← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃) ခမ်းနားသော အဆောက်အအုံတည်ဆောက်ပြီးမှ ပြိုကျသွားသည်ကို စောင့်ကြည့်ခြင်း

ရှားယွမ်တုန်းနှင့် ဆုရှင်းတို့ကြားတွင် မည်သည့် ရန်ငြိုးမျှ မရှိခဲ့ပေ။ သူတို့ ယခင်က စကားတစ်ခွန်းမျှပင် မပြောဖူးခဲ့ချေ။

ယနေ့ ဆုရှင်း၏နယ်မြေနှင့် ရာထူးကို သူ လူသိရှင်ကြားသိမ်းယူခဲ့ခြင်းမှာ ဆုရှင်းကို မနာလို ဖြစ်သောကြောင့်ပင်။

သေစေနိုင်သော အပြစ်ခုနစ်ပါးထဲတွင် မနာလိုခြင်းကလည်း ပါဝင်သည်။

သူတော်စင်တစ်ဦးပင်လျှင် သူ၏ဘဝတစ်လျှောက်လုံး မနာလိုမှုကိုမခံစားဖူးဘူးဟု မပြောရဲပေ။ ရှားယွမ်တုန်းဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

တကယ်တမ်းတွင် ရှားယွမ်တုန်းက ဆုရှင်း၏အောင်မြင်မှုများကို သိပ်ဂရုမစိုက်ခဲ့ပါဘူး။

သူ့စိတ်ထဲတွင် ဆုရှင်း မည်မျှပင်ထူးချွန်နေပါစေ သို့မဟုတ် နယ်မြေမည်မျှပင် သိမ်းပိုက်နိုင်ပါစေ။ သူက ရှားမိသားစုမွေးထားသော ခွေးတစ်ကောင်မျှသာဖြစ်သည်။ သူ၏အမိန့်အောက်ရှိ ခွေးတစ်ကောင်ကို သူဘာကြောင့် မနာလိုဖြစ်ရမည်နည်း။

သို့သော် မကြာသေးမီက ရှားဖေးယင်းက ဆုရှင်းအကြောင်း အဆက်မပြတ်ညည်းတွားနေခဲ့ပြီး သူ့တွင်သာ ဆုရှင်း၏ခွန်အား တစ်စိတ်တစ်ပိုင်းရှိလျှင် ဘာကိုမှစိုးရိမ်စရာ မလိုတော့ကြောင်း ပြောဆိုနေခဲ့၏။

ဤသည်က ရှားယွမ်တုန်းကို အလွန်မပျော်မရွှင် ဖြစ်စေခဲ့သည်။

ဆုရှင်းက သူမွေးထားသော ခွေးတစ်ကောင်မျှသာ ဖြစ်သည်။ ဆုရှင်းကယုံလဲ့ရပ်ကွက်ကို စီမံခန့်ခွဲနိုင်လျှင် သူကရော အဘယ်ကြောင့်မစီမံခန့်ခွဲနိုင်ရမည်နည်း။ ဆုရှင်းက ပညာပေးခန်းမကို တည်ဆောက်နိုင်လျှင် သူကရော အဘယ်ကြောင့်လွဲပြောင်းယူလို့မရနိုင်ရမည်နည်း။

ဤမကျေနပ်မှုကြောင့်ပင် သူက ဆုရှင်း၏နယ်မြေနှင့် ရာထူးကို အတင်းအကျပ်သိမ်းယူဖို့တောင်းဆိုခဲ့ပြီး သူဆုရှင်းထက်မညံ့ဖျင်းကြောင်း သူ့အဖေကို ပြသချင်ခဲ့၏။

ယခုအချိန်တွင် အစည်းအဝေးခန်းမမှာ တိတ်ဆိတ်နေပြီး တုန်းချန်ဝူနှင့် အခြားသူများ အားလုံးက ဆုရှင်းကို ကြည့်နေကြ၏။

အခြေအနေများ မျှော်လင့်ချက်မရှိတော့ဟု သူတို့ ထင်ခဲ့သော်လည်း ရှားယွမ်တုန်းက သူတို့ကိုကူညီရန် ဝင်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

*ဆုရှင်း မင်းကတော့ နေရာမှာတင်ပါးရိုက်ခံလိုက်ရပြီပဲ။ မင်း ဒါကို သည်းခံနိုင်သေးလား။*

