အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃)
ယန်ရှီရှန်းသည် သူစိုက်ပျိုးခဲ့သည့်အတိုင်း ရိတ်သိမ်းနေရခြင်းဖြစ်ပြီး ဝဋ်လည်ခြင်းက စောစောစီးစီး ရောက်ရှိလာခဲ့လေပြီ။
သို့သော် ထိုအခိုက်အတန့်တွင် ချန်တကုန်းက ရုတ်တရက် အကြံပြုလိုက်သည်။
“ငါ လူတစ်ယောက်ကို ရုတ်တရက်သတိရသွားတယ်၊ နင့်ရွာက ဆရာဟွမ်လေ၊ အဲဒီတုန်းက မေ့လန်ရဲ့ အိမ်အတွက် ပုံစံတွေဆွဲပြီး ပစ္စည်းတွေကို တွက်ချက်ပေးခဲ့တာ သူပဲလေ၊ ငါတို့ သူ့ကို သွားမေးကြည့်ရင်ကော”
ချန်မေ့လန်၏မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားခဲ့သည်။
ဟုတ်ပေ၏။
ဆရာဟွမ်သည် အထက်တန်းကျောင်းဆင်းတစ်ဦးဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ ဘာသာရပ်များတွင် သဘာဝအလျောက် ထူးချွန်သူဖြစ်သည်။
သူသည် ဒီဇိုင်းပုံစံများကို ဖတ်တတ်ရုံသာမက ဆွဲလည်းဆွဲနိုင်သူဖြစ်သည်။
အကယ်၍ သူတို့သာ ဆရာဟွမ်ကို အကျိုးတူပူးပေါင်းသူအဖြစ် ခေါ်ဆောင်နိုင်ပါက ဤအသေးစား ဆောက်လုပ်ရေးအဖွဲ့လေး ပြီးပြည့်စုံသွားမည်မဟုတ်လော။
………….
ဆရာဟွမ်တို့အိမ်သို့ ရောက်ရှိသွားချိန်တွင် လင်မယားနှစ်ယောက်စလုံး၏ မျက်နှာထက်၌ သောကအရိပ်အယောင်များ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရ၏။
ဆိုးရွားလှသည့်ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပျက်နေပြီဟု ချန်မေ့လန် တွေးထိတ်သွားခဲ့သော်လည်း သေချာစုံစမ်းမေးမြန်းကြည့်လိုက်သောအခါ မင်္ဂလာသတင်းတစ်ရပ် ဖြစ်နေခဲ့သည်။
လတ်တလောတွင် ဆရာဟွမ်၏ဇနီး ယောင်းမဟွမ်မှာ ဗိုက်တောင့်နေသည့် ဝေဒနာကို ခံစားနေရကာ စုန့်ဟွိုင်ဟွာဆေးရုံသွားမည်ဆိုသဖြင့် အဖော်အဖြစ် လိုက်ပါသွားခဲ့ခြင်းဖြစ်၏။
ဆေးစစ်ချက်များအရ စုန့်ဟွိုင်ဟွာ၌ မည်သည့်ရောဂါမျှမတွေ့ရှိရသော်လည်း ယောင်းမဟွမ်တွင်မူ ကိုယ်ဝန်သုံးလလွယ်ထားရပြီဖြစ်ကြောင်း ဆေးရုံမှ အတည်ပြုပေးခဲ့သည်။
ဤသည်ကား ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းတစ်ခုဖြစ်လင့်ကစား ကြီးမားလှသောပြဿနာတစ်ရပ်လည်း ဖြစ်နေပြန်သည်။
လွန်ခဲ့သောလမှသာ တရား၀င်ဝန်ထမ်းအဖြစ် အတည်ပြုခန့်အပ်ခံရသော ဆရာဟွမ်၏ လစာငွေမှာ ရာဂဏန်းစွန်းစွန်းမျှသာ ရှိလေ၏။
