အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း ၂၇၂ - အခြားလူတစ်စု
"ခေါင်းဆောင်... ဒီလောက် ကျယ်ပြောလှတဲ့ သဲကန္တာရကြီးထဲမှာ... ဒီဒေသတဝိုက် ပြန့်ကျဲနေတဲ့ အာကာသ ဥက္ကာခဲတွေကို ငါတို့ ဘယ်လို ရှာကြမလဲ..."
နံပါတ် ၂ က ခေါင်းဆောင် ဖြစ်သူ ငွေရောင်ဝံပုလွေကို ညည်းညူလိုက်သည်။
သူတို့ ဒီနေရာကို ရောက်နေတာ သုံးရက်တောင် ရှိနေပြီ ဖြစ်သော်လည်း အခုထိ ဘာမှ မတွေ့ရသေးပေ။
"ဟုတ်တယ် ခေါင်းဆောင်... သုတေသနဌာနက ပေးလိုက်တဲ့ စွမ်းအင် ရှာဖွေရေး ကိရိယာရဲ့ လွှမ်းခြုံနိုင်စွမ်းကလည်း အရမ်း သေးလွန်းတယ်... အချင်းဝက် မီတာ သုံးထောင်လောက်ပဲ ရှိတာ... ဒီသဲကန္တာရကြီးက ဘယ်လောက်တောင် ကျယ်လဲဆိုတာ ခေါင်းဆောင်လည်း အသိပဲလေ..."
"ဥက္ကာခဲတွေ နောက်ဆုံး ကျခဲ့တဲ့ နေရာက ဆဟာရ သဲကန္တာရ အရှေ့ဘက် အစွန်အဖျား ဒေသလို့ အတည်ပြုထားတယ် ဆိုပေမဲ့... ဒီသဲကန္တာရ အပိုင်းလေး တစ်ခုတည်းမှာ ရှာရတာတောင် ငါတို့ကို ရူးချင်စိတ် ပေါက်အောင် လုပ်နေပြီ"
နံပါတ် ၄ ကလည်း ဝင်ရောက် ထောက်ခံလိုက်သည်။
ဤတစ်ကြိမ်တွင် 'ထာဝရ မဟာမိတ်' အဖွဲ့အစည်းက အာကာသ ဥက္ကာခဲများကို ရှာဖွေရန်အတွက် အဖွဲ့ငယ် ခြောက်ဖွဲ့ကို မတူညီသော လမ်းကြောင်းများ အတိုင်း စေလွှတ်ခဲ့သည်။
သုတေသနဌာနက ဤအာကာသ ဥက္ကာခဲများကို အလွန် အလေးထားကြောင်း သူတို့ သိသော်လည်း ဘာကြောင့် လိုချင်သနည်း ဆိုသည်ကိုတော့ သူတို့ မသိကြပေ
"ကဲပါ... ညည်းမနေကြပါနဲ့တော့..."
ငွေရောင်ဝံပုလွေက ခပ်အေးအေးပင် ပြောလိုက်သည်။
သူက လူသတ်ဌာန တစ်ခုလုံး၏ ခေါင်းဆောင် ဖြစ်ရာ အတွင်းရေး သတင်း အချို့ကိုတော့ သူ သိထားသည်။ သူ၏ အဆင့်က အချို့သော အချက်အလက်များကို သိပိုင်ခွင့် ရှိနေပြီ ဖြစ်သည်။
ဤအာကာသ ဥက္ကာခဲများထဲတွင် စွမ်းအင်တုံး များ ပါဝင်နိုင်ပြီး သုတေသနဌာနက ထိုစွမ်းအင်တုံးများကို အလွန် အလေးထားကြောင်း သူ သိထားသည်။ သို့သော် ဘာလုပ်ရန် အတွက်နည်း ဆိုသည်ကိုတော့ သူ မသိပေ။
ဤ စွမ်းအင်တုံး ဆိုသည်မှာလည်း သူ ကိုယ်တိုင် သေချာ နားလည်သော အရာ မဟုတ်ပေ။ သူ့တာဝန်ကတော့ သဲကန္တာရထဲ ကျနေသော အာကာသ ဥက္ကာခဲများကို ရှာဖွေပြီး စွမ်းအင် ပါဝင်သော ကျောက်ခဲများကို ဌာနချုပ်သို့ လုံခြုံစွာ လျှို့ဝှက် သယ်ဆောင်သွားရန်သာ ဖြစ်သည်။
