အခန်း ၂၆၄
Vol. 27 Ch. 264
အခန်း ၂၆၄ - သုတေသနဌာနတွင် ပြဿနာတက်ခြင်း
"ဆိုလိုတာက သူမရဲ့ အသက်ကို သေချာပေါက် ကယ်တင်နိုင်မယ်လို့ မပြောနိုင်ဘူးပေါ့..."
ဆွန်ဖုန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ အသံလက်ထောက်၏ အခက်အခဲကို သူ နားလည်ပါသည်။ ၎င်းသည် အရာအားလုံးကို တတ်စွမ်းနိုင်သော အရာ မဟုတ်သလို ဆေးဘက်ဆိုင်ရာ စက်ရုပ် စနစ်လည်း မဟုတ်ပေ။ သို့သော် စွမ်းရည်မြှင့် ဆေးရည်က မျှော်လင့်ချက် အနည်းငယ် ရှိနေသည်ကို ကြားရသောအခါ ဆွန်ဖုန်း၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည် သမ်းလာခဲ့သည်။
"ဒါပေမဲ့ သေချာတာ တစ်ခုကတော့... ဟွမ်ကျားချန်ကို အသက်မရှင်အောင် မကယ်နိုင်ရင်တောင် အခြေခံ စွမ်းရည်မြှင့် ဆေးရည်က သူမကို အသက် နည်းနည်း ပိုရှည်အောင်တော့ သေချာပေါက် လုပ်ပေးနိုင်တယ်... နောက်ထပ် ဆယ်စုနှစ် အနည်းငယ်လောက် ဆက်နေရဖို့ကတော့ ပြဿနာ မရှိနိုင်ပါဘူး..."
"ဆေးရည်ရဲ့ ဆဲလ်တွေကို ပြုပြင်ပေးနိုင်စွမ်းနဲ့ အိုမင်းရင့်ရော်မှု တားဆီးနိုင်စွမ်းက အဲဒီ ကင်ဆာဆဲလ်တွေကို ကောင်းကောင်း ဖိနှိပ်ထားနိုင်မှာပါ... စွမ်းရည်မြှင့် ဆေးရည်က လူတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြောင်းလဲပေးနိုင်ပြီး ဆဲလ်တွေကို တက်ကြွစေတယ်... သက်စောင့်စွမ်းအားက အရမ်းကို ခိုင်မာလာမှာပါ..."
အသံလက်ထောက်က ရှင်းပြလိုက်သည်။
"ဒါဆိုရင် စမ်းကြည့်ရမှာပဲ သေမယ့်လူကို အသက်ရှင်အောင် ကုသတဲ့ သဘောမျိုးပေါ့... သူမ ဆက်ပြီး အသက်ရှင်နိုင်ဖို့ မျှော်လင့်ပါတယ်... ဒီလောက် ကောင်းတဲ့ မိန်းကလေး တစ်ယောက်က ဒီလိုမျိုး လူ့လောကကနေ ထွက်သွားရမယ် ဆိုတာက တကယ်ကို မကောင်းပါဘူး..."
ဆွန်ဖုန်း လှည့်ကာ သူ၏ အခန်းဘက်သို့ ပြန်လျှောက်သွားလိုက်သည်။ မှန်ပါသည်။ ဆွန်ဖုန်းသည် ဟွမ်ကျားချန်ကို ကူညီရန် ဆုံးဖြတ်လိုက်သည်။
သူမသည် သူ၏ သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။ အတူရှိစဉ်က မကြာခဏ စကားများ၊ ရန်ဖြစ်တတ်သော်လည်း သူငယ်ချင်း တစ်ယောက် ဒုက္ခရောက်နေချိန်တွင် လက်ပိုက်ကြည့်မနေနိုင်ပေ။
အခြားသူများအတွက် အခြေခံ စွမ်းရည်မြှင့် ဆေးရည် ဆိုသည်မှာ အလွန်တရာ အဖိုးတန်သော အရာ ဖြစ်သည်။ ၎င်း၏ စွမ်းရည်မှာ အလွန် ကြီးမားလှပြီး စူပါမင်း တစ်ယောက်ကိုပင် ဖန်တီးပေးနိုင်စွမ်း ရှိသည်။
သို့သော် ဆွန်ဖုန်းအတွက်ကတော့ ၎င်းသည် ဆေးရည် တစ်ပုလင်းသာ ဖြစ်ပြီး ဟွမ်ကျားချန်၏ အသက်ကို ကယ်တင်ပေးနိုင်မည့် ဆေးရည် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ဆွန်ဖုန်းထံတွင် အပို ဆေးရည်များ ကျန်ရှိနေသေးသဖြင့် အသံလက်ထောက်ကို အမြန် ထုတ်လုပ်ခိုင်းနေစရာ မလိုတော့ပေ။
"အသံလက်ထောက်... ငါတို့ အာနိသင် လျှော့ချထားတဲ့ ဆေးရည်ကို သုံးမလား... ဒါမှမဟုတ် မူလ ဆေးရည် အစစ်ကို သုံးမလား..."
