← Chapters

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂) အာဏာသိမ်းဆည်းခြင်း

ထိုစဉ် ပင်မတံခါးပွင့်သွားပြီး ရှားဖေးယင်းက အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော ဂိုဏ်းဝင် လေးဦးနှင့်အတူ ဝင်လာကာ သူ၏နောက်တွင် ရှားယွမ်တုန်း လိုက်ပါလာခဲ့၏။

ဤထူးခြားသော လှုပ်ရှားမှုက လူအများ၏ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်း ထသွားစေသည်။

ထိုအနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဂိုဏ်းဝင် လေးဦးကို ရှားဖေးယင်းက အထူးလေ့ကျင့်ပေးထားခြင်းဖြစ်သည်။ သူတို့ကို သူ၏အမည်ခံ တပည့်တစ်ပိုင်းဟု သတ်မှတ်ကြသော်လည်း တကယ်တမ်းတွင်မူ ရှားဖေးယင်း၏အစစ်အမှန် အမာခံလက်အောက်ငယ်သားများဖြစ်ကြ၏။

ဤအနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဂိုဏ်းဝင်သုံးဆယ်ကျော်ရှိပြီး လူတိုင်းကို ရှားဖေးယင်း ကိုယ်တိုင်အတွင်းအားနှင့် သိုင်းပညာများ သင်ကြားပေးထားပါသည်။ အချို့မှာ ဟောက်ထျန်းအစောပိုင်းအဆင့်ခွန်အားကို ပိုင်ဆိုင်ထားပြီး ဤနေရာတွင်ရှိနေသော ခေါင်းဆောင်ကြီးအများအပြားထက်ပင် သာလွန်နေခဲ့၏။

ဤလူများတည်ရှိမှုကို တုန်းချန်ဝူနှင့် ဤနေရာတွင်ရှိနေသော အခြားခေါင်းဆောင်ကြီးများ အားလုံး သိထားပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေ ရှားဖေးယင်းက ဂိုဏ်းချုပ်ဖြစ်သဖြင့် သူ၏လက်ထဲတွင် ဝှက်ဖဲချပ်အချို့ရှိနေခြင်းမှာပုံမှန်ပင်။

သို့သော် ရှားဖေးယင်းက သူတို့ကိုယနေ့ အစည်းအဝေးခန်းမသို့ ခေါ်လာခြင်းမှာ အတော်လေးထူးဆန်းနေ၏။

ရှားဖေးယင်းက ရှားယွမ်တုန်းကိုပါ ယနေ့ခေါ်လာခြင်းမှာ ပို၍ပင်ထူးဆန်းနေသေးသည်။

ရှားယွမ်တုန်းက ယခင်က ဂိုဏ်းအစည်းအဝေးများတွင် တစ်ခါမျှမပါဝင်ခဲ့ဖူးပေ။ သို့ဆိုလျှင် ရှားဖေးယင်းက သူ၏အဖိုးတန်သားကို ယနေ့ ခေါ်လာခြင်းမှာ ဘာကိုဆိုလိုသနည်း။ ခန်းမသခင်သုံးဦးထဲတွင် အပါးနပ်ဆုံးဖြစ်သော ကျွမ်းလီ၏အမူအရာမှာ ပြောင်းလဲသွားခဲ့လေပြီ။

ဆုရှင်းက ဘာဖြစ်နေသနည်းဆိုတာကို ခန့်မှန်းမိသွားရာ သူ၏မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုပေါ်လာသည်။

လူတိုင်းထိုင်ပြီးနောက် ရှားဖေးယင်းက လေးနက်သော အသံဖြင့်ပြောလိုက်၏။ "လူကြီးမင်းတို့ ငါတို့ လင်းယုန်ပျံဂိုဏ်းရဲ့အနာဂတ် အစီအစဉ်အကြောင်းဆွေးနွေးဖို့ မင်းတို့အားလုံးကို ဒီနေ့ ငါခေါ်လိုက်တာပါ။"

"အားလုံးမြင်တဲ့အတိုင်းပဲ။ ချန်နင်စီရင်စုရဲ့ အခြေအနေက ငါတို့လင်းယုန်ပျံဂိုဏ်းဟာ ဂိုဏ်းသုံးဂိုဏ်းနဲ့အဖွဲ့လေးဖွဲ့ထဲက တစ်ခုအဖြစ်စာရင်းဝင်ထားရပေမဲ့။ တကယ်တမ်းကျတော့ ငါတို့က အောက်ဆုံးမှာရှိနေတယ်။"

