အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း (၁၀၀)
ချန်မေ့လန် စိတ်ထဲမှ တွေးလိုက်မိသည်။
‘ကျွန်မက နှစ်ဘ၀ပေါင်းရင် အန်တီကြီးအရွယ်ရောက်နေပြီ၊ ရှင့်ကို ဘာလို့ကြောက်ရမှာလဲ၊ ရှင့်ခေါင်းကြီးကို ကြောက်ရမှာလား၊ တစ္ဆေကြီးမလို့လား’
သို့သော် ယခု သူမ၏အမူအရာများမှာ သူ့ကိုကြောက်ရွံ့နေသည့်ပုံစံ ပေါက်နေသည်မှာတော့ အမှန်ပင်ဖြစ်သည်။
သို့ရာတွင် ချန်မေ့လန်က ကြောက်ရွံ့နေခြင်းမဟုတ်ဘဲ၊ ယန်ကျောက်မှာ ရှက်တတ်သူဖြစ်ပြီး အလွယ်တကူ မျက်နှာနီမြန်းတတ်သဖြင့်သာ ဖြစ်သည်။
သို့သော် သူ၏လုပ်ရပ်များမှာမူ တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ဖြောင့်ဖြောင့်တန်းတန်း ရှိလှသည်ဟု ဆိုရပေမည်။
လင်မယားအနေဖြင့် သူတို့နှစ်ဦးမှာ ရင်းနှီးကျွမ်းဝင်မှု မရှိသေးဟု ချန်မေ့လန် ခံစားရသည်။
ထို့အပြင် သူမ သဘောတူပါက ညအိပ်ရာ၀င်ကိစ္စများ ဖြစ်ပေါ်လာနိုင်သော်ငြား အမျိုးသားတစ်ဦးနှင့် စိတ်ပိုင်းဆိုင်ရာအရ အလွန်အမင်း နက်နက်ရှိုင်းရှိုင်း မပတ်သက်လိုတော့ပေ။
အတိတ်ဘဝက သူမသည် အမျိုးသားနှစ်ဦးကို ချစ်မြတ်နိုးခဲ့သော်လည်း မည်သူနှင့်မျှ အဆုံးသတ်မလှပခဲ့ဘဲ နက်ရှိုင်းစွာ နာကျင်ခဲ့ရသည်မဟုတ်လော။
ထို့အပြင် ယခုမှာ နေ့ခင်းကြောင်တောင်အချိန်ဖြစ်ပြီး ကလေးများမှာလည်း အပြင်ဘက်တွင် ဆော့ကစားနေကြသည်။
အကယ်၍ ယခု သူမကို ပွေ့ဖက်လိုက်ပါက မည်သို့သောမြင်ကွင်းမျိုး ဖြစ်သွားမည်နည်း။
ခေတ္တမျှ စဉ်းစားပြီးနောက် ချန်မေ့လန်က ကြောက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်း နှစ်ခုအနက်မှတစ်ခုကို ရွေးချယ်လိုက်လေသည်။
“ကျွန်မ ရှင့်ကိုကြောက်လို့ပါ၊ ကျေးဇူးပြုပြီးလွှတ်ပေးပါ”
ယန်ကျောက်၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားတော့သည်။
ထိုအမျိုးသား၏မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားကာ အတော်လေး ရုပ်ဆိုးသွားလေသည်။
ချန်မေ့လန်က အလျင်စလို ရှင်းပြလိုက်၏။
“ရှောင်ဝမ့်ကို ရိုက်နှက်ဆုံးမမယ်ဆိုတဲ့ စကားကို ခဏခဏမပြောပါနဲ့၊ ဒါဆိုရင် ကျွန်မ ရှင့်ကိုမကြောက်တော့ဘူး”
