ချက်နိုင်တဲ့ နည်းပညာရှင်တစ်ယောက် လိုအပ်တယ်၊
ဒီလူက အရမ်းအရေးကြီးတယ်၊ ငါက အစက ငါတို့အတွက် လူတစ်ယောက်ရှာထားပြီးသား၊ ဒါပေမဲ့ အခု နင်က ကန်ထရိုက်တာဆိုတာ သူတို့ကြားသွားတော့ သူတို့က နောက်ဆုတ်သွားကြတယ်၊ ပိုက်ဆံဘယ်လောက်ပဲပေးပေး သူတို့မလုပ်ဘူးတဲ့”
ချန်မေ့လန်က အံ့ဩတကြီး မေးလိုက်လေ၏။
“ကျွန်မက ကန်ထရိုက်တာဆိုတာ ကြားတာနဲ့ မလုပ်တော့ဘူးဆိုတဲ့သူက ဘယ်သူလဲ”
ချင်ယွီက ဝင်ပြောလိုက်သည်။
“ငါတို့စက်ရုံက ဟူရှောင်မေနဲ့ ဆက်ဆံရေးကောင်းတဲ့ နည်းပညာရှင်တစ်ယောက်လေ၊ ဒါက ဟူရှောင်မေလုပ်တာ ဖြစ်ရမယ်၊ ယန်ရှီရှန်းက တစ်သက်တစ်ကျွန်းကျတော့မယ်လို့ ကောလာဟလတွေ ထွက်နေတယ်၊
ဟူရှောင်မေက သူ့ကားကို ရောင်းပြီး သူ့အတွက်သူ အိမ်နောက်တစ်လုံး ဝယ်လိုက်တယ်၊ သူဌေးမကြီးအဖြစ် အသွင်ပြောင်းသွားတာပေါ့၊ အခု သူ့ကိုလိုက်နေတဲ့ယောက်ျားတွေ အနည်းဆုံး ဆယ်ယောက်လောက်ရှိတယ်”
‘ဪ ဒီလိုကိုး'
ချင်ယွီက ဆက်ပြောပြလာ၏။
“သူက သူဌေးသစ်တစ်ယောက်ရဲ့ကလေးကို ကျောင်းဝင်ခွင့်ရအောင်တောင် ကူညီပေးခဲ့သေးတယ်၊ အဲဒီသူဌေးသစ်က သူ့ရဲ့ရည်းစားအသစ် ဖြစ်ရမယ်၊
သူက အနှေးနဲ့အမြန် ရှီရှန်းရဲ့ ကျောက်မီးသွေးတွင်းကို အဲဒီရည်းစားအသစ်လက်ထဲ ထည့်ပေးလိုက်မှာဆိုတာ ငါသေချာပေါက် လောင်းရဲတယ်”