"အဖွဲ့လေးဖွဲ့က အရမ်းအင်အားကြီးပြီး ဂိုဏ်းသုံးဂိုဏ်းက အရမ်းအားနည်းလွန်းတယ်။ ငါတို့ လင်းယုန်ပျံဂိုဏ်း။ မိုးပြာဝါးဂိုဏ်း နဲ့ ကျန်းရန် ဂိုဏ်းတို့ပေါင်းရင်တောင်၊ ငါတို့ရဲ့နယ်မြေက သူရဲကောင်းသုံးဖော်အသင်းလောက် မကျယ်ဝန်းဘူး။"

"ဒါကြောင့် ငါတို့ကြီးထွားလာချင်ရင်။ လူတွေ သတိထားရမယ့် အင်အားစုတစ်ခုဖြစ်လာချင်ရင်။ လင်းယုန်ပျံဂိုဏ်းက ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်။"

ခေါင်းဆောင်ကြီးအများအပြားမှာ အံ့အားသင့်သော အမူအရာများပြသလိုက်ကြပြီး ဂိုဏ်းချုပ် ဆေးမှားသောက်ထားသလားဟု တွေးမိလိုက်ကြ၏။ လင်းယုန်ပျံဂိုဏ်း၏လက်ရှိ အခြေအနေအရပြုပြင်ပြောင်းလဲမှုဆိုသည်မှာ လုံးဝဖြစ်နိုင်ခြေမရှိသော အရာတစ်ခုဖြစ်သည်။

သူရဲကောင်းသုံးဖော်အသင်းက ထင်ရှားကျော်ကြားလာရခြင်းမှာ သူတို့တွင် ဟောက်ထျန်း အထွတ်အထိပ်အဆင့်ရှိ အဖွဲ့ခေါင်းဆောင်သုံးဦး ရှိသောကြောင့် ဖြစ်သည်။ လင်းယုန်ပျံဂိုဏ်းတွင်သာ ထိုကဲ့သို့သော ခေါင်းဆောင်များရှိပါက သူတို့သည် မည်သည့်ပြုပြင်ပြောင်းလဲမှုမျှမလိုအပ်ဘဲ သူရဲကောင်းသုံးဖော်အသင်း နှင့် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

ပြုပြင်ပြောင်းလဲမှုဟူသော စကားလုံးကိုကြားသောအခါ ကျွမ်းလီ၏အမူအရာ ပြောင်းလဲသွားပြီး တုန်းချန်ဝူက တစ်ခုခုကိုခန့်မှန်းမိသွားပုံရကာ သူ၏မျက်နှာမှာ ပို၍မှိုင်းညို့လာတော့သည်။

ရှားဖေးယင်းက ဆက်ပြောသည်။ "ငါတို့ လင်းယုန်ပျံဂိုဏ်းရဲ့ မူလစနစ်က အရမ်းခေတ်နောက်ကျနေပြီ။ ဂိုဏ်းစစ်ပွဲတွေ စတဲ့အခါ ခေါင်းဆောင်ကြီးတွေ အားလုံးက သူတို့ရဲ့လက်အောက်ငယ်သားတွေကိုခေါ်ပြီး ဘာနည်းဗျူဟာမှမရှိဘဲ ဖြစ်သလို တိုက်ခိုက်ကြတာပဲ။"

"ဂိုဏ်းရဲ့ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှုက အရမ်းပြန့်ကျဲနေပြီး ညီညွတ်မှုမရှိဘူး။ ဒါကြောင့် အခုကစပြီးဂိုဏ်းက ဗဟိုချုပ်ကိုင်မှုစနစ်တစ်ခုကို ကျင့်သုံးမယ်။"

"ကြီးကြပ်ကွပ်ကဲခွင့်အာဏာကလွဲရင် ခန်းမသခင် လေးဦးရဲ့အာဏာတွေအားလုံးကို ဂိုဏ်းဆီ လွှဲပြောင်းပေးရမယ်။"