ဆွန်ဖုန်းက ကုတင်ပေါ်တွင် လှဲလျောင်းရင်း စိတ်ထဲမှနေ၍ အသံလက်ထောက်ကို မေးလိုက်သည်။
"သူမရဲ့ လက်ရှိ အခြေအနေက တော်တော် ဆိုးရွားနေတာ ဆိုတော့... အာနိသင် လျှော့ချထားတဲ့ ဆေးရည်က သိပ်မကောင်းလှဘူး... အာနိသင်က အဲဒီလောက် မပြင်းထန်ဘူးလေ... အောင်မြင်နိုင်ခြေ ပိုများအောင် မူလ ဆေးရည် အစစ်ကိုပဲ သုံးတာ ပိုကောင်းမယ်..."
အသံလက်ထောက်က အကြံပေးလိုက်သည်။
"ကောင်းပြီ... ညဉ့်နက်ရင် သူ့ကို အခြေခံ စွမ်းရည်မြှင့် ဆေးရည် တိတ်တိတ်လေး သွားထိုးပေးလိုက်မယ်"
ဆွန်ဖုန်းက ခေါင်းညိတ် သဘောတူလိုက်သည်။
...
မနက် သုံးနာရီခန့်တွင် ဟယ်မင်ယီနှင့် ကလေးငယ်တို့ အိပ်မောကျနေသည်ကို မြင်သောအခါ ဆွန်ဖုန်းသည် အိပ်ရာမှ ထကာ ခြေသံလုံလုံဖြင့် အခန်းပြင်သို့ ထွက်ခဲ့သည်။ ထို့နောက် ဒုတိယထပ် ပြတင်းပေါက်မှတစ်ဆင့် ဟွမ်ကျားချန်၏ အခန်းထဲသို့ သွက်လက်စွာ ဝင်ရောက်သွားလိုက်သည်။
အခန်းထဲတွင် မှောင်မိုက်နေသော်လည်း စွမ်းရည်မြှင့် ဆေးရည် ထိုးနှံထားသော ဆွန်ဖုန်းမှာ ညဘက် မြင်နိုင်စွမ်း ရှိသဖြင့် အခန်းတွင်း အခြေအနေကို ရှင်းလင်းစွာ မြင်နေရသည်။
ဟွမ်ကျားချန်၏ အခန်းထဲတွင် မွှေးပျံ့သော ရနံ့သင်းသင်းလေး တစ်ခု ရနေသည်။ အမျိုးသမီးများ၏ အခန်းက ထိုသို့ပင် ဖြစ်လေ့ရှိသည်။ ယောကျာ်းကြီးများ၏ အခန်းများလို ခြေနံ့၊ ချွေးနံ့များ မရှိပေ။
ဟွမ်ကျားချန်လည်း အိပ်မောကျနေပြီး ဆွန်ဖုန်း ဝင်လာသည်ကို မသိလိုက်ပေ။ သူမသည် ကွေးကွေးလေး အိပ်နေပြီး မျက်နှာမှာ ဖြူရော်နေကာ ကြည့်ရသည်မှာ အလွန် သနားစရာ ကောင်းနေသည်။
ဟွမ်ကျားချန်၏ မျက်လုံးထောင့်များတွင် မျက်ရည်စများကို ဆွန်ဖုန်း မြင်လိုက်ရသည်။ ညဘက် အခန်းထဲတွင် တစ်ယောက်တည်း တိတ်တိတ်လေး ငိုထားပုံ ရသည်။
"အော်... သနားစရာ ကောင်မလေး..."
ဆွန်ဖုန်းသည် ဟွမ်ကျားချန်၏ ကုတင်ဘေးသို့ လျှောက်သွားကာ သက်ပြင်းချလိုက်သည်။
"မင်း ကံကောင်းပါစေလို့ ဆုတောင်းပါတယ်..."