အဓိကအားဖြင့် သူ ဒေါသထွက်မည်ကို စိုးရိမ်ခြင်းဖြစ်ပြီး ကလေးအား ဆုံးမမည်ဟု အမြဲတမ်းပြောဆိုနေခြင်းမှာ အမျိုးသားတစ်ဦး၌ သူမ အားပေးလိုသော အကျင့်ဆိုးတစ်ခုမဟုတ်ပေ။
ယန်ကျောက် ရုတ်တရက် လက်လွှတ်လိုက်သည်။ ချန်မေ့လန်၏ စကားများကြောင့် မဟုတ်ဘဲ ရှောင်လန်က ခုန်ပေါက်ကာ ဝင်လာသောကြောင့်ပင်။
“မေမေ၊ ပေါက်စီတွေကျက်ပြီလား၊ သား ဗိုက်ဆာပြီ”
ပထမဆုံး ပေါက်စီအသုတ်မှာ ကျက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ရှောင်ဝမ်၏ အချဉ်ရည်မှာ ရှာလကာရည် သက်သက်သာဖြစ်၏။
ရှောင်လန်မှာ သေးငယ်သော်လည်း အစပ်ကို အလွန်နှစ်သက်သဖြင့် သူ၏အချဉ်ရည်မှာ ငရုတ်ဆီသက်သက်သာ ဖြစ်လေသည်။ ယွမ်ယွမ် တစ်ဦးတည်းသာ အစပ်နှင့် အချဉ်ကို မစားတတ်ဘဲ အပျော့စားဆုံးဖြစ်သည်။
ကလေးမလေးက ကြက်သွန်မြိတ်ကိုပင် မစားသဖြင့် ချန်မေ့လန်က သူမအတွက် ဖက်ထုပ်အစာကို အထူးစီစဉ်ပေးထားကာ သူမစားရန် သီးသန့် အမှတ်အသားပင် ပြုလုပ်ပေးထားလေ၏။
“ဖေဖေက မေမေ့ကိုဖက်ထားတာ သားမြင်တယ်”
ရှောင်လန်က လက်လေးနှစ်ဖက်ကို ဆန့်တန်းလိုက်၏။
“ရှောင်လန်လည်း အဖက်ခံချင်တယ်”
ယန်ကျောက်ကမူ အပြင်သို့ ထွက်သွားပြီဖြစ်သည်။ ရှောင်ဝမ်နှင့် ယွမ်ယွမ်တို့က ပေါက်စီကျက်သည့် အနံ့ကို ရရှိထားသဖြင့် မကြာမီ ဝင်လာကြတော့ပေမည်။
ဒုတိယအိမ်ထောင်ပြုသော မိသားစုတစ်ခုအတွက် ဇနီးမောင်နှံနှစ်ဦး သင့်မြတ်ညီညွတ်ခြင်းက ကလေးများကို ပျော်ရွှင်စေသော်လည်း အချင်းချင်း ကြင်နာယုယမှုများပြသပါက ကလေးများ၏ခင်မင်ရင်းနှီးမှုကို ထိခိုက်စေနိုင်ကြောင်း ချန်မေ့လန် ကောင်းကောင်းနားလည်ထားသည်။ ဤဟန်ချက်ကို ထိန်းသိမ်းရန်မှာ အထူးခက်ခဲလှပေ၏။
ထို့ကြောင့် သူမက အမြန်ရှင်းပြလိုက်လေသည်။
“မဟုတ်ပါဘူးကွယ်၊ မဟုတ်ပါဘူး၊ မေမေက ပေါက်စီတွေ အများကြီးစားထားလို့ ဗိုက်အောင့်နေတာ၊ အဲဒါ သူက မေမေ့ဗိုက်ကို ပွတ်ပေးနေတာပါ၊ အို... ပေါက်စီတွေအများကြီး စားမိလို့ ဗိုက်နာလိုက်တာ”
သူမ၏ ရည်ရွယ်ချက်မှာ ဤအကြောင်းပြချက်ကို အသုံးပြု၍ ဝက်ကလေးတစ်ကောင်ပမာ ဝဖြိုးနေပြီဖြစ်သော ရှောင်လန်အား ပေါက်စီများလျှော့စားရန် သွေးဆောင်ဖို့ရာဖြစ်သည်။
သို့သော် ရှောင်လန်က သေချာစဉ်းစားပြီးနောက် သူ၏ လက်ချောင်းလေးများ အားလုံးကို ဆန့်တန်းကာ ရေတွက်လေတော့သည်။
