← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း (၈၇)

ချန်မေ့လန် တံခါးဝသို့ ရောက်ရှိသွားချိန်တွင်ပင် စက်ဘီးကိုယ်စီဖြင့် ရယ်ကာမောကာဖြင့် စကားပြောရင်း ပြန်လည်ထွက်ခွာသွားကြသော ကလေးနှစ်ဦးကို မြင်လိုက်ရသေးသည်။

ယခုအချိန်၌ အိမ်တွင်းမှ ယောင်းမဟွမ်၏ငိုသံကြီးဖြင့် ပြောဆိုနေသံကို ကြားလိုက်ရလေသည်။

“အိပ်မက်ထဲမှာ ရှောင်ရှန်က ငါ့ကို လှမ်းခေါ်နေတယ်၊ သူ အိမ်ပြန်လာချင်ပြီတဲ့၊ သူက ဒီကလေးလေးကို မလိုချင်ဘူးလို့ ငါခံစားနေရတယ်၊ ဒါကြောင့် ဒီကလေးကို ဖျက်ချလိုက်တာပဲကောင်းပါတယ်”

ချန်မေ့လန်က တံခါးကန့်လန့်ကာကို လှန်ရန် ပြင်လိုက်စဉ်မှာပင် ယန်ကျောက်၏ တည်ငြိမ်လှသောအသံကို ကြားလိုက်ရ၏။

“မရီး၊ ကျွန်တော့်အထင်တော့ ရှောင်ရှန်က မရီးမှာကိုယ်ဝန်ရှိနေတာကို တမလွန်ကနေ သိသွားပြီး ဝမ်းသာလို့ အိပ်မက်ထဲလာပြတာ ဖြစ်ပါလိမ့်မယ်၊ ကျွန်တော် လုံး၀ကတိပေးတယ်၊

ရှောင်ရှန်ရဲ့ ကားတိုက်ခံရမှု အမှန်တရားကို ဖော်ထုတ်ပြီး ကလေးရဲ့ဝိညာဉ်ကို ငြိမ်းချမ်းခွင့်ရအောင် ကျွန်တော် သေချာပေါက်လုပ်ပေးပါ့မယ်၊

ကျွန်တော် အမှုမှန်ပေါ်အောင် စုံစမ်းပေးမယ်၊ မရီးက ဒီကလေးကို မွေးပေးဖို့ပဲ အာရုံစိုက်ပါ၊ ဘယ်လိုလဲ”

သူက အိမ်မှာ အဝတ်လျှော်နေသည် မဟုတ်လော။

‘ဘယ်အချိန်က ဆရာဟွမ်အိမ်ကို ရောက်လာရပြန်တာလဲ’

ထို့အပြင် သူသည်လည်း ငယ်စဉ်က ဆရာဟွမ်၏တပည့်တစ်ဦး ဖြစ်ခဲ့ဖူးလေသလော။

မိမိသား၏ အမှုအကြောင်းကို ယန်ကျောက်ထုတ်ဖော်ပြောဆိုလိုက်သဖြင့် ဆရာဟွမ်မှာ ရင်ထဲမှ လှိုက်တက်လာကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။

ယောင်းမဟွမ်က မျက်ရည်များ ပြည့်လျှံလာကာ တုန်ယင်သောအသံဖြင့် မေးလိုက်၏။

“တကယ်လား”

ချန်မေ့လန်တစ်ယောက် ဦးရေပြားများပင် ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဆရာဟွမ်၏သားဖြစ်သူ ဟွမ်ရှောင်ရှန်မှာ ရုပ်ရည်ချောမောကာ ဉာဏ်ရည်ထက်မြက်ပြီး ကိုယ်ချင်းစာတရားရှိသည့်အပြင် အလွန်တရာ သဘောမနောကောင်းသူလေးဖြစ်သည်။

