← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃ - X2 အမျိုးအစား စုပ်ယူပစ္စည်း

"ဟားဟား... ဘာကြောက်စရာရှိလို့လဲ... အီချွမ် စွမ်းအင်ကုမ္ပဏီကို ရောင်းလိုက်တာတောင် အမေရိကန်ဒေါ်လာ သန်းနှစ်ရာကျော် ရသေးတယ်လေ... လုံးဝ မရှုံးပါဘူး..."

ဆွန်ဖုန်းက ရယ်မောရင်း ပြောလိုက်သည်။

"ဟုတ်တော့ ဟုတ်ပါတယ်... ငွေအမြောက်အမြား ရလိုက်ပေမဲ့ ရေရှည်အတွက် ကြည့်ရင်တော့ တန်တယ်လို့ မထင်မိဘူး..."

စူးမေးက သဘောမတူသည့် လေသံဖြင့် ပြန်ပြောသည်။

"ကဲပါ... မင်းကို သတင်းကောင်းတစ်ခု တိတ်တိတ်လေး ပြောပြမယ်... အခု X2 စုပ်ယူပစ္စည်းသစ်ကို သုတေသန လုပ်လို့ ပြီးတော့မယ်... အဲဒီ အမျိုးအစားသစ်ကိုသာ သုံးမယ်ဆိုရင် ယူရေနီယမ် တစ်ပေါင် ထုတ်ဖို့ ကုန်ကျစရိတ်က ၁၈၀ ဒေါ်လာပဲ ကျတော့မှာ..."

"ရှင်... ဘာပြောလိုက်တယ်..."

စူးမေးသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဆွန်ဖုန်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

"၁၈၀ ဒေါ်လာတည်းနဲ့ ယူရေနီယမ် တစ်ပေါင် ထုတ်လို့ ရမယ် ဟုတ်လား... ဘုရားရေ... ဆိုလိုတာက ကုန်ကျစရိတ်ကို ၄၀ ရာခိုင်နှုန်းတိတိ လျှော့ချလိုက်နိုင်တာပေါ့..."

သူမ နားကြားလွဲတာ မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းနေမိသည်။

"ဟုတ်တယ်... မင်း နားကြား မလွဲပါဘူး... ဒီ X2 စုပ်ယူပစ္စည်းက ယူရေနီယမ် တစ်ပေါင်ကို ၁၈၀ ဒေါ်လာတည်းနဲ့ ထုတ်ပေးနိုင်တော့မှာ..."

"ဘယ်လိုလဲ... မထင်မှတ်ထားဘူးမလား... အံ့ဩသွားပြီလား..."

ဆွန်ဖုန်းက စူးမေး၏ တင်ပါးလေးကို ပုတ်ကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

စူးမေးသည် ဆွန်ဖုန်း၏ အသားယူမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဝမ်းသာလွန်း၍ နေရာမှ ခုန်ပေါက်သွားလေသည်။

ဆွန်ဖုန်း၏ ပါးကို ရွှတ်ခနဲ နမ်းလိုက်ပြီး...

"သူဌေး... ဒါ... ဒါဆိုရင် ကျွန်မတို့ ဖုန်းရွေ့ သုတေသနဌာနက သမိုင်းတွင်တော့မှာပဲ..."

"တကယ်သာ အဲဒီလို ဖြစ်လာရင် ကျွန်မတို့က သိပ္ပံနယ်ပယ်မှာ ခေတ်သစ်ကို ဖွင့်လှစ်ပေးလိုက်နိုင်တဲ့ ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရသွားပြီပေါ့..."

"X2 စုပ်ယူပစ္စည်းသာ ထွက်လာရင် တစ်ကမ္ဘာလုံး တုန်လှုပ်သွားမှာ သေချာတယ်... တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးမှာတောင် သူဌေး ပါလာနိုင်တယ်နော်..."