ကံမကောင်းစွာဖြင့် ဆုရှင်းက သူတို့ကို စိတ်ပျက်သွားစေခဲ့၏။ ရှားယွမ်တုန်း၏ရန်စသော အကြည့်ကို ရင်ဆိုင်ရချိန်တွင် ဆုရှင်းက ၎င်းကိုမမြင်သည့်အလား သူ၏ထိုင်ခုံတွင် တည်ငြိမ်စွာ ဆက်လက် ထိုင်နေခဲ့သည်။

ရှားဖေးယင်း သက်ပြင်းချလိုက်၏။ မမျှော်လင့်ထားသောရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရန် သူက ချက်ချင်း ပြောလိုက်သည်။ "အားလုံးပဲ၊ ပြန်သွားပြီး ပြင်ဆင်ကြပါ။ လွှဲပြောင်းမှုတွေကို သုံးရက်အတွင်း အပြီးသတ်ရမယ်။"

အခွင့်အရေးမရှိတော့ကြောင်း မြင်သောအခါ လူတိုင်းက နာကြည်းမှုမကျေနပ်မှုများဖြင့် ထွက်သွားကြသည်။

ဆုရှင်းက လက်ဝှေ့ယမ်းကာ လီဟွိုင်နှင့် ဟွမ်ပင်းချန်တို့ကို ထွက်ခွာရန်အချက်ပြလိုက်၏။

ပင်မခန်းမမှ ထွက်လာပြီးနောက် လမ်းတစ်လျှောက်လုံးဒေါသကို မြိုသိပ်ထားခဲ့သော ဟွမ်ပင်းချန်က နောက်ဆုံးတွင်ပေါက်ကွဲသွားတော့သည်။ "ဂိုဏ်းချုပ်က ဘာသဘောလဲ။ ငါတို့ အပင်ပန်းခံပြီးသိမ်းပိုက်ထားတဲ့ နယ်မြေကိုဂိုဏ်းဆီ ဘာလို့ပြန်ပေးရမှာလဲ။"

"ဒါက ဘာလဲ။ လားတစ်ကောင်ကို အသုံးချပြီးတော့ စွန့်ပစ်လိုက်တာလား။ တောက်...

မဟုတ်သေးဘူး။ ယုန်ကိုဖမ်းပြီးတောပ အမဲလိုက်ခွေးကို ချက်စားလိုက်တာလား။ တောက်... အဲဒါလည်း မဟုတ်သေးဘူး။"

ဆုရှင်းက သူ၏ပခုံးကို ပုတ်ကာ ပြောလိုက်၏။ "ကောင်းပြီ မင်းရဲ့စကားပုံတွေ ထုတ်ကြွားနေတာကို ရပ်လိုက်တော့။ မင်း ဘာဆိုလိုချင်လဲဆိုတာ ငါ သိပါတယ်။"

"ခေါင်းဆောင် ဒီအကြောင်းကို သိနေမှတော့ အဲဒီအချိန်က ဘာလို့မကန့်ကွက်ခဲ့တာလဲ။ အဆိုးဆုံးကတော့ လင်းယုန်ပျံဂိုဏ်းကနေ ငါတို့ခွဲထွက်လိုက်မယ်။ သူတို့က ငါတို့ကိုမလိုချင်ရင်။ လိုချင်တဲ့ တခြားနေရာတွေ အများကြီးရှိတာပဲ။"

လီဟွိုင်ကလည်း ဆုရှင်းကို မေးခွန်းထုတ်သည့် အကြည့်ဖြင့်ကြည့်လိုက်ရင်း သူသည်လည်း ဟွမ်ပင်းချန်ကဲ့သို့ တူညီသော အတွေးမျိုးရှိနေကြောင်း ရှင်းလင်းနေ၏။

သူတို့က ဆုရှင်းနောက်သို့ လိုက်ခဲ့သည်မှာ သိပ်မကြာသေးသော်လည်း သူတို့၏ခေါင်းဆောင်က မတရားမှုများကို ဘယ်သောအခါမျှငြိမ်ခံမည့်သူ မဟုတ်ကြောင်း သူတို့ သိထားကြ၏။

ဆုရှင်း၏နှုတ်ခမ်းများတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုထွက်ပေါ်လာခဲ့၏။ "လင်းယုန်ပျံဂိုဏ်းကို ပုန်ကန်မယ်။ ငါတို့က ဘာလို့ပုန်ကန်ရမှာလဲ။ ငါတို့က လင်းယုန်ပျံဂိုဏ်းကို တကယ်ပုန်ကန်လိုက်ရင် ပညာပေးခန်းမအတွက် ငါတို့တည်ဆောက်ထားတဲ့ ဂုဏ်သတင်းတွေအားလုံး အလဟဿဖြစ်သွားမှာ မဟုတ်ဘူးလား။"

