အခန်း ၂၇၅
Vol. 28 Ch. 275
အခန်း ၂၇၅ - ထုတ်လုပ်ရေး စက်ရုံလား... စခန်းလား...
"နံပါတ် ၂ မင်းတော့ ကံကောင်းသွားပြီ... ဒီသောက်ကျိုးနည်း နေရာကနေ ထွက်သွားရတော့မယ်... ပြန်ရောက်ရင် ငါတို့ကို သေချာပေါက် ထမင်းကျွေးရမယ်နော်..."
"ဟုတ်တယ်... ငါတို့က နေဆက်ပူခံရဦးမယ်... မင်းနဲ့ ခေါင်းဆောင်ကတော့ ပြန်ပြီး မိန်းကလေးတွေနဲ့ ပျော်လို့ရပြီ... ပြန်ရောက်ရင် ငါတို့ကို အပျော်အပါး လိုက်ပို့ဖို့ မမေ့နဲ့ဦး..."
"တော်ကြတော့... မင်းတို့လည်း တာဝန်ကို မြန်မြန် ပြီးအောင်လုပ်... ဒါမှ မြန်မြန် ပြန်လာနိုင်မယ်... ဒီကြားထဲ သတိထားကြ... ထင်ရာစိုင်းတာမျိုးတွေ မလုပ်နဲ့... ကြားလား..."
ငွေရောင်ဝံပုလွေက မျက်နှာထား တင်းတင်းဖြင့် အားလုံးကို ပြောလိုက်သည်။
"ဟုတ်ကဲ့... သိပါပြီ ခေါင်းဆောင်..."
အားလုံးက နောက်ပြောင်ချင်နေသေးသော်လည်း ငွေရောင်ဝံပုလွေ၏ တည်ကြည်သော မျက်နှာကို မြင်သောအခါ ဆက်မနောက်ရဲတော့ပေ။
---
နောက်တစ်နေ့ မနက်စောစောတွင် ငွေရောင်ဝံပုလွေသည် နံပါတ် ၂ ကို ခေါ်ကာ ကားဖြင့် မြို့ငယ်လေးမှ ထွက်ခွာပြီး မြောက်ဘက်သို့ ဦးတည် မောင်းနှင်သွားသည်။ သူတို့ ထွက်သွားပြီး ဆယ်မိနစ် အကြာတွင် ဆွန်ဖုန်းလည်း ပြုံးစိစိဖြင့် ကားမောင်းကာ နောက်မှ လိုက်သွားခဲ့သည်။
ဆွန်ဖုန်းသည် ဤတစ်ကြိမ်တွင် ခပ်ဝေးဝေးမှ လိုက်ရန် ရွေးချယ်ခဲ့ပြီး ရန်သူနှင့် ၂ ကီလိုမီတာခန့် အကွာမှ လိုက်ပါလာခဲ့သည်။
ဤသို့ဖြင့် နေ့တစ်ဝက်ခန့် ကြာသွားသော်လည်း ငွေရောင်ဝံပုလွေတို့ နှစ်ယောက်မှာ တစ်ယောက်ယောက် နောက်ယောင်ခံ လိုက်နေသည်ကို လုံးဝ မရိပ်မိခဲ့ပေ။ အကွာအဝေးက တော်တော်လေး ဝေးလွန်းနေသဖြင့် သံသယ ဝင်စရာ အကြောင်း မရှိခဲ့ပေ။
"သူတို့က ဘယ်လမ်းကနေ သွားချင်နေတာလဲ... လေကြောင်းကလား... ရေကြောင်းကလား..."
ဆွန်ဖုန်းက ကားမောင်းနေရင်း အသံလက်ထောက်နှင့် စကားပြောနေသည်။
"အဲဒါတော့ မသိဘူး... ကျွန်တော် ထင်တာက သူတို့မှာ ကိုယ်ပိုင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ရှိရမယ်... ဒီလို နှစ်ရာချီ သက်တမ်းရှိတဲ့ မြေအောက် အဖွဲ့အစည်း တစ်ခုရဲ့ ငွေကြေး အင်အားက သေချာပေါက် ကြောက်ခမန်းလိမ့် ရှိမှာပဲ..."
