အခန်း ၂၅၂
Vol. 26 Ch. 252
အခန်း ၂၅၂ - စူးမေး ဘာတွေ ကြည့်နေတာလဲ
ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ ဌာနချုပ်။
ဆွန်ဖုန်း ဤတစ်ကြိမ် ပြန်လာခြင်းမှာ ဝန်ထမ်းလျှော့ချရန် ဖြစ်သည်။ လူ ဆယ်ဂဏန်းခန့်ကို အလုပ်ဖြုတ်လိုက်ပြီးနောက် ဘတ်ကီ၊ တယ်ဂျီနှင့် အရည်အချင်းရှိသော ဝန်ထမ်းကောင်း ဆယ်ဂဏန်းခန့်သာ ကျန်ရှိတော့သည်။
ရေငုပ်သမားများနှင့် အခြားသူများ အားလုံးကို အလုပ်ဖြုတ်လိုက်သည်။ အကြောင်းမှာ လောလောဆယ်တွင် သူတို့ကို အသုံးမလိုသောကြောင့် ဖြစ်သည်။
"ဘတ်ကီ... တယ်ဂျီ... မင်းတို့ နှစ်ယောက်က ကုမ္ပဏီက ကျန်တဲ့ ဝန်ထမ်းတွေကို ဦးဆောင်ပြီး ပင်လယ်ပြင်မှာ သမိုင်းမှတ်တမ်းဝင် ဒါမှမဟုတ် ဆယ်ယူလို့ တန်မယ့် သင်္ဘောပျက်တွေကို သွားရှာကြ..."
"အင်း... မင်းတို့ နှစ်ယောက် လွတ်လွတ်လပ်လပ် စီစဉ်လို့ ရတယ်... ဘတ်ကီက ရေကြောင်း ဗဟုသုတ ကြွယ်ဝတော့ ဘယ်လို သင်္ဘောပျက်ကို ရှာမယ်... ဘယ်လို လမ်းညွှန်မယ် ဆိုတာကို မင်း လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်..."
ဆွန်ဖုန်းက ဘတ်ကီနှင့် တယ်ဂျီကို ညွှန်ကြားလိုက်သည်။
"သူဌေး... ကျွန်တော်က တစ်ဖွဲ့လုံးကို ဦးဆောင်ရမှာလား... သူဌေး မလိုက်ဘူးလား..."
ဘတ်ကီက မျှော်လင့်မထားဘဲ အခွင့်အရေး ရလိုက်သဖြင့် အနည်းငယ် လန့်သွားကာ မေးလိုက်သည်။
"သူဌေးက ဘယ်လိုက်မလဲကွ... သူဌေးမှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိတယ်လေ..."
တယ်ဂျီက ရယ်မောလျက် ကြောင်တောင်တောင် ဖြစ်နေသော ဘတ်ကီကို တွန်းကာ ပြောလိုက်သည်။
"ဟုတ်သားပဲ... ဟုတ်သားပဲ... ကျွန်တော်က ကြောင်သွားလို့ပါ..."
ဘတ်ကီက အနည်းငယ် ရှက်ရမ်းရမ်းကာ ရယ်မောလိုက်သည်။
ဆွန်ဖုန်းတွင် လက်ရှိ ကုမ္ပဏီပေါင်းများစွာ ရှိနေပြီဖြစ်ရာ ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ တစ်ခုတည်းကိုသာ အာရုံစိုက်နေမည် မဟုတ်ကြောင်း သူတို့ သိကြသည်။
"အင်း... မင်းတို့ နှစ်ယောက် ကြိုးစားကြနော်... ငါက ခရီးစရိတ် အနေနဲ့ အမေရိကန် ဒေါ်လာ တစ်သန်း ထည့်ပေးလိုက်မယ်... သတင်းကောင်းတွေ ပြန်ယူလာနိုင်ဖို့ မျှော်လင့်တယ်..."
