အခန်း ၂၆၃
Vol. 27 Ch. 263
အခန်း ၂၆၃ - ကင်ဆာရောဂါ နောက်ဆုံးအဆင့်
နောက်တစ်စက္ကန့်တွင် ဆွန်ဖုန်းနှင့် ဟွမ်ကျားချန်တို့သည် ကမ်းခြေတွင် ဆော့ကစားနေကြသည်။ သို့သော် ဆွန်ဖုန်းကို အနည်းငယ် အံ့ဩသွားစေသည်မှာ ဤသူဌေးသမီးလေးသည် အပျိုစစ်စစ် ဖြစ်နေခြင်းပင်။
သူဌေးအသိုင်းအဝိုင်းမှ လူငယ်အများစုသည် ယောက်ျားလေးရော မိန်းကလေးပါ အပျော်အပါး အလွန်မက်ကြပြီး လွတ်လွတ်လပ်လပ် နေထိုင်တတ်ကြသည်။ ဟွမ်ကျားချန်က ဤမျှ ကိုယ်ကျင့်တရား ကောင်းမွန်နေလိမ့်မည်ဟု ဆွန်ဖုန်း မထင်မှတ်ထားခဲ့ပေ။
"အာ... လူဆိုးကြီး... ငါ့ကို ရေထဲ ဆွဲချတယ်ပေါ့..."
မကြာမီ လူဆိုးကြီး ဆွန်ဖုန်းသည် ဟွမ်ကျားချန်ကို သဲသောင်ပြင်မှ ပင်လယ်ရေထဲသို့ ဆွဲချသွားရာ သူမ တစ်ကိုယ်လုံး ရေစိုရွှဲသွားပြီး အလွန် ကြည့်မကောင်း ဖြစ်သွားသည်။
"ငါ့အလှည့်... နင် မပြေးနဲ့... ငါ လက်စားချေရမယ်..."
ဟွမ်ကျားချန်က ဆွန်ဖုန်းကို လက်နှစ်ဖက်ဖြင့် ဆွဲကာ ရေထဲသို့ ဖိချရန် ကြိုးစားသည်။ ဆွန်ဖုန်းကလည်း ဟွမ်ကျားချန်နှင့် ကစားနေခြင်း ဖြစ်သဖြင့် အားမသုံးဘဲ သူမ ဖိချသမျှကို အလိုက်သင့် ငြိမ်နေပေးလိုက်သည်။
မကြာမီ သူတို့ နှစ်ယောက်လုံး တစ်ကိုယ်လုံး ရေစိုရွှဲသွားကြသော်လည်း အလွန် ပျော်ရွှင်နေကြသည်။ ဆော့ကစားနေသော ချစ်သူစုံတွဲလေး တစ်တွဲလိုပင်။
ဟွမ်ကျားချန်၏ ပျော်ရွှင်နေသော အပြုံးများကို ကြည့်ရင်း ယခင်က စိတ်ညစ်စရာများ အားလုံး ပျောက်ကွယ်သွားသည်ဟု ဆွန်ဖုန်း ခံစားလိုက်ရပြီး သူ၏ ကြိုးစားမှုက တန်သည်ဟု တွေးမိသည်။
"ပျော်စရာကြီး... ငါလည်း ဝင်ကစားမယ်..."
ဟယ်မင်ယီသည် သူတို့ နှစ်ယောက် ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို မြင်သောအခါ ရယ်မောလျက် ဝင်ရောက် ပူးပေါင်းလိုက်သည်။
"ဟေ့ ဟေ့ ဟေ့... နင်တို့ နှစ်ယောက်... ငါ့ဂျိုင်းကို မကလိနဲ့လေ..."
ဆွန်ဖုန်းမှာ အမျိုးသမီး နှစ်ယောက်၏ ဘယ်ညာ ညှပ်ကာ ဂျိုင်းကလိခြင်းကို ခံရသဖြင့် ချက်ချင်းပင် အရှုံးပေးလိုက်ရသည်။ သူက အကလိခံရတာကို အကြောက်ဆုံး ဖြစ်သည်။
"ဟားဟား... နင်လည်း ဒီလို အလှည့်မျိုး ရောက်လာပြီပေါ့... ခုနကတော့ အရမ်း ရောင့်တက်နေတာ... ဆက်ပြီး လေလုံးထွားပါဦးလား..."
