အခန်း ၈၆
Vol. 9 Ch. 86
အခန်း (၈၆)
ယွမ်ယွမ်က ချက်ချင်းပင် ပြေးလာကာ မေးမြန်းလိုက်၏။
“မေမေ၊ ဘာကိစ္စရှိလို့လဲ”
ချန်မေ့လန်က ပြုံးစစဖြင့် ရှင်းပြလေ၏။
“သမီးဖေဖေ လစာရလာလို့ အိမ်အတွက် ပစ္စည်းကြီးကြီးတစ်ခုခု ဝယ်မလို့ စဉ်းစားနေတာ၊ ခုနက ရှောင်ဝမ့်ကို ကာလာတီဗီ ဒါမှမဟုတ် အဲယားကွန်းဝယ်ဖို့ အကြံဉာဏ်တောင်းကြည့်တာ သူက နှစ်ခုလုံးမလိုချင်ဘူးတဲ့၊
သူ ဘာလိုချင်လဲဆိုတာကို မေမေခန့်မှန်းလို့ရတယ်၊ ဒါပေမယ့် မေမေမပြောဘူး၊ သူ မေမေနဲ့ အတူတူမလိုက်ဘူးဆိုရင် မေမေ ဝယ်ပေးမှာမဟုတ်ဘူး”
ရှောင်ဝမ် ရောက်ရှိလာသော်လည်း သူမ ဘာတွေးနေသည်ကို မခန့်မှန်းနိုင်သည့်အမူအရာဖြင့် သူမနှင့် လိုက်မည်မဟုတ်ကြောင်း သေချာနေသည့်ပုံ ပေါက်နေလေ၏။
ချန်မေ့လန်က ရုတ်တရက် ထုတ်ပြောလိုက်၏။
“အဝတ်လျှော်စက်လေ”
ရှောင်ဝမ်က အံ့သြတကြီးဖြင့် မော့ကြည့်လာကာ ရေရွတ်လိုက်သည်။
“အာ”
ဤကလေးသည် ကျေးဇူးကန်းသော တောခွေးလေးတစ်ကောင် လုံးဝမဟုတ်ပေ။ အမှန်စင်စစ် သူသည် ဖခင်ဖြစ်သူအပေါ် အလွန်အမင်း ရိုသေကိုင်းရှိုင်းကာ သိတတ်လွန်းသူတစ်ဦးသာ ဖြစ်လေသည်။
ကာလာတီဗီကြီးများနှင့် အဲယားကွန်းကြီးများကို သူ မလိုချင်ရသည့်အကြောင်းရင်းမှာ ဖခင်ဖြစ်သူ အလုပ်မှပြန်လာသည်နှင့်တစ်ပြိုင်နက် ပင်ပန်းဆင်းရဲစွာ အဝတ်လျှော်၊ သန့်ရှင်းရေးလုပ်နေရသည်ကို မြင်တွေ့နေရသောကြောင့်ဖြစ်၏။
ထို့ကြောင့် ချန်မေ့လန်အား အဝတ်လျှော်စက် ဝယ်ယူစေချင်ခဲ့ခြင်းပင်။
ထင်ရှားသည်မှာ ဤကလေးငယ်အတွက် လိုအပ်နေသည်ကား သူ့အား လမ်းမှန်သို့ ပဲ့ပြင်တည့်မတ်ပေးနိုင်မည့် နားလည်မှုရှိသောလူတစ်ဦးသာ ဖြစ်ပေတော့သည်။
ကလေးငယ်သည် ငိုကြွေးနေသော်လည်း ငိုနေရင်းမှ နှုတ်ခမ်းထောင့်များ ကွေးတက်လာကာ မကြာမီမှာပင် မျက်ရည်များကြားမှ ပြုံးရွှင်လာခဲ့တော့သည်။
သူ၏ နှလုံးသားငယ်လေးထဲတွင် နွေးထွေးသော မေတ္တာငွေ့လေးများ စတင်ကိန်းအောင်းလာချေလေပြီ။
………..