ဆွန်ဖုန်းက ပြောရင်း သိမ်းဆည်းထားသော နေရာမှ အခြေခံ စွမ်းရည်မြှင့် ဆေးရည် တစ်ပုလင်းကို ထုတ်ယူကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဟွမ်ကျားချန်ကို ဆေးထိုးပေးရန် ပြင်ဆင်လိုက်သည်။
ဟွမ်ကျားချန်၏ လက်က စောင်အပြင်သို့ ရောက်နေသဖြင့် စောင်ကို ဖယ်ရှားနေစရာ မလိုတော့ပေ။ ဆွန်ဖုန်းသည် ဆေးရည်ကို ဟွမ်ကျားချန်၏ လက်မောင်းအတွင်းသို့ လျင်မြန်စွာ ထိုးသွင်းလိုက်သည်။
သုံးစက္ကန့် အကြာတွင် အခြေခံ စွမ်းရည်မြှင့် ဆေးရည်သည် သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားပြီး တစ်ကိုယ်လုံးသို့ စတင် ပျံ့နှံ့သွားလေသည်။
ဆေးထိုးလိုက်ချိန်တွင် အနည်းငယ် နာကျင်သွားသဖြင့် အိပ်မက်ထဲတွင် ရှိနေသော ဟွမ်ကျားချန်သည် မျက်မှောင်ကြုတ်သွားပြီး တစ်ဖက်သို့ လှည့်ကာ ဆက်လက် အိပ်မောကျသွားသည်။
လန့်နိုးမလာခဲ့သဖြင့် ဆွန်ဖုန်း အတော်လေး သက်သာရာ ရသွားသည်။ မဟုတ်လျှင် ညကြီးမိုးချုပ် သူမ၏ အခန်းထဲသို့ ခိုးဝင်လာရသည့် အကြောင်းရင်းကို မည်သို့ ရှင်းပြရမည်မှန်း သိမည် မဟုတ်ပေ။
ဆေးထိုးပြီးသည်နှင့် ဆွန်ဖုန်းသည် အမြန် ထွက်ခွာလာခဲ့သည်။ ယခု ထိုးပေးလိုက်သည်က အာနိသင် လျှော့ချထားသည့် ဆေးရည် မဟုတ်သဖြင့် မကြာမီ ဆေးရည်က ဟွမ်ကျားချန်၏ ခန္ဓာကိုယ်ကို စတင် ပြောင်းလဲပေးတော့မည် ဖြစ်ပြီး ခံနိုင်ရည် မရှိလောက်အောင် နာကျင်မှုများ ဖြစ်ပေါ်လာကာ လန့်နိုးလာမည် ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။
တကယ်တမ်းလည်း ဆွန်ဖုန်း ထွက်သွားပြီး တစ်မိနစ်ခန့် အကြာတွင် ဆေးရည်က ဟွမ်ကျားချန်၏ ခန္ဓာကိုယ် အတွင်းရှိ အားနည်း ယိုယွင်းနေသော ဖွဲ့စည်းပုံများကို အပြင်းအထန် စတင် ပြောင်းလဲပေးတော့သည်။
ဆဲလ်များကို ဖျက်ဆီးပြီး ပိုမို အားကောင်း သန်စွမ်းသည့် မျိုးရိုးဗီဇများ အဖြစ် ပြန်လည် ဖွဲ့စည်းပေးခြင်း ဖြစ်သည်။
"အ... အား... နာတယ်..."
မကြာမီမှာပင် ဟွမ်ကျားချန်သည် တစ်ကိုယ်လုံး နာကျင်မှုကြောင့် လန့်နိုးလာတော့သည်။
"ဘာလို့ တစ်ကိုယ်လုံး မီးလောင်နေသလို ပူလောင်ပြီး နာကျင်နေရတာလဲ... အား..."
ဟွမ်ကျားချန် လန့်နိုးလာချိန်တွင် တစ်ကိုယ်လုံး ချွေးစေးများ ပျံနေပြီး အလွန်အမင်း နာကျင်နေသည်။
သူမ၏ ကိုယ်အပူချိန်မှာလည်း အဆက်မပြတ် မြင့်တက်လာပြီး တစ်ကိုယ်လုံး အားအင် ကုန်ခမ်းနေကာ ပုရွက်ဆိတ် သောင်းချီ ကိုက်ခဲနေသကဲ့သို့ ခံစားနေရသည်။
"ငါ... ငါ သေတော့မှာလား..."
