အခန်း ၈၈
Vol. 9 Ch. 88
အခန်း (၈၈)
အရာရာကို သူ့ထက်သိသူမရှိတော့သကဲ့သို့ ဟန်ရေးပြနေသော ဤလူငယ်လေး အမှားလုပ်မိချိန်ကို စောင့်ဆိုင်းကာ သင်ခန်းစာပေးရန် သူမ စိတ်အားထက်သန်နေမိသည်။
သို့သော် သူက ခလုတ်ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ရွှီးခနဲအသံနှင့်အတူ အဝတ်လျှော်စက်ကြီးမှာ ချောမွေ့စွာ ရေညှစ်စတင်တော့သည်။
ညစ်ညမ်းသော ရေများမှာ ရေပိုက်မှတစ်ဆင့် တံခါးဝရှိ ရေမြောင်းအတွင်းသို့ စီးကျသွား၏။ လေးမိနစ်ပင် မပြည့်မီ အချိန်အတွင်း အဝတ်များကို ထုတ်ယူလိုက်သောအခါ တစ်ဝက်ခန့် ခြောက်သွေ့နေပြီဖြစ်သည်။
ယွမ်ယွမ်က အားကျသဘောကျစွာဖြင့် လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်လေသည်။
“အစ်ကိုကြီးဝမ်က တကယ်ကိုတော်တာပဲ”
ရှောင်ဝမ်က သဘောကျစွာ ရယ်မောရင်း လျှာလေးထုတ်ပြလိုက်၏။
သူသည် မိန်းကလေးများကို အလွန်မုန်းတီးသော်လည်း ယွမ်ယွမ်မှာ ချိုသာသောသီချင်းလေးများ သီဆိုတတ်သဖြင့် လောလောဆယ်တွင် သူမအပေါ် ကောင်းမွန်စွာဆက်ဆံနေခြင်းဖြစ်သည်။
နေဝင်ရီတရော အချိန်သို့ ရောက်လာပြီဖြစ်သော်လည်း ချန်တကုန်းမှာ လုပ်ငန်းခွင်တွင်သာ ရှိနေဆဲဖြစ်သည်။
လုပ်ငန်းခွင်၌ သူကိုယ်တိုင် ဟင်းချက်စားလေ့ရှိသော်လည်း ပြီးခဲ့သောအကြိမ်က ဒုတိယညီဖြစ်သူ၏ ခြောက်လှန့်မှုကြောင့် ယခုတစ်ကြိမ် အစ်မကြီးဖြစ်သူက ဟင်းလာချက်ပေးမည်ဆိုသည်ကိုပင် သူကလက်မခံတော့ပေ။
ယနေ့ ချန်မေ့လန် ကြက်တစ်ကောင်ဝယ်လာခဲ့ရာ အားလုံးကို အိုးတစ်လုံးတည်းဖြင့် ချက်ပြုတ်ပြီးနောက် ထက်ဝက်ကို ချန်တကုန်းထံသို့သွားပို့ကာ အလုပ်သမားများကို ကျွေးမွေးရန် ရည်ရွယ်ထားသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့တွင် သံချည်သံပတ်များ ချည်နှောင်ခြင်းနှင့် ကွန်ကရစ်လောင်းခြင်းလုပ်ငန်းစဉ်များကို တစ်ပြိုင်တည်း ပြီးစီးအောင်လုပ်ဆောင်ရမည်ဖြစ်ရာ တစ်ညလုံး အလုပ်များကြမည်ဖြစ်သည်။
လယ်ယာအလုပ်သမားများမှာ အသားစားရခဲသဖြင့် သူတို့ကို အသားကျွေးခြင်းက အလုပ်လုပ်ရန် ခွန်အားများ တိုးပွားလာစေမည်မဟုတ်လော။
