အခန်း ၂၇၃
Vol. 28 Ch. 273
အခန်း ၂၇၃ - သံသယ
နောက်တစ်နေ့တွင် ဆွန်ဖုန်းက ခရီးဆက်ခဲ့သည်။ အသံလက်ထောက်နှင့် တိုင်ပင်ပြီးနောက် ဤအနီးတစ်ဝိုက်တွင် အာကာသဥက္ကာခဲများကို တွေ့ရှိထားသဖြင့် ကျန်ဥက္ကာခဲများသည်လည်း ဤဒေသအတွင်း၌သာ ကျရောက်မည်ဟု ကောက်ချက်ချလိုက်သည်။
ဆက်လက်၍ ဤဒေသတဝိုက်ကို ဗဟိုပြုကာ ရှာဖွေပါက သေချာပေါက် အကျိုးအမြတ် ရနိုင်မည်ဖြစ်သည်။ ဒီတစ်ခေါက် ကျလာသော ဥက္ကာခဲများ အားလုံးက အသုံးမကျသော ကျောက်ခဲများ ဖြစ်နေမည်ဆိုလျှင်တော့ တစ်မျိုးပေါ့။ ထိုသို့ဖြစ်လာနိုင်ခြေလည်း ရှိနေသေးသည်။
ဘာပဲဖြစ်ဖြစ် ဒီအထိ ရောက်နေပြီမို့ ဆွန်ဖုန်း တစ်ယောက် ဆက်ရှာကြည့်ရုံသာ ရှိတော့သည်။ ကံကောင်းပါစေလို့သာ စိတ်ထဲမှ ဆုတောင်းနေမိသည်။
သူတို့၏ ခန့်မှန်းချက်က မှန်ကန်ခဲ့သည်။ နောက်ထပ် တစ်ရက်ခန့် ခရီးဆက်ပြီးနောက် အသံလက်ထောက်ထံမှ သတင်းပို့သံကို ထပ်မံ ကြားလိုက်ရသည်။
"သတင်းထူး... သတင်းထူး... မြောက်ဘက်တည့်တည့် ကီလိုမီတာ ၃၀၀ အကွာမှာ အာကာသဥက္ကာခဲတွေကို တွေ့ထားတယ်..."
"တကယ်လား... ဟားဟား... ကြိုးစားသူကို ဘုရားမမျက်ပါဘူး... သွားကြစို့..."
ဆွန်ဖုန်းက လမ်းပြမြေပုံကို ဖွင့်ခိုင်းပြီးနောက် ပစ်မှတ်ဆီသို့ ကားမောင်းထွက်ခဲ့သည်။ ကီလိုမီတာ ၃၀၀ အကွာအဝေး ဆိုသည်မှာ အမြန်လမ်းပေါ်တွင်သာဆိုလျှင် နာရီအနည်းငယ်ဖြင့် ရောက်နိုင်သည်။ သို့သော် သဲကန္တာရထဲတွင် မောင်းနှင်ရသည်မို့ တစ်ရက် အချိန်ပေးလျှင်တောင် ရောက်နိုင်မည် မဟုတ်ပေ။
ဆွန်ဖုန်းကတော့ လောလည်း မလောသလို စိုးရိမ်ပူပန်မှုလည်း မရှိပေ။ သူ့ကို လာလုမည့်သူမှ မရှိတာပဲလေ။ ဒါ့အပြင် ဒီကျောက်တုံးတွေရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူကများ သိနိုင်မှာတဲ့လဲ။ သူ့လို ရွှေလက်ချောင်း စွမ်းအားမျိုး တခြားသူတွေမှာ ရှိမနေဘူး မဟုတ်လား။
ဆွန်ဖုန်းသည် ပျော်ရွှင်စွာဖြင့် သီချင်းလေး ညည်းကာ လူသူကင်းမဲ့သော သဲကန္တာရကြီးထဲတွင် အတက်အကျကြမ်းသော Off-road ကားကြီးကို မောင်းနှင်နေသည်။ သူ၏ စိတ်အခြေအနေက အလွန် ကြည်နူးစရာ ကောင်းနေသည်။
