← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈)

ဥပမာအားဖြင့် ယန်ရှီရှန်း ပေါ်လာခဲ့စဉ်က ယန်ကျောက် ဘာမျှထုတ်မပြောခဲ့သော်လည်း သူ၏ရင်တွင်း၌မူ ဒေါသများ ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့သည်။

သို့သော် ထူးဆန်းစွာပင် ကျိုးရွှယ်ချင်း၏မိခင် လာရောက်ချိန်တွင် ချန်မေ့လန်မှာ လုံးဝဒေါသထွက်နေပုံ မပေါ်ပေ။

သူမ၏တည်ငြိမ်မှုက ဤကိစ္စမှာ ပြဿနာကြီးကြီးမားမားမဟုတ်သကဲ့သို့ ယန်ကျောက်အား ခံစားရစေသည်။

သို့သော် ကျိုးရွှယ်ချင်း၏မိခင်မှာ အလွန်ပါးနပ်လှည့်ပတ်ကာ ပရိယာယ်များသူဖြစ်၏။

‘ချန်မေ့လန်တစ်ယောက် သူမရဲ့ လှည့်ကွက်တွေထဲ သက်ဆင်းသွားတာတော့ မဟုတ်လောက်ပါဘူးလေ'

ဖခင်ဖြစ်သူအား မျက်နှာသုတ်ပုဝါ ကမ်းပေးရင်း ရှောင်ဝမ်က အချိန်ကိုက် ဝင်ရောက်ပြောဆိုလိုက်လေသည်။

“ဖေဖေ မရှိလို့ ကျွန်တော်တို့က ကြောက်နေမယ်လို့ ထင်နေတာလား”

ယန်ကျောက်၏ မျက်ခုံးများ ထပ်မံကြုတ်သွားရပြန်၏။

ရှောင်ဝမ်က ပို၍ပင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလိုက်၏။

“ကျွန်တော့်အမေက အဘွားဆီကနေ နေထိုင်စရိတ်တွေတောင် တောင်းလိုက်သေးတယ်၊ စကားတစ်ခွန်းတည်းနဲ့ အဘွား ကြောက်ပြီး ထွက်ပြေးသွားတာ၊

ဖေဖေ့လိုမျိုး သူတို့ ငိုယိုလိုက်တာနဲ့ ပိုက်ဆံတွေအမြဲပေး၊ အမြဲတမ်း အလျှော့ပေးနေတာမျိုး မဟုတ်ဘူးဗျ”

ဖခင်ဖြစ်သူ၏ ဇဝေဇဝါဖြစ်နေသော အကြည့်များအောက်တွင် ရှောင်ဝမ်၏ဂုဏ်ယူဝင့်ကြွားမှု အမြီးလေးမှာ ကောင်းကင်သို့ပင် ထောင်တက်သွားလုမတတ် ဖြစ်နေတော့သည်။

‘ကြည့်ပါဦး... ဒီအမေက ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်သလဲ'

သေချာသည်မှာ ရှောင်ဝမ်ကိုယ်တိုင်က သူမကို “အမေ” ဟု ပထမဆုံးအကြိမ် ခေါ်ဆိုလိုက်ခြင်းဖြစ်ပြီး ဤမျှလောက် သဘာဝကျကျ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းကို သူကိုယ်တိုင်ပင် သတိမပြုမိခဲ့ခြင်းဖြစ်၏။

သူ့ဖခင်က လှမ်းခေါ်လိုက်လေသည်။

“ရှောင်ဝမ်”

ရှောင်ဝမ်က အရေးတယူ ပြန်လည်မထူးချင်တော့ပေ။

ယန်ကျောက်က သားဖြစ်သူကို ဖမ်းဆွဲလိုက်ကာ နံစော်နေသောခေါင်းလေးကို နမ်းရှူလိုက်ပြီးနောက် ဆပ်ပြာများ စတင်ပွတ်တိုက်ပေးလေတော့သည်။

သားဖြစ်သူ၏ ခေါင်းကိုပါ သူ လျှော်ပေးတော့မည်ဖြစ်သည်။

ယန်ကျောက်က မေးလိုက်၏။

“ဒီည သီချင်း နားထောင်ချင်သေးလား”

