← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အခန်း (၉၇)

“ကလေးတွေကို ကျွေးမွေးရတာ ငွေမကုန်ဘူးလို့ထင်နေလား၊ ဒါက အန်တီတို့မိသားစုရဲ့ ကလေးလေ၊ အန်တီက ကျွန်မရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူညီပြီးဖြေလျှော့ပေးသင့်တာပေါ့”

“နင်... နင်မှတ်ထားလိုက်...”

အဘွားကြီးသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြောဆိုနေသော်ငြား အံ့သြဖွယ်ကောင်းလောက်အောင်ပင် သူမ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

ရှောင်လန်နှင့် ယွမ်ယွမ်တို့ကမူ ထိုအဘွားကြီးအား အမှန်တကယ်ပင် ကြွက်သတ်ဆေးရောင်းသူဟု ထင်မှတ်ကာ သူမနောက်သို့ ပြေးလိုက်ရင်း အော်ဟစ်နေကြ၏။

“ဝံပုလွေအဘွားကြီး၊ ကြွက်သတ်ဆေး”

ရှောင်ဝမ်ကမူ မြေပြင်ပေါ်တွင် ပြန်လည်ဆောင့်ကြောင့်ထိုင်လိုက်ကာ ကျောပိုးအိတ်အသစ်နှစ်လုံးကို စတင်ပွတ်တိုက် ဆေးကြောနေပြန်သည်။

ခေတ္တမျှ ပွတ်တိုက်ပြီးနောက် သူက ချန်မေ့လန်အား မော့ကြည့်ကာ ပြုံးပြပြီး ပြန်ငုံ့သွားလေ၏။

ဖခင်ဖြစ်သူ၏ တောင်တန်းကြီးပမာ ကြီးမားခိုင်မာလှသောဖခင်မေတ္တာကို ယခုအခါ ထိုကလေးငယ် နားလည်သဘောပေါက်သွားပြီဖြစ်ပေမည်။

ဤလူလည်လေးသည် သူ့ဖခင်ကဲ့သို့ပင် အိမ်မှုကိစ္စများတွင် အထူးကျွမ်းကျင်လေသည်။ ကျောပိုးအိတ်နှင့် ဖိနပ်များ လျှော်ဖွပ်ရာတွင် အကြောက်ရဆုံးမှာ သန့်စင်အောင်မလျှော်နိုင်ဘဲ ရေကွက်များ ကျန်ရစ်နေခဲ့ခြင်းပင်။

သို့သော် ကလေးငယ်သည် ကျောပိုးအိတ်များကို ထပ်တလဲလဲ လျှော်ဖွပ်ကာ ဆပ်ပြာမြှုပ်များ လုံးဝပြောင်စင်သွားသည်အထိ မမောမပန်း ရေဆေးပြီးမှသာ လှန်းထားလိုက်လေသည်။

ကျောပိုးအိတ်နှစ်လုံးအနက် ယွမ်ယွမ်၏ ရှီးရားကျောပိုးအိတ်ကို ရေစိုနေစဉ်မှာပင် ရှောင်ဝမ်က တမင်တကာ ဟိုနားဒီနားဆွဲဆန့်ကာ လေးထောင့်ကျကျလှပအောင် ပုံသွင်းပေးထားသည်။

ချန်မေ့လန်က သူ့အတွက် အထူးရွေးချယ်ပေးထားသော စူပါမန်းကျောပိုးအိတ်ကိုမူ တွန့်လိပ်နေသော ချေးပုံကြီးတစ်ပုံနှင့် တူသွားသည်အထိ တမင်တကာ တွန့်လိပ်ပစ်လိုက်လေသည်။

ခုနက သူ့အဘွားက ‘ဒီကလေး ကျောင်းပြေးတတ်တယ်’ ဟု ပြောခဲ့သော်လည်း ချန်မေ့လန်က သိပ်မယုံကြည်ခဲ့ပေ။