တစ်ရက်ခွဲ ကြာပြီးနောက် ပစ်မှတ် နေရာသို့ ဆွန်ဖုန်း ရောက်ရှိသွားသည်။ ကီလိုမီတာ ၁၅၀ အကွာသို့ ရောက်စဉ်ကတည်းက အသံလက်ထောက်က သတင်းကောင်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤဥက္ကာခဲ အုပ်စုထဲတွင် စွမ်းအင်တုံး လေးတုံး ပါဝင်နေသည်တဲ့။ အဆင့်နိမ့် စွမ်းအင်တုံးများသာ ဖြစ်သော်လည်း ဆွန်ဖုန်းကို အလွန် ပျော်ရွှင်သွားစေခဲ့သည်။ လေးတုံး ဆိုသည်မှာ နည်းတဲ့ အရေအတွက် မဟုတ်ပေ။
ဤကဲ့သို့သော ကံကောင်းမှုမျိုးက အလွယ်တကူ ကြုံတွေ့နိုင်သည် မဟုတ်ပါလား။ နောက်တစ်ခါ ဥက္ကာခဲ ဘယ်တော့ ကျလာမလဲ ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ပေ။ ကျလာခဲ့ရင်တောင် စွမ်းအင်တုံး ပါဝင်ချင်မှ ပါဝင်မည် မဟုတ်လား။
"ဒါတွေက ဥက္ကာခဲတွေပေါ့..."
ဆွန်ဖုန်းက ကားပေါ်မှ ဆင်းကာ နေကာမျက်မှန်ကို ချွတ်လိုက်သည်။
ရှေ့ရှိ မြေကုန်းမို့မို့လေးပေါ်တွင် သဲကန္တာရထဲသို့ ထိုးစိုက်သွားသော တွင်းပေါက် အကြီးအသေး ဆယ်ဂဏန်းခန့်ကို မြင်လိုက်ရသည်။ ထိုတွင်းပေါက်များ အောက်တွင် အာကာသ ဥက္ကာခဲများ ရှိနေခြင်း ဖြစ်သည်။
ဤဥက္ကာခဲများသည် မီးခိုးရောင် သန်းနေပြီး ပုံပန်းသဏ္ဍာန် မမှန်ဘဲ သာမန် ကျောက်ခဲများနှင့် အနည်းငယ် ကွာခြားနေသည်။
"ဘယ် လေးတုံးလဲ ဆိုတာ ပြစမ်းပါ... ငါ သွားသိမ်းလိုက်ဦးမယ်..."
ဆွန်ဖုန်းက ပြုံးဖြီးဖြီးဖြင့် မြေကုန်းပေါ်သို့ ပြေးတက်သွားကာ လက်ကို ပွတ်သပ်ရင်း အသံလက်ထောက်ကို မေးလိုက်သည်။
"အကြီးဆုံး လေးတုံးပါပဲ..." ဟု အသံလက်ထောက်က ဖြေသည်။
"ကောင်းပြီလေ..."
ဆွန်ဖုန်းသည် အကြီးဆုံး ဥက္ကာခဲ လေးတုံးကို အမြန် ရှာတွေ့သွားပြီး သိုလှောင်ရေး နေရာလွတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
"ဟားဟား... ဒီတစ်ခေါက်လည်း အဆင့်နိမ့် စွမ်းအင် လေးတုံး ထပ်ရပြီပဲ... မဆိုးဘူး... မဆိုးဘူး..."
ဆွန်ဖုန်းက သဲပြင်ပေါ်သို့ ဖင်ထိုင်ချလိုက်ပြီး ဆေးလိပ် တစ်လိပ်ကို မီးညှိလိုက်သည်။ တစ်ရက်ကျော်ကျော် ကားမောင်းလာရသဖြင့် ပင်ပန်းနေပြီမို့ ခဏ အနားယူရန် စဉ်းစားလိုက်သည်။
"အယ်..."
အသံလက်ထောက်၏ အံ့ဩသွားသော အသံကို ကြားလိုက်ရသဖြင့် ဆွန်ဖုန်းက မေးလိုက်သည်။ "ဘာဖြစ်လို့လဲ..."