ရှောင်ဝမ်မှာ စူပုတ်ပုတ်ဖြင့် ရှိနေဆဲပင်။

ယန်ကျောက်က ထပ်မံပြောဆိုလိုက်လေသည်။

“ဖေဖေ သီချင်းမဆိုတတ်ဘူး၊ ဒါပေမယ့် ဖေဖေ သင်လိုက်လို့ရတယ်”

“ဖေဖေ၊ ဖေဖေ မသိသေးလို့၊ သမီးလေ အဆိုတော်ပေါက်စလေး ဖြစ်တော့မှာ”

ထိုအချိန်တွင် ယွမ်ယွမ်က အနောက်မှပြေးဝင်လာကာ ပြောလိုက်သည်။

ရှောင်လန်ကလည်း နောက်မှလိုက်လာရင်း ခေါင်းတစ်ဆက်ဆက်ညိတ်လျက် ထောက်ခံလေ၏။

“မမကြီးက အဆိုတော်ပေါက်စလေး ဖြစ်တော့မှာ”

ကလေးများ ဝမ်းသာအားရ ပြောဆိုနေကြစဉ် ချန်မေ့လန်က ယွမ်ယွမ် ရုပ်ရှင်ဇာတ်ဝင်တေးအတွက် သီချင်းအသံသွင်းရမည့်အကြောင်း ယန်ကျောက်အား အကျဉ်းရုံး ရှင်းပြလိုက်၏။

………

စက်တင်ဘာလသို့ ရောက်ရှိလာပြီဖြစ်ရာ ရာသီဥတုမှာ တဖြည်းဖြည်း အေးချမ်းလာပြီဖြစ်သည်။ ကလေးများမှာ ဖခင်ဖြစ်သူ၏ ဘေးတွင် ဝိုင်းအုံနေကြကာ ယွမ်ယွမ်က ခေါင်းလေးမော့၍ ပြုံးရွှင်စွာ မေးလိုက်လေ၏။

“ဖေဖေ၊ သမီး သီချင်းသွားသွင်းတဲ့နေ့ကျရင် ဖေဖေ လိုက်ပို့ပေးမလားဟင်”

ယန်ကျောက်က သူ၏ လက်များကို သန့်စင်အောင် သုတ်လိုက်ရင်း နူးညံ့သော မျက်နှာထားဖြင့် ပြန်ဖြေလေသည်။

“ဘယ်နေ့လဲ သေချာပြောပြ၊ ဖေဖေ လိုက်ပို့ပေးမယ်”

ဤဖခင်မှာ အလုပ်များလွန်းလှသည်။ နေ့စဉ် အိမ်ပြန်လာသော်ငြား များသောအားဖြင့် ညဆယ့်တစ်နာရီ၊ ဆယ့်နှစ်နာရီခန့်မှသာ ပြန်ရောက်လေ့ရှိပြီး တစ်ခါတစ်ရံ မနက်တစ်နာရီ၊ နှစ်နာရီခန့်ပင် ရှိတတ်သည်။

သို့ရာတွင် မနက် ၆ နာရီခွဲတိတိတွင်မူ အလုပ်သွားရန် အမြဲတမ်း နိုးနေပြီးဖြစ်သည်။

ကလေးများသာမက ချန်မေ့လန်ကိုယ်တိုင်ပင် သူ အိမ်ပြန်ရောက်လာကြောင်းကို သန်းခေါင်ယံအချိန် တံခါးဖွင့်သံကြားမှသာ သိရလေ့ရှိသည်။

ထို့အပြင် ယွမ်ယွမ်၏ စိတ်ထဲတွင် ဖခင်ဆိုသည်မှာ အိမ်သို့ ရှားရှားပါးပါးသာ ပြန်လာတတ်သူအဖြစ် အမြစ်တွယ်နေခဲ့၏။ ယန်ရှီရှန်းကဲ့သို့ ဆယ်ရက်၊ လဝက်ခန့် ပျောက်နေတတ်သည်မှာ သူမအတွက် သာမန်ကိစ္စတစ်ခုလို ဖြစ်နေခဲ့ပြီမဟုတ်လော။

သီချင်းသွားသွင်းရန် သူမနှင့်အတူ လိုက်ပါလာလိမ့်မည်ဆိုသည်ကိုမူ ယွမ်ယွမ်အနေဖြင့် တွေးပင်မတွေးရဲခဲ့ပေ။