ဤအချက်ကို အစပြု၍ သူနှင့် သေချာစကားစမြည်ပြောဆိုရန် ဆုံးဖြတ်လိုက်၏။

ချန်မေ့လန်က မေးလိုက်လေသည်။

“သားရဲ့အဘွားက လျှောက်ပြောနေတာ မဟုတ်လား၊ တို့ရဲ့ ရှောင်ဝမ်လေးက ကျောင်းမပြေးပါဘူးနော်”

ရလဒ်အနေဖြင့် အလွန်အံ့အားသင့်ဖွယ်ကောင်းလှစွာပင် ရှောင်ဝမ်က လေးနက်သော အမူအရာဖြင့် ပြန်လည်ဖြေဆိုလေသည်။

“တကယ်တော့ ကျွန်တော် ကျောင်းလုံးဝမတက်ချင်ဘူး၊ ကျွန်တော်တို့ ဆွေးနွေးကြရင် မကောင်းဘူးလား၊

ကျောင်းလခတွေကို ကျွန်တော့်ကိုပဲပေးလိုက်ဖို့ အန်တီက ဖေဖေ့ကို ပြောပေးပါလား၊ ကျွန်တော် အပြင်ထွက်ပြီး စီးပွားရေး သွားလုပ်မယ်”

‘ဒီကိစ္စအတွက် သူ့အဖေက သူ့ကို ရိုက်သတ်ပစ်မှာကို သူ မတွေးမိဘူးလား’

ရှောင်၀မ်က ထပ်မံဖြည့်စွက်ဤ ပြောလာလေသည်။

“စာသင်တယ်ဆိုတာ ကြီးလာရင် ပိုက်ဆံရှာဖို့ပဲမဟုတ်လား၊ အခု ကျွန်တော် ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာ သိနေပြီပဲ၊ ကျွန်တော် ငတ်မသေပါဘူး၊ တကယ်ပြောတာပါ”

ဤကလေးမှာ အသက် ခုနစ်နှစ်အရွယ်သာရှိသေးပြီး ဒုတိယတန်းတွင် ပညာသင်ကြားနေဆဲဖြစ်သည်။

သူပြောဆိုနေသော စကားများမှာ ခေါင်းမာ၍ ကျောင်းပြေးတတ်သော ကလေးတစ်ဦးပြောမည့် စကားမျိုးထက်ပင် ကျော်လွန်နေခဲ့၏။

ဤသည်မှာ အခြေခံအားဖြင့် ကျောင်းလုံးဝမတက်လိုသော ကလေးတစ်ဦး၏ စကားမျိုးသာ ဖြစ်ပေသည်။

ချန်မေ့လန်အနေဖြင့် ခေတ္တမျှ မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

ရှောင်ဝမ်က ထပ်မံမေးမြန်းလာ၏။

“အန်တီ... ကျွန်တော်တို့ အလေးအနက်ထားပြီး တစ်ခုခု ဆွေးနွေးလို့ရမလား”

ချန်မေ့လန်အား အမြဲတမ်း ဆန့်ကျင်ပြောဆိုတတ်သော ဤကလေးဆိုးလေးအပေါ် သူမ၏သည်းခံနိုင်စွမ်းများ စတင်ကုန်ဆုံးလာခဲ့ပြီ ဖြစ်သည်။

“ပြောလေ”

“ကျွန်တော့်ရဲ့ အမေအရင်းက ကျွန်တော့်ကို သေချာပေါက် လိုချင်မှာ မဟုတ်ဘူး၊ သူလိုချင်ရင်တောင် ကျွန်တော် ပြန်လိုက်မှာမဟုတ်ဘူး၊

ဒါပေမယ့် သူက ရှောင်လန်ကို လာခေါ်ရင်တော့ အန်တီ သူ့ကို လုံးဝပြန်မထည့်ပေးလိုက်နဲ့နော်၊ ဟုတ်ပြီလား”

ချန်မေ့လန်က ဘာမျှမပြောဘဲ ပြုံးရုံသာပြုံးနေသည်ကို မြင်သောအခါ ကလေးငယ်မှာ ပြာယာခတ်သွားကာ အသနားခံလေတော့သည်။

“ရှောင်လန်က အခု အန်တီ့ကို မေမေလို့ခေါ်နေပြီလေ၊ အန်တီ သူ့ကို စိတ်ပျက်အောင်မလုပ်ရဘူးနော်”

