← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂ - နင် HIV ကူးစက်ခံထားရလို့လား

"ငါက ဘာလို့ စမ်းကြည့်ရမှာလဲ... ခဏနေ မင်ယီကို မေးကြည့်လိုက်ရင် သိရမှာပဲဟာ..."

ဟွမ်ကျားချန်က ဆွန်ဖုန်းကို လှည့်ကြည့်ကာ ပါးနပ်စွာ ပြန်ပြောလိုက်သည်။

"ဒီလို မေးခွန်းမျိုးကိုတောင် မင်းက မေးရဲလို့လား..."

ဆွန်ဖုန်း အနည်းငယ် ကြောင်သွားသည်။ ဤအကြောင်းအရာများကို သူငယ်ချင်း အချင်းချင်း အတင်းအဖျင်း ပြောတတ်ကြသလား။

"နင်တောင် ဒီလောက် မျက်နှာပြောင်တိုက်ရဲတာ... ငါက ဘာလို့ မင်ယီကို မမေးရဲရမှာလဲ..."

ဟွမ်ကျားချန်က ဆွန်ဖုန်းကို မျက်စောင်းထိုးကာ...

"နင် အခုလို ပြောနေတာ... သတ္တိမရှိလို့ မဟုတ်လား..."

"ငါက သတ္တိမရှိရအောင်... ဘယ်တုန်းက သတ္တိကြောင်ဖူးလို့လဲ... မင်းသာ အချိန်ကျရင် မလန့်သွားဖို့ မျှော်လင့်ပါတယ်..."

ဆွန်ဖုန်းက လှောင်ပြုံး ပြုံးလိုက်သည်။ သူ၏ စွမ်းရည်များကို မိန်းမတွေတောင် ကြောက်လန့်ပြီး ရှောင်ပြေးရသည်အထိ စွမ်းဆောင်နိုင်သူ ဖြစ်ရာ ဟွမ်ကျားချန်၏ စကားများကို လုံးဝ ဂရုမစိုက်ပေ။

ဤသို့ စကားများရင်းဖြင့် ဆွန်ဖုန်းသည် ဟွမ်ကျားချန်ကို အိမ်သို့ ခေါ်လာခဲ့သည်။ အိမ်တွင် တစ်ညအိပ်ပြီးနောက် နောက်တစ်နေ့တွင် အမျိုးသမီးများနှင့်အတူ ဗန်ကူးဗား ဆိပ်ကမ်းမှ ရွက်လှေဖြင့် ရေမိုင် သုံးဆယ်ခန့် ကွာဝေးသော ကိုယ်ပိုင်ကျွန်းလေးဆီသို့ ထွက်လာခဲ့ကြသည်။

ယခုအခါ မေလသို့ ရောက်ရှိနေပြီ ဖြစ်ရာ ဗန်ကူးဗား၏ ရာသီဥတုမှာ အလွန် သာယာနေသည်။

ရွက်လှေ၏ အပေါ်ထပ်တွင် လျန်ယင်နှင့် ယန်ရွှယ်တို့က ကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ အချိုရည် သောက်ရင်း ကိုယ်ဝန်ဆောင် လက်စွဲ စာအုပ်ကို ဖတ်နေကြသည်။ သူတို့မှာ ကိုယ်ဝန်ဆောင် မိခင်များ အဖြစ် အပြည့်အဝ ခံယူထားပြီး အခြား မည်သည့် အရာကိုမျှ စိတ်မဝင်စားကြတော့ပေ။

"ဒါက ဘာလဲ... ပင်လယ်ကြီး... ပင်လယ်ကြီးလေ... လာ... မေမေ့ကို ပြောပြပါဦး... ပင်လယ်ကြီး..."

ဟယ်မင်ယီကတော့ ကလေးငယ်လေးကို ပွေ့ချီကာ စကားပြောသင်ပေးနေသည်။ ကလေးက စကားမပြောတတ်သေးသော်လည်း ငယ်ငယ်ကတည်းက သင်ပေးရမည် မဟုတ်ပါလား။

ကလေးများကို အိပ်လိုက်စားလိုက် လုပ်နေစေရုံဖြင့် မရဘဲ သူတို့နှင့် အမြဲ ဆက်သွယ် ပြောဆိုပေးရမည် ဖြစ်သည်။ ထိုသို့ လုပ်ပေးမှသာ ကလေးက ကြီးလာလျှင် သွက်လက်လာမည် ဖြစ်သည်။

"အော်... ငါ ဒီတစ်ခေါက် လာလည်တာ အချိန်အခါ မကိုက်ဘူး ထင်တယ်... သူတို့ အားလုံး အရမ်း အလုပ်ရှုပ်နေကြတာပဲ..."