သူမက ဝမ်းသာအားရဖြင့် နေရာတွင်ပင် နှစ်ချက်သုံးချက်ခန့် ခုန်ပေါက်လိုက်ပြီးနောက် ထပ်မံအတည်ပြုလေသည်။

“မနက်ဖြန်ပါ ဖေဖေ၊ ရရဲ့လားဟင်၊ တကယ်ရလား”

“ရပါတယ်၊ ဖေဖေလည်း သီချင်းနားထောင်ရတာ သဘောကျတယ်၊ ဒါပေမယ့် ခေတ်ပေါ်သီချင်းတွေ နားမထောင်ရတာတော့ ကြာပြီ”

ယန်ကျောက်က လေးနက်စွာ တုံ့ပြန်လိုက်၏။

ဖခင်ဖြစ်သူက ယနေ့ည သီချင်းဆိုပြမည်ဟု ပြောထားသဖြင့် ရှောင်ဝမ်သည် ရေဒီယိုကို ချက်ချင်းပြေးယူလာကာ အားတက်သရောပြောလေသည်။

“ဖေဖေ၊ သား သီချင်းအသစ်တွေပါတဲ့ အခွေအသစ် ဝယ်လာတယ်၊ ဖေဖေ အဲဒီကနေသင်လို့ရတယ်၊ မြန်မြန်လာ၊ သားဖွင့်ပြမယ်”

ကလစ်ခနဲ အသံနှင့်အတူ ရေဒီယိုကို သူဖွင့်လိုက်သည်။

ရေဒီယိုမှ ထွက်ပေါ်လာသော သီချင်းသံမှာ...

“...မိန်းမရှိလျက်နဲ့တောင် အီစီကလီ လုပ်ချင်သေးတယ်၊ အလှအပတွေ ကြားထဲမှာ အိုမင်းသွားမှာကိုလည်း ကြောက်နေသေးတယ်...”

ယန်ကျောက်၏မျက်ခုံးများ ထပ်မံကြုတ်သွားရပြန်သည်။ ဤသီချင်းမှာ လတ်တလော ညကလပ်များတွင် ခေတ်စားဆုံးသီချင်းတစ်ပုဒ် ဖြစ်လေ၏။

မည်သည့် ညကလပ်ကို ဝင်ဖမ်းသည်ဖြစ်စေ ဝင်ဝင်ချင်းတွင် ဤသီချင်းသံကို ကြားရမည်မှာ အသေအချာပင်ဖြစ်ပြီး အချောအလှလေးများက သူဌေးသစ်များကို ဖက်တွယ်ကာ မမောမပန်းသီဆိုလေ့ရှိကြသည်။

ရှောင်ဝမ်ကိုယ်တိုင်လည်း ဤသီချင်းကို သူ့ဖခင် ဆိုနိုင်မည်မဟုတ်ကြောင်း ရိပ်မိလိုက်သည်။ ဖခင်ဖြစ်သူ ဒေါသထွက်လာသည်ကို မြင်သောအခါ သူက နောက်တစ်ပုဒ်သို့ အမြန်ပြောင်းလိုက်၏။

ပို၍ ချိုသာသော အသံလေးတစ်ခု ထွက်ပေါ်လာကာ အသံကို နားထောင်ရုံမျှဖြင့် အဆိုတော်၏ခါးလေး လှုပ်ခါနေမည့်ဟန်ကို မျက်စိထဲ မြင်ယောင်လာစေသည်။

“ကျွန်မရဲ့ ညီမလေးက အခုမှ ဆယ့်ရှစ်နှစ်ပြည့်ခါစ၊ ပန်းလေးတစ်ပွင့်လို လှပနေတာပဲ...”

