← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀ - သွားလေရာ ဖျက်ဆီးပစ်ခြင်း

ဆွန်ဖုန်းသည် ပစ္စတိုနှစ်လက်ကို ကိုင်ဆောင်ထားပြီး တွေ့သမျှလူကို ပစ်ခတ်နေလေသည်။ ဒီအဖွဲ့အစည်းက လူတွေအပေါ် ဆွန်ဖုန်းမှာ ဘာခံစားချက်မှ မရှိသလို သတ်ချင်တိုင်းလည်း သတ်ပစ်နေခြင်း ဖြစ်သည်။

ဒီအဖွဲ့အစည်းသာ အင်အား တောင့်တင်းလာလျှင် သူတို့၏ မကောင်းဆိုးဝါး ရည်ရွယ်ချက်များကို သေချာပေါက် အကောင်အထည် ဖော်လာမည်မှာ အသေအချာပင်။

လူသားနှင့် ဂြိုဟ်သား မျိုးစပ်သည့် သုတေသနမျိုးကိုပင် လုပ်နေကြသေးသည် မဟုတ်ပါလား။ အရမ်းကို ရွံစရာ ကောင်းလွန်းလှသည်။

ယခုအခါ ဆွန်ဖုန်းက စူပါဟီးရိုးကြီး တစ်ယောက်အသွင် ပြောင်းလဲသွားပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် တစ်တပ်တစ်အား ပါဝင်နေခြင်းလည်း ဖြစ်သည်။ နာမည်မဖော်လိုသော သူရဲကောင်းကြီး ပုံစံမျိုးပင်။

"ဟိုမှာ... ပစ်ကြ... ပစ်"

ငွေရောင်ဝံပုလွေက လူဆယ်ယောက်ကျော်ကို ဦးဆောင်လာကာ လမ်းကွေ့တစ်ခု၌ ဆွန်ဖုန်းနှင့် ပက်ပင်း တိုးသွားလေသည်။ ချက်ချင်းပင် ကျည်ဆန်များက မိုးရွာချသကဲ့သို့ ဆွန်ဖုန်းဆီသို့ ပြေးဝင်လာတော့သည်။

ဆွန်ဖုန်းက ညည်းတွားလိုက်ပြီး ဘေးသို့ လိမ့်ချကာ ရှောင်တိမ်းလိုက်သည်။ ထို့နောက် ချက်ချင်းပင် ခြေလှမ်းသွက်သွက်ဖြင့် ပြေးထွက်သွားရာ အရိပ်ပင် မမြင်ရတော့ချေ။

"ခေါင်းဆောင်... အရိပ်တောင် မမြင်ရတော့ဘူး"

လက်အောက်ငယ်သား တစ်ယောက်က ရှေ့သို့ လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"လိုက်ကြစမ်း"

ငွေရောင်ဝံပုလွေ၏ မျက်လုံးများက ဒေါသကြောင့် နီရဲနေလေသည်။ ခုနက ရန်သူ၏ လှုပ်ရှားမှုကို သူ ရှင်းလင်းစွာ မြင်လိုက်ရသည်။ တကယ့်ကို အစွမ်းထက်လှပေသည်။

ရန်သူက တစ်ယောက်တည်းလား ဆိုသည်ကို သူ စဉ်းစားနေမိသည်။ ယခုအချိန်အထိ အခြား နေရာများတွင် ရန်သူ ဝင်ရောက်လာသည်ဆိုသော သတင်းမျိုး မရသေးပေ။ ဂန္ထဝင် ဆေးဝါးစက်ရုံ ထဲတွင်လည်း လူဝင်လာသည်ကို မတွေ့ရသေးချေ။

ရန်သူက ဘယ်လို ခိုးဝင်လာတာလဲ... ပြီးတော့ ဒီလောက်များတဲ့ ဗုံးတွေကို ဘယ်လို သယ်လာတာလဲ။ ဤသို့သော ပစ္စည်းများဖြင့် မြေအောက် သုတေသနဌာန၏ လုံခြုံရေး ဂိတ်များကို ဖြတ်ကျော်လာဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။

