အခန်း ၈၉
Vol. 9 Ch. 89
အခန်း (၈၉)
သို့သော် ယခုအခါတွင်မူ ရှောင်လန်လေးဖျားနာခဲ့ရခြင်းမှာ စက်ရုံအတွက် ဆေးသုတ်ကြော်ငြာ ရိုက်ကူးပေးခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း အခိုင်အမာ ကောက်ချက်ချရဲပြီဖြစ်သည်။
ကလေးငယ်တစ်ဦးကို ဆေးများ သုတ်လိမ်းကာ သာတ်ဆေးစားခိုင်းခြင်းဖြင့် စားသုံးသူများအား ၎င်းတို့စက်ရုံ၏ သုတ်ဆေးများမှာ အန္တရာယ်ကင်းရှင်းကြောင်း ယုံကြည်လာစေရန် ဖန်တီးခြင်းပင်။
အတိတ်ဘဝက ကျိုးရွှယ်ချင်းအနေဖြင့် ဤခေတ်ကာလတွင် အဆိပ်သင့်သုတ်ဆေးများနှင့် ပတ်သက်သော ဗဟုသုတမရှိသဖြင့် မသိနားမလည်ခဲ့ဟု ဆင်ခြေပေးနိုင်သော်လည်း ယခု သူမသည် ပြန်လည်မွေးဖွားလာသူဖြစ်နေပြီမဟုတ်လော။
‘သူ့မှာ ငွေရှာရန် အခြားနည်းလမ်း မရှိတော့ဘူးလား၊ သားအရင်းကိုတောင် ထပ်မံရောင်းစားရတော့မလို့လား’
အကယ်၍ ကျိုးရွှယ်ချင်းက ရှောင်လန်အား ဆေးသုတ်စက်ရုံ၏ရွေးချယ်မှုတွင် ပါဝင်ခွင့်ပြုရန် အမှန်တကယ် ရည်ရွယ်ထားဆဲဆိုပါက သူမသည် လူသားတစ်ယောက်မဟုတ်လောက်တော့ပေ။
မြွေဟောက်တစ်ကောင်၊ ကင်းမြီးကောက်တစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်ကာ ဝက်၊ ခွေးများထက်ပင် ဆိုးရွားယုတ်မာသူ ဖြစ်ပေလိမ့်မည်။
မိမိ၏ကိုယ်ပိုင်ရည်မှန်းချက်များ အောင်မြင်ရေးအတွက် တရားနည်းလမ်းတကျ ကြိုးပမ်းလိုသော ချန်မေ့လန်၏ ဖြူစင်သော ရည်မှန်းချက်များနှင့်မူ လုံးဝ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတော့သည်။
ပြန်လည်မွေးဖွားလာသူ အမျိုးသမီးနှစ်ဦးအကြား သီးသန့်ထိပ်တိုက်တွေ့ဆုံရမည်ကို ချန်မေ့လန် လုံးဝဝန်လေးနေမည်မဟုတ်ပေ။
ကျိုးရွှယ်ချင်း၏ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ရမည် ဆိုလျှင်ပင် ဤမျှယုတ်မာသောလုပ်ရပ်မျိုးကို အဘယ်ကြောင့် လုပ်ဆောင်ရသနည်းဟု သူမကို မျက်နှာချင်းဆိုင် မေးခွန်းထုတ်လိုနေသည်။
သို့ရာတွင် ပထမအဖွဲ့အတွင်းသို့ မဝင်ရောက်မီမှာပင် ရွာလူကြီးယန်ယုံး၏ဇနီး လျိုရှောင်ဟုန်နှင့် ဆုံတွေ့လေသည်။
လျိုရှောင်ဟုန်မှာ ဒေါသကြီးတတ်သူ တစ်ဦးဖြစ်ပြီး သူတို့နှစ်ဦးမှာ ယောင်းမများ ဖြစ်ကြသဖြင့် သဘာဝကျကျပင် မိသားစုဝင်များသဖွယ် ရင်းနှီးကြလေ၏။
