အခန်း ၂၉၀
Vol. 29 Ch. 290
အခန်း ၂၉၀ - အရှိန်လွန် လမ်းကွေ့ဖြတ်သန်းခြင်း
တောင်ပေါ်တွင်... တောင်ခြေနှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ဆွန်ဖုန်းနှင့် အီဗာတို့၏ ပြိုင်ပွဲကလည်း အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် လမ်းကွေ့များ တစ်ခုပြီးတစ်ခု ကျော်လွန်သွားသော်လည်း ဆွန်ဖုန်းကို ဖြုတ်ချနိုင်ခြင်း မရှိသေးသည်ကို အီဗာ မြင်သောအခါ သူမ၏ တည်ငြိမ်မှုများ ပျောက်ဆုံးလာပြီး အနည်းငယ် စိုးရိမ် ပူပန်လာလေသည်။
သူမက အရှုံးအနိုင်ကို အရမ်း ဂရုစိုက်လွန်းလို့လည်း ဖြစ်နိုင်ပါသည်။ မာနကြီးသော ဥဒေါင်းမလေး တစ်ကောင် အနေဖြင့် သူမကိုယ်သူမ ဘယ်လိုလုပ် အရှုံးခံနိုင်မည်နည်း။ သူမ၏ အဘိဓာန်တွင် ရှုံးနိမ့်ခြင်း ဆိုသည့် စကားလုံး လုံးဝ မရှိပေ။
"နောက်ဆုံး လမ်းကွေ့ နှစ်ခုကပဲ အဆုံးအဖြတ် ပေးရမယ့် အချိန်ပဲ..."
အီဗာက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကားမောင်းရာတွင် အလွန် အာရုံစူးစိုက်ထားသည်။ ကားမောင်းရာတွင် အာရုံစူးစိုက်နေသော အီဗာ၏ ပုံစံက အေးစက်တည်ငြိမ်သော အလှတရား တစ်မျိုးကို ပေါ်လွင်စေသည်။
နောက်ဆုံး လမ်းကွေ့ နှစ်ခုမှာ V ပုံသဏ္ဍာန် လမ်းကွေ့နှင့် S ပုံသဏ္ဍာန် လမ်းကွေ့တို့ ဖြစ်ကြသည်။ အထူးသဖြင့် V ပုံသဏ္ဍာန် လမ်းကွေ့ ဖြစ်သည်။
ထိုလမ်းကွေ့တွင် အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်ပါက ကားတစ်စီးလုံး အလွယ်တကူ လွင့်ထွက်သွားပြီး ချောက်ကမ်းပါးထဲသို့ ထိုးကျကာ အသက်သေဆုံးနိုင်ချေ အလွန် များပြားသည်။
နောက်ဆုံး လမ်းကွေ့ နှစ်ခုအနက် ပထမတစ်ခုမှာ S ပုံသဏ္ဍာန် လမ်းကွေ့ ဖြစ်သည်။ အနည်းငယ် အသာစီး ရနေသော အီဗာသည်လည်း အလွန်အကျွံ ယုံကြည်မှု မထားရဲပေ။
ကားအရှိန်ကို ထပ်မတင်ရဲတော့ဘဲ သူမ ထိန်းချုပ်နိုင်စွမ်း ရှိသည့် အရှိန်တစ်ခုတွင်သာ ထိန်းထားလိုက်သည်။
ဤအရှိန်ထက် ကျော်လွန်သွားပါက လမ်းကွေ့ တစ်ခုလုံးကို အပြည့်အဝ ဖြတ်ကျော်နိုင်မည်ဟု သူမကိုယ်သူမ အာမမခံရဲပေ။
"ဝုန်း... ဝုန်း... ဝုန်း"
ကားနှစ်စီးသည် တစ်စီးနောက် တစ်စီး ကပ်လျက် S ပုံသဏ္ဍာန် လမ်းကွေ့ တစ်ခုလုံးတွင် အကြိတ်အနယ် ယှဉ်ပြိုင်နေကြသည်။
"အခွင့်အရေး ကောင်းပဲ... ပြန်လည် တိုက်ခိုက်ရမယ့် အချိန် ရောက်ပြီ"
ဆွန်ဖုန်းက လီဗာကို အားကုန် နင်းလိုက်ရာ ကားက ရုတ်တရက် အရှိန်မြင့်တက်သွားပြီး အီဗာ၏ နောက်မှနေ၍ အပြင်းအထန် ကျော်တက်လာတော့သည်။
"သူ သေချင်နေတာလား... ဒီလို လမ်းကွေ့မျိုးမှာ ဒီလောက် မြန်မြန် မောင်းရသလား"
အီဗာသည် ကားမှန်ပြောင်းမှ တစ်ဆင့် ဆွန်ဖုန်း၏ ကားက အရှိန် အဆက်မပြတ် တက်လာပြီး သူမနှင့် ယှဉ်လျက် အနေအထားသို့ တဖြည်းဖြည်း ရောက်လာသည်ကို မြင်လိုက်ရသည်။