အသက်လေးဆယ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော ယောင်းမဟွမ်အတွက် ဤကိုယ်ဝန်သည် အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားတွင်ရှိနေကာ ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိသဖြင့် အနားယူရန် ဆရာဝန်များက တင်းကြပ်စွာ ညွှန်ကြားထားသည်။
ထို့အပြင် ပြုစုစောင့်ရှောက်ပေးမည့်သူတစ်ဦးငှားရမ်းရန် အကြံပြုထားသော်လည်း ဆရာဟွမ်၏ နည်းပါးလှသောဝင်ငွေဖြင့် မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
ဇနီးသည်၏ အသက်အရွယ်အရ နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ဆရာဟွမ် အလွန်တရာ စိုးရိမ်ပူပန်နေမိ၏။
ကိုယ်ဝန်ဖျက်ချရမည်လော၊ သို့မဟုတ် အလုပ်ထွက်၍ စီးပွားရေးတစ်ခုခု စတင်လုပ်ကိုင်ရမည်လောဟူသည့် လမ်းဆုံလမ်းခွတွင် ဆရာဟွမ်တစ်ယောက် ဗျာများနေရသည်။
ကျောင်းဆရာတစ်ဦး၏ လစာငွေလေးဖြင့် ဤကလေးကို လူလားမြောက်အောင် ကျွေးမွေးပြုစုရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်သော ကိစ္စရပ်တစ်ခုပေတည်း။
ချန်မေ့လန်က သူမ၏ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အခွင့်ကောင်းတစ်ရပ်အဖြစ် ရှုမြင်လိုက်ကာ အကူအညီပေးရန် လက်ကမ်းပေးလိုက်သည်။
“ဆရာဟွမ်၊ ကျွန်မဆီမှာ ဆရာ့အတွက် အချိန်ပိုင်းအလုပ်လေးတစ်ခုရှိတယ်၊ တစ်ရက်ကို ငါးယွမ်ပေးမယ်၊ အလုပ်ထွက်စရာမလိုဘဲ ကျွန်မကိုကူညီပေးရုံပါပဲ”
ဤအလုပ်၏ သဘောသဘာဝကို ချန်မေ့လန် ကောင်းကောင်း နားလည်ထားပြီး ရုံးချိန်ပုံမှန်တက်ရန်မလိုအပ်ဘဲ အရေးကြီးသော အချိန်များတွင်သာ ကြီးကြပ်ပေးရန် လိုအပ်လေသည်။
အဓိကတာဝန်မှာ ဘိလပ်မြေ၊ သဲ၊ သံကူကွန်ကရစ်နှင့် သံမဏိများ၏ လိုအပ်မည့်ပမာဏကို တွက်ချက်ပေးရန်ဖြစ်ပြီး အိမ်မှနေ၍ပင် အေးဆေးလုပ်ကိုင်နိုင်ပေသည်။
အချိန်ပိုင်းအလုပ်တစ်ခု ရရှိနိုင်မည့်အခွင့်အရေးကြောင့် ဆရာဟွမ်၏မျက်နှာထက်တွင် ဝမ်းသာပီတိအရိပ်အယောင်များ လင်းလက်သွားခဲ့၏။
သို့သော် အလုပ်ချိန်သတ်မှတ်ချက်ကိုမူ သူ တိတိကျကျသိလိုသေးသည်။ နေ့လယ်ပိုင်းနှင့် ရုံးဖွင့်ရက်များတွင် စာသင်ကြားရပြီး ညပိုင်းတွင် စာမေးပွဲအဖြေလွှာများ စစ်ဆေးရသဖြင့် သူ၏ အချိန်ဇယားမှာ ပြည့်ကျပ်နေခဲ့၏။