လျိုရှောင်ဟုန်က အံ့သြသွားဟန်ဖြင့် မေးမြန်းလာ၏။
“မေ့လန်၊ ဒီကို ဘာကိစ္စရှိလို့ရောက်လာတာလဲ”
ချန်မေ့လန် စကားမစတင်ရသေးမီမှာပင် လျိုရှောင်ဟုန်က နှုတ်ခမ်းတွန့်ကာ သတင်းစကား ပါးလိုက်လေသည်။
“နင်သိလောက်မှာ မဟုတ်ဘူး၊ ကျိုးရွှယ်ချင်း ဒီနေ့ပဲ ငါတို့ ပထမအဖွဲ့ကနေ ထွက်သွားပြီ၊ မြို့တော်ကို သွားတာတဲ့”
ကျိုးရွှယ်ချင်း အမှန်တကယ်ပင် မြို့တော်သို့ ထွက်သွားပြီလော။
‘ဒါဆိုရင် ရှောင်လန်ကို ဝက်အူချောင်း လာပေးသွားတာက ကျိုးရွှယ်ချင်းရဲ့ အမေ သူ့ဘာသာ လာပေးတာပဲဖြစ်ရမယ်'
အခြားအမျိုးသမီးတစ်ဦးကလည်း ဝင်ရောက်ပြောဆိုလာ၏။
“ငါ လင်မယားနှစ်ယောက်ပြောနေတာကို ကြားလိုက်တယ်၊ ငွေတိုက်စာချုပ်တွေ ပြန်ရောင်းဖို့သွားတာတဲ့၊ အမြတ်အများကြီးရတယ်ဆိုပဲ၊
ပြီးတော့ အဲဒီကောင်မလေး ဝဝကစ်ကစ်လေးကိုလည်း ခေါ်သွားသေးတယ်၊ မြို့တော်မှာ ကလေးသီချင်းဆိုပြိုင်ပွဲရှိလို့တဲ့၊ အဲဒီပြိုင်ပွဲဝင်ပြိုင်ရင် ကြယ်ပွင့်လေးဖြစ်လာနိုင်တယ်လို့ ပြောနေကြတယ်”
အာနျို၏ သီချင်းဆိုစွမ်းရည်မှာ အမှန်တကယ်ပင် ထူးချွန်ပြောင်မြောက်ပြီး သူမ၌ အထူးသဖြင့် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်လှသည်။
ဇာတ်ခုံပေါ်တွင် ဖျော်ဖြေတင်ဆက်ရာ၌လည်း ကျွမ်းကျင်သဖြင့် ပြိုင်ပွဲဝင်ပါက ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်လာနိုင်သည်ဆိုခြင်းမှာ မဖြစ်နိုင်သောကိစ္စတော့မဟုတ်ပေ။
ကျိုးရွှယ်ချင်း၏ ငွေတိုက်စာချုပ် ပြန်လည်ရောင်းချမည်ဆိုသော ကိစ္စနှင့် ပတ်သက်၍မူ ထိုအကြောင်းကြောင့် ဖြစ်နိုင်ပေ၏။
မကြာမီကမှ အစိုးရက ငွေတိုက်စာချုပ်များကို ဒေသတွင်း၌ ဝယ်ယူရောင်းချခြင်းကို ပိတ်ပင်ထားသော်လည်း ဒေသအသီးသီးအကြား ကူးသန်းရောင်းဝယ်ခွင့်ကိုမူ ခွင့်ပြုထားဆဲဖြစ်သည်။
ဤအချက်ကြောင့် ဒေသအချင်းချင်း ငွေတိုက်စာချုပ် ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်သူအများအပြား ပေါ်ထွက်လာခဲ့၏။ အချို့မှာ ညတွင်းချင်း ယွမ်သောင်းနှင့်ချီ၍ အမြတ်ရနိုင်သော်လည်း ငွေရှာရသည့်မည်သည့်လုပ်ငန်းမဆို အန္တရာယ်များနှင့် ဒွန်တွဲနေစမြဲပင်။
ထိုသူများအကြားတွင် ပြိုင်ဆိုင်မှုများ ရှိရုံသာမက ငွေတိုက်စာချုပ်များလုယူရန်အတွက် ငွေမက်၍ လူသတ်သည့်အထိပင် ကျူးလွန်တတ်ကြလေသည်။