ဟွမ်ကျားချန်သည် အားနည်းစွာ အသက်ရှူရင်း ကုတင်ပေါ်တွင် နာကျင်စွာ ရုန်းကန်နေသည်။ သို့သော် သူမက အလွန် ခံနိုင်ရည် ရှိသူ ဖြစ်ရာ အသံထွက် မအော်ဘဲ သွားကိုသာ တင်းတင်း ကိုက်ထားသည်။
သူတစ်ပါးကို သူမ၏ ကိစ္စများ မသိစေချင်သောကြောင့် ဖြစ်သည်။ သို့သော် ဆွန်ဖုန်းက သူမကို အခြေခံ စွမ်းရည်မြှင့် ဆေးရည် ထိုးပေးလိုက်သဖြင့် ဤသို့ ဖြစ်ရခြင်း ဖြစ်ကြောင်းကိုမူ သူမ မသိပေ။
ပြတင်းပေါက် အပြင်ဘက်တွင် ဆွန်ဖုန်း ရပ်နေပြီး အခန်းတွင်းမှ ဟွမ်ကျားချန်၏ နာကျင်စွာ ညည်းတွားသံများကို ကြားနေရသည်။
"မင်း ခံနိုင်ရည် ရှိပါစေလို့ ဆုတောင်းပါတယ်..."
ဆွန်ဖုန်းက သက်ပြင်းရှည်ကြီး ချကာ အိပ်ရန် ပြန်သွားလိုက်သည်။ ဟွမ်ကျားချန် အသက်ရှင်နိုင်မရှင်နိုင် ဆိုသည်မှာ ကောင်းကင်ဘုံကသာ သိလိမ့်မည်။ သူ၏ အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့ပြီ ဖြစ်သည်။
...
နောက်တစ်နေ့ မနက်တွင် ဆွန်ဖုန်း အိပ်ရာမှ ထလာသောအခါ ဟွမ်ကျားချန်လည်း ထနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမသည် သစ်သားအိမ် အပြင်ဘက် မြက်ခင်းပြင်တွင် ဖျာလေး ခင်းကာ ယောဂ ကျင့်နေပြီး သူမ၏ ကိုယ်ဟန် အနေအထားများက အလွန် လှပ သပ်ရပ်လှသည်။
"စောလှချည်လား..."
ဆွန်ဖုန်းက ပြုံး၍ လျှောက်သွားကာ နှုတ်ဆက်လိုက်သည်။ ယနေ့ ဟွမ်ကျားချန်၏ မျက်နှာမှာ မနေ့ကလောက် မဖြူရော်တော့ဘဲ အနည်းငယ် သွေးရောင် လွှမ်းနေပြီး ပိုမို လန်းဆန်းနေပုံ ရသည်။
အခြေခံ စွမ်းရည်မြှင့် ဆေးရည်က တကယ်ပဲ အာနိသင် ပြသွားပြီ ဖြစ်ကြောင်း သိသာသည်။ သို့သော် ကင်ဆာရောဂါ ပျောက်ကင်းသွားခြင်း ရှိမရှိ ဆိုတာကိုတော့ မသိရသေးပေ။
"မောနင်း..."
ဟွမ်ကျားချန်က ပြုံး၍ နှုတ်ဆက်လိုက်သည်။ ယနေ့ သူမ ခန္ဓာကိုယ်မှာ အရင်ကလောက် မအားနည်းတော့ဘဲ စိတ်ရောကိုယ်ပါ ပိုမို လန်းဆန်းနေသည်ကို သူမ သတိထားမိသည်။ ဤအရာက သေခါနီး အချိန်တွင် ပြန်လည် ကောင်းမွန်လာသည့် လက္ခဏာမျိုးလား ဆိုသည်ကိုတော့ သူမ မသိပေ။
သို့သော် ပျော်ရွှင်ရမည့် အချိန်တွင် ပျော်ရွှင်အောင် နေပြီး သူမ လုပ်ချင်သည်များကို လုပ်ရန်သာ ဆုံးဖြတ်ထားရာ အခြား အရာများကို ဂရုမစိုက်နိုင်တော့ပေ။
"ကျားချန်... ခွန်အား မွေးထား... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ..."