ဟွမ်ကျားချန်က အမျိုးသမီး သုံးယောက်ကို ကြည့်ကာ နဖူးကို ပွတ်ရင်း ညည်းတွားလိုက်သည်။

"အစ်ကိုကြီးက မင်းကို အဖော်လုပ်ပေးမယ်လေ..."

ဆွန်ဖုန်းက ပြုံး၍ ဟွမ်ကျားချန် အနီးသို့ လျှောက်သွားကာ အချိုရည် တစ်ခွက် ကမ်းပေးလိုက်သည်။

ဟွမ်ကျားချန်က အချိုရည်ခွက်ကို ယူကာ တစ်ငုံ သောက်လိုက်ပြီး...

"နင်နဲ့ ဘာကစားစရာ ရှိလို့လဲ... ဟွန်း..." ဟု နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

"ဟေ့... မင်း စိတ်မကြည်မသာ ဖြစ်နေတာ ငါ သတိထားမိတယ်... ဘာတွေ စိတ်ညစ်စရာ ရှိလို့လဲ... ငါ့ကို ပြောပြပါလား... ငါက နားထောင်ပေးနိုင်တဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါ..."

ဆွန်ဖုန်းက ဝိုင်နီတစ်ခွက်ကို အကုန်သောက်လိုက်ပြီး ဟွမ်ကျားချန်ကို ပြောလိုက်သည်။ သူမ၏ စိတ်ထဲတွင် ချူဝမ်ကျဲ နှောင့်ယှက်တာထက် ပိုဆိုးသည့် အခြား ပြဿနာ တစ်ခုခု ရှိနေမည်ဟု သူ ခံစားနေရသည်။

"ဟင်းဟင်း... ငါ့မှာ ဘာပြဿနာမှ မရှိပါဘူး... ငါ အရမ်း ပျော်နေတာ... ဒီမှာ ကြည့်စမ်း... ရှုခင်းတွေက အရမ်း လှတာပဲ... အေးအေးဆေးဆေး အနားယူကြတာပေါ့..."

ဟွမ်ကျားချန်၏ မျက်နှာ အမူအရာက အနည်းငယ် တင်းမာသွားပြီး အတင်း ပြုံးကာ ပြောလိုက်သည်။

"မင်း နှုတ်ခမ်းတွေ တင်းနေတာပဲ..."

"ဒီတစ်ခေါက် မင်းကို ကြည့်ရတာ မျက်နှာ သိပ်မကောင်းဘူးနော်... မင်း အခုတလော အိပ်ရေးမဝတာလား... ဒါမှမဟုတ် အလုပ်တွေ အရမ်း ပင်ပန်းနေလို့လား..."

ဆွန်ဖုန်းက ဟွမ်ကျားချန်၏ လှပသော မျက်နှာလေးကို စိုက်ကြည့်ရင်း မေးလိုက်သည်။ ဟွမ်ကျားချန်က လှပနေဆဲ ဖြစ်သော်လည်း မျက်နှာမှာ အနည်းငယ် ဖြူရော်နေပြီး အလုပ်ပင်ပန်းခြင်း သို့မဟုတ် သွေးအားနည်းနေသည့် ပုံစံ ပေါက်နေသည်။

"ဟင်း... နင် ခန့်မှန်းတာ မှန်ပါတယ်... ငါက အလုပ်တွေ အရမ်း ပင်ပန်းနေလို့ အခုလို ခွင့်ယူပြီး လာအနားယူတာပါ..."

ဟွမ်ကျားချန်၏ မျက်နှာမှာ ခဏမျှ တည်ငြိမ်သွားပြီးနောက် တိုးတိုးလေး ဖြေလိုက်သည်။

ဆွန်ဖုန်းလည်း သူမ စကားကို လက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။

သူ သိထားသမျှ အမျိုးသမီးများထဲတွင် ဟွမ်ကျားချန်က စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်ပြီး စီးပွားရေး ဦးနှောက် ရှိသူ တစ်ဦး ဖြစ်သည်။

ဟယ်မင်ယီနှင့် ယန်ရွှယ်တို့လို အစားအသောက် မက်သူများနှင့် မတူဘဲ စူးမေး ကဲ့သို့ပင် အရည်အချင်းရှိသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ ဤကဲ့သို့သော အမျိုးသမီးများက ပန်းအိုးလေးများ မဟုတ်ဘဲ အလွန် ဆွဲဆောင်မှု ရှိကြသည်။

ဟယ်မင်ယီ ပြောပြချက်အရ ဟွမ်ကျားချန်က အလုပ်အလွန်များသူ ဖြစ်ကြောင်း ဆွန်ဖုန်း သိထားသည်။ သူမ ပင်ပန်း၍ အနားယူရန် လာရောက်ခြင်း ဖြစ်သည်ဟု ဆွန်ဖုန်း လုံးဝ မသင်္ကာစရာ မရှိပေ။