ဆွန်ဖုန်းက သူတို့ နှစ်ယောက်ကို အလေးအနက် ပြောလိုက်သည်။
"စိတ်ချပါ သူဌေး... ဒီပိုက်ဆံတွေကို ယူပြီး အပန်းဖြေခရီး ထွက်မှာ မဟုတ်ပါဘူး... ရလဒ်ကောင်း တစ်ခုခု မရမချင်း ကုန်းပေါ် ပြန်မတက်ဘူးလို့ ကတိပေးပါတယ်..."
တယ်ဂျီက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
သင်္ဘောပျက် ရှာဖွေခြင်းမှာ ဆယ်ယူခြင်းကဲ့သို့ မဟုတ်ဘဲ ကနဦး လုပ်ငန်းစဉ်သာ ဖြစ်ရာ ငွေကြေး အများအပြား မလိုအပ်ပေ။ ဒေါ်လာ တစ်သန်းဆိုလျှင် အေးဆေး လုပ်၍ ရသည်။
"ကောင်းပြီ... သေချာ ကြိုးစားလုပ်ကြ... ငါ့နောက်ကို လိုက်ရင် မင်းတို့ကို ဘယ်တော့မှ မနစ်နာစေရဘူး..."
ဆွန်ဖုန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..."
...
ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီမှ ထွက်လာပြီးနောက် ဆွန်ဖုန်းသည် ရှန်းဖုန်း ရေနံမြေသို့ ထွက်လာခဲ့သည်။ ဤဘက်သို့ မရောက်သည်မှာလည်း အတော်လေး ကြာပြီ ဖြစ်သည်။
ဆွန်ဖုန်းသည် ရှန်းဖုန်း ရေနံမြေ ရုံးခန်းသို့ ရောက်သောအခါ လုပ်ငန်းခွင်ကို မစစ်ဆေးသေးဘဲ၊ သူ၏ ရုံးခန်းသို့လည်း မသွားဘဲ စူးမေး၏ ရုံးခန်းဆီသို့ တိတ်တဆိတ် သွားလိုက်သည်။
တံခါးမှာ သော့ခတ်မထားသဖြင့် ဆွန်ဖုန်း အထဲဝင်သွားလိုက်ရာ စူးမေးက ကွန်ပျူတာကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
စူးမေးသည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေသည်။
သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးလေးများက ကွန်ပျူတာ မျက်နှာပြင်ကို စူးစိုက်ကြည့်နေပြီး ဘာတွေ ကြည့်နေမှန်း မသိလောက်အောင် အာရုံစူးစိုက်နေသည်။
အသက်ကိုပင် ပြင်းပြင်း မရှူရဲဘဲ ခြေထောက် နှစ်ချောင်းကိုလည်း ပူးကပ်ထားသည်။ ဆွန်ဖုန်း ဝင်လာသည်ကိုပင် သူမ မသိလိုက်ပေ။
"ဘာတွေ ကြည့်နေတာလဲ..."
ဆွန်ဖုန်းက အနီးသို့ လျှောက်သွားကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အာ... ဘယ်သူလဲ..."
စူးမေးသည် လန့်သွားသော ငှက်ငယ်လေး တစ်ကောင်လို ချက်ချင်း မောက်စ်ကို နှိပ်လိုက်ပြီးမှ ဆွန်ဖုန်းကို ထိတ်လန့်တကြား ကြည့်လိုက်သည်။
"သူဌေး... ဘယ်တုန်းက ရောက်နေတာလဲ..."
စူးမေး၏ လှပသော မျက်နှာလေးမှာ ပို၍ နီရဲသွားသည်။
"ဒီကုမ္ပဏီက ငါ့ကုမ္ပဏီလေ... လာချင်တဲ့ အချိန် လာမှာပေါ့... မင်းကသာ အလုပ်ချိန်မှာ ဘာတွေ ခိုးကြည့်နေတာလဲ..."