ထို့အပြင် ဆွန်ဖုန်း၏ လက်ရှိ အရှိန်က သူမထက်ပင် အနည်းငယ် သာလွန်နေသဖြင့် ဆွန်ဖုန်း သေချင်နေပြီဟု အီဗာ ထင်မှတ်လိုက်ခြင်း ဖြစ်သည်။ ဤအရှိန်အတိုင်း ဆက်သွားပါက သေချာပေါက် လွင့်စင် ထွက်သွားမည် မဟုတ်ပါလား။
ယခုအခါ ဆွန်ဖုန်းသည် ပြိုင်ပွဲ၏ အရှိန်အဝါ အပြည့်အဝထဲသို့ နစ်မြုပ်နေပြီ ဖြစ်သည်။ မိမိ၏ ကားကို မောင်းနှင်နေရသည်မှာ မိမိ၏ ခြေလက်များကို ထိန်းချုပ်နေရသကဲ့သို့ လွတ်လပ် ပေါ့ပါးနေသည်။
စွမ်းရည်မြှင့် ဆေးရည် ထိုးထားခြင်းက အလကား မဟုတ်ပေ။ ယခု ဆွန်ဖုန်းသည် လူနှင့် ကား တစ်သားတည်း ဖြစ်နေသကဲ့သို့ ခံစားနေရသည်။
ကား၏ လှုပ်ရှားမှုနှင့် အမြန်နှုန်း အားလုံးက သူ့လက်ထဲတွင် အပြည့်အဝ ရှိနေသည်။ လိုရာကို လိုသလို ပို့ဆောင်နိုင်သည်။
"တန်ပြန် ကျော်တက်မယ်"
ဆွန်ဖုန်းက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ သူ၏ ကားသည် ဤ S ပုံသဏ္ဍာန် လမ်းကွေ့တွင် အီဗာ၏ ကားနှင့် ယှဉ်လျက် အနေအထားသို့ ရောက်ရှိလာပြီး ကားနှစ်စီးစလုံး တစ်ပြိုင်နက် လျှောတိုက် ကွေ့ခြင်း (Drifting) စတင် ပြုလုပ်ကြသည်။
သို့သော် ဆွန်ဖုန်း၏ အရှိန်က ပိုမို မြန်ဆန်နေသည်။ ကားနှစ်စီး S ပုံသဏ္ဍာန် လမ်းကွေ့၏ တစ်ဝက်ခန့်သို့ ရောက်သောအခါ ဆွန်ဖုန်း၏ ကားက အီဗာကို စတင် ကျော်တက်နေပြီ ဖြစ်သည်။
တန်ပြန် ကျော်တက်ခြင်း ဆိုသည်မှာ... အစောပိုင်းက ဆွန်ဖုန်းသည် အီဗာ၏ ကားနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာပြီး သင့်တော်သော အချိန်ကို စောင့်ဆိုင်းကာ တိုက်ခိုက်ခြင်း ဖြစ်သည်။
ပထမဆုံး လမ်းကွေ့၏ အပြင်ဘက် လမ်းကြောင်းသို့ အရင် ဝင်ရောက်ကာ အရှိန်ပြင်းပြင်းဖြင့် တစ်ဖက်လူနှင့် ယှဉ်လိုက်သည်။
ထို့နောက် နောက်ထပ် လမ်းကွေ့သို့ ရောက်သောအခါ အတွင်းနှင့် အပြင် လမ်းကြောင်းများ ပြောင်းလဲသွားချိန်တွင် အတွင်းဘက် လမ်းကြောင်း၏ အားသာချက်ကို အသုံးချကာ အောင်မြင်စွာ ကျော်တက်လိုက်ခြင်းပင် ဖြစ်သည်။
အီဗာ၏ ကားမှာ ကွာကျစေသော အင်အား နှင့် လမ်းမနှင့် တွယ်ကပ်နိုင်စွမ်းတို့၏ တွန်းကန်မှုကြောင့် လမ်း၏ အတွင်းဘက်မှနေ၍ အနည်းငယ် သွေဖည် စတင်သွားလေပြီ။
"ဒီအချိန်ပဲ"
ဆွန်ဖုန်း၏ လက်နှင့် ခြေထောက်များက ဆက်တိုက် လှုပ်ရှားသွားပြီး ကားက အီဗာကို ရုတ်တရက် ကျော်တက်သွားတော့သည်။
ဤတန်ပြန် ကျော်တက်ခြင်းကို ပြုလုပ်ရန် အချက်နှစ်ချက် လိုအပ်သည်။ ပထမ အချက်မှာ အစပိုင်းတွင် လျင်မြန်ပြီး နောက်ပိုင်းတွင် နှေးကွေးသွားသော S ပုံသဏ္ဍာန် လမ်းကွေ့ ဖြစ်ရန် လိုအပ်သည်။
ဒုတိယ အချက်မှာ မိမိ၏ လမ်းကွေ့ ဖြတ်သန်းသည့် အရှိန်က တစ်ဖက်လူထက် သေချာပေါက် ပိုမြန်ရန် လိုအပ်သည်။
တစ်ချက်လေး အမှားအယွင်း ရှိပါက ကျရှုံးသွားမည် ဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဆွန်ဖုန်း လုံးဝ အမှားမရှိခဲ့ပေ။ သူ နိုင်သွားပြီ ဖြစ်သည်။