အသံလက်ထောက်က သုံးသပ်ပြသည်။
"အင်း... ဒီတစ်ခေါက်တော့ ငါတို့ တစ်ခုခု အကျိုးအမြတ် ရဖို့ မျှော်လင့်ပါတယ်..."
ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် ရယ်မောလိုက်သည်။
"တကယ်လို့ ငါတို့ ဒီအဖွဲ့အစည်းရဲ့ ဌာနချုပ်ကို ရှာတွေ့သွားရင်တော့ ပျော်စရာကြီးပဲ... သူတို့ ဒီလောက် အဆင့်မြင့်တဲ့ လက်နက်တွေကို ဘယ်လိုများ ထုတ်လုပ်နေလဲ... ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေများ ရထားလဲဆိုတာ ကျွန်တော် အရမ်း သိချင်နေပြီ..."
အသံလက်ထောက်က ပြောလိုက်သည်။
"အင်း... ငါလည်း စိတ်ဝင်စားတယ်..."
ဤသို့ဖြင့် နောက်ထပ် တစ်နာရီကျော်ခန့် တိတ်တဆိတ် လိုက်ပါလာခဲ့သည်။ ကောင်းကင်က တဖြည်းဖြည်း မှောင်မိုက်လာသဖြင့် ဆွန်ဖုန်း အနည်းငယ် စိတ်မရှည် ဖြစ်လာသည်။ အရှေ့က ကောင် နှစ်ကောင် ဘယ်ကို သွားနေမှန်း မသိပေ။ ရှာဖွေရေး စနစ်အရ အနီးအနားတွင် ရွာအချို့မှလွဲ၍ ကြီးမားသော မြို့ကြီးများ မရှိကြောင်း ဆွန်ဖုန်း တွေ့ရသည်။
"ပိုင်ရှင်ကို သတင်းပို့ပါတယ်... ရှေ့ ကီလိုမီတာ ၃၀ အကွာမှာ လေယာဉ် တစ်စင်း ဆင်းသက်နေပါတယ်..."
ထိုအချိန်တွင် အသံလက်ထောက်က ဆွန်ဖုန်းကို ရုတ်တရက် အစီရင်ခံလိုက်သည်။
"ဒုက္ခပဲ... သူတို့က ကိုယ်ပိုင် လေယာဉ်နဲ့ တိုက်ရိုက် ထွက်သွားမလို့လား..."
ဆွန်ဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အဲဒီ လေယာဉ် ဆင်းသက်တဲ့ နေရာကို ဓာတ်ပုံရိုက်ပြီး ငါ့ကို ပြစမ်း..."
"ဟုတ်ကဲ့ပါ ပိုင်ရှင်..."
နောက်တစ်စက္ကန့်တွင် ရှေ့ ကီလိုမီတာ ၃၀ အကွာရှိ ညီညာသော မြေကွက်လပ်ငယ် တစ်ခုပေါ်တွင် ခရီးသည်တင် လေယာဉ် တစ်စင်း ရပ်နားနေသည်ကို ဆွန်ဖုန်း မြင်လိုက်ရသည်။ ထိုနေရာ၏ ပတ်ဝန်းကျင်တွင် လူသူအရိပ်အယောင် လုံးဝ မရှိပေ။ ဤအခြေအနေကို ကြည့်ရသည်မှာ ထိုလေယာဉ်က ရှေ့မှ လူနှစ်ယောက်ကို လာကြိုခြင်း ဖြစ်ကြောင်း အလွန် သိသာနေသည်။
"ဒါဆိုရင် ခက်ပြီ... သူတို့ လေယာဉ်ပေါ် ပါသွားရင် ငါတို့ ဘယ်လို လိုက်မလဲ..."