သူ အသက်ရှိစဉ်က ချန်မေ့လန်၏အိမ်မှုကိစ္စများ၊ အမှိုက်သိုက်ရှင်းလင်းခြင်းနှင့် မိလ္လာကျင်းဆေးကြောခြင်းကဲ့သို့သော အလုပ်ကြမ်းများကိုပင် ကူညီလုပ်ကိုင်ပေးလေ့ရှိပြီး ဆီးနှင်းများကျဆင်းချိန်တိုင်း ရွာတစ်ရွာလုံးရှိ လမ်းများကို လိုက်လံ၍ တံမြက်လှည်းပေးတတ်သူဖြစ်၏။

ရွာထဲတွင် အညစ်ပတ်ဆုံးနှင့် အပျင်းဆုံးဖြစ်သော အဘိုးအိုယန်၏ အဝတ်အစားနှင့် ခြေအိတ်များကိုပင် သူ၏သားသမီးအရင်းများက မလျှော်ဖွပ်ပေးသော်လည်း ရှောင်ရှန်လေးကမူ ကူညီ၍ လျှော်ဖွပ်ပေးတတ်သေး၏။

ထိုကလေးလေး ကွယ်လွန်သွားပြီးနောက်ပိုင်းတွင် ရွာကလေး၏ ပျော်ရွှင်မြူးထူးမှုများလည်း တစ်ပါတည်း ပျောက်ကွယ်သွားခဲ့ရသည်။

ယန်ရှီရှန်း၏မိခင်ကြီး ကွယ်လွန်ခါနီးအချိန်တွင်ပင် သူမ၏ချွေးမလက်ကိုဆုပ်ကိုင်ကာ ဟွမ်လေးအား တိုက်ပြေးသွားသော ကားဆရာကို ဖမ်းမိသည့်တစ်နေ့ သူမ အုတ်ဂူရှေ့တွင် အမွှေးတိုင်ထွန်း၍ လာရောက်သတင်းပို့ရန် အသေအချာ မှာကြားသွားခဲ့သေးသည်။

ထိုပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးမှာ ယောင်းမဟွမ်တစ်ဦးတည်း၏ ဖြေရှင်းမရသော ပြဿနာမဟုတ်ဘဲ တစ်ရွာလုံး၏ရင်တွင်းဖြစ် သောကတစ်ခုပင် ဖြစ်နေတော့၏။

ထင်သည့်အတိုင်းပင် ယောင်းမဟွမ်က ယန်ကျောက်အား တုန်ယင်သောလေသံဖြင့် မေးခွန်းထုတ်လိုက်လေသည်။

“မင်း ဘယ်လိုလုပ်ပြီး စုံစမ်းမှာလဲ၊ လိုင်စင်မဲ့ကုန်တင်ကားလို့ ပြောကြတယ်မဟုတ်လား၊ လူကလည်း ဘယ်ပြေးလို့ပြေးမှန်းမသိ၊ မင်း ဘယ်လိုလုပ်စုံစမ်းနိုင်မှာလဲ”

ယန်ကျောက်က ခိုင်မာပြတ်သားသော မျက်ဝန်းများဖြင့် ကြည့်ကာ အားပေးစကား ဆိုလိုက်၏။

“ကျွန်တော့်မှာ ဇွဲရှိနေသရွေ့ သေချာပေါက် ရှာတွေ့မှာပါ၊ ကျွန်တော်က ဆရာဟွမ့်ရဲ့ ပထမဆုံးတပည့်တွေထဲက တစ်ယောက်ပါ၊ ရှောင်ရှန် ကြီးပြင်းလာတာကိုလည်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာပဲ၊

မရီးက ဒီကလေးလေးကို မွေးဖို့ပဲ ဂရုစိုက်ပါ၊ ဒီကိစ္စကို အဆုံးစွန်ထိ စုံစမ်းပေးမယ်လို့ ကျွန်တော်ကတိပေးပါတယ်”

ယောင်းမဟွမ်က ဝေခွဲမရဖြစ်နေဆဲဟန်ဖြင့် မေးလိုက်ပြန်သည်။

“ဒါဆို... ငါ ဒီကလေးကို မွေးသင့်တယ်ပေါ့”

