အခန်း ၂၅၄
Vol. 26 Ch. 254
အခန်း ၂၅၄ - ဝမ်းဗိုက်ခွဲ၍ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း
"တကယ်ပေါ့..." ဆွန်ဖုန်းက လူစီ၏ ပါးပြင်လေးကို ညှစ်ကာ ပြုံး၍ ပြောလိုက်သည်။ "သုတေသနဌာနထဲက သိပ္ပံပညာရှင်တွေကလည်း နာမည်ကြီးဖို့ထက် သုတေသန ရန်ပုံငွေ ရပြီး လွတ်လွတ်လပ်လပ် စမ်းသပ်ခွင့် ရဖို့ကိုပဲ လိုချင်ကြတာပါ... ဒီအောင်မြင်မှုကို မင်းနာမည်နဲ့ ကြေညာလိုက်လို့ သူတို့က ဘာမှ မပြောပါဘူး..."
"သူဌေး... တကယ် ကျေးဇူးတင်ပါတယ်ရှင်..." လူစီမှာ မျက်ရည်ဝဲမတတ် ဝမ်းသာသွားသည်။ သိပ္ပံပညာရှင် တစ်ယောက်အနေဖြင့် ငွေကြေးထက် သမိုင်းတွင် ကျန်ရစ်မည့် နာမည်ကောင်းကို ပိုမို လိုလားကြသည်မှာ သဘာဝပင်။ ရှေးခေတ် ဧကရာဇ်များက အုပ်ချုပ်ရေး ကောင်းမွန်သော မင်းကောင်းမင်းမြတ် အဖြစ် သမိုင်းတွင် ကျန်ရစ်လိုကြသကဲ့သို့ ဖြစ်သည်။
"ကျေးဇူးတင်စရာ မလိုပါဘူး... ဒါက မင်းရဲ့ ကြိုးစားမှုအတွက် ထိုက်တန်တဲ့ အကျိုးခံစားခွင့်ပဲလေ... ငါ ပြောခဲ့သလိုပဲ... ငါ့နောက်လိုက်ရင် ဘယ်တော့မှ မနစ်နာစေရဘူး..." ဆွန်ဖုန်းက ပြန်ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင် လူစီက ဆွန်ဖုန်းကို အနမ်းတစ်ပွင့်ဖြင့် ကျေးဇူးဆပ်လိုက်လေသည်။
တစ်ပတ်အကြာတွင်... X2 စုပ်ယူပစ္စည်းကို တရားဝင် ထုတ်ဖော် ကြေညာလိုက်ပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင် ဆွန်ဖုန်းသည် ကြိုတင် ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့ပြီး မီဒီယာ အသီးသီးကို ဆက်သွယ်ကာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရန် နေရာကိုလည်း သေချာ ပြင်ဆင်ထားခဲ့သည်။ သူက လူစီကို ခေါ်ဆောင်ကာ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
စိန့်ဂျွန်မြို့၊ ကျင်းတင်း ဟိုတယ်ကြီး၏ ဧည့်ခန်းမဆောင် အတွင်း၌... သတင်းထောက်များ ပြည့်နှက်နေပြီး ဆူညံနေသည်။
ဤတစ်ကြိမ် တက်ရောက်လာသော သတင်းထောက် အရေအတွက်မှာ နှစ်ရာကျော်ခန့် ရှိပြီး ယခင်အကြိမ် သတင်းစာ ရှင်းလင်းပွဲထက် များစွာ ပိုများပြားသည်။ ရွှေသင်္ဘောစု ဆယ်ယူရရှိစဉ်က ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲနှင့်ပင် ယှဉ်နိုင်လောက်သည်။
"ဟေ့... ဒီတစ်ခေါက် ဖုန်းရွေ့ သုတေသနဌာနက ဘယ်လို ကြီးမားတဲ့ သုတေသန ရလဒ်မျိုးကို ကြေညာမလို့လဲ မသိဘူးနော်..." သတင်းထောက် တစ်ယောက်က အခြား သတင်းထောက်များကို မေးလိုက်သည်။
ဖိတ်စာသာ ရထားကြသော်လည်း ဖုန်းရွေ့ သုတေသနဌာနက ဘာအကြောင်း ကြေညာမည်ကို မည်သူမျှ တိတိကျကျ မသိကြပေ။
"ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေးနဲ့ ပတ်သက်တဲ့ သုတေသန ရလဒ်ပဲ ဖြစ်မှာပါ... ဖုန်းရွေ့ သုတေသနဌာနက ပြင်ပကို ကြေညာထားတာက သုတေသန နယ်ပယ် သုံးခု ရှိတယ်လေ..." နောက်ထပ် သတင်းထောက် တစ်ယောက်က ဖြေလိုက်သည်။
"ပထမတစ်ခုက ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး... ဒုတိယက ပင်လယ်ပြင် ရေနံ တူးဖော်ရေး စင်မြင့်... တတိယက ပင်လယ်ရေ မဂ္ဂနီဆီယမ် ထုတ်ယူရေး... ဒါပေမဲ့ သတင်းတွေအရဆိုရင် နောက်ဆုံး နှစ်ခုက စတောင် မစရသေးဘူးတဲ့... ဆိုတော့ ပထမတစ်ခုပဲ ဖြစ်ဖို့ များတယ်..."