ဟွမ်ကျားချန်က ဆွန်ဖုန်း အပေါ်သို့ ခုန်တက်ဖိချလိုက်သည်။ ယောကျာ်း မိန်းမ ထိတွေ့မှု အပိုင်းကို သူမ လုံးဝ ဂရုမစိုက်တော့ဘဲ သူမ၏ ကိုယ်အလေးချိန်ကို သုံးကာ ဆွန်ဖုန်းကို ရေအောက်သို့ ဖိချပြီး အသက်ရှူမဝသည့် ဒုက္ခကို ခံစားစေချင်နေသည်။
"ငါလည်း ဝင်ကူမယ်... အရင်တုန်းက လက်စားချေရမယ်..."
ဟယ်မင်ယီကလည်း နောက်ကျမခံဘဲ ဆွန်ဖုန်း အပေါ်သို့ ဖိချလိုက်သည်။
အမျိုးသမီး နှစ်ယောက်၏ ကိုယ်အလေးချိန်ကြောင့် သာမန်လူသာ ဆိုလျှင် ရေအောက်ရောက်သွားပြီး ခေါင်းပင် ပြန်ဖော်နိုင်မည် မဟုတ်ပေ။
သို့သော် ဆွန်ဖုန်းက ဘယ်သူလဲ။ အနည်းငယ်မျှ အားစိုက်လိုက်ရုံဖြင့် အမျိုးသမီး နှစ်ယောက်ကို ဘယ်တစ်ယောက် ညာတစ်ယောက် ပေါင်ရင်းမှ ကိုင်ကာ ပခုံးပေါ် ထမ်းတင်လိုက်ပြီး ရေထဲမှ မတ်တတ်ရပ်လိုက်သည်။
"အာ..."
ဟယ်မင်ယီနှင့် ဟွမ်ကျားချန်တို့မှာ ပေါင်ရင်းမှ အကိုင်ခံရပြီး ဆွန်ဖုန်း၏ ပခုံးပေါ်သို့ ရောက်သွားကာ လေထဲတွင် တွဲလောင်း ဖြစ်သွားသဖြင့် လန့်ဖျပ်ကာ အော်ဟစ်လိုက်ကြသည်။
"လူဆိုးကြီး... ငါ့ကို အောက်ချပေး..."
ဟယ်မင်ယီက အသံကျယ်ကြီးဖြင့် တောင်းပန်လိုက်သည်။
"မချပေးနိုင်ဘူး... ခုနက အရမ်း စွာနေကြတယ် မဟုတ်လား... အခု ဘာလို့ မအော်တော့တာလဲ... ဘာလို့ မရောင့်တက်တော့တာလဲ... တောင်းပန်မနေနဲ့... ငါ မခွင့်လွှတ်ဘူး..."
ဆွန်ဖုန်းက ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ကာ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။
လှည့်ပတ်မှုနှင့်အတူ အမျိုးသမီး နှစ်ယောက်မှာ လေရဟတ် ကြီးများလို လည်ပတ်သွားပြီး အော်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
"ငါ့ကို အောက်ချပေးပါ... ငါ တောင်းပန်ပါတယ်... ငါ တောင်းပန်ပါတယ်..."
ဟွမ်ကျားချန်က အားနည်းသော အသံဖြင့် ပြောလိုက်သည်။ သူမ၏ မျက်နှာမှာလည်း ပိုမို ဖြူရော်လာသည်။
"ကောင်းပြီ... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်..."
