← Chapters

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း ၂၇၈ - ဂြိုဟ်သား အာကာသယာဉ်

"ရပါတယ်... စွမ်းအင်တုံးကို လူလုပ်နည်းနဲ့ ဖန်တီးဖို့ ဆိုတာ မလွယ်ဘူးဆိုတာ ကျွန်တော် သိပါတယ်... ပါရဂူတို့ အနေနဲ့ လက်မလျှော့ဖို့ပဲ လိုပါတယ်... ဒီစွမ်းအင်တုံးကိုတော့ ပါရဂူတို့ဆီပဲ အပ်လိုက်ပါပြီ..."

ဟီဘရူးက အက်ဘီဂေး၏ ပခုံးကို ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။

"ဟီဘရူး မန်နေဂျာ... ကျွန်တော်တို့ သုတေသနဌာန အနေနဲ့ ဒီထက်ပိုပြီး ကြိုးစားသွားပါ့မယ်... အမြန်ဆုံး အောင်မြင်မှု အကြီးကြီးတွေ ရအောင် ယူပြပါ့မယ်..."

အဘိုးကြီး နှစ်ဦးက ချက်ချင်းပင် ကတိပေးလိုက်ကြသည်။

"အရမ်း ကောင်းတယ်... ကျွန်တော်တို့ အားလုံးက အဖွဲ့အစည်းအတွက်ပဲလေ... ကဲ... ကျွန်တော်နဲ့ ငွေရောင်ဝံပုလွေက အရင် သွားနှင့်တော့မယ်... ခင်ဗျားတို့ အလုပ်ဆက်လုပ်ကြပါဦး..."

ဟီဘရူးက ပြုံးလျက် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ..."

ဟီဘရူးနှင့် ငွေရောင်ဝံပုလွေတို့ ထွက်သွားပြီးနောက် အက်ဘီဂေးနှင့် ဟော့စ်ကင်တို့က သုတေသန ပညာရှင် တစ်စုကို ခေါ်ယူကာ သုတေသန လုပ်ငန်းစဉ် အသစ်များကို စတင်လိုက်ကြသည်။

ဆွန်ဖုန်းကတော့ သူတို့၏ ဘေးတွင် ရပ်ကာ သူတို့ သုတေသန လုပ်နေသည်ကို ပေါ်ပေါ်ထင်ထင်ပင် ရပ်ကြည့်နေလေသည်။

"ဆရာ... ဒီတစ်ခေါက်တော့ ကျွန်တော်တို့ဆီမှာ စွမ်းအင်တုံး ရှိလာပြီနော်... ကျွန်တော်တို့ရဲ့ လက်နက်အသစ်ကို နောက်ဆုံးတော့ စတင် ထုတ်လုပ်လို့ ရပြီပေါ့..."

မျက်မှန်တပ်ထားသော အသက် သုံးဆယ်ကျော် အရွယ် အမျိုးသား တစ်ဦးက အက်ဘီဂေး အနီးသို့ ကပ်လာကာ ဝမ်းသာအားရ ပြောလိုက်သည်။

"ဟုတ်တယ်... ဒီတစ်ခါ စွမ်းအင်တုံး ရပြီဆိုတော့ အားလုံးပဲ ကြိုးစားကြရအောင်... ဒီတစ်ခေါက် ကျွန်တော်တို့ရဲ့ ပစ်မှတ်က လုံးဝ အသစ်စက်စက် ဖြစ်တဲ့ သေနတ် တစ်မျိုးကို တီထွင်ထုတ်လုပ်ဖို့ပဲ..."

ဟော့စ်ကင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သုတေသန လုပ်ငန်းများ စတင်လာချိန်တွင် ဆွန်ဖုန်းက သူတို့ အလုပ်လုပ်နေသည်ကို ကြည့်ရင်း အသံလက်ထောက်နှင့် စကားပြောနေသည်။

"သူတို့ အခု တီထွင်နေတဲ့ သေနတ်တွေက ဟိုလူသတ်သမားတွေ သုံးတဲ့ သေနတ်တွေထက် ပိုပြီး အဆင့်မြင့်တဲ့ ပုံစံမျိုးပဲ... လူသားတွေက တကယ့်ကို ဉာဏ်ရည်မြင့်မားတဲ့ သတ္တဝါတွေပဲ... သူများဆီက နည်းပညာကို လေ့လာပြီး ကိုယ်ပိုင် ပစ္စည်း ဖြစ်အောင် ဖန်တီးနိုင်ကြတယ်... သူတို့ဆီမှာသာ ကမ္ဘာ့အမြင်တွေနဲ့ နည်းပညာ ဗဟုသုတ အသစ်တွေ မလစ်ဟင်းဘူး ဆိုရင်... ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တယ်..."