"တခြားခေါင်းဆောင်ကြီးတွေရဲ့နယ်မြေတွေနဲ့ လူအင်အားတွေကိုလည်း ဂိုဏ်းဆီလွှဲပြောင်းပေးရမယ်။ သူတို့ကိုလစဉ်ကြေးတွေ ကောက်ခံခွင့်မပြုတော့ဘူး။ အဲဒီအစားဂိုဏ်းက ဒီအခကြေးငွေတွေကိုကောက်ခံပြီးတစ်စိတ်တစ်ပိုင်းကို လစဉ်လစာအဖြစ်ခွဲဝေပေးမယ်။"

ဤသည်ကို ကြားသောအခါ ဤနေရာတွင် ရှိနေသူ အားလုံး၏မျက်နှာအရောင်များ ချက်ချင်းပြောင်းလဲသွားခဲ့၏။ ရှားဖေးယင်း ဘာလုပ်ဖို့ ကြိုးစားနေသနည်း။ ၎င်းမှာ သူတို့၏အာဏာအားလုံးကို ရုပ်သိမ်းပြီး သူတို့ပိုင်ဆိုင်ထားသမျှ အားလုံးကို ပြန်လည်ရယူရန်ကြံစည်နေခြင်းလော။

*ဒါက ဘယ်လို ဗဟိုချုပ်ကိုင်မှုစနစ်မျိုးလဲ။ ဒါက သူတို့ရဲ့အာဏာကို သိမ်းယူဖို့ကြိုးစားနေတယ်ဆိုတာ ရှင်းနေတာပဲ။*

"ဂိုဏ်းချုပ် ခင်ဗျား ဒီလိုလုပ်လို့မရဘူး။ ကျွန်တော်တို့သိမ်းပိုက်ထားတဲ့နယ်မြေတွေ အားလုံးကို ကျွန်တော်တို့ညီအစ်ကိုတွေ တာဝန်ယူရမယ်လို့ ခင်ဗျား ကတိပေးထားတာလေ။"

"ဟုတ်တယ် ဂိုဏ်းချုပ်။ ငါတို့ရဲ့နယ်မြေနဲ့ ငါတို့ရဲ့ လူတွေကိုဆုံးရှုံးသွားရင် ငါတို့က ဘယ်လိုခေါင်းဆောင်မျိုးဖြစ်သွားမှာလဲ။ စစ်သည်မရှိတဲ့ စစ်သူကြီးတွေနဲ့ ပိုတူသွားမှာပေါ့။"

ခေါင်းဆောင်ကြီးများမှာ ချက်ချင်းဒေါသပေါက်ကွဲသွားပြီး သူတို့၏ပြင်းထန်သော ကန့်ကွက်မှုများကို အော်ဟစ်လိုက်ကြသော်လည်း တုန်းချန်ဝူနှင့် ခန်းမသခင်နှစ်ဦးမှာမူ မှိုင်းညို့နေသော မျက်နှာများဖြင့် တိတ်ဆိတ်နေကြ၏။

ထိုးထွက်နေသောသံမှိုက ရိုက်သွင်းခံရမည်သာဖြစ်သည်။

ဤလူများက ၎င်းတို့၏ကန့်ကွက်မှုအလုပ်ဖြစ်မည်ဟု ထင်နေသည်လော။ ဂိုဏ်းချုပ်က ယခုလိုပြောရဲသည်မှာ သူတို့၏တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်လိမ့်မည်။

"အကုန်လုံး ပါးစပ်ပိတ်ထားကြစမ်း။ "

ရှားဖေးယင်းက အစည်းအဝေးခန်းမ တစ်ခုလုံးကို အကဲခတ်လိုက်ရင်း သူ့အကြည့်မှာ မှောင်မိုက်ပြီး အေးစက်နေခဲ့၏။

"မင်းတို့က ဒါကိုပြောရဲသေးတယ်ပေါ့။ ဒီနှစ်တွေ တစ်လျှောက်လုံး မင်းတို့ဘာတွေလုပ်နေခဲ့ကြလဲ။ ငါမသိဘူးလို့ မထင်နဲ့နော်။"