"စိတ်မပူပါနဲ့။ ဒီနေ့ ငါတို့ရဲ့နယ်မြေနဲ့ ခန်းမကို လွှဲပေးလိုက်ရပေမဲ့ အနာဂတ်မှာ ငါတို့ကပိုကြီးမားတဲ့ အကျိုးအမြတ်တွေကို ရိတ်သိမ်းရမှာပါ။"

"စကားပုံတစ်ခု ရှိတယ်လေ။ သူခမ်းနားတဲ့ အဆောက်အအုံကြီးကို တည်ဆောက်နေတာကို ကြည့်။ သူဧည့်သည်တွေကို ဧည့်ခံနေတာကို ကြည့်၊ ပြီးတော့ သူ့အဆောက်အအုံကြီး ပြိုကျသွားတာကိုကြည့်တဲ့။"

"ငါတို့က စောင့်ကြည့်နေရုံပဲ။ ဘာမှလုပ်စရာမလိုဘူး။ သူတို့ယူသွားလို့ မရတဲ့အရာတချို့ရှိတယ်။"

လီဟွိုင်နှင့် ဟွမ်ပင်းချန်တို့ရ ဆုရှင်းဘာကို ဆိုလိုသနည်းဆိုတာကို သေချာ နားမလည်သေးသော်လည်း သူတို့၏ခေါင်းဆောင်မှာ အလွန် ယုံကြည်မှုရှိနေသည်ကို မြင်ရသဖြင့် သက်သာရာ ရသွားကြ၏။

ဆုရှင်းခန်းမထဲသို့ ပြန်ရောက်သောအခါ စနစ်၏အသံက သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဘေးထွက်မစ်ရှင် ဖွင့်လိုက်ပါပြီ - အဆိပ်မရှိရင် ယောကျ်ားမဟုတ်။ မစ်ရှင်ရှင်းလင်းချက် - ဗီလိန်ဆိုတာ လူကြီးလူကောင်းမဟုတ်ဘူး။ အဆိပ်မရှိရင် ယောကျ်ားမဟုတ်ဘူး။ တစ်ယောက်ယောက်က ငါ့ကိုစော်ကားရင် ငါ သူတို့ကိုဆယ်ဆပြန်ပေးဆပ်ခိုင်းမယ်။ ရှားဖေးယင်းနဲ့ ရှားယွမ်တုန်းတို့ကို သုံးလအတွင်းသတ်ဖြတ်ပါ။"

"အောင်မြင်ပါက အလယ်အလတ်အဆင့် မဲဖောက်ခွင့် ၁ ကြိမ်နဲ့ ဗီလိန်အမှတ် ၃၀၀ ဆုချီးမြှင့်ပါမယ်။ ကျရှုံးပါက ဗီလိန်အမှတ် ၃၀၀ နဲ့ အလယ်အလတ်အဆင့် မဲဖောက်ခွင့် ၁ ကြိမ် နုတ်ယူပါမယ်။ အကယ်၍ သင့်မှာ အလယ်အလတ်အဆင့် မဲဖောက်ခွင့် အလုံအလောက်မရှိရင်၊ ကွာခြားချက်ကို ဖြည့်ဖို့ဗီလိန်အမှတ်တွေကို သုံးနိုင်ပါတယ်။"

"မစ်ရှင်ကို စွန့်လွှတ်ခြင်း - ဆုကြေး မရှိ၊ ပြစ်ဒဏ် မရှိ။"

"ကျေးဇူးပြုပြီး ဘေးထွက်မစ်ရှင်ကို လက်ခံမလားဆိုတာ ရွေးချယ်ပါ။"

ဤသည်မှာ ဆုရှင်း ဘေးထွက်မစ်ရှင်တစ်ခုကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်းပင်။

ဤဘေးထွက်မစ်ရှင်အတွက် ဆုကြေးများမှာ ပင်မမစ်ရှင်ကဲ့သို့မများသော်လည်း ကျရှုံးမှုအတွက် ပြစ်ဒဏ်များမှာလည်း ပိုသေးငယ်လေ၏။ သင် ရရှိမည့် ဆုကြေးပမာဏနှင့် သင်ရရှိမည့် ပြစ်ဒဏ်ပမာဏမှာ အတူတူပင်ဖြစ်ပြီး ၎င်းကို စွန့်လွှတ်ရန် ရွေးချယ်နိုင်သဖြင့် သင့်အား လွတ်လပ်မှုများစွာ ပေးထားပါသည်။