ဆွန်ဖုန်းက ဟွမ်ကျားချန်၏ ခန္ဓာကိုယ် အခြေအနေ အနည်းငယ် မကောင်းသည်ကို သတိထားမိလိုက်သဖြင့် အမျိုးသမီး နှစ်ယောက်ကို အောက်သို့ ညင်သာစွာ ချပေးလိုက်သည်။
ဟွမ်ကျားချန် မြေပြင်ပေါ်သို့ ရောက်သည်နှင့် ရေထဲသို့ လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။
"ကျားချန်... နင် ဘာဖြစ်သွားတာလဲ..."
ဟယ်မင်ယီက ဟွမ်ကျားချန် ရေထဲ လဲကျသွားပြီး ရေများ သူမ၏ မျက်နှာကို ဖုံးလွှမ်းသွားသည်ကို မြင်သောအခါ အမြန် ဆွဲထူကာ စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာ... ဘာမှ မဖြစ်ပါဘူး... လူက နည်းနည်း နေလို့ မကောင်းဘူး ဖြစ်သွားလို့... အထဲကို တွဲခေါ်သွားပေးပါလား နားချင်လို့..."
ဟွမ်ကျားချန်က ရေတစ်လုတ် ထွေးထုတ်ကာ အပြင်းအထန် သီးသွားပြီးနောက် ဟယ်မင်ယီကို အားနည်းစွာဖြင့် ပြောလိုက်သည်။
ဟွမ်ကျားချန်၏ မျက်နှာ မကောင်းသည်ကို မြင်သောအခါ ဟယ်မင်ယီက ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်ပြီး...
"ကြည့်စမ်း... ကျားချန်ကို ဘယ်လိုတောင် လုပ်လိုက်တာလဲ... လာတွဲခေါ်ပေးဦး..." ဟု ဆူလိုက်သည်။
"တကယ်ကို အားနာပါတယ်ဗျာ... ခုနက ကစားတာ နည်းနည်း လွန်သွားတယ်... နေလို့ သိပ်မကောင်းဘူးလား..."
ဆွန်ဖုန်းက အားနာပါးနာဖြင့် မေးလိုက်ပြီး ဟယ်မင်ယီနှင့်အတူ ဟွမ်ကျားချန်ကို အိမ်ထဲသို့ တွဲခေါ်သွားကြသည်။
"ရပါတယ်... ဒီရက်ပိုင်း လူက နည်းနည်း နေလို့ မကောင်းဘူး ဖြစ်နေတာ... ကိစ္စ မရှိပါဘူး..."
ဟွမ်ကျားချန်က ဖြူရော်ရော် ပြုံးကာ လက်ကာပြလိုက်ပြီး သိပ်အရေးမကြီးကြောင်း ပြောလိုက်သည်။
"နင်ကလည်း... နေမကောင်းတာကို ဆွန်ဖုန်းနဲ့ သွားဆော့ရသေးတယ်... အအေးမိသွားရင် ဘယ်လို လုပ်မလဲ..."
ဟယ်မင်ယီက ဟွမ်ကျားချန်၏ ခေါင်းကို ပွတ်ကာ ဆူလိုက်သည်။
အိမ်ထဲသို့ ရောက်သောအခါ ဟွမ်ကျားချန်က အခန်းထဲတွင် အဝတ်အစား လဲလိုက်သည်။ ရေနွေး တစ်ခွက် သောက်ပြီးနောက် ဆွန်ဖုန်းတို့ကို အနားယူတော့မည်ဟု ပြောလိုက်သည်။ ဆွန်ဖုန်းတို့ကတော့ သူမ ခန္ဓာကိုယ် အားနည်းနေသည်ဟုသာ ထင်လိုက်ကြသည်။
ညစာစားချိန် ရောက်မှသာ ဟွမ်ကျားချန် အိပ်ရာမှ ထလာသည်။ အနည်းငယ်သာ စားပြီး ခံတွင်းမတွေ့ပုံ ရသည်။ ဖျားနေတာလားဟု မေးသောအခါ ဆေးသောက်ထားကြောင်း သူမက ပြန်ဖြေသည်။ ထို့ကြောင့် အားလုံးက သိပ်ပြီး စိုးရိမ်မနေတော့ဘဲ သူမကို ကောင်းကောင်း အနားယူရန်သာ မှာကြားလိုက်ကြသည်။
ထိုညက ကောင်းကင်တွင် ကြယ်ကလေးများ အပြည့် လင်းလက်နေသည်။ လျန်ယင်နှင့် ယန်ရွှယ်တို့က စောစော အိပ်ရာဝင်သွားကြပြီး ဟယ်မင်ယီကလည်း ကလေးကို သိပ်ရန် သွားလေသည်။
ဆွန်ဖုန်း တစ်ယောက်တည်း ဘီယာ တစ်ပုလင်းကို ကိုင်ကာ ကုလားထိုင် တစ်လုံးကို မြက်ခင်းပြင်ပေါ် သယ်လာပြီး ကောင်းကင်မှ ကြယ်များကို ငေးကြည့်ရင်း အရာရာကို တွေးတောနေမိသည်။ ဘီယာလေး တစ်ငုံ သောက်လိုက်၊ ကြယ်လေးတွေကို ကြည့်လိုက်ဖြင့် အလွန် အေးချမ်းလှသည်။
"တစ်ယောက်တည်း သောက်နေတာ... ငါ့ကိုတောင် မခေါ်ဘူးနော်..."