အသံလက်ထောက်က မှတ်ချက်ချသည်။

"အင်း... ဒီတိုင်း ကြည့်နေရတာ သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းဘူး... ဒီသုတေသနဌာနမှာ တခြား ဘာလျှို့ဝှက်ချက်တွေ၊ သုတေသနတွေ ရှိသေးလဲ ဆိုတာ သွားကြည့်ကြတာပေါ့... အဲဒီ ဂြိုဟ်သား အာကာသယာဉ်ကို ရှာတွေ့ရင်တော့ အကောင်းဆုံးပဲ... ဟီးဟီး..."

ဆွန်ဖုန်းက ခဏမျှ ရပ်ကြည့်နေပြီး ပျင်းစရာ ကောင်းလာသဖြင့် တိတ်တဆိတ် ထွက်ခွာသွားလေသည်။

ဤမြေအောက် သုတေသနဌာနရှိ အခန်းတော်တော်များများတွင် လုံခြုံရေး ဂိတ်များ မရှိတော့သဖြင့် ဆွန်ဖုန်း အနေဖြင့် အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည်။

တစ်ပတ်ခန့် လှည့်ပတ် ကြည့်ရှုပြီးနောက် ဤသုတေသနဌာနတွင် လက်နက်သစ်များ တီထွင်ရုံသာမက မျိုးစပ် သုတေသနများပါ ပြုလုပ်နေကြောင်း ဆွန်ဖုန်း တွေ့ရှိလိုက်ရသည်။

ပိုမှန်အောင် ပြောရလျှင် ဇီဝလက်နက် စစ်သည်တော်များ သုတေသန၊ သို့မဟုတ် လူသား ဗီဇနှင့် ဂြိုဟ်သား ဗီဇ ပေါင်းစပ်ခြင်း သုတေသနဟု ဆိုရမည်။

ဓာတ်ခွဲခန်း တစ်ခု အတွင်းတွင် အရွယ်အစား အမျိုးမျိုးရှိသော ဖန်ပြွန် ပျိုးထောင်ကန် ဆယ်ဂဏန်းခန့်ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။ ထိုအထဲတွင် လူနှင့်မတူ သားရဲနှင့်မတူသော အရုပ်ဆိုး အကျည်းတန်သည့် သတ္တဝါများကို မြင်တွေ့လိုက်ရသည်။

လူသား ခန္ဓာကိုယ်တွင် အနက်ရောင် အကြေးခွံများ၊ မျက်လုံး တစ်လုံးတည်း၊ ရေဘဝဲ လက်တံများ၊ အမြီးများ၊ ခြေလေးချောင်း၊ လက်ရှစ်ဖက် စသည်ဖြင့် ပုံစံ အမျိုးမျိုး ရှိနေကြသည်။

အားလုံးက ခွန်အား ကြီးမားမည့်ပုံ ပေါက်နေပြီး ထူးဆန်း အံ့ဩဖွယ်ရာ ပုံစံမျိုးစုံဖြင့် ရှိနေကြသည်။ မျိုးစပ် ကမ္ဘာကြီးထဲသို့ ရောက်သွားသကဲ့သို့ပင်... လူသားမျိုးစိတ်သစ်များဟု ဆိုရမည်။

ဆွန်ဖုန်းသည် ပျိုးထောင်ကန် များထဲမှ လူများကို... မဟုတ်ဘူး... လူသားနှင့် ဂြိုဟ်သား ပေါင်းစပ်ထားသော သတ္တဝါများကို ကြည့်ရင်း အနည်းငယ် တုန်လှုပ်သွားသလို၊ ဆွံ့အ မှင်တက်သွားမိသည်။

"ထာဝရ မဟာမိတ် အဖွဲ့အစည်းက တကယ်ကို ရူးသွပ်ပြီး ဖောက်ပြန်နေတာပဲ... ဒီလို ကိစ္စမျိုးကိုတောင် လုပ်ရက်တယ်..."