ယန်ကျောက်က ယုံကြည်ချက်အပြည့်ဖြင့် တုံ့ပြန်လိုက်လေသည်။

“မရီး ကလေးမမွေးခင် ဒီအမှုကို အဖြေပေါ်အောင် လုပ်ပေးမယ်လို့ ကျွန်တော် ကတိပေးပါတယ်”

ယောင်းမဟွမ်က ရုတ်တရက် အကြောင်းအရာပြောင်းကာ မှတ်ချက်ပြုလိုက်၏။

“ဒါနဲ့ စကားမစပ်၊ မေ့လန်က တကယ်ကို လူကောင်းလေးပါ၊ အရင်က ရှီရှန်းနဲ့နေတုန်းက သူမ တော်တော်လေးနှိပ်စက်ခံခဲ့ရတာ၊ မင်း သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံသင့်တယ်”

ယန်ကျောက် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခပ်တိုးတိုး ဝန်ခံလိုက်လေသည်။

“လူကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတဲ့ နေရာမှာတော့ ကျွန်တော်က ရှီရှန်းထက် ပိုသာမှာ သေချာပါတယ်၊ ဒါပေမယ့် ပိုက်ဆံရှာတဲ့နေရာမှာတော့ ကျွန်တော်သိပ်မကျွမ်းဘူး”

ချန်မေ့လန် ရုတ်တရက် အံ့အားသင့်သွားရ၏။ အေးစက်ခက်ထန်သောမျက်နှာထားဖြင့် တင်းမာလှသော ဤအမျိုးသား၏ရင်တွင်း၌ ဤမျှလောက် မလုံခြုံမှုများ ကိန်းအောင်းနေလိမ့်မည်ဟု သူမ တစ်ခါမျှမတွေးထားခဲ့ဖူးပေ။

ယန်ရှီရှန်းကဲ့သို့ ငွေမရှာနိုင်ခြင်းအပေါ် သူက မလုံမခြုံဖြစ်နေရသည်လော။

ထိုသည်က ချန်မေ့လန် လုံးဝမျှော်လင့်မထားခဲ့သောအချက်ပင်။

‘ဒါဆို သူက ယန်ရှီရှန်းနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ရချိန်မှာ ကိုယ့်ကိုယ်ကို သိမ်ငယ်နေခဲ့တယ်ပေါ့'

၁၉၉၀ ပြည့်လွန်နှစ်များကဲ့သို့ ငွေကြေးဖောင်းပွမှု အလွန်ဆိုးရွားကာ သူဌေးသစ်များ မှိုလိုပေါက်နေသော ခေတ်ကြီးတွင် သူတို့ကဲ့သို့သော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သို့မျှ ကြီးပွားချမ်းသာနိုင်မည်မဟုတ်ပေ။

ဤကိစ္စနှင့်ပတ်သက်၍ ယန်ကျောက်အား မည်သို့နှစ်သိမ့်ပေးကာ လမ်းမှန်ပြသပေးရမည်နည်း။

သို့သော် ထိုအချိန်၌ ယောင်းမဟွမ်က ရယ်မောလိုက်ကာ ပြတ်သားစွာ ဆိုလေသည်။

“ယန်ကျောက်၊ မင်း နားလည်ထားသင့်တာက မင်းလိုလူမျိုးတွေသာ ပိုက်ဆံရှာဖို့ လောဘတက်လာပြီဆိုရင် ဒီတိုင်းပြည်ကြီးလည်း ပျက်စီးသွားတော့မှာပဲ”

ဆရာဟွမ်ကလည်း ခါးသီးစွာပြုံးလျက် ဝင်ပြောလေ၏။

“မေ့လန်ကသာ သူ့အစ်ကိုရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်မပေးခဲ့ဘူးဆိုရင် ငါလည်း ငတ်ပြတ်နေမှာပဲမဟုတ်လား၊

ဒါပေမယ့် လူတစ်ယောက်ကတော့ စာသင်တဲ့အလုပ်ကို လုပ်ရမယ်၊ လူတစ်ယောက်ကတော့ ရဲအလုပ်ကို လုပ်ရမှာပဲလေ၊ ယန်ကျောက်၊ မင်း အကောင်းမြင်စိတ်လေးမွေးဖို့လိုတယ်”