တကယ်တမ်း ပြောရလျှင် သူ ကိုယ်တိုင် ကြည့်ရုံဖြင့် ထိုဥက္ကာခဲများထဲတွင် စွမ်းအင် ပါမပါ ဆိုသည်ကို သိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သုတေသနဌာနက သူတို့ကို စွမ်းအင် ရှာဖွေရေး ကိရိယာ ဟု ခေါ်သော စက်ပစ္စည်း တစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။
ထိုစက်ပစ္စည်းက မည်သည့် ဥက္ကာခဲက စွမ်းအင်တုံး ဖြစ်သည်၊ မဖြစ်သည်ကို ရှာဖွေပေးနိုင်သည်ဟု ဆိုသည်။ သို့သော် ရှာဖွေနိုင်သည့် အကွာအဝေးမှာ အလွန် သေးငယ်ပြီး အချင်းဝက် မီတာ ၃၀၀၀ သာ ရှိသည်။ ဤမျှ ကျယ်ပြောလှသော သဲကန္တာရကြီးထဲတွင် ဥက္ကာခဲများကို ရှာဖွေရန်မှာ သမုဒ္ဒရာထဲ အပ်ကျတာကို ရှာရသလို တကယ်ကို ခက်ခဲလှသည်။
"ခေါင်းဆောင်... ငါတို့ ဒီဥက္ကာခဲတွေကို ရှာပြီး ဘာလုပ်မလို့လဲ... လေလံပွဲမှာ သွားရောင်းမလို့လား... ဒီလို ပိုက်ဆံလေး နည်းနည်း ရဖို့အတွက် ဆိုရင်... ငါကတော့ အလုပ် လက်ခံပြီး လုပ်ပေးရတာကမှ ပိုက်ဆံ ပိုရဦးမယ်... ကြည့်စမ်း... အခု ရာသီဥတုက အရမ်း ပူနေတာ... ရေသောက်တာတောင် ချွေတာနေရတယ်... သုံးလေးရက်လောက် ရှာပြီးရင် ရိက္ခာ ဖြည့်ဖို့ နေရာ ပြန်ရှာရဦးမယ်... တကယ် ရှုပ်ယှက်ကို ခတ်နေတာပဲ"
နံပါတ် ၁၁ က မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်သည်။
အမှန်ပင်... သဲကန္တာရထဲတွင် အသက်ရှင် နေထိုင်ရခြင်းမှာ လူလုပ်ရမည့် အလုပ် မဟုတ်ပေ။ ကားထဲတွင် အဲယားကွန်း ရှိသော်လည်း လေထုက အလွန် ခြောက်သွေ့နေဆဲပင်။ အဲယားကွန်း ဖွင့်ပါက ဆီပိုစားပြီး၊ မဖွင့်ပါက ပိုမြန်မြန် သေမည် ဖြစ်သည်။
ဤသဲကန္တာရထဲတွင် သူတို့ ရှာဖွေနေသည့် အရာမျိုးကို လိုက်ရှာနေသူ တစ်ယောက် ရှိနေကြောင်း ငွေရောင်ဝံပုလွေတို့ အဖွဲ့ မသိသလို၊ ဆွန်ဖုန်း ကိုယ်တိုင်လည်း ငွေရောင်ဝံပုလွေတို့လိုပဲ ရှာဖွေနေသူများ ရှိကြောင်း မသိပေ။
တကယ်လို့ နှစ်ဖက်စလုံးကသာ သိသွားကြမည် ဆိုလျှင် ဘယ်လို ပွတ်တိုက်မှုမျိုးတွေ ဖြစ်လာမလဲ ဆိုတာ မပြောနိုင်ပေ။