ချန်မေ့လန်က ကလေးငယ်ကို ဖမ်းဆွဲလိုက်ကာ သူ့နားရွက်လေးကို ပွတ်သပ်လိုက်၏။

‘ဪ... တကယ်ကို နူးညံ့အိစက်နေတာပဲ'

“ဘာလို့လဲဆိုတာ အန်တီ့ကို ပြောပြပါလား”

ရှောင်ဝမ်၏မျက်ဝန်းများ နီရဲလာကာ သူ့နှုတ်ခမ်းကို အချိန်အတော်ကြာ ကိုက်ထားပြီးနောက် ခေါင်းခါလျက် ပြေးထွက်သွားလေတော့သည်။

“ဘာပဲဖြစ်ဖြစ်၊ အန်တီ လုံးဝပြန်မပေးရဘူး”

ရှောင်လန်လေး ဆေးစားမိ၍ ဖျားနာခဲ့ရခြင်းဖြစ်ကြောင်း သေချာသွားသည့်နေ့ကတည်းက ကျိုးရွှယ်ချင်း ရှောင်လန်အား ပြန်လည်ခေါ်ဆောင်သွားလိုမည်ကို ချန်မေ့လန် မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။

အတိတ်ဘဝကရှောင်လန်သည် အမြဲတမ်း ဖျားနာနေတတ်သော်ငြား ပညာရေးတွင်မူ ရှောင်ဝမ်ထက် အနည်းငယ် ပို၍အလားအလာကောင်းသည်ဟု ဆိုကြသည်။

ကျိုးရွှယ်ချင်း၏အမြင်တွင်မူ သူသည် နောက်ဆုံး၌ ကျေးဇူးကန်းသော လူယုတ်မာတစ်ဦး ဖြစ်လာမည်ဆိုသော်လည်း မည်သို့ပင်ဖြစ်စေ သူသည် ရှောင်ဝမ်ထက် အသက်ငယ်ရွယ်ပြီး သူ၏ကိုယ်ရည်ကိုယ်သွေးမှာလည်း အပြည့်အဝ ပုံပေါ်နေခြင်းမရှိသေးပေ။

အကယ်၍ ကလေးငယ်သည် ကြီးလာသောအခါ ရုပ်ရည်ချောမောလာပါက ကျိုးရွှယ်ချင်းအနေဖြင့် သူ့ကို ပြန်လည်ခေါ်ယူရန် သေချာပေါက်သွေးဆောင်ခံရမည ဖြစ်သည်။

ကျိုးရွှယ်ချင်း ယခုအချိန်တွင် မည်သို့ပင်ဖြစ်နေစေကာမူ ယန်ကျောက် စစ်မှုထမ်းနေစဉ်အတွင်း သားနှစ်ဦးကို မွေးဖွားပေးခဲ့သည်မှာ အမှန်တရားပင်ဖြစ်ပြီး ရှစ်နှစ်တာကာလအတွင်း ခင်ပွန်းဖြစ်သူကို သုံးလေးကြိမ်မျှသာ တွေ့မြင်ခဲ့ရသည်မှာလည်း အမှန်တရားပင် ဖြစ်ပေသည်။

အကယ်၍ တစ်နေ့တွင် သူမက ရှောင်လန်ကို အမှန်တကယ် လာရောက်ခေါ်ယူကာ ခုနစ်နှစ်ရှစ်နှစ်ခန့် တစ်ခုလပ်မုဆိုးမတစ်ဦးပမာ ခက်ခဲကြမ်းတမ်းစွာ နေထိုင်ခဲ့ရမှုကို အကြောင်းပြ၍ ဖိအားပေးလာပါက ယန်ကျောက် မည်သို့တုံ့ပြန်မည်နည်း။