ဆွန်ဖုန်းက ဓာတ်ခွဲခန်း အတွင်း တစ်ပတ်ပတ်ရင်း အံ့ဩတကြီး ရေရွတ်လိုက်သည်။ အလွန် တုန်လှုပ်စရာ ကောင်းလွန်းလှပြီး ဤလူများက ရူးသွပ်မှု အထွတ်အထိပ်သို့ ရောက်နေကြပြီ ဖြစ်သည်။

"ဒီလိုဆိုတော့... သူတို့က ဂြိုဟ်သား အာကာသယာဉ်ကို ရထားရုံတင် မကဘူး... ဂြိုဟ်သား အလောင်းတွေကိုပါ ရထားတာပဲ... ဒါပေမဲ့ ကျွန်တော် စကင်ဖတ် ကြည့်သလောက်တော့ ဒီမျိုးစပ် သတ္တဝါတွေက လူသားတွေထက် နည်းနည်းလေးပဲ ပိုစွမ်းတာပါ... သိပ်ပြီး အစွမ်းမထက်ပါဘူး..."

"သူတို့ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇတွေက အရမ်း ဆန့်ကျင်နေကြပြီး တစ်သားတည်း ပေါင်းစပ်သွားတာမျိုး မရှိဘူး... ပျိုးထောင်ကန်ထဲကနေ ထွက်လာတာနဲ့ သုံးရက်တောင် အသက်ရှင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ခန့်မှန်းရတယ်..."

အသံလက်ထောက်က လှောင်ပြောင်လိုက်သည်။

"အော်... အဲဒီလိုကိုး... ဆိုလိုတာက သူတို့ရဲ့ ဒီသုတေသနက ဘာအောင်မြင်မှုမှ မရသေးဘူးပေါ့..."

ဆွန်ဖုန်းက သက်ပြင်းချကာ စိတ်အေးသွားသည်။

တကယ်လို့ သူတို့သာ အစွမ်းထက်တဲ့ ဘီလူးကြီးတွေ ဖန်တီးနိုင်သွားရင် ကမ္ဘာကြီးတော့ ဖရိုဖရဲ ဖြစ်သွားတော့မည်။ ဆွန်ဖုန်းက ငြိမ်းချမ်းရေးကို မြတ်နိုးသူ တစ်ဦး ဖြစ်သည်။ ဤကိစ္စကို သူ မြင်တွေ့ခဲ့ရပြီ ဖြစ်ရာ ဤကဲ့သို့ လူမဆန်သော သုတေသနများကို သေချာပေါက် တားဆီးရမည်ဟု ဆုံးဖြတ်လိုက်သည်။

"ပိုင်ရှင်... သူတို့ ဂြိုဟ်သား အလောင်းတွေကို ဘယ်မှာ ဝှက်ထားလဲ ဆိုတာ တစ်ချက်လောက် ရှာကြည့်ပါဦး..."

"ကောင်းပြီ..."

ဆွန်ဖုန်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ရေငုပ်ဝတ်စုံ၏ အကူအညီဖြင့် မကြာမီမှာပင် ဖန်ပြွန်ကန် ငါးခု အတွင်း လဲလျောင်းနေသော ဂြိုဟ်သား ငါးကောင်ကို ရှာတွေ့သွားသည်။ သို့သော် ကြည့်ရသည်မှာ သေဆုံးနေပြီ ဖြစ်ပုံရသည်။

ဤဂြိုဟ်သားများမှာ ယခင်က ဆွန်ဖုန်း မြင်တွေ့ခဲ့ဖူးသော ဂြိုဟ်သားများနှင့် ပုံပန်းသဏ္ဍာန် မတူညီဘဲ မျိုးစိတ် တစ်ခုတည်း ဟုတ်ပုံမရပေ။ လူသားများနှင့် လုံးဝ မတူညီဘဲ တကယ့်ကို ဘီလူးကြီး တစ်ကောင်နှင့် တူနေသည်။

တစ်ကိုယ်လုံးတွင် အနီရောင် အကြေးခွံများ ရှိပြီး၊ ခြေလေးချောင်း၊ လက်တံရှစ်ခု၊ ပါးစပ်ပေါက် အကြီးကြီး တစ်ခုနှင့် မျက်လုံး တစ်လုံးတည်းသာ ရှိသည်။ အရွယ်အစားမှာ နွားတစ်ကောင်ခန့် ကြီးမားပြီး ရုပ်အလွန်ဆိုးလှသည်။

"သွားကြစို့... ဒီမှာ ကြည့်စရာ ဘာမှ မရှိတော့ဘူး... တခြား နေရာတွေ သွားကြည့်ရအောင်..."

