အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄)
အခန်းထဲမှလူတစ်ဦးက ရုတ်တရက်ပြောလိုက်၏။
“ဟေး... ငါတို့ ဒီတစ်ယောက်ကို ဘာလို့မသုံးရမှာလဲ၊ ဒီကောင်မလေးရဲ့အသံက ပိုကောင်းတယ်လို့ထင်တယ်”
အခြားတစ်ဦးကလည်း ထောက်ခံလိုက်လေသည်။
“ဒါရိုက်တာထန်၊ ဒီကောင်မလေးရဲ့ အသံပါရမီက အတော်ကောင်းတယ်ဗျ၊ နားထောင်ရတာ သက်တောင့်သက်သာရှိတယ်၊ ကျွန်တော်တော့ သူက သင့်တော်တယ်လို့ထင်တယ်၊
ကြည့်ပါဦး သူဆိုနေတာ ဘယ်လောက်တောင် ယုံကြည်မှုရှိလိုက်သလဲ၊ စင်ပေါ်က ဟန်ပန်အမူအရာလည်း ကောင်းတယ်”
ဒါရိုက်တာထန် ဆိုသူမှာ ခေတ္တမျှ ငြိမ်သက်စွာနားထောင်နေပြီးနောက် သူ့ပေါင်ကို လက်ဖြင့်ရိုက်ကာ ပြတ်သားစွာ ဆုံးဖြတ်လိုက်၏။
“ဒီတစ်ယောက်ကိုပဲ ပြောင်းသုံးလိုက်ကြစို့၊ နောက်မှအသံသွင်းဖို့ သူ့မိဘတွေကိုခေါ်လာခဲ့ဖို့ အကြောင်းကြားလိုက်ပါ”
စောစောက ဝန်ထမ်းသည် ချန်မေ့လန်အား ပြန်လည်တွေ့ရှိသောအခါ သူ၏လက်ထဲတွင် သီချင်းစာရွက်တစ်ရွက် ကိုင်ဆောင်ထားကာ မျက်နှာထားမှာလည်း လုံးဝပြောင်းလဲသွားခဲ့လေပြီ။
“ဒါက သီချင်းစာရွက်ပါ၊ အိမ်ပြန်ပြီး သေချာလေ့ကျင့်ထားပါ၊ အသံသင်ပေးမယ့် ဆရာတစ်ယောက်ရှာပြီး သင်ခိုင်းတာအကောင်းဆုံးပဲ၊ လာမယ့် စနေနေ့ မနက် ၁၀ နာရီမှာ အသံလာစမ်းကြည့်ပါ၊
ကောင်မလေးက မဆိုးဘူးပဲ၊ ဒီအခွင့်အရေးကို သူမဘာသာကြိုးစားပြီး အရယူသွားတာပဲ”
ချန်မေ့လန် အနည်းငယ် စုံစမ်းမေးမြန်းကြည့်လိုက်သောအခါ ဤသီချင်းမှာ သူမ အလွန်ရင်းနှီးနေသော သီချင်းတစ်ပုဒ် ဖြစ်ရုံသာမက အလွန်နာမည်ကြီးပြီး လူကြိုက်များသော သီချင်းတစ်ပုဒ် သီချင်းတစ်ပုဒဖြစ်နေကြောင်းကို ရုတ်တရက် သတိပြုမိသွား၏။
“ကမ္ဘာမြေကြီး မေတ္တာများဖြင့် ပြည့်နှက်နေပါစေ” သီချင်းမှာ မနှစ်ကမှ ထွက်ရှိထားပြီး အလွန်ရေပန်းစားခဲ့သော သီချင်းတစ်ပုဒ်ဖြစ်သည်။
ယခုအခါ ထိုအမည်ဖြင့်ရိုက်ကူးမည့် ရုပ်ရှင်ကားအတွက် ဇာတ်ဝင်တေးအဖြစ် ပြန်လည်အသံသွင်းရန် စီစဉ်နေခြင်းဖြစ်သည်။
ပင်တိုင်အဆိုတော်မှာ နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်ပြီး ယွမ်ယွမ်က ထိုအမျိုးသားအဆိုတော်နှင့်အတူ ကလေးအသံဖြင့် တွဲဖက်သီဆိုပေးရမည်ဖြစ်လေသည်။
သူမ၏သမီးငယ်လေး ယွမ်ယွမ်သည် နာမည်ကြီး အဆိုတော်တစ်ဦးနှင့်အတူ တွဲဖက်သီဆိုရတော့မည်မဟုတ်လော။
………
ညဘက်တွင် သုံးဘီးဆိုင်ကယ်လေး ရွာထဲသို့ ဝင်ရောက်လာခဲ့သည်။ ညစာစားချိန် ရောက်နေပြီဖြစ်ကာ ချင်ယွီနှင့် နင်နင်တို့မှာ တံခါးဝတွင်ရပ်လျက် စိုးရိမ်တကြီးဖြင့် မျှော်ကြည့်နေကြ၏။
“မေ့လန်၊ ဘယ်လိုနေလဲ၊ ယွမ်ယွမ်ကရော......”