ဆွန်ဖုန်းက ပြောလိုက်သည်။
"ပိုင်ရှင်... ကြည့်ရတာ ကျွန်တော်တို့ ရေငုပ်ဝတ်စုံကို သုံးပြီး လိုက်မှ ရတော့မယ်... မဟုတ်ရင် သူတို့ လေယာဉ် ပျံတက်သွားလို့ ရှာဖွေနိုင်တဲ့ အကွာအဝေးကို ကျော်လွန်သွားရင် ပစ်မှတ်ကို ဆုံးရှုံးသွားလိမ့်မယ်..."
အသံလက်ထောက်က ပြောလိုက်သည်။
"အင်း... ရေငုပ်ဝတ်စုံ သုံးပြီး လိုက်မှပဲ ရတော့မယ်..."
ဆွန်ဖုန်းက ပြောလိုက်သည်။
ယခု အချိန်က ညဘက် ဖြစ်သဖြင့် သူ ရေငုပ်ဝတ်စုံကို ဝတ်ဆင်ကာ အကာအကွယ် ဒိုင်းကို ဖွင့်ထားလိုက်ပါက အခြားသူများ မြင်တွေ့မည်ကို ဖြစ်စေ၊ ထောက်လှမ်းခံရမည်ကို ဖြစ်စေ စိုးရိမ်စရာ မလိုတော့ပေ။ အကာအကွယ် ဒိုင်း၏ အစောင့်အရှောက်ဖြင့် ကိုယ်ပျောက် ဝတ်ရုံကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်သွားပြီး လိုသလို ပျံသန်းနိုင်သည်။ Iron Man ထက်ပင် အဆတစ်ရာ ပိုမိုက်သေးသည်။
"ခေါင်းဆောင်... လေယာဉ်မှူး ညီအစ်ကိုတွေက ရှေ့ ကီလိုမီတာ ၂၀ အကွာက နေရာမှာ ငါတို့ကို စောင့်နေတယ်လို့ ပြောပါတယ်..."
နံပါတ် ၂ က ဆက်သွယ်ရေး စက်ကို ချကာ ငွေရောင်ဝံပုလွေအား အစီရင်ခံလိုက်သည်။
"အင်း... သိပြီ... ပတ်ဝန်းကျင် အခြေအနေကို သတိထားကြည့်ဦး... ပြဿနာ တစ်ခုခု ဖြစ်လာတာကို ငါ မလိုလားဘူး..."
ငွေရောင်ဝံပုလွေက ကားကို ဂရုတစိုက် မောင်းနှင်ရင်း နံပါတ် ၂ ကို ပြောလိုက်သည်။
"သိပါပြီ ခေါင်းဆောင်... စိတ်ချပါ..."
နံပါတ် ၂ က ပါးစပ်မှ သဘောတူလိုက်သော်လည်း စိတ်ထဲတွင်တော့ ဤလူသူကင်းမဲ့သော နေရာတွင် ဘာအန္တရာယ်မှ မရှိနိုင်ဟု ညည်းတွားနေမိသည်။
မကြာမီ ငွေရောင်ဝံပုလွေနှင့် နံပါတ် ၂ တို့သည် လေယာဉ်အနီးသို့ ရောက်ရှိသွားကြသည်။ သူတို့ နှစ်ယောက်သည် သစ်သားသေတ္တာဖြင့် ထည့်ထားသော စွမ်းအင်တုံးကို သယ်ဆောင်ကာ လေယာဉ်ပေါ်သို့ တက်သွားကြသည်။
ဆယ်ကီလိုမီတာ အကွာတွင် ဆွန်ဖုန်းက ကားကို စောစောစီးစီး ရပ်တန့်ထားလိုက်သည်။ သူက ထိုစွမ်းအင်တုံးကို ယခုချက်ချင်း လုယူရန် မရွေးချယ်ခဲ့ဘဲ နောက်မှ လိုက်သွားကာ အခြေအနေ အတိအကျကို စုံစမ်းရန် ဆုံးဖြတ်ထားသည်။
ဆွန်ဖုန်းသည် သူ၏ သဲလွန်စများ မကျန်ရစ်စေရန် သိုလှောင်ရေး နေရာလွတ်ကို ဖွင့်ကာ Off-road ကားကြီးကို အထဲသို့ ထည့်သိမ်းလိုက်သည်။ ထို့နောက် ရေငုပ်ဝတ်စုံကို ဝတ်ဆင်ကာ အကာအကွယ် ဒိုင်းကို ဖွင့်ထားလိုက်သည်။ ယခုအခါ ဆွန်ဖုန်းသည် သူတို့၏ ရှေ့တည့်တည့်တွင် ရပ်နေလျှင်တောင်မှ သူတို့ အနေဖြင့် ဆွန်ဖုန်းကို မြင်နိုင်မည် မဟုတ်တော့ပေ။
"လေယာဉ် ပျံတက်သွားပြီ... နောက်က လိုက်..."
