အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆)
အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို လာရောက်ခွဲဝေယူလိုသဖြင့် တံခါးဝသို့ဝင်ဝင်ချင်း ပန်းပွင့်လေးတစ်ပွင့်ပမာ ချိုသာစွာပြုံးပြနေကာ ရှောင်ဝမ်နှင့် ရှောင်လန်တို့၏မကောင်းကြောင်းများကို အသေအလဲပြောဆိုနေခဲ့ခြင်းမှာ မဆန်းလှပေ။
မိထွေးတစ်ယောက်၏ စိတ်ထားဆိုသည်မှာ ပင်လယ်အောက်ခြေရှိ အပ်တစ်ချောင်းကို ရှာရသကဲ့သို့ နက်နဲခက်ခဲလှသည်မဟုတ်လော။
မိထွေးတစ်ဦး အနှစ်သက်ဆုံးအရာမှာ လင်ပါသားသမီးများအား အခြားသူများက ဆဲဆိုနေကြသည်ကို နားထောင်ရခြင်းပင်မဟုတ်လော။
ထင်သည့်အတိုင်းပင် အဘွားကြီးက စကားစလိုက်သည်နှင့် ဆောက်လုပ်ရေးလုပ်ငန်းဘက်သို့ တန်းသွားလေတော့သည်။
“ဆောက်လုပ်ရေး လုပ်ငန်းတွေဆိုတာ စီမံခန့်ခွဲဖို့ သိပ်မလွယ်ဘူးကွဲ့၊ လုပ်ငန်းခွင် အသေးလေးဖြစ်နေရင်တောင် ပိုက်ဆံကတော့ကုန်တာပဲ၊ ထမင်းဟင်းချက်တဲ့နေရာမှာ ဆီကို များများသုံးမလား နည်းနည်းသုံးမလား ဆိုတာကအစ ပညာပဲ၊
လူတွေကို စီမံအုပ်ချုပ်ရတာကလည်း အရည်အချင်းတစ်ခုပဲလေ၊ ခပ်ကြမ်းကြမ်းကြီးကြပ်ရေးမှူးမျိုးမရှိရင် အလုပ်သမားတွေ အားလုံးက နင့်အပေါ် ခေါင်းပုံဖြတ်ပြီး အလုပ်ခိုကြလိမ့်မယ်”
ချန်မေ့လန်က ရင်တွင်းမှ အေးစက်စွာရယ်မောနေသော်လည်း ဟန်မပျက် မေးလိုက်လေသည်။
“အန်တီက ဘာကိုဆိုလိုချင်တာလဲ”
အဘွားကြီးက အနီးသို့ ပိုမိုတိုးကပ်လာကာ တီးတိုးဆိုလေသည်။
“ငါ့သားက အရင်တုန်းက တခြားဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ကြီးကြပ်ရေးမှူးလုပ်ဖူးတယ်၊ သူက အလုပ်သမားတွေကို ကြိမ်တို့ပြီးတောင် ခိုင်းရဲတာ၊
လူတွေကို အုပ်ချုပ်တဲ့နေရာမှာ နင့်ရဲ့အစ်ကိုကြီးထက် အများကြီး သာတယ်၊ ငါ့ချွေးမကလည်း ဟင်းချက်အရမ်းကောင်းတာ၊ မေ့လန်... ငါတို့က မိသားစုတွေမို့လို့ ဒါကို ပြောပြတာပါ၊
နင့်အစ်ကိုကြီးကို အိမ်ပြန်ပြီး လယ်ပဲပြန်လုပ်ခိုင်းလိုက်ပါ၊ ပြီးတော့ နင့်ရဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ငါ့သားနဲ့ ချွေးမဆီ လွှဲပေးလိုက်ပါလား”