ညတွင်းချင်း သူဌေးဖြစ်နိုင်သကဲ့သို့ ရုတ်တရက်အသက်ဆုံးရှုံးသွားနိုင်သော လုပ်ငန်းမျိုးဖြစ်သည်။ ယခုဘဝတွင် ကျိုးရွှယ်ချင်း၏လုပ်ရပ်များမှာ ရိုင်းစိုင်းကြမ်းတမ်းလွန်းလှသည်ဟု ဆိုရပေမည်။
သို့ရာတွင် သူမသည် ရှောင်လန်ကို တစ်စုံတစ်ရာ ထိခိုက်နစ်နာအောင်မပြုလုပ်ရသေးသဖြင့် ချန်မေ့လန်သည် နှုတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်လေသည်။
ချန်မေ့လန် ပြန်လှည့်ထွက်ရန်ပြင်လိုက်စဉ် လျိုရှောင်ဟုန်က ထပ်မံ၍ သတင်းပေးလာပြန်၏။
“ဪ ဒါနဲ့ စကားမစပ်၊ ကျိုးရွှယ်ချင်းက ဝက်အူချောင်းစက်ရုံတစ်ခုအတွက် ကြော်ငြာစာသားတစ်ခု စဉ်းစားပေးလိုက်သေးတယ်၊ “ကခုန်နေတဲ့ ဝက်အူချောင်း” တဲ့၊
အဲဒီစာသားကို စက်ရုံက သုံးလိုက်လို့ ဝက်အူချောင်း ဘူးတွေအတော်များများ လက်ဆောင်ရလိုက်တယ်လေ၊ သူ့အမေက အပြင်မှာ လိုက်ရောင်းနေတာ၊
ငါလည်း နည်းနည်းဝယ်ထားတယ်၊ မေ့လန်၊ နင်ရော လိုချင်သေးလား၊ ငါ နှစ်ချောင်းလောက်ပေးလိုက်မယ်လေ”
‘ဒီတော့ ငါက မွေ့ရာအတွက် ကြော်ငြာစာသားတွေ စဉ်းစားနေချိန်မှာ ကျိုးရွှယ်ချင်းက ဝက်အူချောင်းစက်ရုံအတွက် ကြော်ငြာစာသားတွေ စဉ်းစားနေခဲ့တာပေါ့'
‘ပြီးတော့ ရှောင်လန်ကို ကျိုးရွှယ်ချင်းအမေ လာပေးသွားတဲ့ဝက်အူချောင်းတွေက ဝယ်လာတာမဟုတ်ဘဲ ဝက်အူချောင်းစက်ရုံက အလကားရလာတာတွေပေါ့'
‘ရှောင်ဝမ့်ကိုတော့ ဝက်အူချောင်း တစ်ချောင်းလေးတောင် မပေးဘဲ ရှောင်လန်ကိုကျမှ အမေအရင်းဆိုတာကို ထာဝရမှတ်မိနေအောင် ပေးသွားတာလား'
‘ဒီလို မိခင်မေတ္တာမျိုးက ဘယ်လိုလုပ် ဒီလောက်တောင် ဈေးပေါရတာလဲ'
ရွာထဲသို့ ပြန်ရောက်သောအခါ ဆရာဟွမ်၏အိမ်မှထွက်လာသော ယန်ကျောက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လေသည်။
ယန်ကျောက်က မျက်ခုံးပင့်လျက် မေးလိုက်၏။
“ဘယ်တွေသွားနေတာလဲ”
ချန်မေ့လန်က နွေးထွေးစွာ ပြုံးပြရင်း တုံ့ပြန်လိုက်လေသည်။
“ဘယ်မှ မသွားပါဘူး၊ အိမ်ပြန်ရအောင်၊ ရှင်နဲ့ ပြောစရာလေးရှိလို့”
သူ့ငွေရှာနိုင်စွမ်းအပေါ် ဤအမျိုးသားက သိမ်ငယ်စိတ်ဝင်နေလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးထင်ခဲ့ဖူးပေ။