ယန်ကျောက်က အဝတ်လျှော်စက်၏တန်ဖိုးကို စိတ်ဝင်တစား စူးစမ်းလိုက်၏။
“အဝတ်လျှော်စက်က ဘယ်လောက်လောက်ပေးရလဲ”
ချန်မေ့လန်က ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချတွက်ဆရင်း ဖြေဆိုလိုက်လေသည်။
“ယွမ်တစ်ရာကျော်ကျော်လောက်တော့ ကျသင့်နိုင်တယ်”
လစာငွေ အပြည့်အဝ လက်လတ်ဆတ်ဆတ်ရရှိထားသော အမျိုးသားတစ်ဦး၏ဟန်ပန်မှာ ယခင်ကနှင့်မတူ သိသိသာသာ ယုံကြည်မှုရှိနေခဲ့ပြီဖြစ်ကာ ယန်ကျောက်က ပြတ်သားသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တော့သည်။
“ရှောင်ဝမ် လိုချင်နေမှတော့ ဝယ်လိုက်ကြတာပေါ့၊ ကိုယ့်ပိုက်ဆံကိုသာသုံးလိုက်ပါ”
လတ်တလော ဈေးကွက်အတွင်း၌ အပေါဆုံး အဝတ်လျှော်စက်များပင်လျှင် ယွမ်တစ်ရာကျော် တန်ဖိုးရှိနေပြီး အရည်အသွေးပိုကောင်းသော စက်များဆိုပါက ယွမ်သုံးလေးရာအထိ ပေးရတတ်လေ၏။
ချန်မေ့လန်သည် အသက်သာဆုံးစက်ကိုသာ ဝယ်ယူမည်ဟု နှုတ်မှ ဆိုထားသော်ငြား ကုန်တိုက်ကြီးအတွင်းသို့ ရှောင်ဝမ်အား ခေါ်ဆောင်သွားချိန်တွင်မူ တန်ဖိုး ယွမ် ၄၈၀ ရှိသော တိုရှီဘာ အမှတ်တံဆိပ် အင်ဂျင်နှစ်လုံးတပ် အဝတ်လျှော်စက်ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။
လူကိုယ်တိုင် ဝင်ရောက်ထိန်းချုပ်ရဆဲ ဖြစ်လင့်ကစား လျှော်ဖွပ်ခြင်းနှင့် ရေညှစ်ခြင်းလုပ်ငန်းစဉ်နှစ်ရပ်လုံးကို ပူးတွဲလုပ်ဆောင်ပေးနိုင်သဖြင့် စည်ပိုင်းတစ်လုံးတည်းပါသော စက်များထက်စာလျှင် များစွာအဆင်ပြေချောမွေ့လှပေသည်။
ယနေ့ခေတ်ကာလတွင် အဝတ်လျှော်စက်ဆိုသည်မှာ သာမန်လူတန်းစားများအတွက် လက်လှမ်းမမီနိုင်သော တန်ဖိုးကြီးပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး တိုရှီဘာကဲ့သို့သော အမှတ်တံဆိပ်မှာမူ ငွေရှိရုံ၊ အဆက်အသွယ်ရှိရုံမျှဖြင့် အလွယ်တကူ ဝယ်ယူ၍မရနိုင်လောက်အောင် ရှားပါးလှ၏။
ချန်မေ့လန်က ငွေချေပြီး မော်ဒယ်ရွေးချယ်ကာ တန်းစီနံပါတ်ယူထားခဲ့ရ၏။ နောက်တစ်ပတ် စနေ၊ တနင်္ဂနွေ ရောက်မှသာ ယန်ကျောက်ကိုယ်တိုင် သွားရောက်တန်းစီ၍ အိမ်သို့ သယ်ဆောင်လာနိုင်ခဲ့လေသည်။
ယွမ်ယွမ်နှင့် ရှောင်လန်တို့ကမူ အဝတ်လျှော်စက်သစ်ကြီးအပေါ် မည်သို့မျှ စိတ်ဝင်စားခြင်းမရှိကြပေ။