အပြင်ဘက်မှနေ၍ ယောင်းမဟွမ်၏စကားများကို ကြားလိုက်ရသောအခါ ချန်မေ့လန်၏ရင်ထဲတွင် ခေါင်းလောင်းထိုးသံကြီး ကြားလိုက်ရသကဲ့သို့ ရုတ်တရက် အလင်းပွင့်သွားခဲ့လေသည်။

ယောင်းမဟွမ်၏ အသွင်အပြင်မှာ ကြမ်းတမ်းပြီး စကားပြောဆိုရာတွင် ပြတ်တောင်းပြတ်တောင်းနိုင်သော်လည်း သူမ၏ဆင်ခြင်တုံတရားမှာမူ လုံးဝ အကြမ်းထည်မဟုတ်ပေ။

ယန်ကျောက်သည် ပြည်သူ့လုံခြုံရေးဗျူရိုဌာနခွဲတစ်ခု၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကာ သတ္တုတွင်းများ၊ ကျောက်မီးသွေးတွင်းများ၊ စက်ရုံအလုပ်ရုံများ၊ ညကလပ်များနှင့် သူဌေးသစ်များ ထွက်ပေါ်လာနိုင်သည့် နေရာဒေသအားလုံးကို ကြီးကြပ်ကွပ်ကဲရသူ ဖြစ်၏။

နေ့စဉ်နှင့်အမျှ ရုတ်တရက် ချမ်းသာကြွယ်ဝလာသူများနှင့် ထိတွေ့ဆက်ဆံနေရကာ သူ၏ရုံးစားပွဲအံဆွဲကိုသာ သော့မခတ်ထားပါက ထိုအံဆွဲအတွင်းသို့ ငွေထုပ်များ လာရောက်ထိုးထည့်မည့်သူ အလွန်ပေါများလှပေသည်။

အကယ်၍ သူသာ မသမာသောနည်းလမ်းများဖြင့် ဓနဥစ္စာစုဆောင်းလိုစိတ်ရှိခဲ့လျှင်၊ အကယ်၍ သူသာ ငွေကြေးနောက်သို့ လိုက်ခဲ့မည်ဆိုလျှင်...

ထိုအရာက နိုင်ငံတော်၏ တရားစီရင်ရေးယန္တရားကြီးတစ်ခုလုံး အထက်မှစ၍ အောက်ခြေအထိ ယိုယွင်းပျက်စီးနေပြီဆိုသည်ကို သက်သေပြနေခြင်းပင်မဟုတ်လော။

တရားစီရင်ရေးယန္တရားကြီး ပြိုလဲသွားပါက နိုင်ငံတစ်နိုင်ငံလုံးလည်း ပျက်စီးသွားတော့မည်မဟုတ်လော။

တိုင်းပြည်၏ သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများမှာ ဤသူဌေးသစ်များထံမှ ဆင်းသက်လာသည် မှန်သော်ငြား တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုများမှာ ယန်ကျောက်ကဲ့သို့သော တရားစီရင်ရေး ဝန်ထမ်းများ၏ ပခုံးထက်တွင် မှီခိုနေရသည်မဟုတ်လော။

အစပိုင်းက အလောတကြီး ရောက်လာခဲ့သော်လည်း ဤစကားများကို ကြားလိုက်ရပြီးနောက် ယောင်းမဟွမ်အနေဖြင့် မည်သို့ပင်ဖြစ်စေ ကလေးမွေးဖွားတော့မည်ကို သေချာသွားသဖြင့် သူမကိုယ်တိုင် ဝင်ရောက်နားချရန်မလိုအပ်တော့ဟု ဆုံးဖြတ်လိုက်ကာ ပါလာသော ပစ္စည်းများအားလုံးကို ယောင်းမဟွမ်၏မီးဖိုချောင်အတွင်း တိတ်တဆိတ်ထားရစ်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့တော့သည်။