ဤအဘွားကြီးမှာ တော်တော်လေးကို ရက်စက်ယုတ်မာလှသည်။ မိမိအတွက် အကျိုးအမြတ် အနည်းငယ် ရရှိရန်အလို့ငှာ ချန်တကုန်း၏ဂုဏ်သိက္ခာကိုပင် ချနင်းရန် ဝန်မလေးခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူသည် သူမ၏သမက်ပင် ဖြစ်သည်မဟုတ်လော။ သမက်ဖြစ်သူက ငွေရှာနိုင်လျှင် သူမ၏သမီးကလည်း သုံးစွဲရမည်မဟုတ်လော။
ချန်မေ့လန်က တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။
“ကောင်းပြီလေ၊ ဒါဆို အန်တီ့သားကို အခုပဲ အလုပ်စဆင်းခိုင်းလိုက်ပါလား၊ ပြီးတော့ အန်တီ့ချွေးမကကော ဘယ်တော့စနိုင်မလဲ”
ချန်မေ့လန်က ဤမျှလွယ်ကူစွာ သဘောတူလိမ့်မည်ဟု အဘွားကြီး လုံးဝမျှော်လင့်မထားခဲ့ပေ။ သူမမှာ ဝမ်းသာလုံးဆို့သွားကာ ချက်ချင်း ပြန်ဖြေလေသည်။
“ဒီနေ့ပဲ စလို့ရပါတယ်၊ ငါ့သားက လတ်တလော အားနေပြီး အလုပ်ရှာနေတာနဲ့အတော်ပဲ”
အထီးကျန်နေသော ကလေးငယ်သည် ခုံပုလေးပေါ်တွင်ထိုင်လျက် ချန်မေ့လန်ကို ကျောခိုင်းကာ ကျောပိုးအိတ်များအား ဆေးကြောနေခဲ့သည်။
ရုတ်တရက် သူက နောက်သို့လှည့်ကြည့်လာ၏။
ရှောင်၀မ်သည် နီရဲနေသောမျက်ဝန်းများဖြင့် ချန်မေ့လန်အား စိုက်ကြည့်နေလေသည်။ အတန်ကြာသောအခါ သူက ခေါင်းယမ်းလိုက်ပြီး မျက်နှာကို အောက်သို့ ပြန်ငုံ့သွားတော့၏။
ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကြောင့် ဤကလေးငယ်မှာ ဇဝေဇဝါ ဖြစ်နေခဲ့ပြီဖြစ်သည်။ အဘွားဖြစ်သူက ပြုံးရွှင်စွာဖြင့် တံခါးဝသို့ ရောက်လာလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ပေ။
ထို့အပြင် ချန်မေ့လန်က သူမနှင့် ဤမျှရင်းနှီးပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေလိမ့်မည်ဟု မတွေးထင်ခဲ့သကဲ့သို့ သူ၏ဦးလေးကိုပင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကြီးကြပ်ရေးမှူးအဖြစ် အမှန်တကယ် ခန့်အပ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
ထိုခဏတွင် ကလေးငယ်သည် ချန်မေ့လန်ကို သူ မသိကျွမ်းတော့သကဲ့သို့ ခံစားလိုက်ရသည်။ ပထမဆုံးနေ့ကတည်းက သူမ၏ရင်တွင်းအသည်းနှလုံးထဲတွင် သူ့ကို တစ်ကြိမ်တစ်ခါမျှ အမှန်တကယ် လက်ခံလိုခြင်းမရှိခဲ့ဟုပင် ခံစားလိုက်ရ၏။
သူ၏ ဖခင်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ကျိုးရွှယ်ချင်း ပြောခဲ့ဖူးသကဲ့သို့ပင်။