"ပြီးတော့... မကြာခင် လည်ပတ်တော့မယ့် ဖုန်းရွေ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံကလည်း ဒီလုပ်ငန်းနယ်ပယ်မှာ ပြိုင်ဘက်ကင်း ဖြစ်လာတော့မှာ... အရင်က ဩဇာကြီးခဲ့တဲ့ ကုမ္ပဏီကြီးတွေတောင် ကျွန်မတို့ရဲ့ ဒီလောက်နည်းပါးတဲ့ ကုန်ကျစရိတ်ကို မြင်ရင် အရှုံးပေးပြီး နောက်ဆုတ်သွားကြရမှာပဲ..."

စူးမေး တစ်ယောက် တကယ်ကို ဝမ်းသာလုံးဆို့နေပြီ ဖြစ်သည်။ ဆွန်ဖုန်းကို ဖက်ကာ အကြိမ်ကြိမ် နမ်းရှိုက်ရင်း စကားပင် ဆုံးအောင် မပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေလေသည်။

"ဟားဟား... မင်းယောက်ျားက ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာ သိပြီလား..."

ဆွန်ဖုန်းက ပျော်ရွှင်မြူးထူးနေသော စူးမေးကို ပြုံး၍ မေးလိုက်သည်။

"အဲဒါကြောင့် ငါက X စုပ်ယူပစ္စည်းကို အီချွမ်ကုမ္ပဏီဆီ ရောင်းလိုက်တာပေါ့... ငါ့ဆုံးဖြတ်ချက် မှန်တယ်မလား..."

"သူဌေး... ရှင့်ရဲ့ ဆုံးဖြတ်ချက်က တကယ်ကို ပါးနပ်လွန်းပါတယ်..."

စူးမေးက ဆွန်ဖုန်း၏ နဖူးကို လက်ညှိုးလေးဖြင့် ထိုးကာ ချွဲနွဲ့သော အသံဖြင့် ရယ်မောပြောဆိုလိုက်သည်။

"X2 ထွက်မလာခင်လေးမှာ ဟောင်းသွားတော့မယ့် ဟာကို စျေးကြီးကြီးနဲ့ အမြန် ရောင်းထုတ်ပစ်လိုက်တာ... ရှင်က တကယ်ကို ကောက်ကျစ်တာပဲ..."

"X2 စုပ်ယူပစ္စည်းသာ တကယ် ထွက်လာတဲ့အခါ အီချွမ်ကုမ္ပဏီက လူတွေက ရှင့်ကို ဓားကြီးတွေ ဆွဲပြီး လာခုတ်မလားပဲ..."

"ဟား... သူတို့ဘာသာ လာဝယ်တာလေ... အချိန်ကျရင်တော့ ခံရခက်တဲ့ အသီးကို သူတို့ဘာသာ မျိုချရုံပဲ ရှိတော့တာပေါ့..."

"သူဌေး... ကျွန်မတို့ရဲ့ ဖုန်းရွေ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး ကုမ္ပဏီကို လွန်ခဲ့တဲ့ တစ်လကတည်းက မှတ်ပုံတင်လို့ ပြီးသွားပါပြီ..."

"တစ်ချိန်တည်းမှာပဲ စက်ရုံ ဆောက်လုပ်ရေးကိုလည်း လွန်ခဲ့တဲ့ တစ်လကတည်းက စတင်ခဲ့တာပါ... အခုဆိုရင် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေက အတော်လေး အဆင်ပြေနေပါတယ်... သူဌေး ပေးထားတဲ့ စက်ရုံ ပုံစံကြမ်းအတိုင်း အတိအကျ ဆောက်လုပ်နေတာပါ..."

စူးမေးက အစီရင်ခံသည်။

"အရမ်းကောင်းတယ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း သေချာ ကြပ်မတ်ပေးရမယ်... အရည်အသွေး ညံ့ဖျင်းတဲ့ ဆောက်လုပ်ရေးတွေ လုံးဝ မဖြစ်စေရဘူးနော်..."