"ကောင်းပြီလေ..."

ဆွန်ဖုန်းသည် ကြည့်စရာ မရှိတော့သဖြင့် တခြား နေရာများသို့ သွားကြည့်ရန် ပြင်လိုက်သည်။

"သူတို့ ပြောနေတဲ့ ဂြိုဟ်သား အာကာသယာဉ်က ဒီမှာ ရှိမရှိ တစ်ချက်လောက် ရှာကြည့်ပေးစမ်း..."

ဆွန်ဖုန်းက အသံလက်ထောက်ကို ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ... အပြည့်အဝ ရှာဖွေရေး စနစ်ကို ဖွင့်နေပါပြီ... စတင် ရှာဖွေနေပါပြီ... တီ... ရှာဖွေမှု ပြီးဆုံးပါပြီ... ဂြိုဟ်သား အာကာသယာဉ်ကို တွေ့ရှိပါတယ်... မနီးမဝေးမှာပါပဲ... လမ်းပြမြေပုံ ထည့်ပေးလိုက်ပါ့မယ်..."

အသံလက်ထောက်က ပြောလိုက်သည်။

"အိုကေ..."

လမ်းပြမြေပုံအရ ဆွန်ဖုန်းသည် သတ္တုစပ် တံခါးကြီး တစ်ချပ်ရှေ့သို့ အမြန် ရောက်ရှိသွားသည်။ ထိုနေရာတွင် ဝင်ခွင့် မရှိသည့်အပြင် အစောင့်များလည်း ရှိနေသည်ကို တွေ့လိုက်ရသည်။ ပြသချက်များအရ ဤနေရာသည် မြေအောက် သုတေသနဌာန၏ အနက်ရှိုင်းဆုံး အထပ် ဖြစ်နေသည်။

"ဒီလူတွေက ဂြိုဟ်သား အာကာသယာဉ်ကို အောက်ဆုံးထပ်မှာ ထားထားတာကိုး..."

ဆွန်ဖုန်းက ပတ်ဝန်းကျင်ကို သတိထား ကြည့်လိုက်သည်။ တံခါးဝတွင် အစောင့် နှစ်ယောက် ရှိသည်မှလွဲ၍ ဤနေရာသို့ မည်သူမျှ ဆင်းလာခြင်း မရှိသည်ကို တွေ့ရသည်။ သေချာသည်မှာ ဤနေရာတွင် စောင့်ကြည့် ကင်မရာများ ရှိနေသဖြင့် ဆွန်ဖုန်း အနေဖြင့် အလွယ်တကူ လှုပ်ရှား၍ မရနိုင်ပေ။

"ပိုင်ရှင်... ကျွန်တော်တို့ အထဲကို ဝင်ချင်ရင် အတင်းအကျပ် ဝင်စီးမှ ရတော့မယ်... ဒါပေမဲ့ အတင်း ဝင်သွားပြီဆိုတာနဲ့ နောက်တစ်ဆင့် အနေနဲ့ ဒီနေရာ တစ်ခုလုံးကို ဖျက်ဆီးပစ်ရမယ်... ဒါမှမဟုတ် ပစ္စည်းယူပြီး ချက်ချင်း ထွက်ပြေးရမယ်... ခင်ဗျားရဲ့ သရုပ်မှန်ကို အပြင်လူတွေ မသိစေဖို့ အရေးကြီးတယ်..."

အသံလက်ထောက်က ပြောလိုက်သည်။

"အင်း... အဲဒါကိုတော့ ငါ သိပါတယ်... ဘယ်လို အကောင်အထည် ဖော်ရမလဲ ဆိုတာကို သေချာ စဉ်းစားပါရစေဦး..."

ဆွန်ဖုန်းက ခဏမျှ စဉ်းစားခန်း ဝင်သွားသည်။

"ဒီဂြိုဟ်သား အာကာသယာဉ်က ငါတို့အတွက် ဘာများ အသုံးဝင်မလဲလို့ မင်း ထင်လဲ..."