“နင့်အဖေကရော ပိုကောင်းတယ်လို့ ထင်နေလား၊ သူသာ အဲဒီလောက်ကောင်းနေရင် ဘာလို့ ဒီလောက်နှစ်တွေအကြာကြီး အိမ်ပြန်မလာခဲ့တာလဲ၊ ဘာလို့ ကန်ထရိုက်တာလုပ်ပြီး မချမ်းသာလာခဲ့တာလဲ၊
သူက နင်တို့ကို မချစ်လို့ပေါ့၊ ငါ့ကိုလည်း မချစ်လို့ပေါ့၊ အဲဒါကြောင့် စစ်တပ်ထဲမှာပဲ ဒီလောက်နှစ်တွေအကြာကြီးနေပြီး အိမ်ပြန်မလာခဲ့တာ”
သူနှင့် ရှောင်လန်တို့ကို မည်သူကမျှ မချစ်ကြကြောင်း ရှောင်ဝမ် အမြဲတစေသိရှိထားခဲ့သည်။ သူတို့သည် အလိုမရှိဘဲ ပိုလျှံနေသော ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်ပေ၏။
သို့သော် ထိုအချိန်၌ ချန်မေ့လန်က ထပ်မံ၍ ပြောဆိုလိုက်လေသည်။
“အန်တီ့မှာလည်း အလုပ်မရှိဘူးမဟုတ်လား၊ အန်တီတို့မိသားစုက အကြွေးတွေ တော်တော်လေးတင်နေပြီး ပိုက်ဆံလိုနေတယ်လို့ ကြားတယ်၊ ကျွန်မရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အန်တီလုပ်ဖို့အတွက် အရမ်းကောင်းတဲ့အလုပ်လေးတစ်ခုရှိတယ်”
ရှောင်ဝမ်၏ မျက်ဝန်းထဲမှ မျက်ရည်နှစ်ပေါက် ကျဆင်းလာခဲ့သော်လည်း အဘွားကြီးမှာမူ ဝမ်းသာလုံးဆို့ကာ ထခုန်လုမတတ် ဖြစ်သွားလေသည်။
“ဘာအလုပ်လဲ၊ ပြောပြပါဦး”
ချန်မေ့လန်က အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်၏။
“အိမ်သာဆေးမယ့်သူ မရှိသေးလို့ပါ၊ အန်တီ ကျွန်မကို အိမ်သာလာဆေးပေးလို့ရတယ်လေ”
ပျော်ရွှင်စွာ ခုန်ပေါက်နေသော အဘွားကြီးမှာ ဒေါသကြောင့် ခြေခေါက်လဲလုမတတ် ဖြစ်သွားတော့သည်။
“နင်က ငါ့ကိုများ အိမ်သာဆေးခိုင်းတယ်ပေါ့လေ”
ချန်မေ့လန်က သဘာဝကျကျပင် ပြန်ပြောလိုက်သည်။
“ကျွန်မတို့က မိသားစုတွေပဲဟာကို၊ ကျွန်မက အန်တီ့ကို သုံးမယ်ဆိုရင် လုပ်အားခပေးစရာမလိုတော့ဘူးလေ၊ ပြီးတော့ အန်တီကလည်း ကျွန်မအတွက် အလုပ်ကို သေချာပေါက် ကောင်းကောင်းလုပ်ပေးမှာပဲမဟုတ်လား”
အဘွားကြီး တစ်ခုခုတော့ မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။
‘လုပ်အားခ မပေးဘူးဆိုတာ ဘာကိုဆိုလိုတာလဲ'
ဤချန်မေ့လန်၏စိတ်ထားမှာ အလွန်အမင်း မည်းညစ်လှသည်။
'အရင်က ငါ ဘာလို့ သတိမထားမိခဲ့ပါလိမ့်'
“တောက်စ်၊ နင် တကယ်အိပ်မက်မက်နေတာပဲ၊ ငါ့ရဲ့ ဝဝကစ်ကစ် မြေးနှစ်ယောက်လုံးက နင့်အိမ်မှာ ကျွန်ခံပေးနေရတာတောင် မလုံလောက်သေးလို့ အခု ငါတို့တစ်မိသားစုလုံးကိုပါ နင့်ကျွန် လုပ်ခိုင်းချင်နေတာလား”