"လက်ခံတယ်။" ဆုရှင်း မဆိုင်းမတွပြန်ဖြေလိုက်၏။

ယခင်ကဆိုလျှင် ဆုရှင်းက ဤဘေးထွက်မစ်ရှင်ကို လက်ခံခဲ့မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ရှားဖေးယင်းက ဟောက်ထျန်းအထွတ်အထိပ်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ဂိုဏ်းတစ်ခု၏ခေါင်းဆောင် ဖြစ်သည်။ သူ့ကို သုံးလအတွင်း သတ်ချင်ပါက ဆုရှင်းမည်မျှပင် ယုံကြည်မှု ရှိနေပါစေ။ ကျရှုံးနိုင်ခြေ ၅၀% ကျော်ရှိသော မစ်ရှင်တစ်ခုကို လက်ခံမည်မဟုတ်ပေ။

သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားလေပြီ။ ရှားဖေးယင်း၏ ဗဟိုချုပ်ကိုင်မှုပြုပြင်ပြောင်းလဲရေးဆိုသည်ကို ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းဟုသာ ဆုရှင်းမြင်ပါသည်။

အကယ်၍ ရှားဖေးယင်းက လင်းယုန်ပျံဂိုဏ်း၏အကောင်းဆုံးအကျိုးစီးပွားကို အမှန်တကယ်စိတ်ထဲထားရှိပြီး ဂိုဏ်း၏အာဏာကို တဖြည်းဖြည်းစုစည်းကာ ဗဟိုချုပ်ကိုင်မှုစနစ်တစ်ခုကို တည်ဆောက်နေမည်ဆိုပါက၊ ဆုရှင်း တကယ် ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

ကံမကောင်းစွာဖြင့် လင်းယုန်ပျံဂိုဏ်းကို သူ၏သားထံ လွှဲပြောင်းပေးရန်အတွက် ရှားဖေးယင်းက သူ၏ထိပ်တန်း ခေါင်းဆောင်များနှင့် ခန်းမသခင်များ၏အာဏာကို အတင်းအကျပ်ရုပ်သိမ်းခဲ့ပြီး သူတို့ကိုခွေးများကဲ့သို့ ဆက်ဆံကာ သူတို့ထံမှ လိုချင်သမျှကိုယူဆောင်ခဲ့၏။ ခွေး‌တစ်ကောင်ပင်လျှင် ထောင့်ပိတ်ခံရပါက ပြန်ကိုက်တတ်သည်မဟုတ်လော။

ဆုရှင်းက ဟွမ်ပင်းချန်ကိုပြောသကဲ့သို့ပင်။

သူအား ခမ်းနားသည့်အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ပါစေ။ ဧည့်သည်များကိုလည်း ဧည့်ခံပါစေ။ နောက်ဆုံးတွင် အဆောက်အအုံကြီးကပြိုကျရမည်သာဖြစ်၏။

ဆုရှင်းက ဤကိစ္စတွင် အစပိုင်း၌ဝင်စွက်ဖက်ရန် မလိုအပ်သလို ရည်ရွယ်ချက်လည်းမရှိခဲ့ပေ။ ပဋိပက္ခက အတိုင်းအတာတစ်ခုအထိ ကြီးထွားလာသည်နှင့်အမျှ ၎င်းကိုမီးလောင်ပေါက်ကွဲစေရန် မီးပွားလေးတစ်ခုမျှသာ လိုအပ်ပါတော့မည်။

သူ၏အမာခံအဖွဲ့ဝင် ၅၀၀ နီးပါးအပြင် ဆုရှင်းက ပညာပေးခန်းမ၏ခေါင်းဆောင် ဖြစ်လာပြီးနောက် နောက်ထပ် လူ ၂၀၀၀ နီးပါးကို ထပ်မံ စုဆောင်းနိုင်ခဲ့သည်။

ဤတစ်ကြိမ်တွင် ဆုရှင်းက အထူး စိစစ်ရွေးချယ်မှုများ မလုပ်ခဲ့ပေ။ သာမန် ဂိုဏ်းဝင်များ၏သတ်မှတ်ချက်များနှင့် ကိုက်ညီသရွေ့ သူ အားလုံးကို လက်ခံခဲ့၏။ သေချာသည်မှာ လစဉ်ကြေးမှာ ငွေတစ်ပြားခွဲသာဖြစ်သည်။