ဆွန်ဖုန်းက စူးမေး၏ ဘေးသို့ လျှောက်သွားလိုက်သည်။ စူးမေး တစ်ယောက် မျက်နှာ နီရဲသွားလောက်အောင် ဘာတွေများ ကြည့်နေသနည်းဟု သူ အလွန် သိချင်နေမိသည်။
ဆွန်ဖုန်းသည် စူးမေး၏ ဘေးသို့ ရောက်သွားသော်လည်း ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ဘာမှ မရှိသည်ကို တွေ့လိုက်ရသည်။ ကွန်ပျူတာ Desktop ပုံမှလွဲ၍ ဘာမှ မရှိပေ။
"ဘာ... ဘာမှ မကြည့်ပါဘူး... စာရွက်စာတမ်းလေးတွေ ဖတ်နေတာပါ..."
စူးမေး၏ မျက်နှာမှာ အနည်းငယ် အနေရခက်နေပြီး လက်နှစ်ဖက်ကို ဘယ်ထားရမှန်းပင် မသိအောင် ဖြစ်နေသည်။
"စာရွက်စာတမ်း ဖတ်တာတောင် မျက်နှာတွေ နီရဲလာတယ်ဆိုတော့ တော်တော် စွမ်းတာပဲ..."
ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် ပြောလိုက်သည်။ စူးမေးသည် တစ်ယောက်ယောက်ကို ပေးသိ၍ မရသော လျှို့ဝှက်ချက် တစ်ခုခုကို ကြည့်နေကြောင်း သူ သေချာ သိနေသည်။
"လိမ်ပြီး ဘာလုပ်ရမှာလဲ... ခုနက အဲကွန်းက အပူချိန် အရမ်း တင်ထားလို့ ပူသွားတာ..."
စူးမေးက အမြန် ရှင်းပြလိုက်သည်။
ပုံမှန်ဆိုလျှင် ဤနေရာသို့ မည်သူမျှ လာလေ့မရှိပေ။ သူမ၏ လက်ထောက်မလေး နှစ်ယောက်မှလွဲ၍ အခြားသူများ မလာတတ်ပေ။ ယခု ဆွန်ဖုန်းက ရုတ်တရက် ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"အဲကွန်းက ဖွင့်တောင် မဖွင့်ထားဘူးလေ..."
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ လိမ်တာတောင် သေချာ မလိမ်တတ်ဘူးဟု သူ တွေးလိုက်မိသည်။
"ဟင်... မဖွင့်ထားဘူးလား... ဪ... ခုနက အချိန်မှတ်ထားတာ... ပိတ်သွားတာ သိပ်မကြာသေးလို့ နေမှာပါ..."
စူးမေးမှာ အမြီးနင်းခံရသော ကြောင်လေး တစ်ကောင်လို အလွန် လန့်သွားပြီး လိမ်ထားသည်ကို ဖုံးဖိရန် မနည်း ကြိုးစားလိုက်ရသည်။
"အယ်... ဒါနဲ့... ကျွန်မ အခု ရှန်းဖုန်း ရေနံမြေရဲ့ အခြေအနေတွေကို သတင်းပို့ပါ့မယ်..."
စူးမေးက အမြန် စကားလမ်းကြောင်း လွှဲလိုက်သည်။
"အင်း... ပြောလေ..."
ဆွန်ဖုန်းက စူးမေး၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
"လောလောဆယ် ရေနံတွင်း ၂၀ အထိ တူးဖော်ပြီးပါပြီ... ရေနံတွင်း တစ်တွင်းကို တစ်နေ့ ရေနံ တန် ၃၀၀ လောက် ထွက်ပါတယ်... တစ်လကို ရေနံ တန်ချိန် ၁ သိန်း ၈ သောင်းလောက် ထွက်တယ်ပေါ့..."