"ငါတို့ အဖွဲ့အစည်းထဲမှာ သစ္စာဖောက်များ ရှိနေတာလား"

ငွေရောင်ဝံပုလွေက မျက်နှာထား တင်းတင်းဖြင့် ရေရွတ်လိုက်သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း"

ငွေရောင်ဝံပုလွေတို့ အဖွဲ့ ရှေ့သို့ ခြေလှမ်း အနည်းငယ်မျှ လျှောက်သွားရုံသာ ရှိသေးသည်။ ဆွန်ဖုန်းက ချက်ချင်း ပြန်လှည့်လာပြီး သေနတ် သုံးချက် ပစ်ခတ်လိုက်လေသည်။ ငွေရောင်ဝံပုလွေတို့ ဘက်မှ သုံးယောက် လဲကျသွားပြီး မျက်ခုံးကြားကို တည့်မတ်စွာ မှန်သွားကြသည်။

ချက်ချင်းပင် ကျန်ရှိနေသူများ အားလုံး လုံခြုံမည့် နေရာများကို ရှာဖွေကာ ပုန်းအောင်းလိုက်ကြသည်။ ထို့နောက် ရှေ့သို့ ရမ်းသမ်း ပစ်ခတ်နေကြတော့သည်။ ဒါပေမဲ့ ဆွန်ဖုန်းကတော့ ပစ်ပြီးတာနဲ့ ချက်ချင်း ပြေးထွက်သွားလေပြီ။

"ဒီသေနတ်ပစ် စွမ်းရည်က တကယ့်ကို ကြောက်စရာပဲ"

ငွေရောင်ဝံပုလွေက အလောင်း သုံးလောင်းကို ငေးကြည့်ရင်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ တစ်ချက်တည်းနှင့် မျက်ခုံးကြားကို တည့်တည့် ပစ်နိုင်သော သေနတ်သမားများ အများအပြား ရှိသော်လည်း သုံးချက် ဆက်တိုက် တည့်တည့် မှန်ဖို့ ဆိုသည်ကတော့ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။ တစ်စက္ကန့် အတွင်းမှာပင် သုံးချက် ဆက်တိုက် မှန်သွားခြင်း ဖြစ်သည်။

"ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ မျက်မှန်လောက်တောင် စွမ်းနေပြီ..."

ငွေရောင်ဝံပုလွေ၏ မျက်နှာတွင် အလေးအနက်ထားသော အရိပ်အယောင်များ ပေါ်လွင်လာသည်။ သူ တပ်ဆင်ထားသော မျက်မှန်က ပစ်မှတ်ကို ပိုမို တိကျစွာ ချိန်ရွယ်နိုင်ရန်၊ အမြင်အာရုံကို ကြည်လင်စေရန်နှင့် ခွဲခြမ်းစိတ်ဖြာနိုင်ရန် ကူညီပေးထားခြင်း ဖြစ်သည်။

ရန်သူက ဘာအကူအညီမှ မပါဘဲ ဤမျှ စွမ်းဆောင်နိုင်နေသည် ဆိုလျှင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ ဆိုတာကို စဉ်းစားကြည့်၍ ရပေသည်။

ဆွန်ဖုန်းက ပစ်လိုက် ပြေးလိုက်၊ ပစ်လိုက် ပြေးလိုက် လုပ်နေခြင်းကြောင့် ငွေရောင်ဝံပုလွေတို့ကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။

ဆွန်ဖုန်းကတော့ ဘာမှ မဖြစ်ပေမဲ့ ငွေရောင်ဝံပုလွေတို့ ဘက်ကတော့ နောက်ထပ် ခုနစ်ယောက် ရှစ်ယောက်ခန့် ထပ်မံ သေဆုံးသွားခဲ့ရပြန်သည်။ ငွေရောင်ဝံပုလွေ တစ်ယောက် ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲမတတ် ဖြစ်နေလေပြီ။