သူမ စိတ်မကြည်မသာ ဖြစ်နေခြင်းကလည်း အလုပ်ကိစ္စများကြောင့်သာ ဖြစ်မည်ဟု သူ ယူဆလိုက်သည်။

မကြာမီ ရွက်လှေသည် ဆွန်ဖုန်း၏ ကိုယ်ပိုင်ကျွန်းလေးသို့ ဆိုက်ရောက်သွားသည်။ အမျိုးသမီးများကတော့ မိမိတို့၏ အလုပ်များကို အသီးသီး သွားလုပ်ကြလေသည်။

"ဆွန်ဖုန်း... ငါနဲ့ အတူ နေဝင်ဆည်းဆာကို လိုက်ကြည့်ပေးပါလား..."

ရုတ်တရက် ဟွမ်ကျားချန်က ဆွန်ဖုန်း အနီးသို့ လျှောက်လာကာ ပြောလိုက်သည်။

"ကောင်းပြီလေ..."

အနည်းငယ် ညှိုးနွမ်းနေသော ဟွမ်ကျားချန်ကို ကြည့်ရင်း ဆွန်ဖုန်း သဘောတူလိုက်သည်။ သူမ၏ လေသံတွင် ပင်ပန်းနွမ်းနယ်မှုများနှင့် အထီးကျန်မှုများ ရောယှက်နေသဖြင့် ဆွန်ဖုန်း၏ ရင်ထဲတွင် အနည်းငယ် နာကျင်သွားရသည်။

သူတို့ နှစ်ဦး သဲသောင်ပြင်တွင် ထိုင်ကာ ဝင်လုဆဲဆဲ နေမင်းကြီးကို ကြည့်နေကြသည်။ အလွန် တိတ်ဆိတ် ငြိမ်သက်နေသည်။ ကျွန်းပေါ်မှ နေဝင်ဆည်းဆာကို ကြည့်ရသည်မှာ အလွန် ခံစားမှု ရသ ပေးစွမ်းနိုင်သည်။

ပင်လယ်ပြင်သို့ ဖြည်းညင်းစွာ ဝင်ရောက်သွားသော နေဝန်းနီနီကြီးနှင့် ပင်လယ်နှင့် ကောင်းကင် ဆက်စပ်နေသော နေရာမှ ဆည်းဆာ အရောင်များက တကယ့်ကို လှပသော ပန်းချီကား တစ်ချပ်နှင့် တူလှသည်။

"အော်... နေဝင်ဆည်းဆာက တကယ်ကို လှတာပဲ... ငါသာ ပန်းချီဆွဲတတ်ရင် ဒီရှုခင်းကို သေချာပေါက် ရေးဆွဲထားမှာပဲ..."

ဆွန်ဖုန်းက ဆေးလိပ် တစ်လိပ်ကို မီးညှိကာ စာရေးဆရာ တစ်ယောက်လို ညည်းတွားလိုက်သည်။

"နေဝင်ဆည်းဆာက လှပေမဲ့ မကြာခင် အမှောင်ကျတော့မယ်လေ..."

ဟွမ်ကျားချန်က သက်ပြင်းချကာ ပြောလိုက်သည်။ သူမ၏ မျက်လုံးများက အဝေးမှ နေဝန်းနီနီကြီးကို ငေးကြည့်နေပြီး အသက်မပါသလို ဖြစ်နေသည်။

"ဘာဖြစ်နေတာလဲ... သေတော့မယ့် လူလို မျက်နှာပေးနဲ့..."

ဆွန်ဖုန်းက ဟွမ်ကျားချန်၏ သက်ပြင်းချသံကို ကြားသောအခါ နောက်ပြောင်လိုက်သည်။

"ဘာမှ မဖြစ်ပါဘူး... ငါက ဒီစာသားလေးကို သဘောကျလို့ ပြောကြည့်တာပါ..."

"ဆွန်ဖုန်း... တကယ်လို့ နင့်ဘဝက သုံးလပဲ နေရတော့မယ်ဆိုရင် ဘယ်လို အဓိပ္ပာယ်ရှိတဲ့ အရာမျိုးတွေကို လုပ်မလဲ..."

ဟွမ်ကျားချန်က လှည့်ကြည့်ကာ ဆွန်ဖုန်းကို တိုးတိုးလေး မေးလိုက်သည်။ နေဝင်ဆည်းဆာ၏ အလင်းရောင်များက သူမ၏ မျက်နှာလေးပေါ်သို့ ကျရောက်နေပြီး သူမကို ထူးဆန်းသော သန့်စင်မှု တစ်ခု ပေးစွမ်းနေသကဲ့သို့ ခံစားရသည်။

"ဘာလို့ ရုတ်တရက်ကြီး ဒါကို မေးတာလဲ... ငါကတော့ အသက် တစ်ရာကျော်လောက်အထိ နေရဦးမှာလေ... ငါ နေလို့ မဝသေးဘူး... သေဖို့ကို ဘယ်တွေးမလဲ..."

ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်လျက် ပြန်ဖြေလိုက်သည်။

"နင်က မိန်းကလေးတွေကို ဒုက္ခပေးချင်သေးလို့ အသက်ရှည်ရှည် နေချင်တာ မဟုတ်လား... နင့်လို လူမျိုးက အသက်ရှင်နေတာ ဆန်ကုန်မြေလေးပဲ... ရှင်သန်ရတာ ဘာအဓိပ္ပာယ်မှ မရှိဘူး..."

ဟွမ်ကျားချန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ဟေ့... ဒီနေ့ နင် ဘာဖြစ်နေတာလဲ... ဘာလို့ ဒဿနတွေ လာချနေတာလဲ... ဘဝအကြောင်းတွေ လာဆွေးနွေးနေတယ်... ငါ အသက်ရှင်နေတာ အဓိပ္ပာယ် မရှိဘူးဆိုရင် နင် အသက်ရှင်နေတာကကော အရမ်း အဓိပ္ပာယ် ရှိနေလို့လား..."

ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ မေးလိုက်သည်။

"မရှိပါဘူး... ငါက ဒီတိုင်း ဆွေးနွေးချင်ရုံ သက်သက်ပါ..."

ဟွမ်ကျားချန်၏ မျက်နှာက အနည်းငယ် လေးနက်သွားသည်။

"ဒါဆို နင့်ဘဝက သုံးလပဲ နေရတော့မယ်ဆိုရင် ဘယ်လို အဓိပ္ပာယ်ရှိတဲ့ အရာတွေကို လုပ်မလဲ..."

ဆွန်ဖုန်းက ပြန်မေးလိုက်သည်။

"ငါ့ဘဝက သုံးလပဲ နေရတော့မယ်ဆိုရင်... ငါ ကြိုးခုန် သွားကစားမယ်... အရင်က အရမ်း ကြောက်လို့ မကစားရဲခဲ့ဘူးလေ... သေတော့မယ့် အချိန်ကျရင်တော့ တစ်ခါလောက် သွားကစားကြည့်ချင်တယ်... ပြီးတော့ ခရီးသွားမယ်... ခရီးသွားရင်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် တစ်အုပ် ရေးမယ်... ကမ္ဘာကြီးမှာ အမှတ်တရ တစ်ခုခု ချန်ထားရစ်ချင်လို့... နောက်ပြီးတော့... အချစ်စစ်နဲ့ တစ်ခါလောက် ချစ်ကြည့်လို့ ရရင် အကောင်းဆုံးပဲ..."

ဟွမ်ကျားချန်က မျှော်လင့်ချက် ပြည့်ဝနေသော လေသံဖြင့် ပြောလိုက်သည်။

"နင့် စကားတွေကို နားထောင်ရတာ... နင်က သုံးလပဲ နေရတော့မယ့် ပုံစံ ပေါက်နေတယ်နော်... နင် HIV ကူးစက်ခံထားရလို့လား..."

ဆွန်ဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ဒီနေ့ ဟွမ်ကျားချန် အနည်းငယ် ထူးဆန်းနေသည်ကို သူ သတိထားမိသည်။ အရင်က သူမက ဤသို့ ဝမ်းနည်းလွယ်သူ မဟုတ်ပေ။ ဒီနေ့ ဘာဖြစ်နေသနည်း။ ဆေးမှားစားမိတာလား၊ ဒါမှမဟုတ် ဆေးသောက်ဖို့ မေ့နေတာလား။

"နင်သာ HIV ကူးစက်ခံရမှာ... နင်သာ ဆေးသောက်ဖို့ မေ့နေတာ... နင့်လို မိန်းမလိုက်စားတဲ့ ဖွန်ကြောင်ကောင်ကမှ ရောဂါရမှာ... ငါက အပျိုစစ်စစ်ပါနော်... ဘယ်ကလာ ကူးစက်ခံရမှာလဲ..."

ဟွမ်ကျားချန်က သဲတစ်ဆုပ်ကို ဆုပ်ယူကာ ဆွန်ဖုန်း အပေါ်သို့ ပစ်ပေါက်လိုက်သည်။

"အံမယ်... နင်က ငါ့ကို ပစ်ပေါက်ရဲတယ်ပေါ့... လာခဲ့... ငါ ဘယ်လို ဆုံးမပေးမလဲ ကြည့်ထား..."

ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် ပြုံးကာ သဲသောင်ပြင်မှ သဲတစ်ဆုပ်ကို ကောက်ယူပြီး ဟွမ်ကျားချန် အပေါ်သို့ ပြန်ပစ်ပေါက်လိုက်လေသည်။

All Chapters