ဆွန်ဖုန်းက အလေးအနက် သတိပေးလိုက်သည်။

ဖုန်းရွေ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံ တည်နေရာကို ဆွန်ဖုန်းနှင့် အသံလက်ထောက်တို့ တိုင်ပင်ပြီးနောက် နယူးဖောင်လန်၏ အရှေ့ဘက် ကမ်းရိုးတန်းတွင် ရွေးချယ်ထားခြင်း ဖြစ်သည်။

ထိုနေရာကို အသံလက်ထောက် ကိုယ်တိုင် ရွေးချယ်ထားခြင်း ဖြစ်ပြီး ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရန်အတွက် အလွန် သင့်လျော်သည်။ ဒီရေ အတက်အကျ ရှိပြီး ပင်လယ်ရေ စီးဆင်းမှု အားကောင်းသဖြင့် ဤလုပ်ငန်းအတွက် အသင့်တော်ဆုံး နေရာပင်။ စက်ရုံ ဒီဇိုင်းပုံစံကိုလည်း အသံလက်ထောက်ကပင် ရေးဆွဲပေးထားခြင်း ဖြစ်ရာ သိပ္ပံနည်းကျ အလွန် အဆင့်မြင့်လှသည်။

ဤမျှ ကြီးမားသော စီမံကိန်းကြီး တစ်ခုကို တည်ဆောက်ရန် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်သည်။

ဆွန်ဖုန်းက အလုပ်သမား အမြောက်အမြား ငှားရမ်းကာ နေ့ရောညပါ အချိန်ပို ဆင်းစေပြီး အမြန်ဆုံး ပြီးစီးကာ လုပ်ငန်း စတင်နိုင်ရန် ဆောင်ရွက်နေသည်။

"စိတ်ချပါ သူဌေးကြီးရဲ့... ဒီအပိုင်းကို ကျွန်မ သေချာ ကြပ်မတ် စစ်ဆေးပေးပါ့မယ်... ဘာပြဿနာမှ မဖြစ်စေရပါဘူး..."

စူးမေးက ပြုံး၍ အာမခံသည်။

နယူးဖောင်လန် အစိုးရ အနေဖြင့် ဆွန်ဖုန်း၏ ဤစက်ရုံ ရင်းနှီးမြှုပ်နှံမှုကို အလွန် ကြိုဆိုနေကြသည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏက သန်းတစ်ထောင်ကျော် ရှိပြီး အနာဂတ်တွင် လုပ်ငန်း စတင် လည်ပတ်ပါက အခွန်ငွေ အမြောက်အမြား ရရှိမည် ဖြစ်ရာ မည်သို့များ မထောက်ခံဘဲ နေမည်နည်း။

ထို့အပြင် ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူခြင်းက ပတ်ဝန်းကျင်ကို မထိခိုက်စေသော တူးဖော်မှုမျိုး ဖြစ်ပြီး ပင်လယ်ရေကိုလည်း မညစ်ညမ်းစေပေ။ လက်ရှိ စုပ်ယူပစ္စည်းများက ဤပြဿနာ အားလုံးကို ဖြေရှင်းထားပြီးသား ဖြစ်သည်။

"သူဌေး... နောက်ဆိုရင် ကျွန်မတို့ ကုမ္ပဏီက ကမ္ဘာ့ထိပ်တန်း ၅၀၀ စာရင်းဝင် ကုမ္ပဏီကြီး ဖြစ်လာနိုင်မလားဟင်..."

စူးမေးက အနာဂတ်ကို မျှော်မှန်းလျက် မေးလိုက်သည်။ သူမသည် ကနေဒါတွင် ဆွန်ဖုန်း တစ်ဟုန်ထိုး အောင်မြင်လာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ ဖြစ်သည်။

မာအယ် သံယံဇာတ မိုင်းတွင်းမှသည် ရှန်းဖုန်း ကျောက်လွှာ ရေနံမြေအထိ၊ ထိုမှတစ်ဆင့် ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီနှင့် ယခု ဖုန်းရွေ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံအထိပင်။

ဤကုမ္ပဏီများ အားလုံးကို ပေါင်းလိုက်ပါက ကမ္ဘာ့ထိပ်တန်း ၅၀၀ စာရင်းဝင် ကုမ္ပဏီများနှင့် ယှဉ်နိုင်သည့် အင်အား ရှိနေပြီ ဖြစ်သည်။ နှစ်စဉ် ရရှိမည့် အမြတ်ငွေကလည်း ထိပ်တန်း ၅၀၀ ကုမ္ပဏီများထက် လျော့နည်းမည် မဟုတ်ပေ။ ရွှေသင်္ဘောစုကို လေလံတင် ရောင်းချလိုက်ခြင်း တစ်ခုတည်းကပင် ဆွန်ဖုန်းကို ကမ္ဘာ့သူဌေး စာရင်းဝင် ဖြစ်သွားစေခဲ့ပြီ မဟုတ်ပါလား။

"ဟားဟား... ကမ္ဘာ့ထိပ်တန်း ၅၀၀ ဟုတ်လား..."