"ငါတော့ မထင်ဘူး..." တတိယ သတင်းထောက် တစ်ယောက်က ဝင်ပြောသည်။
"အရင်တစ်ခေါက်ကမှ ဖုန်းရွေ့ သုတေသနဌာနက X စုပ်ယူပစ္စည်းကို တီထွင်ပြီး ကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တာလေ... အချိန် သိပ်မကြာသေးဘဲနဲ့ နောက်ထပ် တိုးတက်မှု အသစ် ထပ်ရလာပြီ ဆိုတာက သိပ်ပြီး သိပ္ပံနည်း မကျဘူး... အရမ်း မြန်လွန်းနေတယ်..."
"အေး... ဒါပေမဲ့ ဒီလို သုတေသန ဆိုတာမျိုးက ဘယ်သူမှ တပ်အပ် မပြောနိုင်ဘူးလေ... ကွန့်မြူးဉာဏ်က အဓိကပဲ မဟုတ်လား..." ပထမ သတင်းထောက်က ပြန်ချေပလိုက်သည်။
"ဒါပေမဲ့ အရင်တစ်ခေါက်က ဖုန်းရွေ့ သုတေသနဌာနက X စုပ်ယူပစ္စည်းကို အီချွမ် စွမ်းအင်ကုမ္ပဏီဆီ ရောင်းလိုက်တုန်းက အများကြီး မြတ်သွားတာတော့ အမှန်ပဲ..."
"ဖုန်းရွေ့ က ထွက်သမျှ အကုန်လုံးက တုန်လှုပ်စရာတွေချည်းပဲ... ကြည့်လေ... ရှန်းဖုန်း ရေနံမြေ တူးဖော်တာကစလို့ ရွှေသင်္ဘောစု ရှာတွေ့တာ... ပြီးတော့ X စုပ်ယူပစ္စည်း ထွက်လာတာ... အကုန်လုံးက အကြီးအကျယ်တွေချည်းပဲ... အခု သတင်းစာ ရှင်းလင်းပွဲကလည်း သေချာပေါက် ပေါက်ကွဲအား ပြင်းတဲ့ သတင်းတစ်ခု ဖြစ်မှာပဲ... သတင်းခေါင်းစီး နေရာကတော့ သေချာနေပြီ..."
"ဟားဟား... အဲဒါကိုတော့ ငါ သဘောတူတယ်..."
စင်နောက်ဘက်တွင်မူ... အလှဆုံး ပြင်ဆင်ဝတ်စားထားသော လူစီကို ဆွန်ဖုန်းက ကြည့်နေသည်။ သူမမှာ အနည်းငယ် စိတ်လှုပ်ရှားနေပြီး လက်ထဲတွင် X2 စုပ်ယူပစ္စည်းနှင့် ပတ်သက်သည့် စာတမ်းများနှင့် အချက်အလက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရာ စာရွက်များပင် တွန့်ကြေလုမတတ် ဖြစ်နေသည်။
"လူစီ... စိတ်လျှော့ထားစမ်းပါ... နိုဘယ် ဓာတုဗေဒဆု မရမှာ စိုးရိမ်နေလို့လား... ဟားဟားဟား..." ဆွန်ဖုန်းက လူစီ၏ ကျောကို ပုတ်ကာ ရယ်မောရင်း နောက်ပြောင်လိုက်သည်။
"ခစ်ခစ်ခစ်..." လူစီမှာ ဆွန်ဖုန်း၏ စကားကြောင့် ရယ်မောသွားပြီး စိတ်အနည်းငယ် ပြေကျသွားသည်။
"သွားကြစို့... ငါတို့ အပြင်ထွက်ရမယ့် အချိန် ရောက်ပြီ..." ဆွန်ဖုန်းက လူစီ၏ ကျောကို ထပ်ပုတ်ကာ အားပေးလိုက်သည်။
"ဟုတ်ကဲ့..."