သို့သော် ဆွန်ဖုန်းကတော့ လောလောဆယ်တွင် အလွန် သက်တောင့်သက်သာ ရှိနေသည်။ အထူး ပြုပြင်ထားသော Off-road ကားကို မောင်းနှင်ကာ သဲကန္တာရထဲတွင် ပျော်ရွှင်စွာ ဖြတ်သန်းသွားလာနေသည်။
ကီလိုမီတာ ၃၅၀ အထိ ရှာဖွေနိုင်သော စနစ် ရှိသဖြင့် ငွေရောင်ဝံပုလွေတို့လို အသေအလဲ လိုက်ရှာနေစရာ မလိုပေ။ သိုလှောင်ရေး နေရာလွတ်ထဲတွင်လည်း ရိက္ခာ အပြည့်အစုံ ရှိသဖြင့် ငွေရောင်ဝံပုလွေတို့လို ခေါင်းခဲစရာ မလိုပေ။
ဆွန်ဖုန်းမှာ အလွန် ဇိမ်ကျလွန်းသဖြင့် သဲကန္တာရထဲတွင် ရေချိုးနိုင်သည်အထိ ဖြစ်နေသည်။ ထိုကဲ့သို့သော နေထိုင်မှု ဘဝမျိုးက နိဗ္ဗာန်ဘုံသို့ ရောက်နေသကဲ့သို့ပင် ဖြစ်ပြီး ပုံမှန် နေထိုင်မှု ဘဝနှင့် ဘာမှ မကွာခြားလှပေ။
"တစ်ပတ်တောင် ကြာသွားပြီ... ပစ်မှတ်ကို မတွေ့သေးဘူး... ဖာ့ခ်... ဒီဥက္ကာခဲတွေက ဘယ်ချောင်ကို ရောက်နေတာလဲ"
ဆွန်ဖုန်းက ကားလေဘာ ကို အဆုံးထိ နင်းကာ ရှေ့သို့ ဆက်မောင်းရင်း ပါးစပ်မှ ညည်းတွားနေမိသည်။
လူသူကင်းမဲ့သော သဲကန္တာရကြီးထဲတွင် တစ်ယောက်တည်း တစ်ပတ်လုံးလုံး ခရီးနှင်ရခြင်းက တကယ်ကို ပျင်းစရာ ကောင်းလှသည်။ လူသူကင်းမဲ့သော နေရာ ဖြစ်သဖြင့် တစ်ပတ်လုံးလုံး ဘယ်သူနဲ့မှ စကားမပြောရဘဲ ပျင်းလာတိုင်း အသံလက်ထောက်နဲ့သာ ရန်ဖြစ်နေရသည်။
"အသံလက်ထောက်... ဒီတစ်ခေါက်သာ ငါ စွမ်းအင်တုံးတွေ ရှာမတွေ့ရင် မင်း အသေပဲ"
ဆွန်ဖုန်းက အသံလက်ထောက်ကို ဆဲဆိုလိုက်သည်။
"ပိုင်ရှင်... ခင်ဗျား အဲဒီလို ပြောတော့ ကျွန်တော် စိတ်မကောင်း ဖြစ်သွားပြီ... ကျွန်တော်က ခင်ဗျားအတွက် ကောင်းစေချင်လို့ပါ... စွမ်းအင်တုံးတွေ များများ ရလေ ခင်ဗျားအတွက် ပိုအကျိုးရှိလေလေပဲဟာ... အဲဒါကို ကျွန်တော့်ကို လာဆဲနေသေးတယ်... တကယ်ပါပဲ"
အသံလက်ထောက်က ဝမ်းနည်းဟန်ဖြင့် ပြန်ပြောသည်။
"တီ... တီ... တီ... တစ်ခုခု တွေ့ပြီ"
ထိုအချိန်တွင် ဆွန်ဖုန်း၏ ခေါင်းထဲသို့ သတိပေး အချက်ပြသံ ဝင်လာသည်။
"ဘာအခြေအနေလဲ"
"ရှေ့ ကီလိုမီတာ ၃၅၀ အကွာမှာ အာကာသ ဥက္ကာခဲတွေကို တွေ့ထားတယ်... ဒါပေမဲ့ အရမ်း ဝေးနေသေးတော့ အဲဒီ ဥက္ကာခဲတွေထဲမှာ စွမ်းအင်တုံး ပါမပါ ဆိုတာကို အတိအကျ မစစ်ဆေးနိုင်သေးဘူး... သေချာ အတည်ပြုနိုင်ဖို့ နောက်ထပ် ကီလိုမီတာ ၂၀၀ လောက် ရှေ့ဆက်သွားဖို့ လိုသေးတယ်..."