"စည်ပိုင်းနဲ့ တွက်မယ်ဆိုရင် တစ်လကို ရေနံစည်ပေါင်း ၁ သန်း ၁ သိန်း ၃ သောင်းလောက် ထွက်ပါတယ်... အခုဆိုရင် ဂျင်းချန် ရေနံကုမ္ပဏီက လစဉ် ရေနံ လာဝယ်နေပြီး ထွက်သမျှ ရေနံ အကုန်လုံးကို ရောင်းချနိုင်ပါတယ်..."
"အင်း... တစ်လကို ရေနံစည်ပေါင်း ၁ သန်း ၁ သိန်း ၃ သောင်း ဆိုတာ မဆိုးဘူးပဲ... တူးဖော်မှု လုပ်ငန်းစဉ်က အတော်လေး ကောင်းမွန်ပါတယ်..."
ဆွန်ဖုန်းက ချီးကျူးလိုက်သည်။
"အခုဆိုရင် ပြင်ပက လူတွေက ကျွန်မတို့ရဲ့ ရှန်းဖုန်း ရေနံမြေကို အရမ်း အထင်ကြီးနေကြပြီ... နယူးဖောင်လန် အနောက်ပိုင်း ကျောက်လွှာ ရေနံမြေ တူးဖော်ရေးမှာ ခေါင်းဆောင် တစ်ယောက်လို ဖြစ်နေပြီလေ..."
"နယူးဖောင်လန် အစိုးရကလည်း ကျွန်မတို့ ကုမ္ပဏီကို အနောက်ဘက် ကမ်းရိုးတန်းက ကျောက်လွှာ ရေနံမြေတွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံစေချင်နေတယ်..."
စူးမေးက ဆက်ပြောသည်။
"ဟားဟား... အဲဒီကောင်တွေ အချိုသတ် မိသွားပြီကိုး... အဲဒါကြောင့် ငါတို့ကို အနောက်ပိုင်း ကျောက်လွှာ ရေနံမြေတွေကို အကြီးအကျယ် တူးဖော်စေချင်နေတာပေါ့..."
"သူဌေး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ မျှော်လင့်မထားတဲ့ သတင်းတစ်ခု ကြားလိုက်ရတယ်... ဒီးယား ရေနံကုမ္ပဏီကလည်း နယူးဖောင်လန် အနောက်ဘက် ကမ်းရိုးတန်းက ကျောက်လွှာအောက် ရေနံမြေမှာ ရင်းနှီးမြှုပ်နှံလိုက်တယ်တဲ့..."
"အဲဒီ ရေနံမြေကို အိုက်ဒီ ရေနံမြေ လို့ နာမည်ပေးထားပြီး ကျွန်မတို့ ရှန်းဖုန်း ရေနံမြေရဲ့ ဘေးမှာတင် ရှိတာ... အခု တူးဖော်ဖို့ ပြင်ဆင်နေပြီတဲ့... ရေနံစည် သန်း ၂၀၀ လောက် ထွက်မယ်လို့ ခန့်မှန်းထားတယ်..."
"ဪ... ဟုတ်လား... စိတ်ဝင်စားစရာပဲ..."
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ဒီးယား ရေနံကုမ္ပဏီက သူ့ကို ခြိမ်းခြောက်လို့ မရတော့သည့် အဆုံး ကိုယ်တိုင် ကျောက်လွှာ ရေနံမြေတွင် ရင်းနှီးမြှုပ်နှံလိုက်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် သူတို့ ဘာတွေ ဆက်ဖြစ်မလဲ ဆိုသည်ကို ဆွန်ဖုန်း အလွန် သိချင်နေမိသည်။
သူ၏ တူးဖော်မှုက အလွန် ချောမွေ့နေသည်ကို မြင်ပြီး သူတို့လည်း လိုက်လုပ်ကြခြင်း ဖြစ်မည်။ သို့သော် သူတို့ အကြီးအကျယ် ကျရှုံးသွားလိမ့်မည်ဟု ဆွန်ဖုန်း ခန့်မှန်းထားသည်။
"အခု အခြေအနေက ဘယ်လို ရှိလဲ..."