ဆွန်ဖုန်းသည် လူစီနှင့် လက်ထောက် နှစ်ဦးကို ခေါ်ဆောင်ကာ စင်နောက်ဘက်မှ ထွက်လာခဲ့သည်။ ယနေ့ ဆွန်ဖုန်းသည် အဖြူရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး နေကာမျက်မှန် တပ်ထားရာ နာမည်ကြီး ရုပ်ရှင်မင်းသား တစ်ဦးကဲ့သို့ အလွန် ခန့်ညားနေသည်။
"အာ... ထွက်လာပြီ... ထွက်လာပြီ... မစ္စတာဆွန်နဲ့ ပါရဂူ လူစီတို့ ထွက်လာပြီ..."
"ဝုန်း..."
ဆွန်ဖုန်းတို့ ထွက်လာသည်ကို မြင်သည်နှင့် အောက်ရှိ သတင်းထောက်များမှာ ပွက်လောရိုက်သွားပြီး ကင်မရာများကို ကိုက်မြှောက်ကာ ဓာတ်ပုံများ တရစပ် ရိုက်ကြတော့သည်။ ကင်မရာမီးရောင်များက မျက်စိကျိန်းမတတ် လင်းလက်သွားသော်လည်း ဆွန်ဖုန်းက နေကာမျက်မှန် တပ်ထားသဖြင့် လုံးဝ မမှုပေ။
စင်ပေါ်ရောက်သောအခါ ဆွန်ဖုန်းက မိုက်ခရိုဖုန်းကို ကိုင်ကာ လက်ဝှေ့ယမ်းပြပြီး အားလုံးကို တိတ်ဆိတ်ရန် အချက်ပြလိုက်သည်။ မကြာမီပင် သတင်းထောက်များ အားလုံး အသံတိတ်သွားကြသည်။
"လူကြီးမင်းများ ခင်ဗျာ... မင်္ဂလာပါ... ကျွန်တော်ကတော့ ဖုန်းရွေ့ သုတေသနဌာနရဲ့ ဥက္ကဋ္ဌ ဆွန်ဖုန်း ပါ... ဒီနေ့ ကျွန်တော်တို့ ဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲကို လာရောက် တက်ရောက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..."
ဆွန်ဖုန်း၏ စကားဆုံးသည်နှင့် အောက်မှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။
"ဒီတစ်ခေါက် ကျွန်တော်တို့ ဖုန်းရွေ့ သုတေသနဌာနက ကြေညာမယ့် နောက်ဆုံးပေါ် သုတေသန ရလဒ်က... ၂၁ ရာစုရဲ့ အကြီးကျယ်ဆုံး သုတေသန ရလဒ်တွေထဲက တစ်ခု ဖြစ်လာမယ်ဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံပါတယ်..." ဆွန်ဖုန်းက စိတ်လှုပ်ရှားဖွယ်ရာ လေသံဖြင့် အော်ဟစ် ပြောဆိုလိုက်သည်။
အောက်ရှိ သတင်းထောက်များမှာ ဤစကားကို ကြားသောအခါ နားရွက်များပင် ထောင်သွားကြသည်။
"ဝါး..."
"ဘာ သုတေသန ရလဒ်များလဲ... တကယ်ပဲ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေးနဲ့ ပတ်သက်တာလား..."
"ငါကတော့ တခြား သုတေသန တစ်ခုခု ဖြစ်မယ် ထင်တယ်... ပင်လယ်ရေ မဂ္ဂနီဆီယမ် ထုတ်ယူရေး ဖြစ်ဖို့ များတယ်..."
ဆွန်ဖုန်းက အောက်ရှိ သတင်းထောက်များကို ပြုံး၍ ကြည့်လိုက်သည်။ ပတ်ဝန်းကျင် အခြေအနေကို လုံလောက်အောင် ဖန်တီးပြီးပြီဟု ယူဆကာ ဘေးရှိ လူစီကို ကြည့်၍...
"ဆက်လက်ပြီး ကျွန်တော်တို့ ဖုန်းရွေ့ သုတေသနဌာနရဲ့ အဓိက သုတေသန ပါရဂူ မစ္စ လူစီကနေ ဒီရလဒ်ကို ကြေညာပေးပါလိမ့်မယ်..." ဟု ပြောလိုက်သည်။ ဆွန်ဖုန်းက ဤအရေးကြီးသော အခိုက်အတန့်ကို လူစီအတွက် ချန်ထားပေးလိုက်ခြင်း ဖြစ်သည်။
လူစီက ပြုံး၍ မတ်တတ်ရပ်ကာ မိုက်ခရိုဖုန်းကို ကိုင်၍ ညင်သာသော အသံဖြင့် ပြောလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါရှင်... ကျွန်မကတော့ ဖုန်းရွေ့ သုတေသနဌာနရဲ့ အဓိက သုတေသန ပါရဂူ လူစီ ပါ..."