"ပိုင်ရှင်... အနောက်တောင်ဘက် ကီလိုမီတာ တစ်ရာလောက် အကွာမှာ ကားတန်း တစ်ခုကို တွေ့ရတယ်... အဲဒီကားတန်းပေါ်မှာ အဆင့်နိမ့် စွမ်းအင်ရဲ့ လှိုင်းတွေကိုပါ ထောက်လှမ်းမိနေတယ်..." အသံလက်ထောက်က အလောတကြီး အစီရင်ခံသည်။
"ဘာ... သူတို့ကားပေါ်မှာ အဆင့်နိမ့် စွမ်းအင်တုံး ရှိနေတယ်ပေါ့... မင်း သေချာလို့လား..."
ဆွန်ဖုန်းက ဆေးလိပ်တိုကို လွှင့်ပစ်လိုက်ပြီး နေရာမှ ချက်ချင်း ထရပ်လိုက်ရာ သူ၏ မျက်လုံးများက အရောင်လက်သွားသည်။
"ဟုတ်ပါတယ်... ရှန်းဖွေရေး စနစ်ရဲ့ တုံ့ပြန်မှုအရ လုံးဝ မမှားနိုင်ပါဘူး... သေချာ စစ်ဆေးကြည့်တော့ သူတို့ဆီမှာ အဆင့်နိမ့် စွမ်းအင်တုံး တစ်တုံးပဲ ရှိတယ်..."
"အင်း... ထူးဆန်းနေပြီ... ဒီနေရာက သဲကန္တာရရဲ့ အတွင်းပိုင်းကို ရောက်နေပြီလေ... အစွန်အဖျားနဲ့တောင် ကီလိုမီတာ ခုနစ်ရာ ရှစ်ရာလောက် ဝေးတာ... ငါတို့ လာရာလမ်း တစ်လျှောက်လုံး လူသူအရိပ်အယောင် လုံးဝ မတွေ့ခဲ့ရဘူး... အခု ဘယ်လိုလုပ်ပြီး ဒီနေရာမှာ လူတွေ ရောက်နေရတာလဲ... ပြီးတော့ သူတို့ဆီမှာ အဆင့်နိမ့် စွမ်းအင်တုံးပါ ရှိနေသေးတယ်... ဒါက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်နေပြီ..."
ဆွန်ဖုန်းက ခေါင်းကုတ်ကာ အလေးအနက် စဉ်းစားခန်း ဝင်သွားသည်။
သဲကန္တာရ အတွင်းပိုင်း ကီလိုမီတာ ရှစ်ရာခန့် အထိ ဝင်လာရန် ဆိုသည်မှာ နောက်ပြောင်နေသည့် ကိစ္စ မဟုတ်ပေ။ လမ်းပျောက်ရန် လွယ်ကူရုံသာမက ရိက္ခာ ဖြည့်တင်းရေး ပြဿနာ တစ်ခုတည်းနှင့်ပင် လူအများစုကို ရှေ့ဆက် မသွားနိုင်အောင် ဟန့်တားထားနိုင်သည်။
ဤနေရာတွင် မြက်ပင် တစ်ပင်တောင် မပေါက်ဘဲ သဲတွေချည်းသာ ရှိသည်။ အဆိပ်ပြင်း မြွေများနှင့် ကင်းမြီးကောက်များကိုပင် မတွေ့ရသလောက် ရှားပါးလှရာ လူသားများ ရှိနေခြင်းက ပို၍ပင် ထူးဆန်းလှသည်။
"ဒီအထိ ဝင်လာနိုင်တဲ့ သူတွေက သေချာပေါက် မရိုးရှင်းဘူး... သူတို့ဆီမှာ အဆင့်နိမ့် စွမ်းအင်တုံးပါ ရှိနေတယ် ဆိုတော့ ဒါ ဘာသဘောလဲ... သူတို့က မတော်တဆ ကောက်ရသွားတာလား... ဒါမှမဟုတ် ရည်ရွယ်ချက် တစ်ခုခု ရှိနေလို့လား..."