"မင်းတို့က ဂိုဏ်းရဲ့လစဉ်ကြေး ဝေစုတွေကို အလွဲသုံးစားလုပ်ပြီး လိမ်လည်လှည့်ဖြားမှုတွေ လုပ်ခဲ့ကြတယ်။ ဂိုဏ်းစစ်ပွဲတွေ အတွင်းမှာ မင်းတို့က ဘာအားထုတ်မှုမှမလုပ်ဘဲ မင်းတို့ရဲ့ကိုယ်ပိုင် အကျိုးအမြတ်သေးသေးလေးတွေကိုပဲ ဂရုစိုက်ခဲ့ကြတယ်။"

"လင်းယုန်ပျံဂိုဏ်းရဲ့နယ်မြေနဲ့ လူတွေက မင်းတို့ လက်ထဲမှာဆိုရင် စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ ပုပ်ဟက်သွားတော့မှာ။"

"ထပ်ပြီးကန့်ကွက်တဲ့သူ ဘယ်သူမဆို အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်။ ပြီးတော့ ဒီနှစ်တွေတစ်လျှောက်လုံးစုပုံလာခဲ့တဲ့ စာရင်းဟောင်းတွေအားလုံးကို ငါတို့ ရှင်းကြမယ်။"

ရှားဖေးယင်း၏စကားများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်ကို ခံစားမိသဖြင့် ဤလူများ ချက်ချင်း တိတ်ဆိတ်သွားကြ၏။

သူတို့ ဤနှစ်များတစ်လျှောက်လုံးတွင် အလွဲသုံးစားလုပ်ကာ ဓနဥစ္စာများစုဆောင်းခဲ့ကြရာ ရှားဖေးယင်းသာ သူတို့နှင့် စာရင်းရှင်းရန် ရည်ရွယ်ပါက မည်သူမျှလွတ်မြောက်နိုင်မည်မဟုတ်ချေ။

ထို့အပြင် ရှားဖေးယင်းက မည်သူဖြစ်သည်ကို သူတို့ မမေ့ကြသေးပေ။ လွန်ခဲ့သောဆယ်နှစ်ကျော်က သူကမည်သည့်အကြောင်းပြချက်မှ မရှိဘဲ လူသတ်နိုင်သလို ယခုလည်းထိုသို့သာဖြစ်လိမ့်မည်။

ခေါင်းဆောင်ကြီး အများအပြားအညံ့ခံလိုက်သည်ကို မြင်သောအခါ ရှားဖေးယင်းက သူ၏အကြည့်ကို ဆုရှင်းနှင့် အခြား ခန်းမသခင်လေးဦးထံသို့ ပြောင်းလိုက်၏။ "မင်းတို့မှာ တခြားကန့်ကွက်စရာ ရှိသေးလား။"

တုန်းချန်ဝူနှင့် အခြားနှစ်ဦးက သူတို့၏အကြည့်များကို ဆုရှင်းထံသို့ ပြောင်းလိုက်ကြ၏။

သူတို့တွင် သေချာပေါက်ထင်မြင်ချက်များရှိသော်လည်း ၎င်းတို့ကို ထုတ်ပြောရန် မဝံ့ရဲကြပေ။

ရှားဖေးယင်းပြောသကဲ့သို့ပင် သူတို့ ပိုင်ဆိုင်ထားသမျှအားလုံးမှာ ရှားဖေးယင်း ပေးထားခြင်းသာ ဖြစ်သည်။ အကယ်၍ ရှားဖေးယင်းက သူတို့၏အာဏာကို ပြန်သိမ်းယူရန်အမှန်တကယ် ဆုံးဖြတ်ထားပါက ခန်းမသခင်သုံးဦး ပူးပေါင်းလျှင်ပင် ရှားဖေးယင်းကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ယခု လင်းယုန်ပျံဂိုဏ်းတွင် ရှားဖေးယင်းနှင့် စေ့စပ်ဆွေးနွေးနိုင်သူတစ်ဦးတည်းသာ ရှိပါသည်။ ထိုသူမှာ ဆုရှင်းပင်။

ဆုရှင်း အထက်သို့ တက်လှမ်းလာခြင်းမှာ ရှားဖေးယင်းနှင့် ဘာမှမသက်ဆိုင်ပေ။ ဟွမ်ပင်းချန်နှင့် လီဟွိုင်တို့မှာ သူ၏လက်အောက်ရှိ ခေါင်းဆောင်ကြီးများဖြစ်သော်လည်း သူတို့က ဆုရှင်းအပေါ်သာ သစ္စာရှိကြ၏။