“ဒီနေ့ သား ရှစ်လုံးစားမယ်၊ ပြီးတော့ ဗိုက်နာလာရင် ဖေဖေ့ကို ပွတ်ခိုင်းမယ်”
‘ဒီကလေး ဘာလို့ ဇာတ်ညွှန်းအတိုင်း မသွားရတာလဲ'
ပေါက်စီများ အများအပြားစားထားသဖြင့် ထိုညက ကလေးများအားလုံး စိတ်လှုပ်ရှားစွာဖြင့် ဟိုဘက်ဒီဘက် လူးလှိမ့်နေကြ၏။
ဖခင်ဖြစ်သူက သီချင်းဆိုပြမည်ဟု ပြောထားသဖြင့် ရှောင်ဝမ်မှာ ဘေးအခန်းရှိ ယွမ်ယွမ်ထက်ပင် ပို၍စိတ်လှုပ်ရှားနေလေသည်။
ဖခင်ဖြစ်သူက ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ရှောင်ဝမ်က သူ့ပေါင်ပေါ်တွင် ထိုင်လျက် တောင်းဆိုလေသည်။
“ဖေဖေ၊ သီချင်းဆိုပြ”
“ဘာနားထောင်ချင်လို့လဲ”
ယန်ကျောက်က မေးလိုက်၏။
ရှောင်ဝမ်က ခေတ္တမျှ စဉ်းစားပြီးနောက် သီဆိုပြလေသည်။
“ဟန်ရွှေ မြစ်ရေ... နှစ်ရာနဲ့ချီ... ဝမ်လိုင်ဟွမ်နဲ့ ဆွေ့ထောင်ထောင်... တောခွေးတွေ ပြေးလွှား... တောခွေးတွေ စီးဆင်း... အရိုင်းအစိုင်းတွေ ထောင်ထောင်... ရေအိုးကြီး တောင်ပံ... မေ့လျော့ခြင်း ထူးချွန်... လမ်းကြောင်းလည်း ဟုတ်တယ်”
“ပီပီသသ ပြောစမ်းပါ”
ယန်ကျောက်က တင်းမာစွာ ဆိုလိုက်သည်။
ရှောင်ဝမ်လည်း ဒေါသထွက်သွား၏။
“ဒါက ကန်တုံသီချင်းလေ၊ အဲဒီလိုပဲ ဆိုရတာပဲကို”
ယန်ကျောက်က သားဖြစ်သူကို ပက်လက်လှန်ချလိုက်ကာ သူကိုယ်တိုင်လည်း လှဲချလိုက်လေသည်။
“ဖေဖေ အဲဒီသီချင်း မဆိုတတ်သေးဘူး၊ သေချာသင်ပြီးမှ နောက်နေ့ဆိုပြမယ်”
ရှောင်ဝမ် ကိုယ်တိုင်သာမက ရှီးဖျင်မြို့တော် တစ်ခုလုံးတွင် “တောခွေးတွေ ပြေးလွှား၊ တောခွေးတွေ စီးဆင်း” သီချင်းကို ကောင်းစွာ သီဆိုနိုင်သူ မည်မျှရှိမည်နည်း။
သို့သော် သူ၏ဖခင်မှာ စွမ်းဆောင်ရည် အလွန်ပြည့်ဝသူဖြစ်ရာ နောက်နေ့တွင် သေချာပေါက် ကောင်းကောင်းသင်ယူနိုင်မည်ဖြစ်သည်။
ရှောင်ဝမ်မှာ အလွန်မျှော်လင့်နေမိတော့သည်။
နောက်တစ်နေ့မှာ စနေနေ့ဖြစ်ပြီး ယွမ်ယွမ် သီချင်းသွားသွင်းရမည့်နေ့ ဖြစ်သည်။
သေချာသည်မှာ သူမ ဂုဏ်ယူရဆုံး ရဲအရာရှိဖခင်ကြီးက အဖော်အဖြစ် လိုက်ပါလာမည်ဖြစ်သည်။
မနက် ၁၀ နာရီဟု ချိန်းဆိုထားသော်လည်း နောက်ကျမည်ကို စိုးရိမ်သဖြင့် အားလုံးက မနက် ၉ နာရီကတည်းက ကြိုတင်ထွက်ခွာလာခဲ့ကြ၏။