ချန်မေ့လန် မီးဖိုချောင်အတွင်း၌ ကြက်သားခုတ်နေစဉ် ရှောင်လန်က ပြေးဝင်လာကာ သူမ၏ပါးစပ်ထဲသို့ တစ်ခုခု အတင်းထိုးထည့်ပေးရင်း အသံစာစာလေးဖြင့် ပြောလေသည်။
“မေမေ စား”
အနံ့သင်းသင်းလေး ထွက်နေသော ဝက်အူချောင်းတစ်ဝက်ပင်ဖြစ်၏။
ချန်မေ့လန်က ပြုံးလျက် သတိပေးလိုက်၏။
“ရှောင်လန်၊ မင်းအစ်ကို ဝယ်ကျွေးရင်တောင် မုန့်တွေ ထပ်မစားသင့်တော့ဘူး၊ မင်းဗိုက်လေးက အရမ်းတင်းနေပြီ၊ ဒီအတိုင်းဆိုရင် ဝက်ကလေး ဖြစ်သွားလိမ့်မယ်နော်”
ရှောင်လန်က ခေါင်းမာမာဖြင့် ငြင်းဆန်လေသည်။
“အဘွားပေးတာ၊ မေမေ့ကို စားဖို့ပေးတာ”
ဤကလေး၌ အဘွားမရှိပေ။
ချန်မေ့လန်က ယွမ်ယွမ်ကို လှမ်းမေးလိုက်၏။
“ယွမ်ယွမ်၊ ဒီနေ့ ရှောင်လန်အတွက် ဝက်အူချောင်း ဝယ်ပေးလိုက်သေးလား၊ နောက်ဆို မဝယ်ပေးနဲ့တော့နော်၊ ကြားလား”
ယွမ်ယွမ်က ပြေးဝင်လာကာ နားမလည်ဟန်ဖြင့် မေးခွန်းထုတ်လေသည်။
“မဝယ်ပါဘူး မေမေ၊ ဝက်အူချောင်းဆိုတာဘာကြီးလဲ”
ချွန်းတူး အမှတ်တံဆိပ် ဝက်အူချောင်းတစ်ဝက်။
ဤခေတ်ကာလတွင်မှ စတင်ခေတ်စားလာသော ထိုစားစရာလေးထံမှ ဆွဲဆောင်မှုရှိလှသော အနံ့သင်းသင်းလေးက လေထဲတွင် ပျံ့လွင့်နေ၏။
ရုပ်မြင်သံကြားတွင် ကြော်ငြာများ လာနေပြီဖြစ်သော်ငြား အပြင်ဈေးကွက်တွင်မူ အလွယ်တကူ ဝယ်ယူ၍မရနိုင်သေးပေ။
ကလေးမလေးက အနံ့ကို တဝကြီးရှူသွင်းလိုက်ရင်း မှတ်ချက်ချလိုက်၏။
“ဪ... ဒါက ဝက်အူချောင်းကိုး၊ အနံ့လေးက တကယ်မွှေးတာပဲ”
ချန်မေ့လန်သည် တစ်ဝက်ကျန်နေသော ဝက်အူချောင်းကိုကိုင်လျက် ခေတ္တမျှ စဉ်းစားပြီးနောက် ဘေးအိမ်သို့ ကူးသွားလိုက်သည်။
သူမက ဦးစွာ မေးမြန်းလိုက်၏။
“ချင်ယွီ၊ နင်နင့်ကို မုန့်ဖိုးပေးသေးလား၊ သူ ရှောင်လန်အတွက် ဝက်အူချောင်း ဝယ်ပေးဖူးလား”
ချင်ယွီက ရယ်မောရင်း ပြန်ဖြေလေသည်။
“ဝက်အူချောင်းလား... အဲဒါတွေ ဈေးထဲမှာ မရသေးဘူး မဟုတ်လား၊ အနံ့ကတော့ တကယ်မွှေးတာပဲ”
နင်နင်က ခုန်ပေါက်ကာ ဝင်ပြောလိုက်၏။
“သမီးသိတယ်၊ သမီးသိတယ်၊ အဘွားကြီးတစ်ယောက်က ရှောင်လန်ကို ပေးသွားတာ၊ သမီးလည်း စားချင်တာကို ရှောင်လန်က နည်းနည်းလေးတောင်မကျွေးဘူး”
နောင်တစ်ချိန်တွင် “အာဟာရမဖြစ်စေသော အမှိုက်အစားအစာ - Junk Food” ဟု ခေါ်တွင်လာမည့် ဤစားစရာမှာ ယခုအချိန်တွင်မူ ဇိမ်ခံအစာတစ်ခု ဖြစ်နေလေသည်။
