← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း (၉၅)

အတိတ်ဘဝကကဲ့သို့ ဘာမျှမပြောဘဲ အရာအားလုံးကို ရင်ထဲတွင်သာမြိုသိပ်ထားကာ မိမိအတွက် တိုက်ပွဲမဝင်ခြင်းမှာ အချည်းနှီး နာကျင်ခံစားရရုံသက်သက်မဟုတ်လော။

ထို့အပြင် ယွမ်ယွမ် အရွေးမခံရလျှင် ကိစ္စမရှိသော်လည်း ယခု အရွေးခံလိုက်ရပြီဖြစ်ရာ အကယ်၍ အနာဂတ်တွင် သူမ အမှန်တကယ် နာမည်ကြီးလာပါက ထိုအရာသည် ချင်ယွီအတွက် ရွှေတွင်းကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

ယွမ်ယွမ်၏နာမည်ကို အသုံးပြု၍ သူမထံတွင် ဂီတလာရောက်သင်ယူမည့်ကလေးငယ်များ ပိုမိုများပြားလာမည်ဖြစ်ကာ သူမ၏ဂီတကျောင်းကိုလည်း ပိုမိုစောစောစီးစီး ဖွင့်လှစ်နိုင်မည်မဟုတ်လော။

ဤအကြောင်းပြချက်တစ်ခုတည်းဖြင့်ပင် ချင်ယွီသည် ဤသီချင်းကို ကောင်းမွန်စွာသင်ကြားပေးမည်မှာ အသေအချာပင်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ယွမ်ယွမ့်ကို အပြင်းအထန်သင်ကြားပေးနိုင်ရန်အတွက် ချင်ယွီသည် နင်နင့်အား သူမ၏မိဘများအိမ်သို့ ပြန်ပို့ထားကာ သီးသန့်အချိန်ပေး၍ သင်ကြားပေးနေခဲ့သည်။

ယွမ်ယွမ် ထိုနေရာတွင် ဂီတသင်ယူနေစဉ် ရှောင်ဝမ်နှင့် ရှောင်လန်တို့သည် သူမ၏သီချင်းဆိုသံကို နားထောင်ရင်း ကြီးကြပ်ရေးမှူးပေါက်စလေးများအဖြစ် တာဝန်ယူပေးကြလေသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် စက်တင်ဘာလ (၁) ရက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ အကြီးနှစ်ယောက်မှာ ကျောင်းစတက်ရတော့မည်ဖြစ်၏။

ချန်မေ့လန်သည် ကုန်တိုက်ကြီးသို့ အထူးတကူးသွားရောက်ကာ ရှောင်ဝမ်အတွက် စူပါမန်းကျောပိုးအိတ်တစ်လုံးနှင့် ယွမ်ယွမ်အတွက် ရှီးရားကျောပိုးအိတ်တစ်လုံးကို ဝယ်ယူပေးခဲ့သည်။

သူမက ကလေးများ၏ ကျောပိုးအိတ်အဟောင်းများကို ဆေးကြောပေးရန် ဇလုံတစ်ခုထဲသို့ ရေထည့်နေစဉ်မှာပင် အပြင်ဘက်မှ ရယ်မောသံကို ကြားလိုက်ရပြီး အဘွားကြီးတစ်ဦး ဝင်ရောက်လာလေသည်။

ထိုသူမှာ အခြားမဟုတ်၊ ကျိုးရွှယ်ချင်း၏မိခင်ပင် ဖြစ်နေတော့သည်။

ယခင်အကြိမ်များက ဖမ်းမိရန် မဖြစ်နိုင်လောက်အောင် ခိုးကြောင်ခိုးဝှက်လာခဲ့သော်လည်း ယနေ့တွင်မူ လူလုံးထွက်ပြကာ ရဲတင်းစွာ လာရောက်နေလေ၏။

ထိုပြုံးဖြီးဖြီးမျက်နှာပေးကို ကြည့်ရသည်မှာ မြို့ရိုးထက်ပင် ပို၍ အရှက်အကြောက်ကင်းမဲ့နေသည်မဟုတ်လော။