ဆွန်ဖုန်းက မေးစေ့ကို ပွတ်ကာ ဖြစ်နိုင်ခြေ အသွယ်သွယ်ကို တွေးတော ခွဲခြမ်းစိတ်ဖြာနေမိသည်။
"ပိုင်ရှင်... ငါတို့ နောက်က လိုက်ကြည့်လိုက်ရင် သိရမှာပဲလေ... ဒီနေရာတဝိုက်က ဥက္ကာခဲတွေကိုလည်း ငါတို့ ရှာလို့ ပြီးသလောက် ရှိနေပြီ... လွတ်သွားတာ သိပ်မရှိလောက်တော့ဘူး... သူတို့နောက် လိုက်သွားပြီး ဘာတွေ လုပ်နေလဲ ဆိုတာကို စောင့်ကြည့်ရအောင်..."
အသံလက်ထောက်က အကြံပေးလိုက်သည်။
"ကောင်းပြီ... ဒါဆိုလည်း ငါတို့ သူတို့ နောက်ကနေ လိုက်ပြီး အခြေအနေကို စုံစမ်းကြည့်ကြတာပေါ့..."
ဆွန်ဖုန်းသည် မြေကုန်းပေါ်မှ ချက်ချင်း ပြေးဆင်းသွားပြီး ကားထဲ ဝင်ကာ စက်နှိုးလိုက်သည်။ ထို့နောက် အသံလက်ထောက်ကို လမ်းပြမြေပုံ ဖွင့်ခိုင်းပြီး ထိုကားတန်း ရှိရာသို့ ဦးတည် ထွက်ခွာသွားလေသည်။
"တစ်ဖက်လူတွေကလည်း အဆင့်နိမ့် စွမ်းအင်ကို အသုံးပြုတတ်နေပြီလား... ဒါမှမဟုတ် အဆင့်နိမ့် စွမ်းအင် ဆိုတာကို သူတို့ သိနေကြတာလား..."
ဆွန်ဖုန်းက ကားမောင်းနေရင်း အသံလက်ထောက်ကို မေးလိုက်သည်။ အရာအားလုံးက ဖြစ်နိုင်ခြေ ရှိနေသဖြင့် ဆွန်ဖုန်း အနေဖြင့် စဉ်းစားစရာတွေ များလာရသည်။
"အဲဒါတော့ ပြောရခက်တယ်... ဒီလူတွေက ဥက္ကာခဲတွေထဲမှာ အဆင့်နိမ့် စွမ်းအင်တုံး ရှိနေတယ် ဆိုတာကို လုံးဝ မသိတာလည်း ဖြစ်နိုင်တယ်... အချိန်ကျရင်တော့ အဖြေပေါ်လာမှာပါ..."
"အင်း... ဟုတ်တာပေါ့..."
သုံးနာရီကျော် ကြာပြီးနောက် အသံလက်ထောက်က တုန်လှုပ်ဖွယ် သတင်း တစ်ခုကို ထပ်မံ အစီရင်ခံလာသည်။
အနောက်မြောက်ဘက်နှင့် အရှေ့တောင်ဘက် ကီလိုမီတာ တစ်ရာကျော် အကွာတွင် နောက်ထပ် ကားတန်း နှစ်ခုကို ဆက်တိုက် ထောက်လှမ်းမိပြန်သည်။ သူတို့၏ ကားပေါ်တွင် အဆင့်နိမ့် စွမ်းအင်တုံးများ မပါသော်လည်း ကားတန်း တစ်ခုပေါ်တွင်တော့ အာကာသ ဥက္ကာခဲ အချို့ကို တွေ့ရသည်။
ဆွန်ဖုန်း အမြင်တွင် အသုံးမကျသော ကျောက်ခဲများ ဖြစ်သော်လည်း ဤအချက်က ကားတန်း သုံးခုစလုံးမှာ အဖွဲ့တစ်ဖွဲ့တည်း ဖြစ်နိုင်ကြောင်း သူ့ကို တွေးမိစေသည်။
"စိတ်ဝင်စားစရာပဲ... ဒီလူတွေက ဘာလို့များ အာကာသကနေ ကျလာတဲ့ ဥက္ကာခဲတွေကို လိုက်ရှာနေကြတာလဲ... သူတို့က အမေရိကန် သုတေသနဌာနက လူတွေလား... ဒါမှမဟုတ် နက္ခတ္တဗေဒ ပညာရှင်တွေလား... ဒါမှမဟုတ် ငါတို့ မသိသေးတဲ့ တခြား အင်အားစု တစ်ခုခုများလား..."