လမ်းဘေးတွင် သုံးဘီးဆိုင်ကယ် တစ်စီးကို နေ့ဝက်ခန့် ငှားရမ်းရန် ကြိုးပမ်းကြသော်လည်း သူတို့ကိုမြင်သော ကားများအားလုံးမှာ ထွက်ပြေးရန် အရှိန်မြှင့်သွားကြပြီး တစ်စီးမျှရပ်မပေးကြပေ။
ကလေးများအားလုံး စိုးရိမ်ပူပန်လာကြပြီး အထူးသဖြင့် ယွမ်ယွမ်မှာ ကားတားရန် လမ်းလယ်ခေါင်သို့ပင် ပြေးဝင်လုမတတ် ဖြစ်နေတော့သည်။
နောက်ဆုံးတွင် ယန်ကျောက်က ကားတစ်စီးနောက်သို့ ပြေးလိုက်ကာ တားဆီးနိုင်ခဲ့သည်။ ကားဆရာက ကားကိုရပ်ကာ လက်နှစ်ဖက်မြှောက်လျက် တောင်းပန်လေ၏။
“အရာရှိမင်း၊ ကျွန်တော့်ကို ချမ်းသာပေးပါ၊ ကျွန်တော် ဘာရာဇဝတ်မှုမှ မကျူးလွန်ထားပါဘူး”
ယန်ကျောက်က ရဲဝတ်စုံကို ဝတ်ဆင်ထားပြီး လတ်တလောတွင် ကျင်းတုန်းလမ်းရှိ ရဲများမှာ တက်ကြွစွာဖြင့် နေရာအနှံ့ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ခရိုင်တစ်ခုလုံး ထိတ်လန့်နေကြဖြင်းဖြစ်၏။
သူတို့ ကားငှားမရဖြစ်နေခြင်းကို နောက်ဆုံးမှသာ သိလိုက်ရတော့သည်။
“မမကြီးက အဆိုတော် ဖြစ်တော့မှာ၊ အရမ်းမိုက်တာပဲ”
ရှောင်လန်က သုံးဘီးဆိုင်ကယ်ပေါ်တွင် ခေါင်းကိုမော့ကာ စိုးရိမ်တကြီးဖြင့် လိုက်ပါလာသော ယွမ်ယွမ့်ကို ကြည့်ရင်း အားကျစွာဖြင့် ပြောလိုက်လေသည်။
ရှောင်ဝမ်က မကျေမနပ်ဖြင့် ဝင်ပြောလေသည်။
“မင်းရဲ့ အစ်ကိုကြီးကရော မမိုက်ဘူးလား၊ ငါက အသားကင် အချောင်းငါးဆယ်ကို တစ်ထိုင်တည်းစားနိုင်တယ်”
ရှောင်လန်မှာ သွားရည်ကျလာ၏။
“အသားကင်အနံ့က အရမ်းမွှေးတာပဲ”
ယွမ်ယွမ်လည်း စိတ်ဝင်စားသွားကာ မေးလိုက်သည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးဗိုက်က အရမ်းကြီးတာပဲ၊ အချောင်းငါးဆယ်တောင် စားနိုင်တယ်ပေါ့”
“ငါက အရက်လည်း အများကြီးသောက်နိုင်တယ်၊ ခွက်တစ်ထောင်သောက်လည်း မမူးဘူး”
ရှောင်ဝမ်က ထပ်လောင်းကြွားဝါလိုက်သည်။
ယွမ်ယွမ်၏အသံမှာ အနည်းငယ်ကျယ်လာ၏။
“အစ်ကိုကြီးရှောင်ဝမ်က တကယ်တော်တာပဲ”
ဖခင်ဖြစ်သူ ကြားသွားမည်ကို စိုးရိမ်သဖြင့် ရှောင်ဝမ်က တိုးတိုးလေး သတိပေးလိုက်လေသည်။
“ဒါကို လူကြီးတွေ သိလို့မဖြစ်ဘူး၊ ဒီကိုလာ၊ ငါ့ဘေးမှာလာထိုင်”
ယွမ်ယွမ်နှင့် ရှောင်လန်တို့မှာ လေးစားအားကျမှုအပြည့်ဖြင့် အနီးသို့ တိုးကပ်သွားကြသည်။