ဆွန်ဖုန်းက ဟွမ်ကျားချန်ကို အားပေးသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ဟွမ်ကျားချန်က နွေးထွေးစွာ ပြုံးပြလိုက်ရာ တကယ်ကို လှပ ကျက်သရေ ရှိလွန်းလှသည်။
...
မနက်စာ စားပြီးနောက် ဆွန်ဖုန်းထံသို့ သူ လုံးဝ မမျှော်လင့်ထားသော၊ အလွန် အံ့ဩ တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ရောက်ရှိလာသည်။
ဖုန်းရွေ့ သုတေသနဌာနတွင် ပြဿနာတက်ပြီ တဲ့
နယူးဖောင်လန်၊ စိန့်ဂျွန်မြို့ရှိ လူစီထံမှ ဖုန်းဆက်လာခြင်း ဖြစ်သည်။
"ဘာ ပြဿနာတက်တာလဲ..."
ဆွန်ဖုန်း အသက်ပြင်းပြင်း ရှူကာ မေးလိုက်သည်။ ကောင်းသော သတင်း မဟုတ်နိုင်မှန်း သူ အလိုလို ခံစားနေရသည်။
"သုတေသနဌာနထဲကို ညဘက် ဝင်ရောက် စီးနင်းပြီး X2 စုပ်ယူပစ္စည်းကို ခိုးယူဖို့ ကြိုးစားတဲ့ လူတစ်စု ရှိခဲ့တယ်"
ဖုန်းထဲမှ လူစီ၏ အသံမှာ အနည်းငယ် ထိတ်လန့်နေဆဲ ဖြစ်သည်။
"ဘာ X2 စုပ်ယူပစ္စည်းကို ခိုးဖို့ ကြိုးစားတယ် ဟုတ်လား... ဒါဆို အဲဒီလူတွေကို ဖမ်းမိလိုက်လား... အခု အခြေအနေ ဘယ်လို ရှိလဲ... ရဲကို တိုင်လိုက်ပြီလား..."
ဆွန်ဖုန်း၏ မျက်နှာ အရောင် ပြောင်းသွားသည်။ သူ၏ ဖုန်းရွေ့ သုတေသနဌာနကို လာရောက် စော်ကားပြီး ခိုးယူရန် ကြိုးစားဲရလောက်အောင် ရဲတင်းသူ ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဖမ်းမိလိုက်ပါတယ်... ဒါပေမဲ့ ကျွန်မတို့ သုတေသနဌာနက ပါရဂူ ငါးယောက် သေဆုံးသွားတယ်... ကျွန်မက ရဲကို တိုင်ချင်ပေမဲ့ ကျန်တဲ့ ပါရဂူ ဆယ်ယောက်ကျော်က တားထားတယ်... သူဌေး ပြန်လာမှပဲ ရှင်းခိုင်းဖို့ ပြောကြလို့ပါ..."
လူစီက ပြန်ဖြေသည်။
"အော်... သေသွားတာ ဘယ် ပါရဂူတွေလဲ..."
ဆွန်ဖုန်းက ခိုးယူသူများကို ဖမ်းမိလိုက်သည် ဆိုသဖြင့် အနည်းငယ် စိတ်အေးသွားသည်။
ယင်းမှာ X2 စုပ်ယူပစ္စည်း အခိုးမခံရခြင်း ဖြစ်ပြီး ထိုသူများကိုလည်း ဖမ်းမိထားခြင်း ဖြစ်သည်။ လူစီကို ရဲမတိုင်ရန် တားမြစ်ခဲ့သော ပါရဂူ ဆယ်ယောက်ကျော် ဆိုသည်မှာ ဉာဏ်ရည်တု စက်ရုပ် သိပ္ပံပညာရှင်များ ဖြစ်မည်မှာ သေချာသည်။ မည်သည့် လက်နက်မျှ မရှိသော ဖုန်းရွေ့ သုတေသနဌာန အနေဖြင့် ဝင်ရောက် စီးနင်းသူများကို ဖမ်းမိနိုင်ခြင်းမှာ ထိုစက်ရုပ်များ၏ အကူအညီကြောင့် ဖြစ်မည်မှာ အမှန်ပင်။
"ကျွန်မနဲ့ တစ်သုတ်တည်း ဝင်လာတဲ့ ပါရဂူ ငါးယောက်ပါ..."