အီဗာ၏ ကားကို ကျော်တက်ကာ ဖြောင့်တန်းသော လမ်းပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုဖြောင့်တန်းသော လမ်းအဆုံးတွင် နောက်ထပ် V ပုံသဏ္ဍာန် လမ်းကွေ့ တစ်ခု ရှိနေသည်။
"ကျော်သွားပြီ"
အီဗာက ဆွန်ဖုန်း သူမကို ကျော်တက်သွားသည်ကို မြင်လိုက်ရသောအခါ သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်း မှင်တက်သွားတော့သည်။ ကျော်သွားပြီ... သူမ ဒီယောကျာ်းရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရပြီ။
သူက လှည့်စားပြီး အနိုင်ယူသွားတာ မဟုတ်ဘဲ၊ တကယ့် နည်းပညာ သက်သက်ဖြင့် သူမကို ကျော်တက်သွားခြင်း ဖြစ်သည်။
ခုနက ဆွန်ဖုန်း၏ မထင်မှတ်ထားသော ကျော်တက်မှု နည်းပညာက သူမကို ပါးစပ် အဟောင်းသား ဖြစ်သွားစေပြီး အလွန်တရာ အံ့ဩ တုန်လှုပ်သွားစေခဲ့သည်။
ဒီလောက် ကျဉ်းမြောင်းတဲ့ တောင်ပေါ်လမ်းမှာ အရှိန်တင်ပြီး လမ်းကွေ့ထဲ ဝင်လာတယ်... ပြီးတော့ အတွင်းဘက် လမ်းကြောင်းကနေ ကျော်တက်သွားသည်။
ခုနက ကားနှစ်စီးစလုံး ယှဉ်လျက် လျှောတိုက် ကွေ့ခဲ့ကြတာကို သူမ အသိဆုံးပဲ။ အဲဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် နည်းနည်းလေး ထိမိတာ ဒါမှမဟုတ် ဘေးဘောင်ကို သွားတိုက်မိတာနဲ့ ချက်ချင်း ယာဉ်တိုက်မှု ဖြစ်သွားမှာ အသေအချာပဲ။
ဒါပေမဲ့ တစ်ဖက်လူက အဲဒါကို လုပ်နိုင်ခဲ့တယ်။ ပြီးတော့ အရမ်းကို တည်ငြိမ်ပြီး ပြီးပြည့်စုံလွန်းတယ်။
"အိုဘုရားသခင်"
အီဗာ၏ ရင်ထဲတွင် ရုတ်တရက် စိတ်ပျက် အားငယ်မှု တစ်ခု ကြီးစိုးလာသည်။ သူမ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် အားအင် ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။
"ငါ လက်လျှော့လို့ မဖြစ်ဘူး... ငါ ရှုံးလို့ မဖြစ်ဘူး"
အီဗာက မိမိကိုယ်ကို အမြန် ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်သည်။ လမ်းကွေ့ကို မြန်မြန် ဖြတ်ကျော်ပြီးနောက် လီဗာကို အဆုံးထိ နင်းကာ ဖြောင့်တန်းသော လမ်းပေါ်တွင် ဆွန်ဖုန်းကို အရူးအမူး လိုက်လံ ဖမ်းဆီးတော့သည်။
နောက်ဆုံး အခွင့်အရေး တစ်ခု ကျန်သေးသည်။ အဲဒါကတော့ V ပုံသဏ္ဍာန် လမ်းကွေ့ ဖြစ်သည်။ ဒါကမှ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးမည့် အရေးကြီးဆုံး လမ်းကွေ့ပင်။
အစောပိုင်းက ဆွန်ဖုန်းက သူမကို ကျော်တက်နိုင်ခဲ့သလို၊ သူမလည်း ဆွန်ဖုန်းကို ပြန်လည် ကျော်တက်နိုင်မည်ဟု မိမိကိုယ်ကို ယုံကြည်မှု ပေးထားရမည်။
ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်မှု မရှိတော့ဘူး ဆိုရင်၊ လက်လျှော့ အရှုံးပေးလိုက်တာနဲ့ ဘာကွာတော့မှာလဲ။
"ဟီးဟီး... ကောင်မလေး... အံ့ဩ မှင်တက်သွားပြီ မဟုတ်လား..."