ချန်မေ့လန်က အေးဆေးတည်ငြိမ်စွာပင် တုံ့ပြန်လိုက်လေသည်။
“ယွမ်ယွမ် အရွေးခံလိုက်ရပြီ”
ချင်ယွီ၏မျက်နှာပေါ်ရှိ အမူအရာမှာ ချက်ချင်းပင် အလွန်ချိုသာပျူငှာသော ဟန်ပန်သို့ ကူးပြောင်းသွားတော့သည်။
သူမက အလောတကြီးဖြင့် ဆင်ခြေပေးလေ၏။
“အဲဒီအချိန်တုန်းက ဒါရိုက်တာအဖွဲ့က ပြောတယ်၊ ဒီသီချင်းက ညစာစားပွဲဖျော်ဖြေရေးမှာ သုံးနိုင်တယ်တဲ့၊ ငါတို့ ယွမ်ယွမ်ရဲ့ စင်ပေါ်ကဟန်ပန်နဲ့ လှုပ်ရှားမှုတွေက မပြည့်စုံသေးသလို သူကလည်း အရမ်းကြောက်တတ်သေးတော့ ငါ မခေါ်လိုက်မိတာပါဟာ၊ စိတ်ထဲမထားပါနဲ့နော်”
ချန်မေ့လန်က အေးစက်စက်လေသံဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။
“ရပါတယ်၊ သူ့ရဲ့ စင်ပေါ်ကဟန်ပန် မကောင်းဘူးဆိုတာလည်း ဆရာကောင်းကောင်း မရခဲ့လို့နေမှာပေါ့၊ ငါ သူ့အတွက် ဆရာအသစ်ရှာပေးလိုက်ပါ့မယ်”
ချင်ယွီမှာ ရုတ်တရက် ပြာယာခတ်သွားကာ တားဆီးလေတော့သည်။
“အို... မလုပ်ပါနဲ့ဟယ်၊ ကျောင်းတိ... အဲ... ယွမ်ယွမ်ရဲ့အရည်အချင်းကို ငါက ဘယ်သူ့ထက်မဆို ပိုသိတာပါ၊ ငါကိုယ်တိုင်ပဲ သေချာသင်ပေးပါ့မယ်”
သို့သော် ချန်မေ့လန်သည် သူမ၏စကားများကို ဆက်လက်နားထောင်မနေတော့ဘဲ လှည့်ထွက်ကာ ကလေးများနှင့်အတူ အိမ်ထဲသို့ ဝင်သွားလေတော့သည်။
ချင်ယွီမှာ ဂနာမငြိမ်ဖြစ်သွားကာ တံခါးကိုခေါက်ရင်း အသနားခံလေသည်။
“မေ့လန်၊ တံခါးလေးဖွင့်ပါဦး၊ ငါတို့ ဒီကိစ္စကို သေချာလေး တိုင်ပင်ကြရအောင်နော်”
မည်သို့ပင်ဖြစ်စေ ချင်ယွီသည် ယွမ်ယွမ်၏ဆရာမဖြစ်ပြီး လာမည့်စနေနေ့တွင် အစမ်းလေ့ကျင့်မှုများ စတင်ရတော့မည်မဟုတ်လော။
ယွမ်ယွမ်သည် သီချင်းစာရွက်ကိုကိုင်လျက် နှုတ်ခမ်းကိုက်ကာ စိုးရိမ်တကြီးမေးလိုက်၏။
“မေမေ၊ တကယ်လို့ ဆရာမချင်က သမီးကို မသင်ပေးရင် သမီး ဒီသီချင်းကို တတ်မှာမဟုတ်ဘူး၊ ဘယ်လိုလုပ်ကြမလဲဟင်”
အပြင်ဘက်တွင် ချင်ယွီက ဆက်လက်တောင်းပန်နေဆဲပင်။
“မေ့လန်၊ တံခါးလေး ဖွင့်ပါဦးဟာ၊ ငါ သေချာရှင်းပြပါရစေဦး၊ ငါ တကယ်ကို အဲဒီသဘောနဲ့ လုပ်ခဲ့တာမဟုတ်ရပါဘူး၊
အို... ငါကတော့ နှစ်ဖက်စလုံး အရှုံးပေါ်တဲ့ အခြေအနေမျိုး ဘယ်လိုလုပ်ပြီး ရောက်သွားရတာလဲ”