ချန်မေ့လန်က ထပ်မံမေးမြန်းလိုက်၏။
“စကားမစပ် ချင်ယွီ၊ နင်နင် ဆေးသုတ်စက်ရုံ ရွေးချယ်ပွဲကို စာရင်းသွင်းထားတယ်ဆို၊ နောက်ဆုံးတော့ အရွေးခံရလား”
ချင်ယွီက သက်ပြင်းချကာ ညည်းတွားလေသည်။
“မပြောပါနဲ့တော့ဟယ်၊ သူတို့က ယောကျာ်းလေးတစ်ယောက်ကို လိုချင်တာတဲ့၊ အဲဒါမှလည်း ဝဝကစ်ကစ်လေး ဖြစ်ရမယ်တဲ့လေ၊ ကလေးကို ဆေးသုတ်တဲ့အနံ့က အရမ်းမွှေးတယ်လို့ ဟန်ဆောင်ခိုင်းပြီး တစ်ကိုယ်လုံး ဆေးတွေသုတ်၊
ပါးစပ်ထဲလည်း ထည့်ခိုင်းတာလေ၊ အဲဒါမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါ့သမီးကို သုတ်ဆေးတွေစားခိုင်းနေသလို ဖြစ်မနေဘူးလား၊ အဲဒီလိုလုပ်ခိုင်းဖို့ ငါကရူးနေလို့လား”
အိမ်သို့ပြန်ရောက်သောအခါ ရှောင်လန်က ဝက်အူချောင်းတစ်ဝက်ကိုကိုင်လျက် ချန်မေ့လန်နောက်သို့ တကောက်ကောက် လိုက်လာပြန်သည်။
ကလေးငယ်မှာ သူ့မိခင်အတွက် ချန်ထားပေးချင်သော်လည်း သူကိုယ်တိုင် အလွန်စားချင်နေသဖြင့် တစ်ချက်လျက်လိုက်၊ ချန်မေ့လန်ကိုပေးလိုက်နှင့် လုပ်နေကာ သူမက မယူသောအခါ နောက်တစ်ကြိမ် ထပ်လျက်ပြန်လေသည်။
ချန်မေ့လန်က ခါးကိုကိုင်းကာ ရှောင်လန်အား ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ချစ်စနိုးဖြင့် မေးလိုက်၏။
“အန်တီက သားရဲ့မေမေလား”
“ဟုတ်”
“အန်တီ့နာမည်က ဘယ်သူလဲ”
ရှောင်လန်က ခေတ္တစဉ်းစားပြီး ပြန်ဖြေလေသည်။
“အင်း... ကျိုးရွှယ်ချင်း... ထင်တယ်”
ချန်မေ့လန်က ဆက်မေးလိုက်၏။
“အဲဒါ ဘယ်သူပြောတာလဲ”
ရှောင်လန်က ဖြူစင်စွာ ဖြေဆိုလေသည်။
“အဘွား... ထင်တယ်၊ မေမေ့ကို မမေ့ဖို့၊ မေမေ့ကို ချစ်ဖို့ပြောတယ်”
ချန်မေ့လန်က ဝက်အူချောင်းကို လှမ်းယူ၍ အကြီးကြီး တစ်ကိုက်ကိုက်စားလိုက်ပြီးနောက် ညွှန်ကြားလိုက်၏။
“ကဲ အခု ခြံထဲသွားပြီးပြေးတော့၊ များများပြေးလေ ကောင်းလေပဲ”
“ဟင်၊ ပြေးရမယ်လား”
“မပြေးချင်ဘူး၊ ပင်ပန်းတယ်”
အင်မတန်အပျင်းကြီးသော ကလေးလေးပင်။
ချန်မေ့လန်က သူ့တင်ပါးလေးကို ပုတ်ကာ မြှူဆွယ်လိုက်လေသည်။
“မေမေက သားအတွက် ဝက်အူချောင်း ကြော်ပေးမယ်လေ”
‘ဝက်အူချောင်းက ဒီအတိုင်းတောင် မွှေးနေပြီဆိုတော့ ကြော်လိုက်ရင် ပိုမွှေးသွားမှာ မဟုတ်လား'