ချန်မေ့လန်က ချက်ချင်းပင် တန်ပြန်တိုက်စစ်ဆင်လိုက်၏။
“ခုနကတင် အန်တီပဲ ရှောင်ဝမ်က အသုံးမကျဘူး၊ ရှောင်လန်က ဦးနှောက်ပြဿနာရှိတယ်လို့ ပြောနေတာလေ၊
ဒါပေမယ့် ယန်ကျောက်ကတော့ သူ့သားနှစ်ယောက်လုံးက အရမ်းထူးချွန်ပြီး တစ်ယောက်ထက်တစ်ယောက်က ပိုပြီး အနာဂတ်တောက်ပနိုင်တယ်လို့ ကျွန်မကို ပြောထားတယ်”
အဘွားကြီးမှာ ချန်မေ့လန်၏စကားများကြောင့် ဇဝေဇဝါ ဖြစ်သွားသော်လည်း တစ်ခုခုမှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွားသည်။
“အဲဒါက သူတို့က ယန်ကျောက်ရဲ့ သားအရင်းတွေမို့လို့လေ၊ သေချာပေါက် သူက အလိုလိုက်မှာပေါ့... ငါ့မြေးတွေက ဝဝကစ်ကစ် ကောင်လေးနှစ်ယောက်ပါ၊
ငါ့ရင်ထဲမှာ သူတို့ကို အရမ်းချစ်တာပေါ့၊ မဟုတ်ရင် ငါ့သားကို နင့်ရဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဘာလို့ လာကြီးကြပ်ခိုင်းမလဲ”
သို့သော် သူမကသာ ပြာယာခတ်နေပြီး ချန်မေ့လန်ကမူ တည်ငြိမ်နေခဲ့သည်။ သူမက ချက်ချင်းပင် ဆက်ပြောလိုက်လေ၏။
“ဟုတ်တယ်လေ၊ ဒါဆိုရင် အန်တီ့ရဲ့မြေးကြီးနှစ်ယောက်ကို ပြုစုပျိုးထောင်ပေးရတဲ့ ကျေးဇူးအတွက် မြန်မြန်လေး ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားပြီး ကျွန်မအတွက် အလုပ်လုပ်ပေးလိုက်ပါ၊
စားစရာတော့ ကိုယ့်ဘာသာ ယူလာခဲ့နော်၊ ကျွန်မက ထမင်းမကျွေးနိုင်ဘူး”
“နင်… အရမ်းအတင့်မရဲနဲ့နော် ချန်မေ့လန်၊ ရှောင်လန်နဲ့ ရှောင်ဝမ်က ရွှယ်ချင်းရဲ့ကလေးတွေပဲ၊ နင် ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါတို့ တရားရုံးသွားရလိမ့်မယ်၊
ရှောင်ဝမ့်ကိုတော့ ယန်ကျောက်ဆီမှာ ထားချင်ထားခဲ့၊ ဒါပေမယ့် ရှောင်လန်ကိုတော့ ငါတို့ မဖြစ်မနေခေါ်သွားရမယ်၊
ငါ မသိဘူးလို့ မထင်နဲ့၊ ယန်ကျောက်က တော်တော်လေးချမ်းသာတယ်၊ ပြီးတော့ ငါတို့ရဲ့ရှောင်လန်က ကြယ်ပွင့်လေး ဖြစ်လာနိုင်တယ်”
နောက်ဆုံးတွင်တော့ သူမ၏ အစစ်အမှန်မျက်နှာဖုံးကို ခွာချလိုက်ပြီဖြစ်သည်။
အလုပ်မပေးပါက ကလေးကိုခေါ်သွားမည်ဟု ခြိမ်းခြောက်လာကာ အထူးသဖြင့် ရှောင်လန်ကို ပစ်မှတ်ထားနေသည်။ ထို့အပြင် ရှောင်လန်သည် ကလေးကြယ်ပွင့်ဖြစ်လာနိုင်ကြောင်းကို ကျိုးရွှယ်ချင်းက သေချာပေါက် ထုတ်ဖော်ပြောဆိုထားခဲ့ခြင်းဖြစ်ပေမည်။