ထို့အပြင် သူ့၏အမိန့်အောက်ရှိ အမာခံဂိုဏ်းဝင် ငါးရာနီးပါးမှာ ဆုရှင်းက သူ့ငွေကြေးဖြင့်ဂရုတစိုက်မွေးမြူထားခြင်းဖြစ်ပြီး မည်သူကမျှ သူတို့ကို ခေါ်ဆောင်သွား၍မရနိုင်ပေ။

ဆုရှင်းက လီကျုံးဟယ်ကို သတ်နိုင်သည့် စွမ်းရည်ရှိသဖြင့် ယခုအခါလင်းယုန်ပျံဂိုဏ်းတွင် ရှားဖေးယင်းကို မရဘူးဟု ပြောနိုင်သောတစ်ဦးတည်းသောသူသာ ဖြစ်သည်။

တုန်းချန်ဝူက ယခင်က ဆုရှင်းနှင့် သဘောထား ကွဲလွဲခဲ့ပြီး သူ့ကိုအလွန်မုန်းတီးခဲ့သော်လည်း ယခုမူ ဆုရှင်းမတ်တပ်ရပ်၍ ဆန့်ကျင်ရန်မစောင့်နိုင်တော့ပေ။

ဆုရှင်းက သူ၏နယ်မြေနှင့် အာဏာကိုမလွှဲပြောင်းပေးသရွေ့ ရှားဖေးယင်းက မည်ကဲ့သို့သူ့ကိုအတင်းအကျပ်လုပ်မည်နည်း။

ဆုရှင်းက ယခု တုန်းချန်ဝူနှင့် ၎င်းတို့အုပ်စုအတွက် သူတို့၏အာဏာကို ထိန်းသိမ်းရန်တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်လာခဲ့ရာ ၎င်းမှာ အတော်လေးရယ်စရာကောင်းနေပေသည်။

ရှားဖေးယင်းကလည်း ဆုရှင်းကို စောင့်ကြည့်နေခဲ့၏။ ဆုရှင်းသာ ကန့်ကွက်ရဲပါက နှစ်ဖက်စလုံး ပျက်စီးရမည်ဆိုလျှင်ပင် သူ့ကို ဖြုတ်ချပါလိမ့်မည်။

ဆုရှင်း၏ထိန်းချုပ်မှုအောက်ရှိ အင်အားစုများမှာ သူ၏လက်လှမ်းမမီသောနေရာတွင် လုံးဝရှိနေပြီး ဆုရှင်းကိုယ်တိုင်ကလည်း ခန်းမသခင် သုံးဦးထဲတွင် အသန်မာဆုံးဖြစ်သော်လည်း ရှားဖေးယင်း မကြောက်ပေ။

ဟောက်ထျန်းအထွတ်အထိပ် နှင့် ဟောက်ထျန်း အလယ်အလတ်အဆင့် ကြားတွင် ကြီးမားသော ကွာဟချက်ရှိနေသေး၏။ ဆုရှင်းက လီကျုံးဟယ်ကိုသတ်နိုင်လျှင်ပင် ရှားဖေးယင်းက ဆုရှင်းကို ဖြုတ်ချနိုင်မည်ဟု ယုံကြည်ချက်ရှိပါသည်။

၎င်း၏လက်ထဲမှ အာဏာနှင့် ပတ်သက်လျှင် သူသုံး၍မရမှတော့ ထိုအရာကိုဖျက်ဆီးပစ်လိုက်ခြင်းက ပိုကောင်းလိမ့်မည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဆုရှင်း ဖြည်းညှင်းစွာစကားပြောလာခဲ့၏။ "ဂိုဏ်းချုပ်ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောတူပါတယ်။ ဒါပေမဲ့ ငါတို့က န်းမသခင်တွေ ခေါင်းဆောင်ကြီးတွေလေ။ ငါတို့မှာ လက်အောက်ငယ်သားတွေ။နယ်မြေတွေ မရှိတာက တကယ်ကိုအဓိပ္ပာယ်မရှိဘူး။"