ကျောင်းသား ငါးဆယ်၊ ခြောက်ဆယ်ခန့်ကိုသာ သင်ကြားရသော်ငြား ဆရာတစ်ဦး၏ တာဝန်ဝတ္တရားမှာ အလွန်တရာ ကြီးလေးလှပြီး ကလေးတစ်ဦးစီ၏ အားသာချက်၊ အားနည်းချက်များကို ထိုးထွင်းသိမြင်မှသာ ထိရောက်စွာ သင်ကြားပေးနိုင်မည်ဖြစ်သည်။
ချန်မေ့လန်က ခေတ္တမျှ စဉ်းစားချင့်ချိန်လိုက်ပြီးနောက် လေးနက်သောအသံဖြင့် ရှင်းပြလေသည်။
“ရုံးဖွင့်ရက်တွေမှာ မဟုတ်ဘူး၊ စနေ၊ တနင်္ဂနွေတွေမှာပါ၊ ဆရာ့ရဲ့ အချိန်တစ်ရက်လောက်ပဲ ပေးရမှာပါ၊ ကျွန်မရဲ့ အတိုင်ပင်ခံအဖြစ် သဘောထားလိုက်ပါ”
တစ်ရက်လျှင် ငါးယွမ်ဆိုသည်မှာ တစ်လလျှင် ယွမ်တစ်ရာ့ငါးဆယ် ရရှိမည်ဖြစ်ပြီး ရုံးသွားရန်ပင် မလိုအပ်သဖြင့် ၎င်းမှာ ရွှေလိုရှားပါးသောအခွင့်အရေးကြီးတစ်ရပ် ဖြစ်နေတော့သည်။
ဆရာဟွမ်၏ စိတ်အစဉ်မှာ လှုပ်ရှားသွားခဲ့ကာ မျက်ဝန်းများ အရောင်လက်သွား၏။
“အလုပ်က ဘယ်တော့စရမှာလဲ၊ တစ်ခါတည်း ဒီလောက်ငွေတွေအများကြီးပေးဖို့က မများလွန်းဘူးလား၊ အရင်က တစ်လကို ယွမ်လေးဆယ်ရဖို့တောင် အရိုးကြေမတတ် အလုပ်လုပ်ခဲ့ရတာ၊
အခုလို အများကြီးရတော့ ကျွန်တော် လက်ခံရမှာတောင် အားနာမိတယ်”
ချန်မေ့လန်၏ရည်မှန်းချက်မှာ ဆရာဟွမ်အား ပုံစံထုတ်မြေပုံများကို ဖတ်ခိုင်းရန်သက်သက် မဟုတ်ဘဲ ချန်တကုန်းကိုပါ မြေပုံဖတ်တတ်ရန် သင်ကြားပေးစေလိုခြင်းဖြစ်သည်။
ချန်တကုန်းကိုယ်တိုင် မြေပုံများကို နားလည်သဘောပေါက်သွားပါက နောက်ထပ် အခြားလုပ်ငန်းခွင်များကိုပါ လက်ခံလုပ်ကိုင်လာနိုင်မည်ဟူသော အမြော်အမြင်ကြီးမားသည့် မျှော်လင့်ချက်ကို ပိုက်ထွေးထား၏။
ခြေလှမ်းများကို တစ်လှမ်းချင်း လှမ်းရမည်၊ ထမင်းကို တစ်လုတ်ချင်းစားရမည်။ ဤသည်ကား သူမ၏ ခိုင်မာသော ခံယူချက်ပင်။
ချန်တကုန်းသည် မြေပုံဖတ်ခြင်းတစ်ခုမှလွဲ၍ အလုပ်သမားများ ငှားရမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း အစရှိသည့် အခြားသော လုပ်ငန်းစဉ်များတွင် အထူးကျွမ်းကျင်လိမ္မာသူဖြစ်သည်။
ယခင်က ချန်မေ့လန်၏နေအိမ်အား ဆောက်လုပ်စဉ်ကတည်းက ကိစ္စရပ်အားလုံးကို သူကိုယ်တိုင် ဦးစီးဆောင်ရွက်ခဲ့ဖူးသည်။
အတွေ့အကြုံရှိပြီးဖြစ်သဖြင့် ယခုတစ်ကြိမ်တွင်လည်း သူကိုယ်တိုင် စနစ်တကျ စီမံခန့်ခွဲနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