အဘွားကြီး၏အသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်ဝမ်သည် ဘေးအိမ်မှ လျှပ်တစ်ပြက်ပြေးထွက်လာခဲ့၏။ ခြံတံခါးဝတွင်ရပ်လျက် သတိကြီးကြီးထားကာ စောင့်ကြည့်နေလေသည်။

ကျိုးရွှယ်ချင်း၏ မိခင်ကမူ ဖြောင့်ဖြောင့်ကြီးပင် စကားစလိုက်ကာ ချန်မေ့လန်အား ပြုံးလျက်မေးလိုက်လေသည်။

“ငါ့ရဲ့ အသုံးမကျတဲ့ကလေးနှစ်ယောက် နင့်ဆီမှာ အဆင်ပြေကြရဲ့လား”

ချန်မေ့လန်က ဘာမျှ ပြန်မပြောသည်ကို မြင်သောအခါ သူမက ဆက်လက်၍ မီးမွှေးလေတော့၏။

“ယန်ကျောက်ကိုယ်တိုင်လည်း ဒီကလေးနှစ်ယောက်ကို လိုချင်မှာမဟုတ်ပါဘူးလေ၊ ဟုတ်တယ်မလား၊

ကြည့်ပါဦး မေ့လန်ရယ်၊ အခု မင်းတို့အိမ်ထောင်စုလေးက ဘယ်လောက်တောင် ပြည့်စုံနေပြီလဲ၊ ပြီးတော့ ယန်ကျောက်ကလည်း ရဲအရာရှိလေ၊ ငါ့ရဲ့ အသုံးမကျတဲ့ ကလေးနှစ်ယောက်သာ မရှိဘူးဆိုရင် ဒီမိသားစုလေးက တကယ့်ကို ပြီးပြည့်စုံတဲ့ မိသားစုလေး ဖြစ်သွားမှာပေါ့၊

ယန်ကျောက်လည်း ဒီကလေးနှစ်ယောက်ကို ခေါ်ထားရလို့ တော်တော်လေးစိတ်ညစ်နေတယ်မဟုတ်လား”

ချန်မေ့လန်သည် အေးစက်စက် ရယ်မောလိုက်ကာ ဤအဘွားကြီး မည်မျှလောက်အကွက်မြင်ပြီး ပါးနပ်သည်ကို ရင်တွင်းမှ ကောင်းကောင်းကြီး တွေးဆမိလိုက်၏။

သူမ အဘယ်ကြောင့် ဤနေရာသို့ ရောက်လာသနည်းဆိုသည်ကိုမူ ပြောနေရန်ပင်မလိုတော့ပေ။

ဒုတိယအိမ်ထောင်ပြုခြင်းတွင် မိခင်တစ်ဦးဖြစ်ရသည်ထက် ဖခင်တစ်ဦးဖြစ်ရသည်က ပို၍ခက်ခဲလှပေသည်။

အကြောင်းမူကား ကလေးများ၏ စိတ်ထဲတွင် မိခင်ဖြစ်သူက သူတို့ကို မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်ဟု ယုံကြည်ထားတတ်ကြသော်လည်း ဖခင်ဖြစ်သူအပေါ်တွင်မူ ထိုသို့ယုံကြည်မှုမျိုး အပြည့်အဝမရှိတတ်ကြသောကြောင့်ပင်။

ရှောင်ဝမ်နှင့် ရှောင်လန်တို့ကို ဥပမာထားကြည့်နိုင်ပေ၏။

ယန်ကျောက်က ယွမ်ယွမ်အပေါ် ဤမျှကောင်းမွန်စွာ ဆက်ဆံနေသည်ကို မြင်တွေ့ရသောအခါ သူတို့အနေဖြင့် သူတို့ဖခင်၏ ရည်ရွယ်ချက်အစစ်အမှန်ကို နားလည်နိုင်မည်မဟုတ်ပေ။

ယခု အဘွားကြီးက ဤကဲ့သို့ ပြောဆိုလိုက်သည်ကို ကြားသောအခါ ဖခင်ဖြစ်သူက သူတို့ကို အမှန်တကယ်ပင် မလိုလားဘူးဟု ထင်မှတ်သွားကြမည်မဟုတ်လော။