အနောက်ဘက်မှ ဟွမ်ကျားချန်၏ အသံ ထွက်ပေါ်လာသည်။ ဆွန်ဖုန်း လှည့်ကြည့်လိုက်ရာ သူမလည်း ကုလားထိုင် တစ်လုံး သယ်လာသည်ကို တွေ့လိုက်ရသည်။
"နေမကောင်းရင် ကောင်းကောင်း အနားယူလေ... ညဉ့်နက်လာရင် လေတိုက်တတ်တယ်... မိန်းကလေးတွေက အအေးမိလွယ်တယ်... သတိထားဦး..."
ဆွန်ဖုန်းက နွေးထွေးစွာ ဂရုစိုက် ပြောဆိုလိုက်သည်။
"ရပါတယ်... တစ်ရေး အိပ်လိုက်တာ တော်တော်လေး သက်သာသွားပါပြီ..."
ဟွမ်ကျားချန်က ထိုင်လိုက်ပြီး နဖူးမှ ဆံပင်လေးများကို သပ်တင်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အဲဒါဆိုလည်း ကောင်းတာပေါ့..."
သူတို့ နှစ်ယောက် ကောင်းကင်မှ ကြယ်များကို ငေးကြည့်ရင်း ခဏမျှ တိတ်ဆိတ်သွားကြသည်။
"ဒီနေ့ ငါ့ကို အဖော်ပြုပြီး ကစားပေးတဲ့အတွက် အရမ်း ကျေးဇူးတင်တယ်... ဒီနေ့ ငါ အရမ်း ပျော်တယ်..."
ရုတ်တရက် ဟွမ်ကျားချန်က စကားစလိုက်သည်။
"ဟုတ်လား... ဒါဆို နောက်ဆိုလည်း ငါက နေ့တိုင်း မင်းကို အဖော်ပြုပြီး ဆော့ပေးမယ်လေ... အလှလေး တစ်ယောက်ကို ပျော်အောင် လုပ်ပေးရတာ ငါကတော့ သဘောကျပါတယ်..."
ဆွန်ဖုန်းက မျက်စပစ်ကာ ပြောလိုက်သည်။
"နောက်ဆိုရင်လား... ငါ့မှာ နောက်ဆိုတာ မရှိတော့ပါဘူး..."
ဟွမ်ကျားချန်က သက်ပြင်းရှည်ကြီး ချကာ မျက်လုံးများ လွင့်မျောသွားပြီး အမူအရာမှာလည်း ဝမ်းနည်းမှုများ ဖုံးလွှမ်းသွားသည်။
"ဘာဖြစ်လို့လဲ... ဘာလို့ ဒီလို စိတ်ဓာတ်ကျစရာ စကားတွေ ပြောနေရတာလဲ..."