ဆွန်ဖုန်းက ရေငုပ်ဝတ်စုံ၏ မျက်နှာပြင်မှ တစ်ဆင့် တစ်ဖက်လူ ပျံတက်သွားသည်ကို မြင်သောအခါ အသံလက်ထောက်ကို အမိန့်ပေးလိုက်သည်။
"ဝှီး" ခနဲ အသံနှင့်အတူ ဆွန်ဖုန်း၏ ရေငုပ်ဝတ်စုံသည် လေထဲသို့ ပျံတက်သွားပြီး ကောင်းကင်ယံတွင် လွတ်လပ်စွာ ပျံသန်းသွားလေသည်။
ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ လေယာဉ်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။ ဆွန်ဖုန်း အနေဖြင့် ရေငုပ်ဝတ်စုံကို အသုံးပြု၍ ကောင်းကင်ယံတွင် ပထမဆုံး အကြိမ် ပျံသန်းရခြင်း ဖြစ်သဖြင့် ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
ရေငုပ်ဝတ်စုံတွင် အာကာသထဲသို့ ပျံသန်းနိုင်သည့် စနစ်သာ မပါရှိခြင်း ဖြစ်ပြီး၊ ပါရှိပါက သူ အာကာသထဲသို့ ပျံသန်းသွားပြီး ကမ္ဘာကြီးကို အပေါ်စီးမှ ကြည့်လျှင် ဘယ်လို ခံစားရမလဲ ဆိုတာကို စမ်းသပ်ကြည့်ချင်စိတ် ပေါက်နေမိသည်။
---
လေယာဉ်ပေါ်ရှိ အခန်းငယ် တစ်ခု အတွင်းတွင် လူလတ်ပိုင်း တစ်ဦးက စွမ်းအင်တုံး ထည့်ထားသော သစ်သားသေတ္တာကို ဖွင့်လိုက်သည်။ ထို့နောက် သေတ္တာထဲရှိ ကြိတ်ဆုံလောက် အရွယ်အစားရှိ မီးခိုးရောင် ကျောက်တုံးကြီးကို လက်ညိုးထိုးကာ တိုးတိုးလေး မေးလိုက်သည်။
"ဒါက အဲဒီဟာလား..."
"ဟုတ်ပါတယ် ပါရဂူ... စွမ်းအင် ရှာဖွေရေး ကိရိယာရဲ့ ပြသချက်အရ ဒါ အဲဒီဟာပါပဲ..."
ငွေရောင်ဝံပုလွေက ဖြေလိုက်သည်။
"အရမ်း ကောင်းတယ်... မင်း ဒီတစ်ခေါက် အဖွဲ့အစည်းအတွက် ကြီးမားတဲ့ အကျိုးကို ဆောင်ရွက်ပေးနိုင်ခဲ့တယ်... အထက်ပိုင်းက မင်းကို သေချာပေါက် ဆုချီးမြှင့်မှာပါ..."
လူလတ်ပိုင်းက ပြုံးကာ ငွေရောင်ဝံပုလွေ၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
"အဖွဲ့အစည်း အတွက် အလုပ်လုပ်ပေးရတာပါ..."