အသံလက်ထောက်က အစီရင်ခံသည်။
"အိုကေ... အရှိန်ကုန် မောင်းဟေ့"
ဆွန်ဖုန်း ဤသတင်းကို ကြားသောအခါ အလွန် ဝမ်းသာသွားသည်။ တစ်ပတ်လုံးလုံး ရှာပြီးနောက် နောက်ဆုံးတော့ အာကာသ ဥက္ကာခဲများကို ရှာတွေ့သွားပြီ ဖြစ်သည်။ အကွာအဝေး ဝေးလွန်းသဖြင့် စွမ်းအင်တုံး ပါမပါ မသိရသေးသော်လည်း အနီးသို့ ရောက်လျှင်တော့ အဖြေပေါ်မည်သာ ဖြစ်သည်။
အရှိန်လျှော့ထားသော Off-road ကားကြီးမှာ နောက်တစ်ကြိမ် အရှိန်မြှင့်ကာ ရှေ့သို့ ထွက်ခွာသွားပြန်သည်။ သို့သော် သဲကန္တာရထဲတွင် မောင်းနှင်ရသည်မှာ အလွန် ခက်ခဲလှသဖြင့် ဆွန်ဖုန်း အနေဖြင့် အလွန်အမင်း အရှိန်တင်၍ မမောင်းရဲပေ။
ရေငုပ်ဝတ်စုံကို အသုံးပြုပြီး ပျံသန်းသွားရန် စဉ်းစားမိသော်လည်း သိပ်ပြီး ထင်ပေါ်လွန်းမည် စိုးသဖြင့် ထိုအကြံကို စွန့်လွှတ်လိုက်သည်။ လောလောဆယ်တွင် လွတ်လွတ်လပ်လပ် အရမ်း မလုပ်ရဲသေးပေ သတိထားခြင်းက အကောင်းဆုံးပင်။
တစ်ရက်လုံးလုံး ခရီးဆက်ပြီးနောက် ဆွန်ဖုန်းသည် ပစ်မှတ် နေရာနှင့် ကီလိုမီတာ ၁၅၀ အကွာသို့ ရောက်ရှိလာခဲ့သည်။
စမ်းသပ် စစ်ဆေးမှုများ စတင်ပြုလုပ်နိုင်ပြီဟု အသံလက်ထောက်က ပြောသဖြင့် ဆွန်ဖုန်းက ကားကို ရပ်လိုက်သည်။ အသံလက်ထောက်ကို စမ်းသပ်ခိုင်းထားပြီး သူကိုယ်တိုင်လည်း အနားယူလိုက်သည်။ ကားကိုလည်း အနားပေးရမည် ဖြစ်သည်။
ဤအတိုင်း ဆက်မောင်းနေပါက အင်ဂျင် အရည်ပျော်သွားနိုင်သည်။ ရာသီဥတုက အလွန် ပူပြင်းလှသဖြင့် ကားကို အချိန်အတိုင်းအတာ တစ်ခု အထိ မောင်းနှင်ပြီးပါက ရပ်နားပေးရမည် ဖြစ်သည်။
"တီ... တီ... တီ... စစ်ဆေးနေပါပြီ... စစ်ဆေးမှု ပြီးဆုံးပါပြီ ရှေ့ ကီလိုမီတာ ၁၅၀ အကွာမှာ အရွယ်အစား အမျိုးမျိုး ရှိတဲ့ ဥက္ကာခဲ ၄၈ တုံးကို တွေ့ရှိပါတယ်... စစ်ဆေးမှု အရ အဲဒီ ဥက္ကာခဲတွေထဲမှာ စွမ်းအင်တုံး တစ်တုံးမှ မပါဘူးဆိုတာ တွေ့ရပါတယ်... ပိုင်ရှင်... အရမ်း စိတ်မကောင်းစရာပါပဲ..."