ထို့အပြင် ယနေ့သည် မုန့်ဖိုးရရှိသောနေ့ဖြစ်ရာ ချန်မေ့လန်က သူတို့အတွက် တစ်ပတ်စာ မုန့်ဖိုးအသစ်များကို ခွဲဝေပေးထားပြီးဖြစ်သည်။
ရှောင်လန်က သူ၏မုန့်ဖိုးများကို ယွမ်ယွမ်အား လုံးဝလွှဲအပ်ထားလိုက်ကာ ကလေးနှစ်ယောက်သား အိမ်ရှေ့အိမ်နောက် ပြေးလွှားဆော့ကစားရင်း ရေခဲချောင်းများနှင့် သကြားလုံးများကို မြိန်ယှက်စွာ စားသောက်နေကြ၏။
ရှောင်ဝမ်ကမူ သူ့ဖခင်နှင့်အတူ အဝတ်လျှော်စက်သစ်ကြီးကို စမ်းသပ်ရန် အလုပ်ရှုပ်နေတော့သည်။
ယမန်အပတ်က ယန်ကျောက် သီးသန့်ဖယ်ထားခဲ့သော ပန်းရောင်အိပ်ရာခင်းကြီးကို စတင်လျှော်ဖွပ်နေကြခြင်းပင်။
သို့ရာတွင် လက်ရှိ လျှပ်စစ်မီးရရှိမှုအခြေအနေမှာ အလွန်ဆိုးရွားလှပေသည်။ ယန်ကျောက်က အဝတ်လျှော်စက် ပလပ်ပေါက်ကို တပ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ရှောင်ဝမ်က အလန့်တကြား အော်ဟစ်လိုက်လေ၏။
“ဖေဖေ၊ တီဗီကြီး သူ့ဘာသာ ပိတ်သွားပြီ”
ထို့ကြောင့် ယန်ကျောက်က တီဗီပလပ်ကို ဖြုတ်၍ အဝတ်လျှော်စက်ကို ပြန်တပ်ရသည်။ ခေတ္တမျှ လျှော်ဖွပ်ပြီးချိန်တွင် ရှောင်ဝမ်က မီးဖိုချောင်ဘက်မှနေ၍ အသံကုန်ဟစ်အော်ပြန်၏။
“ဖေဖေ၊ ရေခဲသေတ္တာလည်း မီးမလာတော့ဘူး”
အဆုံးတွင် ပလပ်ပေါက်နှစ်ခုလုံးကို ဖြုတ်ထားလိုက်ပြီးမှ အဝတ်လျှော်စက်ကို ပြန်လည်မောင်းနှင်လိုက်ရာ ယခုတစ်ကြိမ်တွင်မူ စက်သံတဝီဝီဖြင့် ချောမွေ့စွာ လည်ပတ်သွားတော့သည်။
ထိုအခါမှသာ ရှောင်ဝမ်က ရေခဲသေတ္တာနှင့် တီဗီပလပ်ပေါက်များကို ပြန်လည်တပ်ဆင်လိုက်လေသည်။
မကြာမီမှာပင် ရွာလုံးကျွတ်နီးပါး ဆူညံပွက်လောရိုက်သွားကာ ဒေါသတကြီးအော်ဟစ်သံများ ထွက်ပေါ်လာ၏။
“ဘာလို့ မီးထပ်ပျက်သွားရပြန်တာလဲ”
အမှန်စင်စစ် ရွာတစ်ရွာလုံး၏ လျှပ်စစ်မီးအားလုံးမှာ မေ့လန်တို့မိသားစု၏ အဝတ်လျှော်စက်ကြီးကြောင့် ပြတ်တောက်သွားရခြင်းပင်။
ယန်ကျောက် အိမ်သို့ စောစောပြန်ရောက်လာကာ အိမ်မှုကိစ္စများကို တာဝန်ယူပေးသဖြင့် ချန်မေ့လန်အနေဖြင့် ဟင်းချက်ရန် အချိန်ပိုထွက်လာခဲ့သည်။
သို့သော် မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် အိမ်အပြင်ဘက်မှ ဆရာဟွမ်၏ ပြာယာခတ်နေသောအော်ခေါ်သံကို ကြားလိုက်ရလေသည်။