ရှောင်လန်တစ်ယောက် ဖောင်းမို့နေသော တင်ပါးလေးကို လှုပ်ခါလျက် ခြံဝင်းအတွင်းသို့ဆင်းကာ အမှန်တကယ်ပင် စတင်ပြေးလွှားနေတော့သည်။
ချင်ယွီ၏အိမ်မှ ထွက်လာပြီးနောက် ချန်မေ့လန်သည် အိမ်သို့ အလျင်စလိုမပြန်သေးပေ။
ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသော ဤဝက်အူချောင်းငယ်လေးများကို အပြင်တွင် ဝယ်ယူမရနိုင်သေးသော်လည်း ဈေးထဲတွင် ကြက်သွန်ဖြူဝက်အူချောင်း ရောင်းချသူများ ရှိလေသည်။
ထိုဝက်အူချောင်းများကို ဒယ်အိုးဖြင့် ကြော်စားပါက ယခုဝက်အူချောင်းများထက်ပင် ပို၍ အရသာရှိလှပေ၏။
ကြက်သွန်ဖြူဝက်အူချောင်းတစ်တွဲ ဝယ်ယူပြီးနောက် ချန်မေ့လန်သည် ပထမအဖွဲ့တည်ရှိရာဘက်သို့ ထွက်လာခဲ့သည်။
သူမ၏ခန့်မှန်းချက်သာ မှန်ကန်ပါက စောစောက ရှောင်လန်အား ဝက်အူချောင်းလာပေးသွားသူမှာ ကျိုးရွှယ်ချင်း၏မိခင် ဝူလျန်လျန်သာ ဖြစ်ပေလိမ့်မည်။
ကျိုးရွှယ်ချင်း ကိုယ်တိုင်ကမူ ကလေးကို စွန့်ပစ်ခဲ့သည့်အပေါ် ရှက်ရွံ့၍ဖြစ်စေ၊ ကလေးက သူမအားကပ်တွယ်မည်ကို စိုးရိမ်၍ဖြစ်စေ မျက်နှာပြရဲမည်မဟုတ်ပေ။
ထို့ကြောင့် သူမ၏မိခင်ကသာ ရှောင်လန်အား ဝက်အူချောင်းလာပေးခြင်းဖြစ်ရပေမည်။
လွန်ခဲ့သော ရက်အနည်းငယ်ကမှ ကျိုးရွှယ်ချင်းသည် စုန့်ဟွိုင်ဟွာထံမှ ငွေချေးရန် ကြိုးပမ်းသော်လည်း ငြင်းပယ်ခံရသည်ကို ချန်မေ့လန်ကိုယ်တိုင် တွေ့ခဲ့ရသည်မဟုတ်လော။
ရက်အနည်းငယ် အကြာတွင် လုကျင်းယွီမှာ ငွေတိုက်စာချုပ်များ ဝယ်ယူရင်း ငွေအမြောက်အမြား ရှုံးသွားသဖြင့် သူတို့နှစ်ဦးလုံး စိတ်ဓာတ်ကျနေကြကြောင်း စုန့်ဟွိုင်ဟွာပြောပြ၍ သိခဲ့ရသေးသည်။
ထို့ကြောင့် ကျိုးရွှယ်ချင်းမှာ ငွေအမြောက်အမြား ရှာဖွေလိုသော်လည်း မည်သည့်စီးပွားရေးလုပ်ငန်းမဆို အရင်းအနှီးလိုအပ်ရာ ယခုအခါတွင် အရင်းအနှီးပြုတ်နေသဖြင့် အခက်ကြုံနေရခြင်းဖြစ်သည်။
သူမသည် ပြန်လည်မွေးဖွားလာသူပီပီ ဆေးသုတ်စက်ရုံကြော်ငြာအတွက် လွီအာနျိုကို စာရင်းသွင်းပေးခဲ့သော်လည်း လွီအာနျို၏ ရုပ်ဆင်းအင်္ဂါချို့တဲ့မှုကြောင့် စက်ရုံက လက်မခံသဖြင့် ထိုအစီအစဉ်လည်း ပျက်စီးသွားခဲ့ရပေမည်။