"ကျွန်တော် ယုံလဲ့ရပ်ကွက်နယ်မြေနဲ့ အသစ် စုဆောင်းထားတဲ့ဂိုဏ်းဝင်တွေကို လွှဲပြောင်းပေးနိုင်ပါတယ်။ ပညာပေးခန်းမကိုတောင် လွှဲပြောင်းပေးပါ့မယ်။ ကျွန်တော်လိုချင်တာက ပျော်ရွှင်ဖွယ်တောအုပ်နဲ့ ကျွန်တော့်ရဲ့မိတ်ဆွေဟောင်းတွေပဲ။"

ရှားဖေးယင်း၏နှုတ်ခမ်းများတွင် အပြုံးတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့၏။

ဆုရှင်း နောက်ဆုံးတွင် အလျှော့ပေးလိုက်လေပြီ။ သူသေချာပေါက် အလျှော့ပေးလိမ့်မည်ဟု ရှားဖေးယင်း သိထားခဲ့၏။

ဆုရှင်းက ရဲတင်းကာရူးသွပ်နေသူကဲ့သို့ အမြဲတစေ အထင်အမြင်ပေးလေ့ရှိသော်လည်း တကယ်တမ်းတွင် သူက အလွန်ဉာဏ်ကောင်းပါသည်။

ပြီးခဲ့သည့် အကြိမ်က သူ မန်ချုံးကိုသတ်လိုက်စဉ်က ထျဲဝူချင်ကို အကူအညီတောင်းနိုင်ခဲ့သော်လည်း ဤတစ်ကြိမ်မှာ သူတို့ ဂိုဏ်း၏အတွင်းရေးဖြစ်သည်။ ဆုရှင်းက ဂိုဏ်းချုပ်ဖြစ်သော သူ၏အမိန့်များကို ဖီဆန်နေခြင်းဖြစ်ရာ ထျဲဝူချင်က မည်ကဲ့သို့ ၎င်းအတွက်ရပ်တည်ပြီး စကားပြောထွက်မည်နည်း။

ဆုရှင်းက စည်းကမ်းချက်အနည်းငယ်ထပ်ထည့်ခဲ့သော်လည်း ရှားဖေးယင်းက ၎င်းတို့ကိုကြီးကြီးမားမားဟု မထင်ခဲ့ပေ။

ပျော်ရွှင်ဖွယ်တောအုပ်၏လစဉ် အမြတ်အစွန်းများမှာကြီးမားသော်လည်း ဂိုဏ်းချုပ်ဖြစ်သော သူက ၎င်းတို့ကို သတိပင်မထားမိချေ။

ဆုရှင်း၏နောက်လိုက် ငါးရာနီးပါးမှာ သူ၏သစ္စာရှိသောနောက်လိုက်များဖြစ်ကြပြီး သူတို့ကိုဆွဲဆောင်ရန် သူထံ၌နည်းလမ်း မရှိပေ။

ပြီးခဲ့သည့် အကြိမ်က ဆုရှင်းမန်ချုံးကို သတ်ပြီးနောက်တွင်ပင် သူတို့အားလုံးက ဆက်နေရန် ဆန္ဒရှိခဲ့ကြ၏။ ဤလူများက ဂိုဏ်းချုပ်ဖြစ်သောသူ လှုပ်ရှားခိုင်း၍ရသောသူများ မဟုတ်ပေ။

ထို့ကြောင့် ၎င်းတို့ကို ဆုရှင်းထံတွင်သာ ထားလိုက်မည်။

"ပြဿနာမရှိပါဘူး ခန်းမသခင်ဆုပြောတဲ့အတိုင်း လုပ်မယ်။ တခြားသူတွေလည်း အတူတူပါပဲ။ ငါ ရှားဖေးယင်းက နှလုံးသားမရှိတဲ့လူမဟုတ်ပါဘူး။ လူတိုင်းက သူတို့ရဲ့လူတချို့နဲ့ သေးငယ်တဲ့နယ်မြေလေးတစ်ခုကို သိမ်းထားလို့ရပါတယ်။"

"အပြစ်ပေးခန်းမ လက်အောက်က လူတွေကို ငါ မထိပါဘူး။ ဒါပေမဲ့ အခုကစပြီးအပြစ်ပေးခန်းမမှာ ကြီးကြပ်ကွပ်ကဲခွင့် အာဏာပဲရှိတော့မယ်၊ အပြစ်ပေးပိုင်ခွင့်မရှိတော့ဘူး။ ဘယ်လို အပြစ်ပေးမှုမျိုးကိုမဆိုဂိုဏ်းကို အစီရင်ခံရမယ်။"