တစ်ဖက်တစ်ချက်စီတွင် ကလေးတစ်ယောက်စီ ထားလျက် တကယ့်ယောကျာ်းပီသသူတစ်ဦးပမာ ထိုင်နေသော ရှောင်ဝမ်သည် ကားနောက်ခန်းတွင် တစ်ဖက်တစ်စွန်းစီ ထိုင်ကာ တစ်ဦးနှင့်တစ်ဦး မသိဟန်ဆောင်လျက် ကားနှင့်အတူ လှုပ်ခါနေကြသော သူ့မိဘများကို ကြည့်ရင်း သူကိုယ်သူ အလွန်မိုက်သည်ဟု ခံစားနေရလေ၏။
အသံသွင်းရမည့် နေရာမှာ ယခင်ခြံဝင်းကြီးထဲတွင် ဖြစ်သော်လည်း ယနေ့တွင်မူ ခြံတံခါးမကြီး၌ ဆိုင်းဘုတ်များ ချိတ်ဆွဲထားကာ နာမည်ကြီးအဆိုတော်တစ်ဦး လာရောက်အသံသွင်းမည်ကို ကြိုဆိုကြောင်း စာလုံးအနီကြီးများဖြင့် ရေးသားထားလေသည်။
တံခါးဝတွင် လူအများအပြား စုရုံးနေကြပြီး အားလုံးက အတွင်းသို့ချောင်းကြည့်ရန် ကြိုးပမ်းနေကြ၏။
မိသားစုဝင်များမှာ အထဲသို့ဝင်ခွင့်မရသော်လည်း ယန်ကျောက်က လမ်းဖယ်ပေးရန် အသံသြသြကြီးဖြင့် အော်ပြောလိုက်သောအခါ ရဲအရာရှိတစ်ဦး ဖြစ်နေသည်ကိုမြင်သဖြင့် လူတိုင်းက ချက်ချင်းပင် လမ်းဖယ်ပေးကြလေသည်။
ချန်မေ့လန်တို့ မိသားစုမှာ အထဲသို့ဝင်ခွင့်မရခဲ့ပေ။
ဝန်ထမ်းများက ယွမ်ယွမ့်ကိုသာ အထဲခေါ်သွားပြီး ကျန်သူများကို အပြင်တွင် စောင့်ဆိုင်းနေရန် ပြောဆိုခဲ့သည်။
ဤနေရာမှာ ဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိပြီး ရှီးဖျင်မြို့တော်၏ တတိယအကြီးဆုံးစက်ရုံဖြစ်သော ချင်ချွမ်ကုမ္ပဏီမှာ လမ်းတစ်ဖက်ကမ်းတွင် တည်ရှိလေသည်။
ယခုအခါ လူများမှာ ကြယ်ပွင့်များကို အားပေးရသည့်အလုပ်ကို စိတ်ဝင်စားနေကြပြီဖြစ်ရာ ချင်ချွမ်ကုမ္ပဏီမှ လူအများအပြားလည်း တံခါးဝသို့ ခိုးထွက်လာကာ ယနေ့လာရောက်မည့် ကြယ်ပွင့်မှာ မည်သည့်ရုပ်ရည်မျိုးရှိသည်ကို သိချင်ဇောဖြင့် စောင့်ကြည့်နေကြ၏။
ထိုအချိန်၌ ယွမ်ယွမ်၏ရှင်းလင်းပြတ်သားသော သီချင်းဆိုသံလေး ခြံဝင်းအတွင်းမှ ထွက်ပေါ်လာခဲ့၏။
လူများ ပိုမိုစုရုံးလာသည်နှင့်အမျှ အားလုံးက ပို၍ စိတ်ဝင်စားလာကြသည်။
ခြံရိုးမှာ နိမ့်သဖြင့် စိတ်ဝင်တစား ကြည့်ရှုလိုသော ရှောင်လန်မှာ ဖခင်ဖြစ်သူ၏ပခုံးပေါ်သို့ပင် တက်ရောက်နေခဲ့ပြီဖြစ်သည်။
ရှောင်ဝမ်ကမူ လူအုပ်ကြီးကို မနှစ်သက်သဖြင့် လက်ပိုက်လျက် လူအုပ်နှင့် ခပ်ခွာခွာတွင်ရပ်နေလေသည်။
ချန်မေ့လန်က လမ်းတစ်ဖက်ရှိ ချင်ချွမ်ကုမ္ပဏီဘက်သို့ လှမ်းကြည့်လိုက်၏။