ချန်မေ့လန်ကမူ မီးဖိုချောင်အတွင်း၌ အလုပ်များနေဟန်ပြကာ အချိန်အတော်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမျှမပြုလုပ်ခဲ့ပေ။
မနက်ဖြန်သည် တုန်းဖန်ကုမ္ပဏီမှ ချန်မေ့လန်၏ဆောက်လုပ်ရေးအဖွဲ့အတွက် လုပ်ငန်းခွင် တစ်ဝက်ပြီးစီးမှုအဖြစ် ငွေပေးချေရမည့်နေ့ ဖြစ်သည်။
ချင်ယွီဘက်မှ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း နံနက်ပိုင်းကမှ ငွေရရှိထားသော ယန်တာ့ဝေသည် မွန်းတည့်ချိန်တွင် ချန်မေ့လန်ထံသို့ ငွေများ လာရောက်ပေးအပ်လေသည်။
ဤငွေကြေးပမာဏမှာ ချန်မေ့လန် ကြိုတင်စိုက်ထုတ်ထားသောအရင်းငွေဖြစ်ပြီး ဤငွေကို ရရှိလိုက်သဖြင့် သူမ အရင်းကြေသွားပြီဖြစ်သည်။ ကျန်ရှိနေသော နောက်ဆုံးပေးချေမှုမှာ သူမ၏အမြတ်ငွေသီးသန့် ဖြစ်ပေတော့မည်။
ငွေများ လက်ခံရယူပြီးနောက် ချန်မေ့လန်က ယွမ်ယွမ်အား မေးမြန်းလိုက်၏။
“သမီးလေး၊ သမီးက ဆရာအသစ် ပြောင်းချင်လား၊ ဒါမှမဟုတ် ဆရာမချင်ကိုပဲ ဆက်ပြီးသင်ခိုင်းချင်လား”
ယွမ်ယွမ် ပြန်မဖြေရသေးမီမှာပင် ရှောင်ဝမ်က နှာခေါင်းရှုံ့လျက် ဝင်ပြောလေသည်။
“ဆရာမချင်က သူ့သမီးနင်နင့်ကိုပဲ မျက်နှာလိုက်တာ၊ သူက ယွမ်ယွမ့်ကို သေချာသင်ပေးမှာမဟုတ်ဘူး၊ အန်တီ ယွမ်ယွမ့်အတွက် ဆရာအသစ်တစ်ယောက်သာ ရှာပေးလိုက်ပါ”
ချန်မေ့လန်က သမီးဖြစ်သူ၏ သဘောထားကို ထပ်မံမေးမြန်းလိုက်၏။
“ယွမ်ယွမ်ကကော ဘယ်လိုသဘောရလဲ”
ယွမ်ယွမ်က ရဲရဲဝံ့ဝံ့ တုံ့ပြန်လိုက်လေသည်။
“သမီးကတော့ ဆရာမချင်ကိုပဲ ဆက်သင်ပေးစေချင်တယ်၊ သူက သမီး နင်နင့်ထက် သီချင်းပိုဆိုကောင်းတယ်လို့ အမြဲပြောခဲ့ဖူးတယ်၊ အရင်က သမီး မယုံခဲ့ပေမယ့် အခုတော့ သမီးယုံသွားပြီ”
ယွမ်ယွမ် အနည်းငယ် ဉာဏ်နည်းနေသည်ဟု ခံစားလိုက်ရသဖြင့် ရှောင်ဝမ်က ထောက်ပြလေသည်။
“မင်း နားမလည်ဘူးလား၊ သူက အခွင့်အရေးကောင်းတွေအားလုံးကို နင်နင့်ကိုပဲ ပေးတာ၊ မင်းကိုမပေးဘူးလေ၊ သူက အရမ်းမျက်နှာလိုက်တာ”
ယွမ်ယွမ်က ပြန်လည်ချေပလိုက်၏။