"အထွေထွေခန်းမအတွက်လည်း အတူတူပါပဲ။ ဘယ်လိုဘဏ္ဍာရေးဝင်ငွေနဲ့ အသုံးစရိတ်မျိုးကိုမဆို အကောင်အထည်မဖော်ခင်အထွေထွေခန်းမကနေ အတည်ပြုချက်ရယူဖို့လိုအပ်တယ်။"

"စစ်ရေးခန်းမကို လှုပ်ရှားဖို့အတွက် ငါနဲ့ ခန်းမသခင်လင်း နှစ်ယောက်စလုံးရဲ့ပူးတွဲ အတည်ပြုချက် လိုအပ်တယ်။"

အခြားခေါင်းဆောင်ကြီးများအတွက်မူ တစ်ဦးစီက သူတို့၏အမိန့်အောက်တွင် လူဆယ်ဦးထားခွင့်ရှိပြီး လမ်းတစ်လမ်း၏နယ်မြေကို ထိန်းချုပ်ခွင့်ရှိကာ ကျန်ရှိနေသည်များကို ဂိုဏ်း၏ထိန်းချုပ်မှုအောက်သို့ ပြန်လည်အသိမ်းခံရမည်။

ရှားဖေးယင်းက လက်ဝှေ့ယမ်းကာ ဆုံးဖြတ်ချက်ကိုကြေညာလိုက်ရာ ဤနေရာတွင်ရှိနေသူ အားလုံး၏မျက်နှာများမှာ ချက်ချင်း အလွန် ဆိုးရွားသွားပြီးအထူးသဖြင့် ကျွမ်းလီနှင့် တုန်းချန်ဝူတို့ပင်။

ရှားဖေးယင်းက သူတို့၏လက်အောက်ငယ်သားများ အားလုံးကိုမသိမ်းယူခဲ့သော်လည်း သူတို့၏အာဏာအားလုံးကိုမူ ပြန်လည်ရုပ်သိမ်းခဲ့သည်။

အပြစ်ပေးပိုင်ခွင့်မရှိလျှင် အပြစ်ပေးခန်းမက လေကုန်မည့်စကားလုံးများကိုသာ ပြောဆိုနိုင်ပါတော့မည်။ ဤအရာက မည်သို့သော အပြစ်ပေးခန်းမမျိုးဖြစ်သနည်း။

အထွေထွေခန်းမကို ရှားဖေးယင်းက လုံးဝဘေးဖယ်ထားလိုက်ပြီး ဘဏ္ဍာရေးလွှဲပြောင်းမှုတိုင်းကို ဗဟိုဌာနထံမှ အတည်ပြုချက်ရယူရန် လိုအပ်သဖြင့် သူတို့က ၎င်းမှအကျိုးအမြတ်ရရှိရန် မျှော်လင့်နိုင်တော့မည် မဟုတ်ပေ။

ဆုရှင်း၏အလျှော့ပေးမှုက တုန်းချန်ဝူနှင့် အခြားသူများကို အံ့အားသင့်သွားစေခဲ့၏။ ဆုရှင်း၏ စရိုက်အရ သူ ရှားဖေးယင်းနှင့် သေချာပေါက် အဆင်မပြေဖြစ်မည်ဟု သူတို့ မူလက ထင်မှတ်ထားခဲ့သည်။

သူက ဤအချိန်တွင်နောက်ဆုတ်သွားပြီး ကြီးမားလှသောယုံလဲ့ရပ်ကွက်ကို မိမိသဘောဆန္ဒအလျောက်စွန့်လွှတ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ခန်းမသခင် လေးဦးထဲတွင် အသန်မာဆုံးဖြစ်သော ဆုရှင်းက အလျှော့ပေးလိုက်ပြီဖြစ်သည်။ သူတို့က ဘာအတွက်ခေါင်းမာပြီးခုခံနေဦးမည်နည်း။