"ဒိုင်း... ဒိုင်း... ဒိုင်း"

ငွေရောင်ဝံပုလွေက ဆွန်ဖုန်း၏ အရိပ်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် သူ့မျက်မှန်၏ ချိန်ရွယ်စနစ်ကို အသုံးပြု၍ ကျည်ဆန်များ အများအပြား ပစ်ခတ်လိုက်သည်။ သို့သော် ရလဒ်ကတော့ သူ့ကို အလွန် အံ့ဩသွားစေခဲ့သည်။

အရင်က တစ်ခါမှ မလွဲဖူးသော သူ့၏ ချိန်ရွယ်စနစ်က အလုပ်မလုပ်တော့ချေ။ ရန်သူက ဘယ်ညာ လှုပ်ရှားပြီး အံ့ဩစရာ ကောင်းလောက်အောင်ပင် ရှောင်တိမ်းသွားခဲ့လေသည်။

"သူက ဒီလောက်တောင် အစွမ်းထက်နေတာလား"

ငွေရောင်ဝံပုလွေ တစ်ယောက် အံ့ဩ မှင်တက်သွားရသည်။

အခြား တစ်ဖက်မှာတော့ ရေခဲကျည်ဆန် အချို့က ဆွန်ဖုန်း၏ ခန္ဓာကိုယ် ဘေးမှ ပွတ်ကာသီကာ ဖြတ်သန်းသွားခဲ့သည်။ ထို့ကြောင့် သူ တော်တော်လေး လန့်သွားပြီး ချွေးစေးများပင် ထွက်လာခဲ့သည်။

သူ့၏ တုံ့ပြန်မှု မြန်ဆန်လွန်း၍သာ ဒီနေ့ အသက်ရှင်လျက် ကျန်ရစ်နေခြင်း ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် အေးစက်သော အငွေ့အသက်များကို ခံစားနေရဆဲပင်။

"နေရာပြောင်းမယ်"

ဆွန်ဖုန်းက အမြန် နေရာပြောင်းလိုက်သည်။ အသံလက်ထောက်နှင့် ရှာဖွေရေး စနစ် အကူအညီကြောင့် ဆွန်ဖုန်းမှာ အပေါ်စီး မြင်ကွင်း ရှိနေသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် သူ့ကို ဝိုင်းဝန်း ဖမ်းဆီးနေသော အုပ်စုပေါင်းများစွာကို အလွယ်တကူ ရှောင်ကွင်းနိုင်ခဲ့လေသည်။

"မင်းတို့ကို ဗုံးနဲ့ ခွဲသတ်ပစ်မယ်"

ဆွန်ဖုန်းက ပြေးလွှားနေရင်းနှင့်ပင် အသံလက်ထောက် ဖန်တီးထားသော ဗုံးများကို လိုက်လံ ချထားခဲ့သည်။ ဤဗုံးများက ခုနက အောက်ဆုံးထပ်တွင် သုံးခဲ့သော ဗုံးများလောက် မပြင်းထန်သော်လည်း အစွမ်းကိုတော့ အထင်သေး၍ မရချေ။ သာမန် ဗုံးများထက် အများကြီး ပိုမို ပြင်းထန်လှသည်။

ဒီလိုနဲ့ ဆွန်ဖုန်းက ဖျက်ဆီးရေး ဘုရင်ကြီး တစ်ပါးအဖြစ် ပြောင်းလဲသွားတော့သည်။ သူ သွားရာ လမ်းတစ်လျှောက်တွင် ဘယ်သူမှ တားဆီး၍ မရနိုင်ခဲ့ပေ။ ထို့အပြင် အနီးအနားရှိ အဆောက်အအုံများကိုပါ အပျက်အစီးပုံများ အဖြစ်သို့ ပြောင်းလဲပစ်ခဲ့လေသည်။