ဆွန်ဖုန်းက မျက်လုံးကို မှေးကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူ့ကို အလွန် သိချင်စိတ် ဖြစ်ပေါ်စေမည့် ကိစ္စ တစ်ခုနှင့် တကယ်ပဲ ကြုံတွေ့နေရပြီ ဖြစ်သည်။
"ပိုင်ရှင်... ငါတို့ သူတို့ နောက်ကို တိတ်တိတ်လေး လိုက်သွားကြမယ်... မြွေကိုမခြောက်မိအောင် သတိထားရမယ်... ဒီလူတွေ ဘာတွေ လုပ်နေလဲ ဆိုတာကို အရင် လေ့လာကြည့်ကြတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် သူတို့ လက်ထဲက အဆင့်နိမ့် စွမ်းအင်တုံးကတော့ ခင်ဗျားရဲ့ လက်ထဲကနေ ဘယ်မှ ပြေးမလွတ်နိုင်ပါဘူး..."
အသံလက်ထောက်က ပြောလိုက်သည်။
"အင်း... ကောင်းတယ်... ဒါဆိုရင် သူတို့က ဘယ်လို လူတွေလဲ ဆိုတာကို ငါတို့ အရင် စောင့်ကြည့်ရအောင်..."
ဆွန်ဖုန်း၏ စိတ်ထဲတွင် သိချင်စိတ်များ ပိုမို ပြင်းပြလာသည်။ ကီလိုမီတာ ၃၅၀ အထိ ရှာဖွေ ထောက်လှမ်းနိုင်စွမ်း ရှိနေသဖြင့် သူတို့ လွတ်ထွက်သွားမည်ကို ဆွန်ဖုန်း လုံးဝ မစိုးရိမ်ပေ။
...
"ခေါင်းဆောင်... လဝက်လောက် ရှာပြီးတဲ့နောက်မှာတော့ နောက်ဆုံး စွမ်းအင်တုံး တစ်တုံးကို ငါတို့ ရှာတွေ့ခဲ့ပြီ... ဒီတစ်ခေါက်တော့ ငါတို့ တာဝန် ကျေပါပြီ..."
ကားမောင်းနေသော နံပါတ် ၂ က ငွေရောင်ဝံပုလွေကို ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
သူတို့ အားလုံး သဲကန္တာရထဲ ရောက်နေသည်မှာ လဝက်ခန့် ရှိနေပြီ ဖြစ်သည်။ ပူပြင်းလှသော နေရောင်အောက်တွင် လူမည်းများလိုပင် မည်းတူးနေကြပြီ ဖြစ်သည်။ အရေပြားတွေ ဘယ်နှထပ်လောက် ကွာသွားပြီလဲ ဆိုတာတောင် မရေတွက်နိုင်တော့ပေ။ ဒီနေရာက တကယ်ကို လူနေလို့ ရသည့် နေရာမျိုး မဟုတ်ပေ။
"အင်း... ဒီတစ်ခေါက်တော့ ငါတို့ ကံကောင်းတယ်... ဒီလိုလုပ်မယ်... ဆက်ရှာနေလို့လည်း အဖြေမထွက်ဘူး... သဲကန္တာရ အစွန်အဖျားက မြို့ငယ်လေးကို အရင် ပြန်ကြမယ်... အဲဒီမှာ တစ်ပတ်လောက် အနားယူပြီးမှ ဆက်လုပ်ကြတာပေါ့... အခုဆို ညီအစ်ကို တော်တော်များများက ဆက်ပြီး မခံနိုင်ကြတော့ဘူး... ဒီသောက်ကျိုးနည်း သဲကန္တာရကြီးက တကယ်ကို ဒုက္ခပေးတာပဲ..."
ပုံမှန်အားဖြင့် စကားနည်းပြီး အမြဲ တည်ငြိမ်နေတတ်သော ငွေရောင်ဝံပုလွေ ပင်လျှင် ယခုအခါ လမ်းဘေးက ရန်တွေ့နေသော မိန်းမကြမ်းကြီး တစ်ယောက်လို ညည်းညူ ဆဲဆိုနေမိတော့သည်။