ဤသည်မှာလည်း သူဌေးအသစ်များအကြား ဒုတိယမြောက် ရေပန်းအစားဆုံး သီချင်းတစ်ပုဒ် ဖြစ်လေသည်။

ယန်ကျောက်က ရေဒီယိုကို ကလစ်ခနဲပိတ်လိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။

သူက ဝင်ဝင်ချင်းမှာပင် ရှင်းပြလေသည်။

“ဒီရက်ပိုင်း ဖေဖေ အရမ်းအလုပ်များနေတယ်၊ ဒါပေမယ့် ရှေ့ရက်ကျရင်တော့ နည်းနည်း နားလို့ရပြီ၊ အိမ်မှုကိစ္စလုပ်စရာရှိရင်ပြောပါ”

ယန်ကျောက်၏ အလုပ်သဘောသဘာဝနှင့် ပတ်သက်၍မူ ယန်ရှီရှန်း၏အလုပ်နှင့် မတူညီသော လမ်းကြောင်းများမှ တူညီသောဦးတည်ချက်သို့ သွားနေသည်ဟု ဆိုရပေမည်။

လတ်တလောတွင် ပြည့်တန်ဆာလုပ်ငန်းများကို အထူးနှိမ်နင်းရေးကမ်ပိန်းတစ်ခု ပြုလုပ်နေကြောင်း သိရသည်။

သူသည် ညတိုင်း ညကလပ်များသို့ သွားရောက်လေ့ရှိသော်လည်း ပြည့်တန်ဆာများကို ဖမ်းဆီးရန်၊ ပြည့်တန်ဆာ ခေါ်ယူသူများကို ဖမ်းဆီးရန်၊ ညစ်ညမ်းဗီဒီယိုရုံများနှင့် မြို့တွင်းရွာများရှိ လှည့်လည်သွားလာနေသော “ညဉ့်ငှက်မလေးများ” ကို ဝင်ရောက်စီးနင်းရန် သွားရောက်ရခြင်းဖြစ်လေသည်။

တစ်ခုတည်းသော အားသာချက်မှာ မည်မျှပင် နောက်ကျပါစေ ယန်ကျောက်သည် ညဘက်တွင် အိမ်သို့ သေချာပေါက်ပြန်လာတတ်ခြင်းပင်။

ထို့အပြင် တံခါးဝသို့ရောက်သည်နှင့် သူသည် ငြိမ်ငြိမ်မထိုင်နိုင်ဘဲ အိမ်မှုကိစ္စများကို လုပ်ကိုင်လိုစိတ်ပြင်းပြနေတတ်သည်။

သို့သော် ယနေ့ သူ အိမ်မှုကိစ္စလုပ်မည်၊ မလုပ်မည်ဆိုသည်မှာ အရေးမကြီးပေ။ ချန်မေ့လန် သိလိုသည်မှာ ကျိုးရွှယ်ချင်းစိတ်ပြောင်းသွားကာ ရှောင်လန်ကို လာရောက်ခေါ်ယူပါက ယန်ကျောက် ကလေးအား ပြန်ထည့်ပေးလိုက်မည်လော ဆိုသည်ကိုသာ ဖြစ်သည်။

အကယ်၍ သူသာ အမှန်တကယ် ပြန်ပေးလိုက်မည်ဆိုပါက ချန်မေ့လန်သည် ယန်ကျောက်ကိုပါ ကလေးများနှင့်အတူ တစ်ပါတည်းမောင်းထုတ်ပစ်မည်ပင်။

သို့သော် သူက ကလေးကို လုံးဝ ပြန်မပေးဟု ပြတ်သားစွာ ဆိုလာပါက...

ထိုအခါ သူမကိုယ်တိုင်လည်း လုံးဝ လက်လွှတ်ခံမည်မဟုတ်ပေ။ မိထွေးတစ်ဦးဖြစ်လာခဲ့ပြီး နောက်ထပ်ဘဝတစ်ခုကိုပါ အပိုနေထိုင်ခွင့်ရရှိထားသူပီပီ၊ မိထွေးများမှာ အခြားသူများအတွက် ကလေးများကို ပြုစုပျိုးထောင်ပေးရပြီး နောက်ဆုံးတွင် အချည်းနှီးသာဖြစ်သွားတတ်ကြောင်းကို သူမ ကြားဖူး၊ မြင်ဖူးခဲ့ပြီးဖြစ်သည်။

သို့ရာတွင် သုမ၌ အပိုရရှိထားသောဤဘဝတွင် သူမ၏ကိုယ်ပိုင်ဘဝကို အံ့မခန်းဖြစ်အောင် ဖန်တီးနိုင်စွမ်း ရှိလေသည်။ ရှောင်ဝမ်နှင့် ရှောင်လန်တို့နှင့် ပတ်သက်၍လည်း မည်သည့်တုံ့ပြန်မှုကိုမျှ သူမ မမျှော်လင့်ထားပေ။