"မြန်မြန်... မြန်မြန် လုပ်ကြ... သူ အထပ် သုံး ဘီ ဇုန်ကို ရောက်နေပြီ... မြန်မြန် သွားပြီး သတ်ကြ... အခု အေ ဇုန်ဘက်ကို ကူးသွားပြီ"

စောင့်ကြည့်ရေး အခန်းထဲတွင် ဝန်ထမ်း ဆယ်ယောက်ကျော်က ဆွန်ဖုန်းကို လိုက်လံ ဖမ်းဆီးနေသူများထံ နေရာ အတိအကျကို သတင်းပေးနေကြသည်။

ဆွန်ဖုန်းကလည်း အပေါ်စီး မြင်ကွင်းကို အသုံးပြုပြီး နောက်ယောင်ခံ လိုက်နေသူများကို ဖြုတ်မရကြောင်း သိလိုက်သည်။

ထို့ကြောင့် ကင်မရာ ရှိသော နေရာတိုင်းကို ကျည်ဆန်များဖြင့် လိုက်လံ ပစ်ခတ်တော့သည်။ ဤသို့ဖြင့် စောင့်ကြည့်ရေး အခန်းထဲရှိ မျက်နှာပြင် ရာနှင့်ချီပြီး တစ်ခုပြီး တစ်ခု အမည်းရောင် ပြောင်းသွားတော့သည်။

"ရန်သူက အရမ်း ပါးနပ်တာပဲ"

သုတေသန ခန်းမ တစ်ခုထဲတွင် ဟီဘရူး၊ အက်ဘီဂေး နှင့် ဟော့စ်ကင် တို့ ရှိနေကြလေသည်။ သူတို့ ရှေ့တွင် သေနတ်ကိုင်ထားသော လူနှစ်ဆယ်ကျော်က ကာကွယ်ပေးထားသည်။

"ပါရဂူ... စွမ်းအင်တုံးကို လုံခြုံတဲ့ နေရာမှာ သိမ်းပြီးပြီလား"

ဟီဘရူးက မေးလိုက်သည်။

"လျှို့ဝှက် အခန်းထဲမှာ ထည့်သိမ်းပြီးပါပြီ"

အက်ဘီဂေး ပါရဂူက ဖြေလိုက်လေသည်။

"ဒါဆိုရင် တော်သေးတာပေါ့... ဂြိုဟ်သား အာကာသယာဉ်ကြီး ပျောက်သွားရင်တောင် စွမ်းအင်တုံး ရှိနေသေးရင် ငါတို့ သုတေသန ဆက်လုပ်လို့ ရသေးတာပဲ... ဘာပဲဖြစ်ဖြစ် အဲဒီ အာကာသယာဉ်ကို သုတေသန လုပ်နေတာ ဆယ်စုနှစ်ချီ ရှိနေပြီ... လေ့လာလို့ ရသမျှ အကုန် လေ့လာပြီးသွားပြီပဲ... ပျောက်သွားလည်း ပျောက်ပါစေတော့"

ဟီဘရူးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ဒါကတော့..."

ဟော့စ်ကင်က တစ်ခုခု ပြောချင်ပေမဲ့ မျိုသိပ်လိုက်လေသည်။

တကယ်တော့ သူ ပြောချင်သည်က ဂြိုဟ်သား အာကာသယာဉ်၏ လက်နက်ပိုင်းဆိုင်ရာကို လေ့လာပြီးသွားပြီ ဖြစ်သလို သုတေသနဌာနကလည်း လက်နက်သစ် အများအပြားကို တီထွင်နိုင်ခဲ့သည်။

ဒါပေမဲ့ ကြီးမားသော အဖျက်စွမ်းအား ရှိသည့် လက်နက်များကိုတော့ လုံလောက်သော စွမ်းအင်တုံး မရှိ၍ မထုတ်လုပ်နိုင်သေးချေ။