“ငါက နင်နင့်ထက် ပိုကြိုးစားပြီး ပိုအလေးအနက်ထားရင် မရဘူးလား၊ ဒါရိုက်တာကလည်း အစက ငါ့ကိုရွေးဖို့ မရည်ရွယ်ထားပေမယ့် ငါ သီချင်းဆိုကောင်းလို့ ရွေးလိုက်တာပဲမဟုတ်လား”
ရှောင်ဝမ်မှာ စိတ်ပျက်လက်ပျက်ဖြစ်သွားကာ ချန်မေ့လန်ဘက်သို့လှည့်၍ ညည်းတွားလိုက်တော့သည်။
“အန်တီ၊ ကြည့်ပါဦး အန်တီရဲ့သမီး ယွမ်ယွမ်က အကျိုးအကြောင်းပြောပြတာကို လုံးဝနားမထောင်ဘူး”
ချန်မေ့လန်က ကောင်လေးဘက်သို့လှည့်ကာ ပြုံးလျက် ဆိုလေသည်။
“ဒါပေမယ့် သား သတိမထားမိဘူးလား၊ ယွမ်ယွမ်က အရင်က နင်နင်နဲ့ သူ့ကိုယ်သူယှဉ်ဖို့ လုံးဝ မရဲခဲ့ဘူးလေ၊ အခုတော့ ယှဉ်ရဲသွားပြီမဟုတ်လား”
ရှောင်ဝမ်က အလျှော့မပေးဘဲ ဆက်လက်ငြင်းခုံလေ၏။
“ဒါပေမယ့် ဆရာမချင်က သေချာပေါက် မျက်နှာလိုက်မှာပဲဟာကို”
ချန်မေ့လန်က ခိုင်မာသောလေသံဖြင့် တုံ့ပြန်လိုက်၏။
“ဒါဆိုလည်း ဆရာမချင် မျက်နှာမလိုက်ရဲလောက်အောင်အထိ ယွမ်ယွမ့်ကို ကြိုးစားခိုင်းလိုက်တာပေါ့”
ချန်မေ့လန်ကို နားချ၍မရတော့ကြောင်း သိလိုက်သဖြင့် ရှောင်ဝမ်က ယွမ်ယွမ်ဘက်သို့ လှည့်ကာ မျက်နှာကို တည်တည်တန့်တန့်ထားလျက် သတိပေးလိုက်လေသည်။
“ငါ သေချာစောင့်ကြည့်နေမှာနော်၊ ဆရာမချင်က သေချာမသင်ပေးဘူးဆိုရင်တော့ ငါ ဘာမှမတတ်နိုင်ဘူး၊ ဒါပေမယ့် မင်းကိုယ်တိုင်က ကြိုးကြိုးစားစားမသင်ယူဘဲ မင်းကိုယ်မင်း အမြဲတမ်းညံ့တယ်လို့ပဲ တွေးနေမယ်ဆိုရင်တော့ မင်းက ငါ့ညီမ မဟုတ်တော့ဘူး”
ယွမ်ယွမ်မှာ ဝမ်းသာအားရဖြင့် အထက်အောက်ခုန်ပေါက်ကာ အော်ဟစ်လိုက်တော့သည်။
“နင် ဝန်ခံလိုက်ပြီနော်၊ ငါ့ကို ညီမလို့ နင်ဝန်ခံလိုက်ပြီ၊ အစ်ကိုကြီးရှောင်ဝမ်က အခု ငါ့ကို သူ့ညီမအဖြစ် လက်ခံလိုက်ပြီဟေ့”
ရှောင်ဝမ်မှာ စိတ်ပျက်နေသော်ငြား ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ပြုံးမိသွားလေသည်။
သူ၏ညီမအဖြစ် လက်ခံခံရခြင်းက ယွမ်ယွမ့်ကို ဤမျှလောက်အထိ ပျော်ရွှင်သွားစေနိုင်သည်လော။
ဤကိစ္စနှင့် ပတ်သက်၍ ချန်မေ့လန်၏အမြင်မှာ ချင်ယွီ တစ်ဦးတည်းသာမဟုတ်၊ လူတိုင်းတွင် မိမိကိုယ်ကျိုးအတွက် ကြည့်တတ်သော စိတ်များနှင့် အမျိုးမျိုးသော အားနည်းချက်ကိုယ်စီ ရှိကြသည်ဟုပင်။