လူစီက ဖြေလိုက်သည်။
"သူဌေး... ဘာလို့ ရဲမတိုင်ရတာလဲဟင်... ဒီလို ကြီးမားတဲ့ ပြဿနာမျိုးမှာ ရဲကို အသိမပေးတာက သိပ်ပြီး အဆင်မပြေဘူး ထင်တယ်..."
လူစီက သံသယဖြင့် မေးလိုက်သည်။
"အင်း... ဒီကိစ္စကို ငါ ပြန်လာမှ ရှင်းမယ်... မင်း အခု လုပ်ရမှာက အခြေအနေကို ငြိမ်အောင် ထိန်းထားဖို့ပဲ... ဒီသတင်း ပြင်ပကို မပေါက်ကြားစေနဲ့... မနက်ဖြန် ငါ ပြန်ရောက်မယ်..."
ဆွန်ဖုန်းက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ဆွန်ဖုန်းက အခိုင်အမာ ပြောနေသဖြင့် လူစီလည်း ဘာမှ ထပ်မပြောရဲတော့ဘဲ ခေါင်းညိတ် သဘောတူလိုက်သည်။
ဖုန်းချပြီးနောက် ဆွန်ဖုန်း နဖူးကို ပွတ်လိုက်သည်။
ဤသို့ ရုတ်တရက် ဖြစ်လာသော ပြဿနာက သူ့ကို အနည်းငယ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေသည်။ သို့သော် ထိုစက်ရုပ် ဆယ်ယောက်ကျော်သာ မရှိခဲ့လျှင် ဖုန်းရွေ့ သုတေသနဌာန တစ်ခုလုံး ပျက်စီးသွားနိုင်ပြီး X2 စုပ်ယူပစ္စည်းလည်း အခိုးခံရကာ သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်မှာ သေချာသည်။
"ဘယ်သူကများ ငါတို့ရဲ့ X2 စုပ်ယူပစ္စည်းကို ခိုးယူဲရဲတာလဲ..."
ဆွန်ဖုန်းက စိတ်ထဲတွင် စဉ်းစားနေမိသည်။ ခဏမျှ စဉ်းစားပြီးနောက် အဓိက သံသယ တရားခံများ အဖြစ် ဂျပန်နှင့် အမေရိကန်ကို သတ်မှတ်လိုက်သည်။
အကြောင်းမှာ ထိုနှစ်နိုင်ငံက သူ၏ X2 စုပ်ယူပစ္စည်းကို အလိုချင်ဆုံး ဖြစ်နေသောကြောင့်ပင်။ အထူးသဖြင့် ဂျပန်က သံသယ အဖြစ်ဆုံးပင်။ အရင်က သူတို့ ဂျင်းထည့်ခံထားရသဖြင့် အငြိုးအတေး ထားနေမည်မှာ သေချာသည်။
တကယ်တမ်းတွင် ဤကဲ့သို့သော အဆင့်မြင့် နည်းပညာ သုတေသန ရလဒ်များကို ခိုးယူခြင်း၊ ရောင်းစားခြင်း၊ သို့မဟုတ် အလိုရှိသော အဖွဲ့အစည်းများက လူလွှတ်၍ အတင်းအကျပ် လုယူခြင်းမျိုးက ပြင်ပကမ္ဘာတွင် ဖြစ်လေ့ဖြစ်ထ ရှိသော ကိစ္စများ ဖြစ်သည်။ နိုင်ငံအချင်းချင်း ကြားတွင် ဤကဲ့သို့သော ကိစ္စများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။
"ဒါပေမဲ့ အခုလောလောဆယ် ဒီသတင်းကို ဖုံးထားနိုင်သေးတာ တော်သေးတယ်... အဲဒီ စက်ရုပ် ဆယ်ယောက်ကျော် လုပ်ဆောင်တာ တော်တော် ကောင်းတယ်..."
ဆွန်ဖုန်းက ချီးကျူးလိုက်သည်။
အကယ်၍ လူစီသာ ဒီသတင်းကို ပြင်ပသို့ ကြေညာလိုက်ပြီး ရဲတိုင်လိုက်မည် ဆိုပါက ဆွန်ဖုန်းအတွက် အနည်းငယ် ပြဿနာ ပိုကြီးသွားနိုင်ပြီး သူ၏ ကုမ္ပဏီ နာမည်ကိုလည်း ထိခိုက်စေနိုင်သည်။
"အသံလက်ထောက်... မင်း အခု အဲဒီ စက်ရုပ်တွေနဲ့ အဆက်အသွယ် ရနိုင်မလား... အခြေအနေ အသေးစိတ်ကို သိချင်လို့..."