ယနေ့သည် ရုံးပိတ်ရက်ဖြစ်သကဲ့သို့ သူမ၏ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပထမထပ်အတွက် သံကူကွန်ကရစ် ကြမ်းခင်းလောင်းရန် သံချည်သံပတ်များ ချည်နှောင်ရမည့် အရေးကြီးသောနေ့လည်းဖြစ်၏။
ပထမထပ် ကြမ်းခင်းသံပေါင်ဆိုသည်မှာ အရည်အသွေးစစ်ဆေးမှုအတွက် အထင်ရှားဆုံးနှင့် အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။
အကယ်၍ သံချည်သံပတ်များ စနစ်မကျဘဲ ကြမ်းပြင်အက်ကွဲသွားပါက အခြားသော အစိတ်အပိုင်းများကို စစ်ဆေးနေရန်ပင် မလိုအပ်တော့ဘဲ စံချိန်မမီသောစီမံကိန်းအဖြစ် သတ်မှတ်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထို့ကြောင့် ဆရာဟွမ်အနေဖြင့် ယနေ့လုပ်ငန်းခွင်တစ်ခုလုံးကို မျက်ခြည်မပြတ် ကြီးကြပ်နေသင့်ပါလျက်နှင့် အဘယ်ကြောင့် ဤမျှစောစောစီးစီး အလုပ်ဆင်းလာခဲ့ရသနည်း။
ပြဿနာကြီးကြီးမားမားတစ်ခုခုများ ပေါ်ပေါက်လာခြင်းကြောင့်လော။
ဆရာဟွမ်၏ မျက်နှာမှာ စိုးရိမ်သောကများကြောင့် ဖြူဖျော့နေကာ မျက်ရည်များပင် လည်ဝဲနေလျက် အသနားခံလေသည်။
“မေ့လန်၊ သွားပြီး မင်းရဲ့ယောင်းမကို နားချပေးပါဦး၊ သူက ကလေးကို ဖျက်ချချင်တယ်လို့ ပြောနေတယ်”
လတ်တလောတွင် ယောင်းမဟွမ်မှာ ကိုယ်ဝန်ကို ဂရုစိုက်ရန်အတွက် အိပ်ရာထဲတွင်သာ အနားယူနေရသူဖြစ်၏။
ယခုကဲ့သို့ အခြေအနေမျိုးတွင် အဘယ်ကြောင့် ရုတ်တရက်ကြီး ကလေးဖျက်ချလိုရသနည်း။
ချန်မေ့လန်က နားမလည်နိုင်စွာဖြင့် စုံစမ်းမေးမြန်းလိုက်သည်။
“ဆရာဟွမ်၊ ဆရာက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စကားမျိုးများ ပြောလိုက်မိလို့လား”
ဆရာဟွမ်က ဖြူစပြုနေပြီဖြစ်သော ဆံပင်များကို လက်ဖြင့်ထိုးဖွလိုက်ရင်း လုပ်ငန်းခွင်သို့ အမြန်ပြန်သွားရန်ပြင်ဆင်ကာ ရှင်းပြလေသည်။
“ဒီနေ့ နေ့လယ်ဘက် အိပ်ရာကနိုးတော့ သူ အိပ်မက်မက်တယ်လို့ ရုတ်တရက် ထပြောတယ်၊ အိပ်မက်ထဲမှာ ရှောင်ရှန်ကို မြင်လိုက်ရတယ်တဲ့၊ ကလေးက အိမ်ပြန်လာချင်လို့ ငိုနေတယ်တဲ့လေ၊
သူက နောက်ထပ် ရှောင်ရှန်တစ်ယောက် ထပ်မဆုံးရှုံးချင်တော့ဘူးဆိုပြီး ကလေးကို ဖျက်ချမယ်လုပ်နေတာ”
ဤကိစ္စကား သာမန်မဟုတ်တော့ပေ။ ယောင်းမဟွမ်အား သွားရောက်ချော့မော့နားချရန် ချန်မေ့လန် အမှန်တကယ်လိုအပ်လာပြီဖြစ်သည်။