ကုသိုလ်ပြုသကဲ့သို့ သဘောထားကာ သူတို့ကို ပြုစုပျိုးထောင်ပေးရသည်မှာ မည်သို့မျှအပန်းမကြီးလှပေ။

ထို့အပြင် ရှောင်ဝမ်က အဘယ်ကြောင့် ကျောင်းသွားရန် ဤမျှလောက် ငြင်းဆန်နေရသနည်းဆိုသည်ကိုလည်း ယန်ကျောက်မှာ သူ၏ဖခင်အရင်းဖြစ်သဖြင့် သူ့ကိုသာ မေးမြန်းရပေမည်။

ယန်ကျောက်က စဉ်းတီတုံးကို အကဲခတ်ကြည့်ပြီးနောက် မေးလိုက်၏။

“ဒီနေ့ ဖက်ထုပ်စားကြမှာလား”

ဤဖက်ထုပ်များမှာ ယွမ်ယွမ် အထူးတောင်းဆိုထားခြင်းဖြစ်ပြီး သိုးသား၊ ကြာဆံနှင့် မုန်လာဥနီများ ပါဝင်လေ၏။

မကြာမီ ကျောင်းစတက်ရတော့မည့်အပြင် သီချင်းအသံသွားသွင်းရတော့မည်ဖြစ်ရာ ခွန်အားပြည့်ဝနေစေရန် အဝစားထားလိုခြင်းဖြစ်သည်။

ယန်ကျောက်၏လက်များ အလုပ်လုပ်ချင်လွန်း၍ ယားနေသည်ကို မြင်သောအခါ ချန်မေ့လန်က နောက်ပြောင်လိုက်လေသည်။

“ရှင်ပဲ ကျွန်မတို့အတွက် ဖက်ထုပ်လုပ်ပေးလိုက်ပါလား”

သူမက နောက်ပြောင်လိုက်ခြင်းသာ ဖြစ်သော်လည်း အံ့သြဖွယ်ကောင်းလောက်အောင်ပင် ယန်ကျောက်က ဖက်ထုပ်ဂျုံပြားများကို ယူကာ အမှန်တကယ် စတင်လုပ်ကိုင်လေတော့သည်။

ထို့အပြင် သူလုပ်သော ဖက်ထုပ်များမှာ ချန်မေ့လန် လုပ်သည်ထက်ပင် ပိုမိုလှပနေ၏။ အခွံပါးပါး၊ အစာအပြည့်ဖြင့် ခေါက်ရိုးဆယ့်ရှစ်ချက်တိတိ ပါဝင်လေသည်။

ထိုကြမ်းတမ်းသောလက်ကြီးနှစ်ဖက်က ဖက်ထုပ်များကို တစ်ဖက်တစ်လုံးစီဖြင့် ကျွမ်းကျင်စွာ ခေါက်နေလိုက်သည်မှာ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် စဉ်းတီတုံးပေါ်တွင် ပြည့်နှက်သွားတော့သည်။

ဖြူဖွေးနူးညံ့သော ဖက်ထုပ်စစ်သည်တော်လေးများကို သူက ကြောက်မက်ဖွယ်ကောင်းသော စစ်ရေးပြဟန်ပန်ဖြင့် အစီအရီ နေရာချထားလိုက်လေ၏။

အရေးကြီးသော ကိစ္စရပ်များကို ဦးစားပေးရန်အတွက် ချန်မေ့လန်က ရှောင်ဝမ်၏အခြေအနေကို ဦးစွာ စတင်ဟလိုက်၏။

ဤကိစ္စနှင့် ပတ်သက်၍ ယန်ကျောက်၏တုံ့ပြန်မှုမှာ သူမ မျှော်လင့်ထားသည့်အတိုင်းပင်။

“သူက ကျောင်းမတက်ချင်ဘူး ဟုတ်လား၊ ငါ သူ့ကို သေချာလေးဆုံးမပေးရမယ်”

လွန်ခဲ့သော ရက်အနည်းငယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အသက် ခုနစ်နှစ်အရွယ် ရှောင်ဝမ်လေးကို ချိန်တွယ်ကြည့်ရာ ၄၂ ပေါင်ခန့်သာ ရှိလေသည်။

All Chapters