အစပိုင်းက ချန်မေ့လန် ထင်မှတ်ထားသည်မှာ ကလေးငယ်များ မတော်တဆ သုတ်ဆေးများ စားမိသည့်ပုံစံမျိုးသာ ဖြစ်မည်ဟု ထင်ခဲ့သည်။ အာနျိုမှာ အသက်အရွယ်ရနေပြီဖြစ်သဖြင့် သုတ်ဆေးများအား မတော်တဆ စားမိမည်မဟုတ်ပေ။
သို့သော် ယခုအခြေအနေအရ စက်ရုံက ကလေးငယ်အား ခေါင်းအစခြေအဆုံး ဆေးများ သုတ်လိမ်းထားစေရုံသာမက သုတ်ဆေးများကိုပါ စားခိုင်းလိုသည်မှာ ထင်ရှားနေပေသည်။
‘ပြီးတော့ ကျိုးရွှယ်ချင်း... သူမက ဒီအကြောင်းကို သိထားခဲ့တာပဲ'
ထို့အပြင် ရှောင်ဝမ်နှင့် ရှောင်လန်တို့အပေါ် ချန်မေ့လန်၏အမြင်မှာ အမြဲတမ်း ဘက်လိုက်မှုရှိနေခဲ့သည်။
သူမ၏ ယောင်းမများသာမက ကျင်းပေါင်၊ ကျန်းကျူးနှင့် ပေါင်ကျူးတို့ကပင် ရှောင်ဝမ်နှင့် ရှောင်လန်တို့အကြောင်း ပြောလာလျှင် ခေါင်းခါပြတတ်ကြသည်မဟုတ်လော။
ရှောင်လန်မှာ အသက်ငယ်လွန်းသေးသဖြင့် အရာရာကို မှတ်မိနိုင်စွမ်း မရှိသေးသော်လည်း ရှောင်ဝမ်မှာမူ ယန်ကျောက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလင့်ကစား အတူနေထိုင်ခဲ့သည့်အချိန်တစ်လျှောက်လုံးတွင် မည်သူ့ရှေ့တွင်မှ၊
နောက်ဆုံး ယန်ကျောက်ရှေ့တွင်ပင် သူ့မိခင်အရင်းအကြောင်းကို ထုတ်ဖော်ပြောဆိုလေ့မရှိသကဲ့သို့ ကျိုးရွှယ်ချင်း၏ မကောင်းကြောင်းကိုလည်း တစ်ခွန်းမျှ မဟဖူးသည်ကို ချန်မေ့လန် သတိပြုမိခဲ့သည်။
ဤသည်မှာ သဘာဝကျလှပေသည်။ ယွမ်ယွမ်ကဲ့သို့ပင် ယန်ရှီရှန်းအရက်မူးလာတိုင်း သူမအား ငွေဖြုန်းသောမိန်းမပျက်လေး၊ သူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသူလေးဟု လက်ညှိုးထိုး ဆဲဆိုတတ်သော်လည်း...
ယွမ်ယွမ်သည် မည်သူ့ရှေ့တွင်မျှ ယန်ရှီရှန်း၏မကောင်းကြောင်းကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ပေ။
အကြောင်းမူကား သားသမီးများကို မိဘများက မွေးဖွားပေးခြင်းဖြစ်ပြီး သားသမီးများအနေဖြင့် မိဘများ၏မကောင်းကြောင်းကို မပြောဆိုခြင်းမှာ လူသားတို့၏ မွေးရာပါသဘာဝတစ်ခုပင် ဖြစ်သောကြောင့်ဖြစ်လေ၏။
သို့ရာတွင် သားသမီးများက ထုတ်ဖော်မပြောဆိုရုံမျှဖြင့် မိဘများက အမှန်တကယ်ကောင်းမွန်နေသည်ဟု မဆိုနိုင်ပေ။
ကျိုးရွှယ်ချင်းကဲ့သို့ပင်။
ယခင်က ချန်မေ့လန်အနေဖြင့် သံသယရှိရုံမျှသာ ရှိခဲ့၏။