ထိုအချိန်၌ ကျောင်းတိနှင့် ရှောင်လန်တို့ ရေသောက်ရန်ရောက်ရှိလာကြသည်။ အဘွားကြီးက ပြုံးရွှင်စွာဖြင့် သူတို့ကို သွားရောက်နှုတ်ဆက်လေ၏။
“ရှောင်လန်၊ အဘွားလေ”
ယခင်က ဝက်အူချောင်း နှစ်ကြိမ်တိုင်တိုင် ပေးဖူးသဖြင့် ကလေး၏စိတ်ကို ဆွဲဆောင်နိုင်ပြီဟု သူမ ထင်မှတ်ထားခဲ့သည်။
သို့သော် ရှောင်လန်က အဘွားကြီးကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်လေတော့သည်။
“ဝံပုလွေအဘွားကြီး၊ ကြွက်သတ်ဆေး”
ထို့နောက် အဘွားကြီးက လက်ဆန့်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်လန်က ကိုက်ချလိုက်ကာ လုံးဝမလွှတ်ပေးတော့ဘဲ ဖက်တွယ်ထားတော့သည်။
အဘွားကြီးမှာ အထိတ်တလန့်ဖြစ်သွားကာ လက်ကိုခါထုတ်လိုက်ရာ ရှောင်လန်လေးမှာ လွင့်စင်ထွက်သွားလုမတတ် ဖြစ်သွားရ၏။
“အား... ဒီတောခွေးပေါက်လေးက ဘာလို့ လူကိုလိုက်ကိုက်နေရတာလဲ”
ရှောင်လန်၏ပါးစပ်ထဲတွင် တံတွေးများ ပြည့်နှက်နေကာ အဘွားဖြစ်သူ၏လက်တွင် တွဲလွဲခိုနေသဖြင့် ချန်မေ့လန်က သူ့ကို အတင်းဆွဲခွာယူလိုက်ရသည်။
ကလေး၏ပါးစပ်ကို သုတ်ပေးရင်း ချန်မေ့လန်က တည်ငြိမ်စွာပင် ပြောဆိုလိုက်လေသည်။
“အန်တီ... ကလေးတွေကို ပြုစုပျိုးထောင်ရတာက လူတစ်ယောက်တည်းရဲ့အလုပ်မဟုတ်ဘူး၊ ယန်ကျောက်က နေ့တိုင်း မိုးလင်းကနေ မိုးချုပ်အထိ အပင်ပန်းခံအလုပ်လုပ်ပြီး ကျွန်မတို့ မိသားစုကြီးကို ထောက်ပံ့ဖို့ ငွေရှာနေရတာ၊
အဲဒါ ဘာအတွက်လဲ၊ ကျွန်မက သူ့သားနှစ်ယောက်ကို သေချာဂရုစိုက် ပြုစုပေးနိုင်အောင်လို့ပဲ၊ ဒါပေမယ့် သူ့လစာက မလောက်ဘူးလေ၊ ဒါကြောင့် အန်တီတို့မိသားစုက ကလေးတွေအတွက် လစဉ် နေထိုင်စရိတ်တွေ ထောက်ပံ့ပေးရမယ်၊
တကယ်လို့ အန်တီက ကျွန်မအတွက် အလုပ်မလုပ်ပေးဘူးဆိုရင်၊ ကျွန်မ ကျိုးရွှယ်ချင်းဆီသွားပြီး နေထိုင်စရိတ်တွေ တောင်းရလိမ့်မယ်”
ဤစကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်ဝမ်၏မျက်နှာလေး ဖြူရော်သွားတော့သည်။
သို့သော် ချန်မေ့လန်က ချက်ချင်းပင် သူ့ကို မျက်စိမှိတ်ပြလိုက်ကာ ဤအဘွားကြီးအား ခြောက်လှန့်နေခြင်းသာဖြစ်ကြောင်း အချက်ပြလိုက်၏။
သို့သော် အဘွားကြီးက ထိုအရာကို မသိသဖြင့် ဒေါသတကြီး အော်ဟစ်လေတော့သည်။
“နင်... နင် တကယ်ကို ငွေရှာဖို့ တခြားနည်းလမ်း မရှိတော့လို့လား”