ထို့အပြင် ကျိုးရွှယ်ချင်း၏မိခင်က အလကားရသော ဝက်အူချောင်းအနည်းငယ်ဖြင့် ဈေးပေါသောမိခင်မေတ္တာကို ဝယ်ယူရန်ကြိုးပမ်းလောက်အောင် ယုတ်ညံ့လိမ့်မည်ဟုလည်း သူမ ထင်မှတ်မထားခဲ့ပေ။
ဤအကြောင်းအရာများအားလုံးအား ယန်ကျောက်နှင့် သေချာပေါက် ဆွေးနွေးတိုင်ပင်ရန် လိုအပ်နေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယောင်းမဟွမ်ပြောခဲ့သလိုပင် ယန်ကျောက်သာ အမှန်တကယ်ငွေရှာတတ်ပြီး ချမ်းသာကြွယ်ဝလာမည်ဆိုပါက ဤတိုင်းပြည်ကြီးသည် ပျက်စီးသွားတော့မည်မဟုတ်လော။
ထို့အပြင် သိုးမွေးစက်ရုံကို ဖျက်ဆီးပစ်ခဲ့ပြီးဖြစ်သော ကျိုးရွှယ်ချင်း၏မိခင်ကသာ ရှောင်ဝမ်နှင့် ရှောင်လန်တို့ကို ထိတွေ့ခွင့်ရသွားပါက ထိုကလေးငယ်များ၏ဘဝများလည်း ဖျက်ဆီးခံလိုက်ရမည်မှာ အသေအချာပင် ဖြစ်လေသည်။
……………
ရှောင်လန်တစ်ယောက် ချွေးသံတရွဲရွဲဖြင့် တဟဲဟဲမောဟိုက်နေသော်လည်း အနားမယူဘဲ ခြံဝင်းအတွင်း၌ တဝဲလည်လည် ပြေးလွှားနေဆဲပင်။
ရှောင်ဝမ်နှင့် ယွမ်ယွမ်တို့ကမူ ပန်းရောင်အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်တစ်စုံကို အတူတကွ ကူညီလှန်းပေးနေကြ၏။
သြဂုတ်လနှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကာ ရှီးဖျင်မြို့တော်သည် ဟွာနိုင်ငံ၏ နာမည်ကျော်မီးဖိုကြီးလေးခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သက်သေပြနေသကဲ့သို့ ရှိသည်။
နောက်ဖေးခြံဝင်းအတွင်းမှ ပုစဉ်းရင်ကွဲများ၏ အော်မြည်သံများက ပူအိုက်သောလေထုကို ပိုမိုခြောက်သွေ့သွားစေသယောင်ပင်။
ငြိမ်ငြိမ်လေး ထိုင်နေလျှင်ပင် ချွေးသီးချွေးပေါက်များ စီးကျလာလောက်အောင် ပူအိုက်လွန်းလှပေသည်။
လှန်းထားသော အိပ်ရာခင်းများမှာ မကြာမီမှာပင် မျက်စိရှေ့၌ ခြောက်သွေ့လာတော့သည်။
ရှောင်ဝမ်၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေလျက် လက်ခုပ်တီးလိုက်လေ၏။
“ဒီအဝတ်လျှော်စက်ကြီးက တကယ်မိုက်တာပဲ၊ ရေညှစ်ပြီးသား အဝတ်တွေက ချက်ချင်းကို ခြောက်သွားတော့တာပဲ”
ယွမ်ယွမ်ကမူ မြန်မြန်မခြောက်သေးဟု ထင်မှတ်ကာ ငှက်ပျောဖက်တစ်ရွက်ဖြင့် အိပ်ရာခင်းများကို မရပ်မနားယပ်ခတ်ပေးနေ၏။