အာကာသယာဉ်၏ မောင်းနှင်အား စနစ်နှင့် အလင်းထက် မြန်သော အာကာသ ခရီးသွားလာရေး နည်းပညာ များကိုတော့ အခုထိ သေချာ မလေ့လာနိုင်သေးပေ။ တကယ်တော့ ထိုအရာများကမှ ခေတ်သစ် နည်းပညာ၏ အဓိက အချက်များပင် ဖြစ်သည်။

ဒါပေမဲ့ အခု ဟီဘရူးက ဒီလို ပြောလာတော့ သူလည်း ဆက်မပြောချင်တော့ပေ။ ပြောလိုက်လျှင်လည်း အမေးခံရဦးမည်သာ ဖြစ်သည်။ မပြောတာကမှ ပိုကောင်းဦးမည်ဟု သူ တွေးလိုက်သည်။

"ငွေရောင်ဝံပုလွေကို ခေါ်တယ်... ငွေရောင်ဝံပုလွေ... ရန်သူကို ဖမ်းမိပြီလား"

ဟီဘရူးက နေရာတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း ဆက်သွယ်ရေး စက်ကို ဖွင့်ကာ ငွေရောင်ဝံပုလွေကို မေးလိုက်သည်။

"ဟီဘရူး မန်နေဂျာ... အခုထိ ရန်သူကို မဖမ်းမိသေးပါဘူး... ရန်သူက တော်တော် အစွမ်းထက်နေတယ်"

ဆက်သွယ်ရေး စက်ထဲမှ သေနတ်သံများ၊ ပေါက်ကွဲသံများနှင့်အတူ ငွေရောင်ဝံပုလွေ၏ အမောတကော အသံ ထွက်လာလေသည်။

"ဘာ... အခုထိ မဖမ်းမိသေးဘူး ဟုတ်လား... မင်း ဘယ်လိုတွေ လုပ်နေတာလဲ... နောက်ထပ် ဆယ်မိနစ် အတွင်း မဖြစ်မနေ ဖမ်းမိရမယ်လို့ ငါ အမိန့်ပေးတယ်... အသေသတ်တာ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် လုပ်ပါ... အခု ဖြစ်နေတဲ့ ရှုပ်ထွေးမှုတွေကို ချက်ချင်း ရပ်တန့်ပစ်ရမယ်"

ဟီဘရူးက စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့ပါ"

ငွေရောင်ဝံပုလွေက သက်ပြင်းချရင်း ဖြေလိုက်လေသည်။

ဟီဘရူး ဆက်သွယ်ရေး စက်ကို ချလိုက်သည်နှင့် မြေပေါ်ရှိ ဆေးဝါးစက်ရုံဘက်မှ သတင်း ဝင်လာတော့သည်။

"ဟီဘရူး မန်နေဂျာ... အခြေအနေ မကောင်းတော့ဘူး... အောက်က ဖြစ်နေတဲ့ အသံတွေက အပြင်ကိုပါ ကြားနေရပြီ... အနီးအနားက လူတွေက ရဲတိုင်ကုန်ကြပြီ... ခုနက ပေါက်ကွဲမှုက ဘာလဲဆိုတာကို လာမေးတဲ့ လူတွေတောင် ရှိနေပြီ"

ဒီသတင်းကို ကြားတော့ ဟီဘရူး၏ မျက်နှာ အရောင် ပြောင်းသွားလေသည်။

ဒီတစ်ခါတော့ ပြဿနာ ကြီးသွားပြီဖြစ်သည်။ မြေအောက် သုတေသနဌာန အကြောင်းကို အပြင်လူများ သိသွားနိုင်ပေသည်။

အကယ်၍ အပြင်လူများသာ သိသွားခဲ့လျှင် အခြေအနေက အခုထက် ပိုမို ဆိုးရွားသွားလိမ့်မည်။ မိမိတို့၏ အဖွဲ့အစည်းကို ကမ္ဘာက သိသွားနိုင်ချေ ရှိနေတော့သည်။

All Chapters