ဆွန်ဖုန်းက သူမ စကားကို ကြားသောအခါ တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။ ဒီနေ့ ဟွမ်ကျားချန်၏ ထူးဆန်းသော အပြုအမူများနှင့် နားလည်ရခက်သော စကားများကို ပြန်တွေးကြည့်ပြီးနောက် သူမ တစ်ခုခုကို အဆုံးစီရင်ချင်နေသည့် ပုံစံမျိုး ဖြစ်နေသည်ဟု ဆွန်ဖုန်း သံသယ ဝင်လာသည်။
"ဆွန်ဖုန်း... နင့်ကို ငါ လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်... ဒါပေမဲ့ မင်ယီကိုတော့ မပြောပြရဘူးနော်..."
"ဘာ လျှို့ဝှက်ချက်လဲ..."
ဆွန်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"နင် အရင် ကတိပေး..."
ဟွမ်ကျားချန်က ပြောလိုက်သည်။
"အိုကေ... ပြော..."
ဆွန်ဖုန်းက ခေါင်းညိတ် သဘောတူလိုက်သည်။
"ငါ ကင်ဆာရောဂါ ခံစားနေရတယ်... နောက်ဆုံးအဆင့် ရောက်နေပြီ... ဆရာဝန်က ပြောတယ်... ငါ အများဆုံး သုံးလပဲ နေရတော့မယ်တဲ့... ငါနဲ့ မင်ယီက ညီအစ်မလို ခင်ကြတာ... သူ ဝမ်းနည်းမှာကို ငါ မလိုလားဘူး... ငါ ဒီတစ်ခေါက် လာတာ သူ့ကို နောက်ဆုံး နှုတ်ဆက်ချင်လို့ပါ... ပြီးရင်တော့ ငါ တစ်ယောက်တည်း တိတ်တိတ်လေး ထွက်သွားတော့မယ်..."
ဟွမ်ကျားချန်၏ မျက်လုံးများက အရောင်မှိန်သွားပြီး အလွန် သနားစရာ ကောင်းနေသည်။
"ဘာ... ကင်ဆာ နောက်ဆုံးအဆင့် ဟုတ်လား..."
ဆွန်ဖုန်း အံ့ဩတကြီး အော်ဟစ်လိုက်သည်။ ဤမျှ ငယ်ရွယ်သော မိန်းကလေး တစ်ယောက်က ကင်ဆာရောဂါ ခံစားနေရပြီး နောက်ဆုံးအဆင့်ကို ရောက်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ဘုရားရေ... သုံးလကျော်ပဲ နေရတော့မယ်တဲ့လား ဤသတင်းက ဆွန်ဖုန်းကို အလွန် တုန်လှုပ်သွားစေသည်။
"ကု... ကုလို့ မရတော့ဘူးလား..."
ဆွန်ဖုန်းက မေးလိုက်သည်။ ဒီနေ့ ဟွမ်ကျားချန်က ဝမ်းနည်းစရာ စကားတွေ ဘာလို့ ပြောနေသလဲ ဆိုတာကို အခုမှ သူ နားလည်သွားသည်။ သူမက...
"ကုလို့ မရတော့ဘူး... ငါ့မိဘတွေကလည်း ငါ့ကို ကျန်တဲ့ သုံးလမှာ ငါ လုပ်ချင်တာလေးတွေ လွတ်လွတ်လပ်လပ် လုပ်ဖို့ သဘောတူလိုက်ကြပြီ..."
ဟွမ်ကျားချန်က ခါးသီးစွာ ပြုံးလိုက်သည်။
"ဒါ... ကောင်းကင်ဘုံက တကယ်ကို မျက်စိကန်းတာပဲ..."
ဆွန်ဖုန်းက သက်ပြင်းချလိုက်သည်။ ဤမျှ လှပနုပျိုသော မိန်းကလေး တစ်ယောက်၏ တောက်ပသော ဘဝက အခုမှ စတင်ရုံသာ ရှိသေးချိန်တွင် ကောင်းကင်ဘုံက သူမအပေါ် အဘယ်ကြောင့် ဤမျှ ကြီးမားသော နောက်ပြောင်မှုကို ပြုလုပ်ရသနည်း။