"အခု ကျွန်မ ကြေညာမယ့် အကြောင်းအရာကတော့... ကျွန်မတို့ ဖုန်းရွေ့ သုတေသနဌာနဟာ မကြာသေးမီက ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး သုတေသနမှာ အကြီးအကျယ် တိုးတက်မှု တစ်ရပ်ကို ရရှိခဲ့ပါတယ်... ကျွန်မတို့ဟာ နောက်ဆုံးပေါ် ပင်လယ်ရေ ယူရေနီယမ် စုပ်ယူပစ္စည်း တစ်မျိုးကို တီထွင်နိုင်ခဲ့ပါပြီ..."
လူစီ၏ စကားအဆုံးတွင် အောက်ရှိ သတင်းထောက်များ အားလုံး အံ့အားသင့်သွားကြသည်။ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး သုတေသနတွင် နောက်ထပ် ကြီးမားသော အောင်မြင်မှု တစ်ရပ်ကို ရရှိခဲ့ပြန်ပြီဟု သူတို့ မထင်ထားခဲ့ပေ။
ယခင်က X စုပ်ယူပစ္စည်းကပင် သူတို့ကို ကြီးမားသော တုန်လှုပ်မှု ပေးခဲ့ပြီး ဖြစ်ရာ ယခုတစ်ကြိမ်မှာတော့ ပို၍ ပြင်းထန်လိမ့်မည်ဟု ခန့်မှန်းမိကြသည်။
"ဒီ နောက်ဆုံးပေါ် စုပ်ယူပစ္စည်းကို ကျွန်မတို့ သုတေသနဌာနက X2 စုပ်ယူပစ္စည်း လို့ နာမည်ပေးထားပါတယ်... ယူရေနီယမ် တစ်ပေါင်ကို ထုတ်ယူဖို့အတွက် ၁၈၀ ဒေါ်လာပဲ ကုန်ကျတော့မှာ ဖြစ်ပါတယ်..."
"ကျွန်မတို့ ဖုန်းရွေ့ သုတေသနဌာနဟာ မကြုံစဖူး မှတ်တိုင်သစ် တစ်ရပ်ကို စိုက်ထူနိုင်ခဲ့ပြီလို့ ပြောလို့ ရပါတယ်... နောက်ပိုင်းမှာ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေးဟာ ပိုပြီး ရင့်ကျက်လာတော့မှာ ဖြစ်ပြီး လူသားတွေရဲ့ နျူကလီးယား စွမ်းအင် အသုံးပြုမှုဟာလည်း ပိုပြီး ကျယ်ပြန့်လာတော့မှာ ဖြစ်ပါတယ်..." လူစီက စိတ်လှုပ်ရှားစွာဖြင့် အသံနေအသံထား မြင့်မြင့် ပြောဆိုလိုက်သည်။
"ဝုန်း..."
ဤသတင်း ထွက်ပေါ်လာသည်နှင့် အောက်ရှိ သတင်းထောက်များမှာ တကယ်ကို ပေါက်ကွဲသွားကြတော့သည်။
"ဘာ... ငါ နားကြား မလွဲဘူး မဟုတ်လား... ယူရေနီယမ် တစ်ပေါင် ထုတ်ဖို့ ၁၈၀ ဒေါ်လာပဲ ကုန်တော့မယ် ဟုတ်လား... ဘုရားရေ... အဲဒါက ယူရေနီယမ် တစ်ပေါင် ထုတ်ယူတဲ့ ကုန်ကျစရိတ်ကို ၄၀ ရာခိုင်နှုန်းတိတိ လျှော့ချလိုက်နိုင်တာပဲ..."
"ဒီသတင်းက တကယ်ကို ပေါက်ကွဲအား ပြင်းလွန်းတယ်... ဒါဆို အရင်တစ်ခေါက်က အီချွမ် စွမ်းအင်ကုမ္ပဏီက မစ္စတာဆွန်ရဲ့ လှည့်ကွက်ထဲ မိသွားတာပေါ့... သူတို့သာ ဒီသတင်းကို ကြားရင် ဝမ်းဗိုက်ခွဲပြီး ကိုယ့်ကိုယ်ကိုယ်များ သတ်သေကြမလား မသိဘူးနော်..." သတင်းထောက် တစ်ယောက်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။