ငွေရောင်ဝံပုလွေက နှိမ့်ချခြင်း၊ မောက်မာခြင်း မရှိဘဲ ပြန်ဖြေလိုက်သည်။ ထို့နောက် ခဏရပ်ကာ ဆက်ပြောလိုက်သည်။
"ပါရဂူ... အဖွဲ့အစည်းက ကျွန်တော်တို့ကို နောက်ထပ် လက်နက်အသစ် တစ်သုတ်လောက် ချပေးလို့ ရမလား... အခု ညီအစ်ကိုတွေရဲ့ သုံးပုံတစ်ပုံလောက်က လက်နက်တွေ သုံးမရတော့လို့ပါ..."
"အင်း... အဲဒီကိစ္စကို အထက်ကို ငါ တင်ပြပေးပါ့မယ်... မင်း သိတဲ့အတိုင်း ဒီလက်နက်တွေက ထုတ်လုပ်ဖို့ သိပ်လွယ်တာ မဟုတ်ဘူးလေ..."
လူလတ်ပိုင်းက ပြုံးလျက် ပြောလိုက်သည်။ လက်နက် ထုတ်လုပ်ရန်က အခက်အခဲ မဟုတ်သော်လည်း ဤလက်နက်များက စွမ်းအင် လိုအပ်နေခြင်းက အဓိက ပြဿနာပင်။ စွမ်းအင် ရဖို့က မလွယ်ကူပေ။
သူတို့ အနေဖြင့် ယနေ့တွေ့ရှိရသော စွမ်းအင်တုံးမျိုး မရရှိခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ ဤသည်မှာ လူသတ်ဌာန၏ လက်နက် သုံးပုံတစ်ပုံခန့် သုံးမရဖြစ်နေသည်ကို ဌာနချုပ်က သိသော်လည်း ငွေရောင်ဝံပုလွေတို့ထံသို့ လက်နက်သစ်များ ချမပေးနိုင်ရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ပါရဂူ..."
---
လေယာဉ်သည် တောင်အာဖရိကရှိ မြို့တစ်မြို့ဆီသို့ စတင် ပျံသန်းသွားလေသည်။ ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။ ငွေရောင်ဝံပုလွေတို့ကတော့ သူတို့၏ လှုပ်ရှားမှုများကို တစ်ယောက်ယောက်က သိရှိနေပြီ ဆိုသည်ကို လုံးဝ မသိကြပေ။
"တောင်အာဖရိက ဘက်ကို သွားနေတာ... တစ်ဖက်လူရဲ့ စခန်းက တောင်အာဖရိကမှာများ ရှိနေတာလား... အဓိက ဌာနချုပ်လား... ဒါမှမဟုတ် တခြား စခန်းခွဲ တစ်ခုလား..."
ဆွန်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဆွန်ဖုန်း၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ မကြာမီ ထိုလေယာဉ်သည် တောင်အာဖရိကရှိ အလတ်စား မြို့တစ်မြို့တွင် ဆင်းသက်သွားသည်။ ဆွန်ဖုန်းလည်း လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာ၍ ဆင်းသက်လိုက်ပြီးနောက် အမြန် ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။
နောက်ဆုံးတွင် တစ်ဖက် လူစုက ထိုစွမ်းအင်တုံးကို ဂန္ထဝင် ဆေးဝါးစက်ရုံ ဟု အမည်ရသော နေရာတစ်ခုသို့ လျှို့ဝှက် သယ်ဆောင်သွားသည်ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။ ထို့နောက် ဆွန်ဖုန်းသည် စွမ်းအင်တုံးနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
အသံလက်ထောက်၏ အပြောအရ ထိုနေရာတွင် အချက်ပြလှိုင်း နှောင့်ယှက်သည့် စနစ်များ ရှိနေပြီး ရန်သူကို သတိမပေးမိစေရန် အတင်းအကျပ် ဖောက်ထွင်းဝင်ရောက်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။