ဆွန်ဖုန်းက ကားမှန်ပြောင်းမှ တစ်ဆင့် အီဗာ အသေအလဲ လိုက်လာသည်ကို ကြည့်ရင်း အေးစက်စက် ရယ်မောလိုက်သည်။
တောင်ခြေတွင်မူ လူအုပ်ကြီးသည် အင်ဂျင်သံကြီးများ တဖြည်းဖြည်း နီးကပ်လာကာ ပိုမို ကျယ်လောင်လာသည်ကို ကြားလိုက်ရသည်။ ကားနှစ်စီး တောင်ခြေသို့ ရောက်ခါနီးပြီ ဖြစ်ပြီး အရှုံးအနိုင် ပေါ်တော့မည် ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
"အို ဘုရားသခင်... ရှေ့က ပြေးနေတဲ့ ကားက အဲဒီ လူရဲ့ ကားပဲ... အီဗာ သခင်မလေးက အနောက်မှာ ကျန်ခဲ့ပြီဟ"
"မဖြစ်နိုင်တာ... အီဗာ သခင်မလေး ရှုံးတော့မလို့လား... ပထမဆုံး အကြိမ် ရှုံးတာလား..."
"အဲဒီ လူသာ နိုင်သွားရင်... အီဗာ သခင်မလေးက သူ့ကို ကိုယ်လုံး အလှူခံရတော့မယ် ဆိုတဲ့ သဘောလား..."
လူအုပ်ကြီးမှာ အံ့ဩနေကြရင်း တစ်ဖက်မှလည်း တီးတိုး အတင်းအဖျင်း ပြောဆိုနေကြလေသည်။
"နိုင်မနိုင် ဆိုတာ နောက်ဆုံး လမ်းကွေ့ကျမှပဲ သိရမှာ"
အစောပိုင်းက လူငယ်သည်လည်း မျက်နှာပေါ်တွင် စိုးရိမ်မှုများ အပြည့်ဖြင့် ရှေ့သို့ အာရုံစိုက် ကြည့်နေသည်။ နောက်ဆုံး လမ်းကွေ့မှာ တောင်ခြေတွင် ရှိသဖြင့် လူအုပ်ကြီး အားလုံး ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
"ဆွန်ဖုန်း... ငါ နင့်ကို ကျော်တက်ရမယ်"
အီဗာက အမြန် ပြန်လိုက်လာသည်။ သူမ၏ ကားမောင်း ကျွမ်းကျင်မှုက အလွန် ကောင်းမွန်နေဆဲ ဖြစ်ရာ မကြာမီမှာပင် ဆွန်ဖုန်း၏ ကားနောက်သို့ ထပ်ကြပ်မကွာ ပြန်လည် ရောက်ရှိလာသည်။ အရင်က ဆွန်ဖုန်း သူမကားနောက်ကို ကပ်လိုက်ခဲ့သလိုမျိုးပင်။
မျက်စိရှေ့တွင် နောက်ဆုံး V ပုံသဏ္ဍာန် လမ်းကွေ့ကို မြင်နေရပြီ ဖြစ်သည်။ ဤလမ်းကွေ့ကို အရှိန်ပြင်းပြင်းဖြင့် ဖြတ်သန်းသွားရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ အကြောင်းမှာ ၎င်းက အလွန် မတ်စောက်ပြီး အလွန် ကွေ့ကောက်လွန်းသောကြောင့်ပင်။
သို့သော် ဆွန်ဖုန်းက အေးစက်စက် ပြုံးလိုက်ပြီး လီဗာကို နင်းကာ ကားကို အရှိန်အပြည့်ဖြင့် ဤလမ်းကွေ့ အတွင်းသို့ ဝင်ရောက်သွားလေသည်။
"ရှူး... ဒီလူ သေချင်နေတာလား... ဒီလောက် မတ်စောက်တဲ့ လမ်းကွေ့ကိုတောင် အရှိန်အပြည့်နဲ့ ဝင်သွားတယ်... ဒီ V ပုံသဏ္ဍာန် လမ်းကွေ့က ခုနက S ပုံသဏ္ဍာန် လမ်းကွေ့ထက် အများကြီး ပိုမတ်တယ်... သူ ရူးသွားပြီလား... ဒါမှမဟုတ် ငါ သူ့ကို ကျော်တက်သွားမှာ ကြောက်လို့လား..."