သူတို့ ကိုင်စွဲထားသောအာဏာကို နာခံစွာသာ လွှဲပြောင်းပေးရန်တတ်နိုင်တော့သည်။

ရှားဖေးယင်း၏ စိတ်အခြေအနေမှာ အလွန် ကောင်းမွန်နေခဲ့၏။ ယနေ့ကိစ္စများ ဤမျှချောမွေ့စွာပြီးဆုံးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူက ပြဿနာကို စကားအနည်းငယ်ဖြင့် ဖြေရှင်းနိုင်ခဲ့သည်။ မူလက သူပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုချပြီး ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

သူ၏လက်အောက်ငယ်သားများထံမှ အာဏာကို အောင်မြင်စွာပြန်လည်ရယူပြီးနောက် နောက်တစ်ဆင့်မှာ သူ၏သားကို မီးမောင်းထိုးပြရန် ဖြစ်သည်။

ရှားဖေးယင်းက ရှားယွမ်တုန်းကို ရှေ့သို့ထွက်လာရန်လက်ဟန်ပြလိုက်ပြီး ပြောလိုက်၏။ "ယွမ်တုန်းက ငါတို့အားလုံးရဲ့အကြည့်အောက်မှာကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် သဘာဝကျကျပဲလင်းယုန်ပျံဂိုဏ်းကိုအနာဂတ်မှာ သူ့ဆီလွှဲပေးရမှာပေါ့။ ဒါကြောင့် ယွမ်တုန်းကို ဂိုဏ်းရဲ့တာဝန်တွေကိုအချိန်မတိုင်ခင် ဆက်ခံခိုင်းဖို့ ငါဆုံးဖြတ်လိုက်တယ်။ ရွှန်းရီရပ်ကွက်နဲ့ အပြစ်ပေးခန်းမကို ယွမ်တုန်းက အခုကစပြီးစီမံခန့်ခွဲလိမ့်မယ်။"

ဤအချိန်တွင် ရှားယွမ်တုန်းက ရုတ်တရက်ပြောလာခဲ့၏။ "အဖေ ကျွန်တော်က ယုံလဲ့ရပ်ကွက်နဲ့ ပညာပေးခန်းမကို တာဝန်ယူချင်တယ်။"

ရှားဖေးယင်း ချက်ချင်း မျက်မှောင်ကြုတ်သွား၏။ ယုံလဲ့ရပ်ကွက်နှင့် ပညာပေးခန်းမတို့မှာ မူလက ဆုရှင်း၏နယ်မြေများ ဖြစ်သည်။

ယခု ဆုရှင်းက သူ၏နယ်မြေနှင့် ခန်းမများကို လွှဲပြောင်းပေးလိုက်သည်နှင့် ၎င်းတို့ကို သားဖြစ်သူထံ လွှဲပြောင်းပေးလိုက်ခြင်းမှာ ပါးဖြတ်ရိုက်ခြင်းနှင့် တူလွန်းလှသည်။

ဤအရာက ဆုရှင်းကိုဒေါသထွက်စေပြီး သူ့ကို ဆန့်ကျင်လာအောင်လုပ်နေခြင်း မဟုတ်လော။

ရှားဖေးယင်းက လက်တစ်ချောင်းမျှမလှုပ်ဘဲ လင်းယုန်ပျံဂိုဏ်း၏အခွင့်အရေး အားလုံးကို ပြန်လည်ရယူလိုခြင်း ဖြစ်သည်။ ယခု ရှားယွမ်တုန်းက ဤကိစ္စကိုရုတ်တရက် လုပ်ဆောင်လိုက်သဖြင့် ၎င်းကဆုရှင်းကို ဒေါသထွက်စေပြီး ပြဿနာများထပ်မံ ဖြစ်ပွားလာမည်ကို သူ တကယ်ကို စိုးရိမ်နေခဲ့၏။

ရှားဖေးယင်းလည်း ဇဝေဇဝါဖြစ်နေပါသည်။ သူ၏သားက ဆုရှင်းနှင့် ယခင်က မည်သည့် ရန်ငြိုးမျှမရှိခဲ့ဘဲ လက်ရှိအခြေအနေမျိုးတွင် အဘယ်ကြောင့်ရုတ်တရက်ထွက်လာကာ ဆုရှင်းကို မျက်နှာပြောင်တိုက်ရဲရသနည်း။

All Chapters