သူ စိတ်ပျော့သွားကာ ရှောင်လန်ကို ပြန်ထည့်ပေးလိုက်မည်လော။

ကျိုးရွှယ်ချင်းသည် ရူးသွပ်နေသည်ဟုပင် ဆိုနိုင်လောက်အောင် ဓနဥစ္စာရှာဖွေရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ချန်မေ့လန်၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်ငယ်လေးတွင်မူ အရည်အသွေးကောင်းမွန်စေရန်အတွက် အမြင့်ဆုံးအဆင့်ရှိသော ဘိလပ်မြေများကိုသာ အသုံးပြုခဲ့သည်။

ကြိုးကြိုးစားစား လုပ်ကိုင်ရင်း ထိုကန်တင်းငယ်လေးကို ဘန်ကာတစ်ခုပမာ ခိုင်ခံ့တောင့်တင်းအောင် တည်ဆောက်ခဲ့၏။

ဆရာဟွမ်၏ အဆိုအရ ထိုအခြေခံအုတ်မြစ်မှာ ရစ်ခ်ျတာစကေး ၈ အဆင့်ရှိသော ငလျင်ဒဏ်ကိုပင် ခံနိုင်ရည်ရှိသည်ဟု ဆိုလေသည်။

ရှောင်လန်ကို သူမ လုံးဝပြန်မပေးနိုင်ကြောင်း ခိုင်မာစွာဆုံးဖြတ်ထားလိုက်၏။

ဤကိစ္စနှင့် ပတ်သက်၍ ယန်ကျောက်နှင့် သေချာပေါက် ဆွေးနွေးတိုင်ပင်ရန် လိုအပ်နေလေသည်။

“ဖေဖေ”

တံခါးပြင်ဘက်မှ ယွမ်ယွမ်၏ခေါ်သံနှင့်အတူ ယန်ကျောက်သည်လည်း အလုပ်မှ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ယန်ကျောက် ဝင်လာသည်ကို မြင်သောအခါ သေချာစကားပြောရန်အတွက် ချန်မေ့လန်က သူ့ကို မီးဖိုချောင်အတွင်းသို့ခေါ်ရန် ပြင်လိုက်သော်လည်း ယန်ကျောက် လက်နှင့် မျက်နှာကို ဆေးကြောနေစဉ်မှာပင် ရှောင်ဝမ်က ကြိုတင်၍ တိုင်တန်းနေခဲ့ပြီဖြစ်သည်။

ရေပိုက်ခေါင်းမှ ရေများဖြင့် ခေါင်းကိုလောင်းချလိုက်ကာ ဆပ်ပြာများ တိုက်ချွတ်ပြီးနောက် ရေပိုက်ရေဖြင့် ထပ်မံဆေးကြောကာ ခေါင်းကိုခါရမ်းလိုက်ရာ ယန်ကျောက်တစ်ယောက် လန်းဆန်းသန့်စင်သွားလေတော့၏။

သို့သော် သူ၏ယောက္ခမဟောင်း လာရောက်ခဲ့ကြောင်းကို ကြားလိုက်ရသောအခါ ယန်ကျောက် ချက်ချင်းပင် ရေပိုက်ကိုပိတ်လိုက်ကာ မျက်မှောင်ကြုတ်လျက် ကြိမ်းမောင်းလေသည်။

“ယန်ဝမ်ချီ... မင်းက ယောကျာ်းဟုတ်ရဲ့လား၊ ဘာလို့ ငါ့ဆီ ချက်ချင်းဖုန်းမဆက်တာလဲ”

အရပ်အမြင့် ၁.၈ မီတာ (၆ ပေနီးပါး) ရှိကာ မည်းမှောင်ခက်ထန်သော မျက်နှာထားရှိသည့် အမျိုးသားကြီးတစ်ဦးက ပိန်လှီသော မျောက်ကလေးတစ်ကောင်အား ယောကျာ်းဟုတ်မဟုတ် မေးနေသည်လော။

ရှောင်ဝမ်မှာ ယောကျာ်းတစ်ယောက်မဖြစ်သေးသကဲ့သို့ ဖခင်ဖြစ်သူ၏ဒေါသကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကာ အထစ်ထစ် အငေါ့ငေါ့ ဖြေလေသည်။

“ကျွန်တော်... ကျွန်တော်မေ့သွားလို့ပါ”