ဆွန်ဖုန်းက မေးလိုက်သည်။

"အင်း... အခြေခံအားဖြင့်တော့ သိပ်အသုံးမဝင်ပါဘူး... ကျွန်တော် ခုနက စကင်ဖတ် ကြည့်ပြီးပြီ... ဒီဂြိုဟ်သား ယာဉ်က အရင်တစ်ခေါက် ကျွန်တော်တို့ တွေ့ခဲ့တဲ့ ယာဉ်နဲ့ အဆင့် အတူတူလောက်ပဲ... ကျွန်တော့်ရဲ့ နက်ရှိုင်းသော ပင်လယ်ကြမ်းပြင် ဉာဏ်ရည်တု စက်ရုံကြီးထက် အများကြီး နိမ့်ကျနေတယ်..."

"ပိုင်ရှင် ယူသွားလည်း ဘာမှ သုံးလို့ ရမှာ မဟုတ်ဘူး... နောက်ပြီး ဒီယာဉ်ကို မောင်းနှင်ဖို့ ဆိုရင်လည်း စွမ်းအင်တုံးတွေ လိုအပ်သေးတယ်လေ..."

"အင်း... ဒါဆို ငါ ဘယ်လို လုပ်ရမလဲ သိပြီ... ဒီ ထာဝရ မဟာမိတ် အဖွဲ့အစည်းကလည်း လူကောင်းတွေ မဟုတ်တာ ဆိုတော့... ဒီနေရာ တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်မယ်... ဒါပေမဲ့ မဖျက်ဆီးခင် အဲဒီ စွမ်းအင်တုံးကို အရင် သွားလုယူရမယ်..."

ဆွန်ဖုန်းက ဆုံးဖြတ်လိုက်သည်။

"ဒါပေမဲ့ အဲဒီမတိုင်ခင် ဒီနေရာကို အရင် ရှင်းပစ်ရမယ်..."

ဆွန်ဖုန်းက ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။ ဤနေရာတွင် စောင့်ကြည့် ကင်မရာ နှစ်ခု ရှိပြီး တစ်ခုက အထင်အရှား ရှိနေကာ ကျန်တစ်ခုက လျှို့ဝှက် တပ်ဆင်ထားသည်။ ထိုကင်မရာ နှစ်ခုစလုံးကို အသံလက်ထောက်က ရှာဖွေပေးထားပြီး ဖြစ်သည်။

"စကြစို့..."

ဆွန်ဖုန်းက ရေငုပ်ဝတ်စုံ၏ လက်နက်စနစ်ကို ချက်ချင်း ဖွင့်လိုက်ပြီး လေဆာဖြင့် ပစ်ခတ်လိုက်ရာ ကင်မရာ နှစ်ခုစလုံး ချက်ချင်း ပျက်စီးသွားလေသည်။

ပေါက်ကွဲသံ တိုးတိုးလေး နှစ်ချက် ကြားလိုက်ရသဖြင့် တံခါးဝတွင် စောင့်နေသော အစောင့် နှစ်ယောက်မှာ မှင်တက်သွားကြသည်။ သူတို့၏ တုံ့ပြန်မှုက လျင်မြန်လှပြီး ချက်ချင်းပင် သေနတ်များ မောင်းတင်ကာ သတိထားလိုက်ကြသည်။

သို့သော် သူတို့ ရှေ့တွင် ဘာမှ မရှိဘဲ မည်သို့ ပေါက်ကွဲမှု ဖြစ်သွားသနည်းဟု နားမလည်နိုင် ဖြစ်နေကြသည်။ အချက်ပေး ခေါင်းလောင်း နှိပ်ရန် ပြင်လိုက်ချိန်တွင်ပင် အပြာရောင် အလင်းတန်း နှစ်ခုက သူတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားပြီး တစ်စစီ ဖြစ်သွားစေခဲ့သည်။

"ပိုင်ရှင်... နောက်ထပ် စက္ကန့် နှစ်ဆယ်လောက် နေရင် အောက်ဆုံးထပ်မှာ ပြဿနာ တက်နေပြီ ဆိုတာကို သူတို့ သိသွားတော့မယ်... မြန်မြန် လှုပ်ရှားမှ ရမယ်..."

အသံလက်ထောက်က ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးရင်း ဆွန်ဖုန်းကို သတိပေးလိုက်သည်။

All Chapters