"နောက်လထဲမှာ စမ်းသပ် ရေနံတွင်း စတူးမယ်လို့ ကြားတယ်... သူတို့က ကျွန်မတို့ဆီလာပြီး နည်းပညာ လာလေ့လာချင်သေးတာ... ကျွန်မကတော့ ငြင်းလိုက်တယ်..."
"ဒီးယား ရေနံကုမ္ပဏီက မျက်နှာပြောင်တိုက်ပြီး ကျွန်မတို့ဆီ လာမေးရဲသေးတယ်... သူတို့ကို ကျွန်မက မျက်နှာသာ ပေးစရာလား..."
စူးမေးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ လွန်ခဲ့သော အကြိမ်က အန်ဒါဆန် ဆိုသူက သူမနှင့် ဆွန်ဖုန်းကို မောက်မာစွာ လာရောက် ခြိမ်းခြောက်ခဲ့သည်ကို သူမ မှတ်မိနေသေးသည်။
"သူတို့ တူးဖော်တဲ့ အခါကျရင် အခက်အခဲတွေ အများကြီး တွေ့ပါစေလို့ ဆုတောင်းတယ်... အရှုံးပေါ်သွားရင် အကောင်းဆုံးပဲ..."
စူးမေးက အေးစက်စက် လေသံဖြင့် ဆက်ပြောသည်။
"စူးမေး... မင်း ခန့်မှန်းတာ အရမ်း မှန်တယ်လို့ ငါ ထင်တယ်... ငါလည်း သူတို့ကို အထင်မကြီးဘူး... မကြာခင် သူတို့ ငိုရလိမ့်မယ်... ဟားဟားဟား..."
ဆွန်ဖုန်းက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။
"တကယ်လို့ သူတို့ ရေနံမြေကလည်း ကျွန်မတို့လိုပဲ အလွယ်တကူ တူးဖော်လို့ ရနေရင်ကော... မြေအောက် အနေအထားကလည်း ရေနံတွင်း တူးဖို့ လွယ်ကူနေရင်ကော..."
စူးမေးက အနည်းငယ် စိုးရိမ်စွာဖြင့် မေးလိုက်သည်။
"စောင့်ကြည့်တာပေါ့... အချိန်ကျရင် သိရမှာပါ..."
"သူဌေး... ကျွန်မ ဝူမုန့်ရှင်း ပြောတာ ကြားတယ်... သူဌေးက X စုပ်ယူပစ္စည်းကို အီချွမ် စွမ်းအင် ကုမ္ပဏီဆီ ရောင်းလိုက်တယ်ဆို... ကျွန်မတို့ အရမ်း နစ်နာမသွားဘူးလား..."
"ဒီလောက် ကောင်းတဲ့ နည်းပညာကြီးကို... နောက်ပြီး ကျွန်မတို့ရဲ့ ဖုန်းရွေ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံကလည်း စတင် တည်ဆောက်နေပြီလေ... အချိန်ကျရင် စက်ရုံ ပြီးသွားရင် ကျွန်မတို့ ဘာနဲ့ ယူရေနီယမ် ထုတ်မှာလဲ... အကုန်လုံး သူများဆီ ရောင်းလိုက်ပြီပဲ..."
စူးမေးက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ မေးလိုက်သည်။ ဆွန်ဖုန်းက ဤမျှ ကောင်းမွန်သော အရာကို ဘာကြောင့် ရောင်းလိုက်သနည်း ဆိုသည်ကို သူမ နားမလည်နိုင်ပေ။ မည်သို့ပင် စဉ်းစားစေကာမူ အလွန် နစ်နာသည်ဟုသာ သူမ ထင်မြင်မိလေသည်။