ဆွန်ဖုန်းက အသံလက်ထောက်ကို မေးလိုက်သည်။
ခိုးယူသူတွေက ထိုစက်ရုပ်တွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြမည် ဆိုတော့ စက်ရုပ်တွေက သူတို့ရဲ့ စွမ်းရည်တွေကို သိထားလောက်သည်။ ထောက်လှမ်းရေးတွေလား၊ ဒါမှမဟုတ် ဒီလို အလုပ်မျိုးတွေပဲ လုပ်တဲ့ လူမိုက် ဂိုဏ်းတွေလား ဆိုတာ ကြိုသိထားရင် ပိုကောင်းမည် မဟုတ်ပါလား။
"မရဘူး ပိုင်ရှင်.. ကီလိုမီတာ ၃၅၀ အတွင်းမှာပဲ ကျွန်တော် ဆက်သွယ်လို့ ရတာ... အခုက အရမ်း ဝေးနေလို့ မဖြစ်နိုင်ဘူး..."
အသံလက်ထောက်က ပြန်ဖြေသည်။
"ကိစ္စ မရှိပါဘူး... မနက်ဖြန် ငါ ပြန်ရောက်မှာပဲ..."
ဆွန်ဖုန်းက ပြောလိုက်သည်။
သေဆုံးသွားသော သိပ္ပံပညာရှင် ငါးယောက်အတွက်မူ ဆွန်ဖုန်း သိပ်ပြီး စိတ်မကောင်း မဖြစ်ပေ။ မူလကတည်းက ဟန်ပြ အနေဖြင့်သာ အလုပ်ခန့်ထားခြင်း ဖြစ်သည်။ နိုင်ငံခြားသားများ ဖြစ်သဖြင့်လည်း ဆွန်ဖုန်း သိပ်ပြီး ရင်နာမနေပေ။ သူတို့၏ မိသားစုများကို နစ်နာကြေး အလုံအလောက် ပေးလိုက်ရုံသာ ဖြစ်သည်။
ဆွန်ဖုန်းအတွက် အနည်းငယ် ကံကောင်းသည်ဟု တွေးမိသည်မှာ လူစီ မသေသွားခြင်းပင်။ သူမသာ သေသွားပါက သူ၏ နိုင်ငံခြားသူ အလှလေးကို ဆုံးရှုံးသွားမည် မဟုတ်ပါလား။
"မင်းတို့ ဒီမှာပဲ ဆက်လည်ကြဦး... ငါ့မှာ အရေးကြီး ကိစ္စလေး ပေါ်လာလို့ သွားရှင်းရဦးမယ်..."
ဆုံးဖြတ်ချက် ချပြီးသည်နှင့် ဆွန်ဖုန်းက အမျိုးသမီးများကို ပြောလိုက်သည်။
"ဘာ... ပြန်သွားတော့မလို့လား... ငါတို့ကို ရက်အနည်းငယ်လောက် အဖော်လုပ်ပေးမယ် ဆိုပြီး အခု နှစ်ရက်တောင် မပြည့်သေးဘူး..."
ဟယ်မင်ယီက ပါးစပ်လေး စူကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"အရေးကြီး ကိစ္စ ပေါ်လာလို့ပါ... ငါလည်း မသွားချင်ပါဘူး..."
ဆွန်ဖုန်းက နှစ်သိမ့်လိုက်သည်။
"ဟွမ်ကျားချန်... ပျော်ပျော်နေနော်... မင်း ပြန်ကောင်းလာမယ်လို့ ငါ ယုံကြည်တယ်..."
ဆွန်ဖုန်းက မထွက်ခွာမီ ဟွမ်ကျားချန်ကို အားပေးစကား ပြောခဲ့သည်။
"ဘာ ပြန်ကောင်းလာမှာလဲ..."
လျန်ယင်တို့က ဘာမှန်းမသိဘဲ မေးလိုက်ကြသည်။
ဟွမ်ကျားချန်က ဝမ်းနည်းဖွယ် ပြုံးပြလိုက်သည်။ ဆွန်ဖုန်းကတော့ အဝေးသို့ ရောက်သွားလေပြီ။