"ငါ့ရဲ့ ရည်မှန်းချက်က ကမ္ဘာ့ စက်မှုလုပ်ငန်းကြီး တစ်ခုလုံးကို ကြီးစိုးဖို့ပဲ... ဖုန်းရွေ့ စက်မှုလုပ်ငန်းစုကြီးကို ကမ္ဘာ့ နံပါတ်တစ် ကုမ္ပဏီကြီး ဖြစ်လာအောင် လုပ်ပြမယ်..."

ဆွန်ဖုန်းက ယုံကြည်မှု အပြည့်ဖြင့် ရည်မှန်းချက် ကြီးမားစွာ ကြွေးကြော်လိုက်လေသည်။

...

ရှန်းဖုန်း ရေနံမြေတွင် ရက်အနည်းငယ် နေပြီးနောက် ဆွန်ဖုန်းသည် ဖုန်းရွေ့ သုတေသနဌာနသို့ ပြန်ရန် စီစဉ်လိုက်သည်။

လတ်တလော အချိန်များအတွင်း အသံလက်ထောက်သည် ဖုန်းရွေ့ သုတေသနဌာနရှိ စက်ရုပ် သိပ္ပံပညာရှင် ဆယ်ယောက် ကျော်ကို ၎င်း၏ တွက်ချက်မှု လမ်းကြောင်းအတိုင်း ပင်လယ်ရေ ယူရေနီယမ် စုပ်ယူပစ္စည်းကို သုတေသန ပြုလုပ်စေခဲ့သည်။

အသံလက်ထောက်က X2 စုပ်ယူပစ္စည်းကို အပြည့်အဝ သုတေသန ပြုလုပ်ပြီးစီးနေပြီ ဖြစ်ကာ ကုန်ကျစရိတ် ၄၀ ရာခိုင်နှုန်းကို တကယ်ပဲ လျှော့ချနိုင်ခဲ့သည်။ ထို့ကြောင့် ဖုန်းရွေ့ သုတေသနဌာန၏ X2 သုတေသနမှာလည်း အရေးကြီးသည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး မကြာမီ အောင်မြင်တော့မည် ဖြစ်သည်။

ဆွန်ဖုန်းသည်လည်း ပြန်သွားပြီး လိုအပ်သည်များကို စီစဉ်ရန် အချိန်ကျပြီ ဖြစ်သည်။

"အို... သူဌေး ပြန်ရောက်လာပြီလား..."

လူစီက ဆွန်ဖုန်းကို မြင်သည်နှင့် တောက်ပသော အပြုံးဖြင့် ဆီးကြို နှုတ်ဆက်လိုက်သည်။

"သူဌေး... သတင်းကောင်း... သတင်းကောင်းလေး ရှိတယ်... ကျွန်မတို့ရဲ့ ဖုန်းရွေ့ သုတေသနဌာနက အခု ကြီးမားတဲ့ အောင်မြင်မှု တစ်ခု ရထားတယ်..."

"X2 စုပ်ယူပစ္စည်းက သုတေသန လုပ်လို့ အောင်မြင်တော့မယ်... သီအိုရီအရ ဆိုရင် ကုန်ကျစရိတ်ကို ၄၀ ရာခိုင်နှုန်းတိတိ လျှော့ချနိုင်မှာတဲ့... အချိန်ကျရင်တော့ ကျွန်မတို့ရဲ့ ဖုန်းရွေ့ သုတေသနဌာနက တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံရတော့မှာ သေချာတယ်..."