ချန်မေ့လန်က ရှောင်လန်အား ဝက်အူချောင်းကြော်ကျွေးမည်ဟု ကတိပေးထားခဲ့သော်လည်း အိမ်တွင် အသင့်စားဝက်အူချောင်းများ မရှိတော့သဖြင့် ဈေးမှဝယ်လာသော ကြက်သွန်ဖြူဝက်အူချောင်းများကိုသာ အသုံးပြုရတော့သည်။
ကြက်သွန်ဖြူဝက်အူချောင်းများမှာ အသားအပြည့်ပါဝင်သဖြင့် ရှောင်လန်၏ ဗိုက်ကလေး ကားထွက်သွားမည်ကို စိုးရိမ်ကာ ဆီအနည်းငယ်သာထည့်၍ ကြော်ပေးလိုက်လေ၏။
အစားအသောက်ကို မက်မောတတ်သော်လည်း မီးဖိုချောင်ထဲသို့ဝင်ရောက်ရန် ဝန်လေးတတ်သော ရှောင်ဝမ်က မွှေးပျံ့သောအနံ့ကြောင့် သွားရည်ကျလာကာ ယွမ်ယွမ်အား လှမ်း၍ တိုက်တွန်းလိုက်၏။
“မင်းအမေကို ဘာအနံ့တွေက ဒီလောက်မွှေးနေတာလဲလို့ သွားမေးကြည့်ပါလား”
ယွမ်ယွမ်က ဤစကားကို ကြားသောအခါ အလွန်အလိုမကျဖြစ်သွားလေသည်။
“အဲဒါ နင့်အမေလည်း ဟုတ်တာပဲလေ၊ နင့်ဘာသာ သွားမေးပါလား၊ အမေလို့ခေါ်ရတာ အဲဒီလောက်တောင် ခက်နေလား”
“မင်းပဲ သွားမေးလိုက်ပါ၊ ငါ မနေ့က ရေဒီယိုအပျက်လေးတစ်လုံး ကောက်ရထားတယ်၊ အဲဒါလေး ပြင်လို့ရသွားရင် မင်းကို သီချင်းဖွင့်ပြမယ်လေ”
ယွမ်ယွမ် ပြန်လည်ချေပရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ နင်နင်၏ခေါ်သံကို ကြားလိုက်ရသည်။
ရှောင်ဝမ်က နှုတ်ခမ်းတွန့်ကာ သရော်ပြုံးပြုံးလိုက်၏။
“နင်နင် ဘာလုပ်ချင်လို့လာတာလဲဆိုတာ ခန့်မှန်းကြည့်စမ်း”
“ငါနဲ့လာဆော့တာ နေမှာပေါ့”
“မင်းက တော်တော်အမှတ်မရှိတာပဲ၊ သတိမထားမိဘူးလား၊ ငါ့အဖေမရှိရင် သူ ဘယ်တော့မှ လာမဆော့ဘူး၊ ငါ့အဖေရှိမှလာတာ၊
ဘာလို့လဲဆိုတော့ မင်းအမေက သူ့ကိုငါတို့ကုတင်ပေါ် တက်ခုန်ခွင့် မပေးဘူးလေ၊ ငါ့အဖေကတော့ပေးတယ်၊ အခုလည်း ငါတို့ကုတင်ပေါ် တက်ခုန်ချင်လို့လာတာ”
ယွမ်ယွမ်မှာ ဖြူစင်ရိုးသားသော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမ သေချာစဉ်းစားကြည့်လိုက်သောအခါ ထိုစကားမှာ အမှန်တကယ်ပင်ဖြစ်နေကြောင်း သတိပြုမိသွား၏။
ဖခင်ဖြစ်သူသည် သူမနှင့် နင်နင့်အပေါ်တွင် အလွန်သဘောကောင်းကာ အလိုလိုက်တတ်သော်လည်း ရှောင်ဝမ်နှင့် ရှောင်လန်တို့အပေါ်တွင်မူ အလွန်တင်းကြပ်လေ့ရှိသည်။
“အင်း ဟုတ်သားပဲ၊ ဖေဖေက ငါနဲ့ နင်နင့်အပေါ်ဆို နင်တို့နှစ်ယောက်ထက် ပိုကောင်းတာအမှန်ပဲ”
ရှောင်ဝမ်က နှုတ်ခမ်းစူကာ ဝမ်းနည်းသွားသည့်ဟန်ဖြင့် ဆက်မပြောတော့ဘဲ နှုတ်ဆိတ်သွားလေ၏။