ဤအချိန်၌ ရှောင်ဝမ်၏မျက်နှာပေါ်တွင် စိုးရိမ်သောကများ အပြည့်အဝ ဖုံးလွှမ်းသွားခဲ့လေပြီ။

မူလက ချန်မေ့လန်သည် ယန်ကျောက်ထံသို့ ဖုန်းဆက်ရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါတွင်မူ ကျိုးရွှယ်ချင်း၏မိခင်နှင့် သေချာပေါက် ထိပ်တိုက်ရင်ဆိုင်စကားပြောရန် ဆုံးဖြတ်လိုက်လေတော့သည်။

အနည်းဆုံးတော့ ဖခင်ဖြစ်သူက သူတို့ကို ရင်တွင်းအသည်းနှလုံးထဲမှ အမှန်တကယ်ချစ်မြတ်နိုးကြောင်းကို ရှောင်ဝမ်နှင့် ရှောင်လန်တို့ သိရှိနားလည်သွားစေရန် သူမ မဖြစ်မနေလုပ်ဆောင်ရပေမည်။

ချန်မေ့လန်၏ မျက်နှာထက်မှ အစဉ်အမြဲ ခိုတွဲနေသော အပြုံးများကို မြင်သောအခါ၊ သမီးဖြစ်သူ ရွှယ်ချင်းက သူမအား ‘ကံကောင်းလွန်းတဲ့ အရူးမလေး’ ဟု ခေါ်ဝေါ်ခဲ့ခြင်းမှာ မဆန်းလှဟု ကျိုးရွှယ်ချင်း၏မိခင်က တိတ်တဆိတ် တွေးလိုက်မိသည်။

အမှန်စင်စစ် ချန်မေ့လန်၏ အသွင်အပြင်မှာ လွန်စွာ ရင်းနှီးဖော်ရွေဟန်ရှိပြီး သူမ၏မျက်နှာထက်တွင် သဘာဝကျသော အပြုံးပန်းလေးများ အမြဲတစေ ပွင့်လန်းနေတတ်သည်မဟုတ်လော။

အဘွားကြီးက သက်ပြင်းရှည်ကြီးတစ်ချက် ဦးစွာချလိုက်ပြီးနောက် သူမ၏ ပေါင်ကို လက်ဖြင့်ရိုက်ကာ တံခါးဝရှိ ရှောင်ဝမ့်အား လက်ညှိုးထိုးလျက် မြည်တွန်တောက်တီးလေသည်။

“ငါ့သမီး ရွှယ်ချင်းလေးခမျာ ဘဝမှာ တော်တော်လေး ပင်ပန်းဆင်းရဲခဲ့ရတာ၊ ဒီကလေးနှစ်ယောက်ကို မွေးထားရတာ သူတို့ပေးတဲ့သောကတွေနဲ့ မသေရုံတမယ်ပဲ”

ချန်မေ့လန်က ယဉ်ကျေးစွာ တုံ့ပြန်လိုက်သော်လည်း ထိုင်ခုံပေး၍ နေရာချထားပေးခြင်းမျိုးမူ မပြုလုပ်ခဲ့ပေ။

“ဖြည်းဖြည်းပြောပါ အန်တီရယ်”

ရှောင်ဝမ်၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသော ဝမ်းနည်းကြေကွဲမှုနှင့် နာကြည်းမှုများကို မြင်လိုက်ရသောအခါ ချန်မေ့လန် ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့၏။

ဤအကြောင်းကြောင့်ပင် ကလေးငယ်သည် မိခင်ဖြစ်သူ လုကျင်းယွီနှင့်အတူ နေ့စဉ် ဝင်ထွက်သွားလာနေသည်ကို မြင်တွေ့နေရလျက်နှင့်ပင် မည်သို့မျှမခံစားရသကဲ့သို့ တည်ငြိမ်နေကာ မျက်ရည်တစ်ပေါက်မျှပင် မကျတော့ခြင်းဖြစ်ပေမည်။