ချင်ယွီသည် အခြားသူများနှင့် နှိုင်းယှဉ်ရသည်ကို အထူးသဘောကျကာ ရည်မှန်းချက်အလွန်ကြီးမားသော အမျိုးသမီးတစ်ဦးဖြစ်သည်။
ထို့ကြောင့်ပင် သူမသည် အနာဂတ်တွင် သြဇာတိက္ကမကြီးမားသော အမျိုးသမီးကြီးတစ်ဦး ဖြစ်လာနိုင်ခြင်းပင်။
အသံသွင်းရန် တစ်ပတ်သာလိုတော့ပြီး ချင်ယွီသည် ယွမ်ယွမ်အကြောင်းကို အသိဆုံးသူဖြစ်သည်။ ဤသီချင်းကို ချင်ယွီကိုယ်တိုင် သင်ကြားပေးရန် လိုအပ်နေဆဲပင်။
အကယ်၍ ဆရာအသစ် ပြောင်းမည်ဆိုလျှင်ပင် ယခုအချိန်က အချိန်ကောင်းမဟုတ်သေးပေ။
ပညာသင်ယူရာတွင် ဆရာသမားမှာ သေချာပေါက် အရေးကြီးလင့်ကစား ကလေးကိုယ်တိုင် ကြိုးစားပမ်းစားသင်ယူလိုစိတ်ရှိခြင်းက ပို၍ပင်အရေးကြီးလှပေ။
အတိတ်ဘဝက ရုပ်ဆိုးပြီး ဝဖိုင့်နေသော လွီအာနျိုသည် အဘယ်ကြောင့် နာမည်ကြီးအဆိုတော်တစ်ဦး ဖြစ်လာနိုင်ခဲ့သနည်း။
သင်ယူလိုစိတ် ပြင်းပြရုံသာမက သူမသည် ကြိုးစားရုန်းကန်လိုစိတ် ပိုမိုကြီးမားသောကြောင့်ပင်။ ပြိုင်ပွဲများတွင် ဒိုင်လူကြီးများ၏ ဝိုင်းဝန်းကဲ့ရဲ့ နှင်ချခြင်းကို သုံးကြိမ်တိုင်တိုင် ခံရသော်လည်း စင်ပေါ်သို့ လေးကြိမ်မြောက် ပြန်တက်ရဲသူဖြစ်သည်။
ဆယ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရသော်လည်း ဆယ့်တစ်ကြိမ်မြောက်အင်တာဗျူးသို့ တက်ကြွစွာ သွားရောက်ရဲသူဖြစ်သည်။
ကိုယ်အလေးချိန် လျှော့ချခြင်း၊ မျက်နှာခွဲစိတ်ပြုပြင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် “ခေါင်းဖြတ်ဆက်ထားသော မိန်းမဆိုး” ဟု ကဲ့ရဲ့ခံရသော်လည်း အံသွားနှစ်ချောင်းသာ နှုတ်ထားခြင်းဖြစ်ကြောင်း အရှက်ကင်းမဲ့စွာ ငြင်းဆိုရဲသူဖြစ်သည်။
အရှက်အကြောက် ကင်းမဲ့ရုံသာမက တောခွေးတစ်ကောင်ပမာ ရက်စက်ကြမ်းကြုတ်ကာ စစ်သည်တော်တစ်ဦးပမာ စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သဖြင့် နောက်ဆုံးတွင် နာမည်ကျော်အဆိုတော်တစ်ဦး ဖြစ်လာခဲ့လေ၏။
ချန်မေ့လန်သည် သူမ၏သမီးကို အနာဂတ်တွင် အဆိုတော်တစ်ဦး မဖြစ်စေလိုသော်ငြား၊ ဆိုးရွားသောအခြေအနေများနှင့် ကြုံတွေ့ရချိန်တွင်ပင် မိမိအတွက်မိမိ ရပ်တည်တိုက်ပွဲဝင်တတ်ရန် သိရှိနားလည်စေလိုသည်။