အသံလက်ထောက်က အစီရင်ခံသည်။
"ဝေါ့စ်... ဖာ့ခ်"
ဆွန်ဖုန်းက ကားတံခါးကို မှီကာ ဆဲရေးလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ဆေးလိပ် တစ်လိပ်ကို မီးညှိလိုက်သည်။ တစ်ပတ်လုံးလုံး ရှာဖွေပြီးမှ အသုံးမကျသည့် ကျောက်ခဲပုံကြီးကိုသာ တွေ့ရသည်တဲ့လား။ အာကာသ ဥက္ကာခဲတွေ ဆိုပေမဲ့ သူ့အတွက်ကတော့ အသုံးမဝင်သည့် ကျောက်ခဲများသာ ဖြစ်သည်။
"ပိုင်ရှင်... စိတ်မဆိုးပါနဲ့... ဒီနေရာမှာ မတွေ့တာနဲ့ တခြား နေရာတွေမှာ ကျလာတဲ့ ဥက္ကာခဲတွေ အကုန်လုံးက အသုံးမကျတဲ့ ကျောက်ခဲတွေလို့ ပြောလို့ မရသေးပါဘူး... တခြား နေရာတွေမှာ ရှိမရှိ ကျွန်တော်တို့ ထပ်ရှာကြည့်လို့ ရပါသေးတယ်..."
အသံလက်ထောက်က ဝင်ရောက် နှစ်သိမ့်ပေးလိုက်သည်။
"ဟုတ်ပါပြီ... ဒီနေ့တော့ မှောင်နေပြီ... ဒီမှာပဲ တစ်ည အိပ်လိုက်ဦးမယ်... မနက်ဖြန်မှ ဆက်လုပ်ကြတာပေါ့..."
ဆွန်ဖုန်းက ပြောလိုက်သည်။ ရှေ့ ကီလိုမီတာ ၁၅၀ အကွာရှိ ဥက္ကာခဲများ ရှိရာသို့လည်း သူ မသွားချင်တော့ပေ။ စွမ်းအင်တုံး မရှိမှန်း သိနေပြီ ဖြစ်ရာ အဲဒီကို သွားပြီး ဘာလုပ်ရမည်နည်း။
"ဟုတ်ကဲ့ပါ ပိုင်ရှင်..."
ညဘက်တွင် ဆွန်ဖုန်းသည် တဲတစ်လုံး ထိုးလိုက်ပြီး ရေအေးအေးဖြင့် ရေချိုးကာ အဝတ်အစား လဲလိုက်သည်။ ထို့နောက် အသားကင် ဖိုလေး တစ်ခုကို ထုတ်ကာ သိုးသားကင်၊ ကြက်တောင်ပံ၊ ကြက်ပေါင်၊ ဝက်အူချောင်းများကို ကင်နေလိုက်သည်။
ထို့နောက် ရေခဲစိမ် ဘီယာ တစ်ဒါဇင်ကို ထုတ်ယူကာ တစ်ယောက်တည်း သဲကန္တာရ ညစာစားပွဲကို စတင်လိုက်လေသည်။ အင်း... ခပ်ကြမ်းကြမ်း သီချင်းသံတွေနဲ့ ဆိုတော့ တကယ်ကို မိုက်နေတာပါပဲ။
လူသူကင်းမဲ့သော သဲကန္တာရကြီးထဲတွင် ဤမျှ ဇိမ်ကျကျ အသားကင် စားပွဲ လုပ်နိုင်သူမှာ ဆွန်ဖုန်း တစ်ယောက်တည်းသာ ရှိမည် ထင်သည်။
မကြာမီ အသားကင်နံ့များက ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။ ဆွန်ဖုန်းသည် ခွေးခြေငယ်လေး တစ်လုံးပေါ်တွင် ထိုင်ကာ ဖုန်းပွတ်ရင်း၊ အသားကင် စားရင်း၊ ရေခဲစိမ် ဘီယာလေး သောက်ရင်း အရသာခံနေလေသည်။ အင်တာနက် ဘယ်လိုရလဲလို့တော့ လာမမေးနဲ့... ဆွန်ဖုန်းရဲ့ ဖုန်းလိုင်းက အဲဒီလောက်ကို လိုင်းဆွဲအား ကောင်းလွန်းလို့ပဲ။