ကလေးငယ်၏ နှလုံးသားမှာ ကြာမြင့်စွာကတည်းကပင် အေးစက်ခဲအေးနေခဲ့ပြီမဟုတ်လော။

“ရှောင်ဝမ်က ပထမတန်းမှာပဲ ရှိသေးတယ်၊ ဒါပေမယ့် သူက ကျောင်းကို တစ်ရက်မှကောင်းကောင်းမတက်ဘူး၊ အခြေခံ ဗျည်းသရတွေကိုတောင် မဖတ်တတ်ဘူး၊ ရှောင်လန်ကတော့ သူ့ဦးနှောက်ထဲမှာ တစ်ခုခုချို့ယွင်းနေလား မသိပါဘူး၊

အရမ်းတုံးအပြီး လူတွေကို လိုက်ကိုက်တယ်၊ ရွာထဲမှာလည်း အမြဲတမ်း ပြဿနာရှာတတ်တယ်”

ချန်မေ့လန်က မယုံကြည်မည်ကို စိုးရိမ်သဖြင့် အဘွားကြီးက ထပ်မံဖြည့်စွက်ပြောဆိုလေသည်။

“နင့်ရဲ့ အစ်မကြီးလည်း ဒီအကြောင်းတွေ နင့်ကိုပြောပြဖူးမှာပါ”

ကျိုးရွှယ်ချင်း၏ မိခင်သည် ချန်တကုန်း၏ယောက္ခမလည်း ဖြစ်လေသည်။

သို့ရာတွင် အစ်ကိုကြီးမှာ ဖြောင့်မတ်တည်ကြည်သူတစ်ဦးဖြစ်ကာ အစ်မကြီးနှင့် အိမ်ထောင်ကျခဲ့သော်ငြား သူ၏ယောက္ခမဖြစ်သူအား လူကောင်းတစ်ယောက်မဟုတ်ဟု အမြဲတစေ ယူဆထားသဖြင့် ထိုမိသားစုနှင့် အဆက်အသွယ်ပြုလုပ်လေ့ သိပ်မရှိပေ။

‌ယောင်းမဖြစ်သူ အစ်မကြီးမှာလည်း ခင်ပွန်းဖြစ်သူကို ကြောက်ရွံ့ရိုသေကာ သူ့စကားကိုသာ နားထောင်လေ့ရှိသည်။ ကျေးလက်ဒေသတွင် အလှမ်းဝေးကွာစွာ နေထိုင်ရသဖြင့် ဆွေမျိုးဝေးများသဖွယ် ဖြစ်နေကာ အကွာအဝေးကြောင့် ဤမိသားစု၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လေ့မရှိပေ။

သို့သော် အစ်မကြီး ကိုယ်တိုင်ကပင် ရှောင်ဝမ်နှင့် ရှောင်လန်တို့မှာ အသုံးမကျသောကလေးများဖြစ်ကြောင်း ပြောဆိုဖူးသည်မှာတော့ အမှန်ပင်ဖြစ်သည်။

ကလေးများမှာ အာဏာမဲ့ကာ ခုခံကာကွယ်နိုင်စွမ်းမရှိကြပေ။ လူကြီးများက သူတို့ကို ဤကဲ့သို့ ပြောဆိုနေကြပါလျှင် သူတို့အနေဖြင့် မည်သို့တုံ့ပြန်နိုင်မည်နည်း။

ချန်မေ့လန်က မည်သို့မျှ မှတ်ချက်မပေးဘဲ ရှောင်ဝမ့်အား အထဲသို့ဝင်ရန် လက်ဟန်ပြကာ ဦးစွာဝင်သွားခိုင်းလိုက်သည်။

သို့သော် ရှောင်ဝမ်သည် သူ့ဖခင်ကဲ့သို့ပင် အကင်းပါးကာ လုပ်စရာရှိသည်များကို သတိပြုမိတတ်သော ကလေးတစ်ဦးဖြစ်သည်။ ဇလုံတစ်ခုထဲတွင် စိမ်ထားသော ကျောပိုးအိတ်အသစ်နှစ်လုံးကို မြင်သောအခါ သူက သွားရောက်ဆေးကြောပေးလေသည်။

ချန်မေ့လန်က ကျိုးရွှယ်ချင်း၏မိခင်အား ယဉ်ကျေးစွာ ဆက်ဆံနိုင်သော်လည်း ရှောင်ဝမ်ကမူ သူ့အဘွားဖြစ်သော်ငြား လုံးဝ ယဉ်ကျေးမှုမပြသခဲ့ပေ။