တိုက်ဆိုင်စွာပင် ချန်မေ့လန်၏ ငွေတိုက်စာချုပ်များမှာ ယနေ့တွင် သက်တမ်းစေ့ပြီဖြစ်ရာ ငွေအားလုံးကို တစ်လုံးတစ်ခဲတည်း ထုတ်ယူလိုက်တော့သည်။
ငွေစက္ကူများ၏ အထိအတွေ့က သူမ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ခွန်အားသစ်များ မွေးဖွားပေးလိုက်သကဲ့သို့ပင်။
အလုပ်သမားများ ငှားရမ်း၍ လုပ်ငန်းစတင်ရန်အတွက် ချန်တကုန်းအား ယွမ်တစ်ထောင် အရင်ထုတ်ပေးလိုက်ပြီးနောက် ‘ပုဂ္ဂလိက ကန်ထရိုက်စာချုပ်’ ချုပ်ဆိုရန် ယန်တာ့ဝေနောက်သို့ အပြေးအလွှား လိုက်သွားခဲ့၏။
ဤသို့ဖြင့် ထိုလုပ်ငန်းကြီးမှာ သူမ၏လက်တွင်းသို့ အပိုင်ရောက်ရှိသွားခဲ့လေပြီ။
ချန်မေ့လန်သည် ချန်တကုန်း၏အိပ်ရာကို ပြင်ဆင်ပေးရန်နှင့် အသုံးအဆောင်များအား နေရာချပေးရန်အတွက် အကူအဖြစ် ရှောင်ဝမ်ကို ခေါ်ဆောင်လာခဲ့သည်။
အသွင်အပြင်မှာ ကြမ်းတမ်းခက်ထန်သယောင် ရှိသော်ငြား ထိုကောင်လေးသည် ကျွမ်းကျင်သော အကူတစ်ဦးပမာ အလုပ်များကို စေ့စပ်သေချာစွာ လုပ်ကိုင်ပေးရှာသည်။
မည်သို့ပင်ဖြစ်စေ ချန်တကုန်းသည် သူ့ဦးလေးဖြစ်ခဲ့ဖူးသည်မဟုတ်လော။ ရှောင်ဝမ်သည် သူ၏အဘိုးနှင့်အဘွားကို ရွံရှာမုန်းတီးသော်လည်း ချန်တကုန်းအပေါ်တွင်မူ များစွာ သံယောဇဉ်ရှိလှ၏။
ချန်တကုန်း၏အိပ်ရာကို သပ်ရပ်ကျနစွာ ပြင်ဆင်ပေးရုံသာမက သူ့ဖခင် အသုံးမပြုတော့သော ဖိနပ်များကိုပါ သန့်စင်ပြောင်လက်နေအောင် ဆေးကြောပေးကာ ချန်တကုန်း၏အခန်းဝတွင် အစီအရီ ချထားပေးခဲ့သေး၏။
ချန်မေ့လန် စာချုပ်ချုပ်ဆိုနေချိန်တွင် ရှောင်ဝမ်တစ်ယောက် ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းကာ ကျောင်းဘက်သို့ တစ်ခေါက်၊ လူနေအိမ်ရာများဘက်သို့ တစ်ခေါက်ဖြင့် အနှံ့အပြား လျှောက်သွားနေရင်း ပျော်ရွှင်မြူးထူးနေခဲ့သည်။
တုန်းဖန်စက်ရုံမှ ထွက်ခွာလာချိန်တွင် ချန်မေ့လန်က အလုပ်ကြိုးစားသော အကူလေးအား ဆုချရန် ဆုံးဖြတ်လိုက်ရင်း မေးခွန်းထုတ်လိုက်သည်။
“ရေခဲမုန့် စားချင်လား”
ရှောင်ဝမ်က မာနတခွဲသားနှင့် နှုတ်ခမ်းလေးစူကာ ပြန်လည်တုံ့ပြန်လေသည်။
“ကျွန်တော့်မှာ ကိုယ်ပိုင်မုန့်ဖိုးရှိတယ်၊ ခင်ဗျားပိုက်ဆံမလိုဘူး”
ချန်မေ့လန်က မျက်ခုံးလေးပင့်ကာ အပြုံးတစ်ဝက်ဖြင့် စနောက်လိုက်၏။