ပထမအကြိမ် အဘွားဖြစ်သူ လာရောက်စဉ်ကတည်းက ယန်ကျောက်သည် ရှောင်ဝမ့်အား သူ၏ရုံးဖုန်းနံပါတ်ကို အလွတ်ကျက်စေခဲ့ပြီး အကယ်၍ အဘွားဖြစ်သူနှင့် ဦးလေးတို့အဖွဲ့က သူတို့အနီးသို့ သီးသန့်လာရောက်ရန် ကြိုးစားပါက ချက်ချင်းဖုန်းဆက်ရန် ထပ်တလဲလဲ မှာကြားထားခဲ့သည်။

သို့သော်လည်း ကလေးငယ်သည် ယခင်က ဖခင်ဖြစ်သူအပေါ် တစ်ကြိမ်တစ်ခါမျှ မှီခိုအားထားဖူးခြင်းမရှိခဲ့ပေ။

အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ အလိုအလျောက်တုံ့ပြန်မှုမှာ အကူအညီတောင်းခံရန်မဟုတ်ခဲ့ပေ။

ထို့အပြင် အဘွားဖြစ်သူက ခိုးကြောင်ခိုးဝှက် လာရောက်ခဲ့ခြင်းမဟုတ်ဘဲ လူလုံးထွက်ပြကာ ရဲတင်းစွာ လာရောက်ခဲ့ခြင်းဖြစ်လေသည်။

“နောက်တစ်ခါ သူလာရဲရင် ငါ့ဆီ ချက်ချင်းဖုန်းဆက်”

ယန်ကျောက်၏လေသံမှာ အနည်းငယ် ကြမ်းတမ်းနေကာ မျက်နှာကို တင်းတင်းထားလျက် မေးလိုက်၏။

“မင်း အသက် ခုနစ်နှစ်တောင် ရှိနေပြီ၊ ငါတို့ရဲစခန်းရဲ့ ဖုန်းနံပါတ်ကိုတောင် အခုထိ အလွတ်မရသေးဘူးလို့တော့ မပြောနဲ့နော်”

တကယ်တန်းတွင် ရှောင်ဝမ်သည် ရဲစခန်းဖုန်းနံပါတ်ကို အလွတ်မရခြင်းမဟုတ်ဘဲ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ၏ဘေးနားတွင် နေထိုင်ခွင့် မရရှိခဲ့သောကြောင့်သာ ဖြစ်သည်။

အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ အလိုအလျောက်တုံ့ပြန်မှုမှာ ဖခင်ဖြစ်သူထံမှ အကူအညီတောင်းခံရန် မဟုတ်ခဲ့ပေ။

သို့သော် အဆူခံလိုက်ရသဖြင့် သူ အလျှော့ပေးရန် အစီအစဉ်မရှိတော့ပေ။

“ဘယ်သူက ဖေဖေ့ကို လိုလို့လဲ၊ ကျွန်တော့်အမေက စကားနည်းနည်းလေးပြောလိုက်ရုံနဲ့ သူ့ကို ပြန်လွှတ်လိုက်နိုင်တာပဲဟာ”

ယန်ကျောက် မီးဖိုချောင်ပြတင်းပေါက်မှတစ်ဆင့် ချန်မေ့လန်အား လှမ်းကြည့်လိုက်မိသည်။ သားအဖနှစ်ဦး အချေအတင် ဖြစ်နေသည်ကို ကြားသောအခါ သူမမှာ အမှန်တကယ်ပင်ပြုံးနေသည်။

သူမ၏ပါးပြင်လေးများမှာ ပန်းရောင်သန်းနေပြီး ခေါင်းယမ်းလျက် ပြုံးနေလေ၏။

ဒုတိယအိမ်ထောင်ပြုသော ဇနီးမောင်နှံများအတွက် အကြောက်ရဆုံးမှာ ဇနီးဟောင်း သို့မဟုတ် ခင်ပွန်းဟောင်းများ ရောက်လာကာ ပြဿနာရှာခြင်း၊ မဆုံးနိုင်အောင် မြည်တွန်တောက်တီးခြင်းနှင့် အနှောင့်အယှက်ပေးခြင်းတို့ပင်။

All Chapters