အိမ်သို့ပြန်ရောက်သောအခါ ရှောင်ဝမ်က ဖခင်ဖြစ်သူအား အဝတ်လျှော်ရာတွင် ကူညီပေးနေသည်ကို မြင်တွေ့လိုက်ရ၏။

သူ့ဖခင်၏ ပန်းရောင်အိပ်ရာခင်းကြီးကို အဝတ်လျှော်စက်အတွင်း ထည့်သွင်းကာ ရေညှစ်ရန်ပြင်ဆင်နေခြင်းပင်။

အဝတ်လျှော်စက်အတွင်းမှရေများ ကြည်လင်သွားသည်ကို မြင်လိုက်ရသဖြင့် ချန်မေ့လန်က စက်ကိုပိတ်ကာ အဝတ်လှန်းရန် ချက်ချင်းပြင်ဆင်လိုက်သည်။

သို့သော် သူမက ခလုတ်ကို လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် အဝတ်လျှော်စက်မှာ လည်ပတ်မှု ရပ်တန့်သွားသော်လည်း ဝုန်းဒိုင်းကြဲအသံများနှင့်အတူ ရုတ်တရက် ခုန်ပေါက်လာတော့၏။

ရှောင်ဝမ်က ရေပိုက်ကို လွှတ်ချကာ စက်ကို လာရောက်ပိတ်ပေးရင်း ညည်းတွားလိုက်လေသည်။

“အမေလုပ်နေပြီးတော့ ဒီလောက်လေးတောင် မလုပ်တတ်ဘူး၊ ခင်ဗျားလှည့်လိုက်တဲ့ခလုတ်က မှားနေတယ်၊ အဲဒါက ရေညှစ်တဲ့ စည်ပိုင်းခလုတ်လေ”

ချန်မေ့လန်က အလန့်တကြား အော်လိုက်၏။

“မြန်မြန်ပိတ်လိုက်စမ်းပါ”

ယခုမှ လျှော်ထားသော အဝတ်များမှာ ခြံဝင်းအတွင်းသို့ လွင့်စင်ထွက်ကျတော့မည့် အခြေအနေတွင် ရှိနေသည်။

ရှောင်ဝမ်က ခလုတ်ကို လှည့်ပိတ်လိုက်ရာ အဝတ်လျှော်စက်မှာ နှစ်ချက်သုံးချက်ခန့် ဆက်ခုန်နေပြီးမှ ငြိမ်သက်သွားတော့သည်။

ရှောင်ဝမ်က အဝတ်များကို ရေညှစ်စည်ပိုင်းထဲသို့ ပြောင်းရွှေ့ထည့်သွင်းကာ အဖုံးကို ဂရုတစိုက်ပိတ်ရင်း လူကြီးတစ်ယောက်လို ညွှန်ကြားလေ၏။

“ကဲပါ၊ ကျွန်တော်ဘာသာလျှော်ပြီး လှန်းလိုက်ပါ့မယ်၊ ခင်ဗျားက ညစာသွားချက်တော့၊

ဒီရက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အပြေးအလွှား သွားနေရတော့ ညစာက နောက်ကျနေတာ၊ ရှောင်လန်ဆိုရင် ဗိုက်ဆာလွန်းလို့သေတော့မယ်”

ရေညှစ်စည်ပိုင်း၏ ပလတ်စတစ်အဖုံးကို ပိတ်ရာတွင် သီးသန့်ကျွမ်းကျင်မှုတစ်ခု လိုအပ်လေသည်။ အဖုံးကို ဟန်ချက်ညီညီပိတ်နိုင်မှသာ စက်လည်ပတ်မည်ဖြစ်ပြီး သို့မဟုတ်ပါက အလုပ်လုပ်မည်မဟုတ်ပေ။

ချန်မေ့လန်က သူမအနေဖြင့် ဤအရာကို ယခင်က လုပ်ဖူးသဖြင့် သဘောတရားကို နားလည်ထားပြီး ရှောင်ဝမ်တစ်ယောက် ထိုကျွမ်းကျင်မှုကို မပိုင်နိုင်သေးဟု ခန့်မှန်းထားလိုက်၏။

All Chapters