လူစီမှာ စာမေးပွဲ ပထမ ရသွားသော မူလတန်း ကျောင်းသူလေး တစ်ယောက်လို အလွန်အမင်း စိတ်လှုပ်ရှား ဝမ်းသာစွာဖြင့် ဆွန်ဖုန်းကို သတင်းပို့နေလေသည်။

ဆွန်ဖုန်းက ပြုံးရုံသာ ပြုံးနေလိုက်သည်။

ဤကိစ္စများကို သူ ကြိုသိနေပြီးသား ဖြစ်သည်။ ထိုစက်ရုပ် သိပ္ပံပညာရှင် အတုများသည် အသံလက်ထောက်၏ အမိန့်ကို ရရှိပြီးမှ လက်တွေ့ စမ်းသပ် သုတေသန ပြုလုပ်နေကြခြင်း ဖြစ်သည် မဟုတ်ပါလား။

"ကောင်းပြီ... ငါ သိပါပြီ... အချိန်ကျရင် ဒီလို တုန်လှုပ်စရာ ကောင်းတဲ့ သုတေသန ရလဒ်ကြီးကို မင်းကိုပဲ ကြေညာခိုင်းမယ်..."

"ငါ ပြောခဲ့သားပဲ... ငါ့နောက်ကိုသာ လိုက်ခဲ့... မင်းရဲ့ ဘဝကို တောက်ပလာစေရမယ်လို့..."

ဆွန်ဖုန်းက လူစီကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တိုးတိုးလေး ပြောလိုက်သည်။

"တ... တကယ်လားဟင်..."

လူစီက ဆွန်ဖုန်း၏ မျက်နှာကို မော့ကြည့်လိုက်ရင်း သူမ၏ အသက်ရှူသံများပင် မြန်ဆန်လာသည်။

အကယ်၍ ဤ X2 စုပ်ယူပစ္စည်းကိုပါ သူမအား ကြေညာခွင့် ပေးပြီး ပြင်ပကမ္ဘာကို သူမ၏ အဓိက ကြိုးပမ်းမှုဟု အထင်ခံရစေမည် ဆိုပါက... သူမ အနေဖြင့် တစ်ကမ္ဘာလုံးတွင် နာမည်ကြီးသွားမည်မှာ သေချာသည်။

နိုဘယ်ဆုကိုတောင် ရရှိသွားနိုင်သည် မဟုတ်ပါလား။ အကြောင်းမှာ ဤသုတေသန ရလဒ်သည် လူသားတို့၏ စွမ်းအင် နယ်ပယ်အတွက် အလွန်တရာ ကြီးမားသော အကျိုးပြုမှုကြီး ဖြစ်သောကြောင့်ပင်။

စဉ်းစားကြည့်ပါ။ ယခင်က ယူရေနီယမ် တစ်ပေါင် ထုတ်ယူရန် ဒေါ်လာ ၃၀၀ ကုန်ကျခဲ့ရာမှ ယခုအခါ ဒေါ်လာ ၁၈၀ သာ ကုန်ကျတော့မည် ဆိုပါက အဘယ်မျှ ကြီးမားသော အောင်မြင်မှုကြီး ဖြစ်မည်နည်း။

ဤအရာက လူသားတို့၏ နျူကလီးယား စွမ်းအင်နှင့် လျှပ်စစ်စွမ်းအင် ကဏ္ဍကို ခေတ်သစ် တစ်ခုသို့ ကူးပြောင်းသွားစေမည့် ကြီးမားသော ခြေလှမ်းကြီး တစ်ရပ် ဖြစ်သည်။

ဤမျှ ကြီးမားလှသော စွမ်းဆောင်ရည်အတွက် နိုဘယ်ဆု ရရှိရန် မျှော်မှန်းခြင်းမှာ လုံးဝ မလွန်ကျူးပေ။

ယခင်က ၁၀ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းနှင့် မတူဘဲ ဤတစ်ကြိမ်တွင် ၄၀ ရာခိုင်နှုန်းတိတိ လျှော့ချနိုင်ခြင်း ဖြစ်သည်။ တကယ့်ကို ခေတ်သစ် တစ်ခု၏ အစပြုခြင်းပင် ဖြစ်ပြီး စွမ်းအင်သစ် နယ်ပယ်၏ အရေးကြီးလှသော မှတ်တိုင်တစ်ခု ဖြစ်လာတော့မည် ဖြစ်လေသည်။

All Chapters