သူက ဆေးကြောမည့် ဇလုံကို မ,ချီလိုက်စဉ် အဘွားဖြစ်သူကို ရှောင်တိမ်းရန် ကြိုးပမ်းလိုက်သည်။ သေးငယ်သော ခန္ဓာကိုယ်လေးကြောင့် ငြိမ်အောင် မသယ်ဆောင်နိုင်ဘဲ ရေအနည်းငယ်မှာ အဘွားကြီး၏ခြေထောက်ပေါ်သို့ မတော်တဆ ဖိတ်စင်ကျသွားလေ၏။

ချန်မေ့လန်အပေါ်တွင် အလွန်တရာ ချိုသာစွာ ပြုံးပြနေခဲ့သော်ငြား သူမ၏ခြေထောက်ပေါ်သို့ ရေတစ်စက် မတော်တဆ ကျသွားသည်နှင့်တစ်ပြိုင်နက် အဘွားကြီးမှာ မီးပွင့်သွားတော့သည်။

သူမက ရှောင်ဝမ်၏ နားရွက်ကို လှမ်းဆွဲလိုက်ကာ ဒေါသတကြီး ကြိမ်းမောင်းလေသည်။

“နင့်လို အသုံးမကျတဲ့ကောင်၊ ဘာတစ်ခုမှ ကောင်းကောင်းမလုပ်တတ်ဘူး၊ အဘွားမေးမယ်၊ နင် အိမ်မှာ အမေအသစ်ရဲ့စကားကို နားထောင်ရဲ့လား”

ချန်မေ့လန်က အဘွားကြီး၏လက်ကို လှမ်းဆွဲထားလိုက်ပြီး ပြတ်ပြတ်သားသား ဆိုလေသည်။

“ပြောစရာရှိရင် ဒီတိုင်းပဲပြောပါ၊ ဒါက ကျွန်မရဲ့အိမ်ပါ၊ ဒီမှာ လူကို ကိုယ်ထိလက်ရောက်လုပ်တာမျိုးကို ကျွန်မ လုံးဝမကြိုက်ဘူး”

အဘွားကြီးက ချန်မေ့လန်၏ လက်ကို ချက်ချင်း ပြန်လည်ဆုပ်ကိုင်လိုက်ကာ သူမ၏မျက်လုံးများက ဟိုဟိုဒီဒီ ကစားနေလျက် မေးလိုက်၏။

“နင် ဆောက်လုပ်ရေးအလုပ်တစ်ခု ရထားတယ်လို့ ငါ ကြားတယ်နော်”

ထိုအဘွားကြီး၏ရည်ရွယ်ချက်များကို ချန်မေ့လန် ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့သည်။

လက်ရှိတွင် သူမ၏အစ်ကိုကြီးက ထိုဆောက်လုပ်ရေးစီမံကိန်းကို သူမအတွက် ကြီးကြပ်ပေးနေခြင်းဖြစ်သည်။

သို့သော် အစ်ကိုကြီးက ဒုတိယညီကိုပင်မခေါ်ဘဲ သူကိုယ်တိုင် လူငှား၍ အဆောက်အအုံကို တည်ဆောက်နေခြင်းဖြစ်ရာ ဤကိစ္စကို သူ့ယောက်ဖနှင့် ယောက္ခမအား သေချာပေါက် ပြောပြမည်မဟုတ်ပေ။

ထို့အပြင် သူသည် ယန်ကွမ်းရွာသို့ တစ်ကြိမ်သာ လာရောက်ဖူးပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်သာ နေထိုင်နေသဖြင့် အဘွားကြီးအနေဖြင့် သူ့ကို တွေ့မြင်ခဲ့ရမည်မဟုတ်ပေ။

သို့ဖြစ်ရာ ဤအဘွားကြီးသည် ဆောက်လုပ်ရေး စီမံကိန်းအကြောင်းကို အစ်မကြီးထံမှ ကြားသိခဲ့ရခြင်းသာ ဖြစ်ပေမည်။

All Chapters