အီဗာက ဆွန်ဖုန်း ရုတ်တရက် အကွာအဝေးကို ချဲ့ပြီး လမ်းကွေ့ထဲ ဝင်သွားသည်ကို မြင်သောအခါ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
"အရှိန်လွန် လမ်းကွေ့ဖြတ်သန်းခြင်း"
ဆွန်ဖုန်းက ဘယ်ခြေဖြင့် ဘရိတ်ကို နင်းကာ၊ ညာခြေဖြင့် လီဗာကို နင်းလိုက်သည်။ ခြေထောက် နှစ်ဖက်ကို ခွဲဝေ အသုံးပြုကာ ကားကို လျင်မြန် သွက်လက်စွာ ထိန်းချုပ် မောင်းနှင်လိုက်သည်။
အနီရောင် ဖာရာရီ ပြိုင်ကားလေးသည် လေဆင်နှာမောင်း တစ်ခုလို ဤလမ်းကွေ့ကို လျင်မြန်စွာ ဖောက်ထွင်း ဖြတ်သန်းသွားတော့သည်။
ဤအရှိန်လွန် လမ်းကွေ့ဖြတ်သန်းခြင်း ၏ လမ်းကွေ့ ဖြတ်သန်းမှု လုပ်ဆောင်ချက်မှာ ပြောင်းပြန် လုပ်ဆောင်ရခြင်း ဖြစ်သည်။ အမြန် ဝင်ပြီး အနှေး ထွက်သည့် နည်းလမ်းဖြင့် လမ်းကွေ့ကို ဖြတ်သန်းရခြင်း ဖြစ်သည်။
ဤကားမောင်း နည်းပညာကို အသုံးပြုရန် ဆိုသည်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။
လမ်းကွေ့ အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ချိန်တွင် အကယ်၍ ထိန်းချုပ်မှု တစ်ခုခု လွဲချော်သွားပါက လျှောတိုက် ကွေ့ရန် မပြောနှင့်၊ လမ်းကွေ့ တစ်ဝက်လောက် အရောက်မှာတင် အရှိန်လွန်ပြီး ကားတစ်စီးလုံး လွင့်ထွက်သွားမည်မှာ သေချာလှသည်။
"ဒါ... ဒါက အရှိန်လွန် လမ်းကွေ့ဖြတ်သန်းခြင်းပဲ... အရမ်း အစွမ်းထက်လွန်းနေပြီ"
အီဗာ ဤတစ်ကြိမ်တွင်တော့ တကယ်ကို တုန်လှုပ် မှင်တက်သွားရလေပြီ။ နောက်ထပ် တစ်ကြိမ် အံ့ဩ ထိတ်လန့်သွားရခြင်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူမ ရှုံးသွားပြီ ဆိုသည်ကိုလည်း သိလိုက်ရသည်။
တကယ်ကို ရှုံးနိမ့်သွားပြီ။ လုံးဝကို ကျေကျေနပ်နပ် နှုတ်ဆိတ်သွားလောက်အောင် ရှုံးနိမ့်သွားခြင်းပင်။
ဆွန်ဖုန်း၏ ကားမှာ V ပုံသဏ္ဍာန် လမ်းကွေ့မှ ချက်ချင်း ထွက်လာပြီးနောက် တောင်ခြေရှိ ဝင်ပေါက်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားတော့သည်။
နောက်တွင် ကျန်ရစ်ခဲ့သော အီဗာမှာမူ ဆွန်ဖုန်း၏ အပြတ်အသတ် ဖြတ်ချခြင်းကို ခံလိုက်ရသည်။ ဆွန်ဖုန်း တကယ်ကို နိုင်သွားပြီ ဖြစ်သည်။ မည်သည့် သံသယမှ ဝင်စရာ မလိုအောင်ပင် နိုင်သွားခဲ့ပြီ ဖြစ်လေသည်။