“ဒါဆိုလည်း မင်းရဲ့မုန့်ဖိုးလေးနဲ့ အန်တီ့ကို နို့ရေခဲချောင်းလေး တစ်ချောင်းလောက် ဝယ်ကျွေးပါလား”
ဤကပ်စေးနှဲလေးမှာ ချန်မေ့လန်က မုန့်ဖိုးပေးထားသော်လည်း တစ်ပြားတစ်ချပ်မျှပင် သုံးစွဲခြင်းမရှိဘဲ လတ်တလောတွင် ကိုလာသောက်ခြင်းကိုပင် ရပ်တန့်ထားခဲ့၏။
ငွေများကို စုဆောင်းထားပုံမှာ အချိန်မရွေး ထွက်ပြေးတော့မည့်သူ တစ်ဦးပမာ အသင့်ပြင်ဆင်နေသည့်ပုံ ပေါက်နေလေ၏။
တစ်နေ့နေ့တွင် ဤကောင်လေး တိတ်တဆိတ်ထွက်ပြေးသွားမည်ကို ချန်မေ့လန် အမှန်တကယ်ပင် စိုးရိမ်နေမိသဖြင့် သူ့ငွေများကို သုံးစွဲလာစေရန် နည်းလမ်းရှာရတော့သည်။
ဤကပ်စေးနှဲလေးသည် မိမိကိုယ်တိုင်အတွက်ပင် ရေခဲမုန့်ဝယ်စားမည်မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း ထူးဆန်းစွာပင် ဆိုင်ငယ်လေးထဲသို့ပြေးဝင်သွားကာ ခဏအကြာတွင် ရေခဲမုန့်တစ်ချောင်းကိုင်လျက် ပြန်ထွက်လာခဲ့သည်။
အရည်ပျော်ကျနေသော ရေခဲမုန့်၏ အေးစက်စက်အငွေ့အသက်လေးက လေထဲတွင် ပျံ့လွင့်နေ၏။
ချန်မေ့လန်က သူမ၏ဝမ်းဗိုက်ကို ဖိကိုင်လျက် မျက်နှာကို ရှုံ့မဲ့ဟန်ဆောင်လိုက်သည်။
“အိုး၊ ဗိုက်နာလာပြီ၊ ထားလိုက်ပါတော့၊ ငါမစားတော့ဘူး”
ရှောင်ဝမ်သည် ဒေါသတကြီးဖြင့် မျက်စောင်းထိုးကာ အော်ဟစ်လိုက်တော့သည်။
“ခင်ဗျား လူလိမ်၊ ကျွန်တော့်ကိုလှည့်စားနေတာပဲ”
ချန်မေ့လန်က အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပခုံးတွန့်ပြလိုက်၏။
“ဒါဆိုလည်း မင်းဘာသာမင်း စားလိုက်ပေါ့”
သူမ၏ထောင်ချောက်အတွင်းသို့ သက်ဆင်းသွားမှန်းမသိရှာသော ရှောင်ဝမ်သည် ရေခဲမုန့်အခွံကိုခွာ၍ လျှာဖြင့်လျက်လိုက်ပြီးနောက် အနီးရှိ လမ်းဘေးပလက်ဖောင်းပေါ်သို့ ခုန်တက်ကာ လေးနက်တည်ကြည်သော လေသံဖြင့် အစချီလေသည်။
“အန်တီ၊ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်”
ချန်မေ့လန်က ခေါင်းညိတ်ပြကာ ပွင့်လင်းစွာ တုံ့ပြန်လိုက်၏။
“ပြောလေ”
ရှောင်ဝမ်၏ မျက်ဝန်းများထဲတွင် မကျေနပ်မှုများ စွန်းထင်းနေသည်။
“ဒီနေ့ ယွမ်ယွမ့်အဖေရဲ့ဟိုမိန်းမကို ကျွန်တော်မြင်ခဲ့တယ်”
ချန်မေ့လန် စာချုပ်ချုပ်ဆိုနေစဉ်အတွင်း ကောင်လေး ဟိုဟိုဒီဒီ လျှောက်သွားနေခြင်းမှာ ဟူရှောင်မေအား အကဲခတ်ရန် ဖြစ်ဟန်တူလေသည်။