သူတို့ ဇနီးမောင်နှံနှစ်ဦးမှာ အသက်လေးဆယ်ကျော်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ အကယ်၍ ကလေးတစ်ယောက်မျှသာ မရှိပါက သူတို့၏ အိုမင်းမစွမ်းအချိန်များတွင် အလွန်အထီးကျန်ဆန်ကာ သနားဖွယ်ကောင်းလှမည်ဖြစ်ပြီး အတိတ်ဘဝက သူမ၏ အဖြစ်ထက်ပင် ပိုမိုဆိုးရွားသွားနိုင်ပေသည်။
သို့သော် သူမကိုယ်တိုင်လည်း ကိုယ်ဝန်ရှိကြောင်းသိရသည့်နေ့က တစ်ကြိမ်သာ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင် ကိစ္စများဖြင့် ရှုပ်ထွေးနေသဖြင့် ထပ်မံသွားရောက်နိုင်ခြင်းမရှိခဲ့ပေ။
ယခု သွားရောက်မည်ဆိုလျှင်လည်း လက်ဗလာဖြင့်တော့ သွား၍မသင့်တော်ပေ။
အိမ်မှထွက်လာပြီးနောက် နိုင်ငံပိုင် ဆန်ဆိုင်သို့ ဦးစွာဝင်ကာ အရည်အသွေးမြင့် မုန်ညင်းဆီ ဆယ်ကျင်းကို ဝယ်ယူလိုက်သည်။ ထို့နောက် ဟင်းသီးဟင်းရွက်ဈေးတန်းသို့ ဆက်သွားကာ အသားဆိုင်များကြားမှ အသားထုတ်လုပ်ရေးစက်ရုံမှလာသော အသားကိုသာ ရွေးချယ်လိုက်၏။
ဝက်သားမှာ အဆီများပြီး အလေးချိန်လည်း မှန်ကန်သဖြင့် အဆီပိုများသော ဝက်သုံးထပ်သား ငါးကျင်းကို ဝယ်ယူခဲ့သည်။
ဘေးဘက်ရှိ ကောက်ရိုးဖျာပေါ်တွင် အစီအရီ တင်ထားသော ဖြူဖွေးလုံးဝန်းနေသည့် ကြက်ဥကြီးများကို မြင်လိုက်ရသောအခါ ကြက်ဥ ငါးကျင်းကိုပါ တစ်ပါတည်း ဝယ်ယူလိုက်တော့သည်။
ယောင်းမဟွမ်၏ အိမ်မှာ ချန်မေ့လန်တို့အိမ်၏ မျက်နှာချင်းဆိုင်တွင်တည်ရှိပြီး ခြံဝင်းသုံးခုသာခြားလေ၏။
ပြန်လည်မွေးဖွားခြင်းမတိုင်မီက ဤရွာကလေးကို ချန်မေ့လန် အဘယ်ကြောင့် ဤမျှ သဘောကျနှစ်သက်ခဲ့သနည်း။
အကြောင်းမူကား ယန်ကွမ်းရွာကလေးတွင် မကောင်းသည့်စိတ်ဓာတ်ရှိသူအချို့ ရှိလင့်ကစား ယေဘုယျအားဖြင့် ရွာသူရွာသားများမှာ ဖော်ရွေနွေးထွေးကာ ကူညီတတ်သော စိတ်ထားရှိကြသောကြောင့်ပင်။
ယောင်းမဟွမ် ကိုယ်ဝန်ရှိကြောင်း သိရသည်မှာ ခုနစ်ရက်၊ ရှစ်ရက်ခန့်သာ ရှိသေးသော်လည်း နေ့စဉ်နှင့်အမျှ ကျောင်းသားမိဘများက ကြက်ဥများ၊ နို့မှုန့်များ ယူဆောင်လာကာ မပြတ်တမ်း လာရောက်ကြည့်ရှုအားပေးကြလေသည်။
ဆရာဟွမ်၏ လက်သင်ဟောင်းများဖြစ်ကြသော အထက်တန်းကျောင်းသား အများအပြားပင်လျှင် ဆရာကတော်အား သတင်းမေးရန် စက်ဘီးလေးများဖြင့် တကူးတက လာရောက်ကြသည်ကိုတွေ့ရ၏။