ထိုသို့ဖြစ်လင့်ကစား လူအများအပြားက ဆုရှင်း၏အဖွဲ့သို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေကြဆဲပင်။

လစဉ်လစာငွေတစ်ပြားခွဲ ဆိုသည်မှာ ချန်နင်စီရင်စုတစ်ခုလုံးတွင် မြင့်မားသည်ဟု သတ်မှတ်ခံရ၏။ ကပ်စေးနဲသော ခေါင်းဆောင်အချို့ဆိုလျှင် တစ်လကို ငွေတစ်ပြားပင် မရရှိကြချေ။

ဤလူများကို ပြန်လည်ဖွဲ့စည်းပြီးနောက် သုံးရက်အကြာတွင် ရှားယွမ်တုန်းက သူ၏လူများကို ဦးဆောင်ကာ ယုံလဲ့ရပ်ကွက်၏နယ်မြေနှင့် ပညာပေးခန်းမကို လွှဲပြောင်းယူရန်ရောက်ရှိလာခဲ့သည်။

ရှားယွမ်တုန်းနှင့်အတူ လိုက်ပါလာသူမှာ ခေါင်းဆောင်ကြီးများထဲမှ တစ်ဦးဖြစ်သော ရွှီချန်ပင်။ ဤလူက ခေါင်းဆောင်ကြီး ဆယ့်သုံးဦးထဲတွင် အထူးတလည်သတိထားမိလောက်အောင် မထင်ရှားခဲ့သော်လည်း ယနေ့တွင် သူက အပါးနပ်ဆုံးသူဖြစ်လာခဲ့၏။

သူ၏အာဏာကို ဂိုဏ်းချုပ်က ပြန်လည်သိမ်းယူခဲ့သော်လည်း သူက အိမ်တွင်အနားယူရန် ဆန္ဒမရှိသဖြင့် သူ၏တစ်ခုတည်းသော ထွက်ပေါက်မှာ ရှားယွမ်တုန်းနောက်သို့ လိုက်ကာ သူ၏လက်အောက်ရှိ အမည်ခံခေါင်းဆောင်ကြီးတစ်ဦး ဖြစ်လာရန်ပင် ဖြစ်သည်။

၎င်းမှာ ဒေသခံအာဏာရှင် တစ်ဦး၏ဘဝနှင့် မယှဉ်နိုင်သော်လည်း အနည်းဆုံးတော့ အိမ်ပြန်ပြီး အနားယူတာထက် ပိုကောင်းပါသည်။

ရှားယွမ်တုန်းက ငယ်ရွယ်လွန်းပြီး ဂိုဏ်းကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့အကြုံမရှိပေ။ ရွှီချန်ကဲ့သို့သော အသက်ကြီးသူ တစ်ဦးက သူ့ဘေးတွင်ရှိနေပြီး လမ်းညွှန်မှု အချို့ပေးပါက ကြီးမားသော ပြဿနာတစ်စုံတစ်ရာ ဖြစ်လာမည်ကို စိုးရိမ်စရာ မရှိချေ။

ထို့ကြောင့် ရှားဖေးယင်းက သူ့ကို ရှားယွမ်တုန်း၏ ဘေးတွင် နေခွင့်ပြုခဲ့ခြင်းဖြစ်၏။

"လူငယ်ခေါင်းဆောင် ဒါက ယုံလဲ့ရပ်ကွက်ရဲ့စာရင်းဇယားနဲ့ ဒီလရဲ့ဝင်ငွေပါပဲ။"

ဆုရှင်းက ဟွမ်ပင်းချန်သုံးရက်အတွင်း ပြုစုထားသော စာရင်းဇယားကို လွှဲပြောင်းပေးလိုက်သော်လည်း ရှားယွမ်တုန်းက နှာခေါင်းရှုံ့ရုံသာ ပြုလုပ်ပြီး သူ၏လက်အောက်ငယ်သားများကို စာရင်းဇယားကို ယူခိုင်းလိုက်၏။

ဆုရှင်းက ၎င်းကို စိတ်ထဲမထားဘဲ ပြုံးကာလှည့်ထွက်သွားရန် ပြင်လိုက်သည်။

သူ၏တည်ငြိမ်သော အမူအရာကို မြင်သောအခါ ရှားယွမ်တုန်းက သူပြောတော့မည့် စကားကို ပြန်မြိုချလိုက်ရသဖြင့် သူ့ကိုအလွန်အနေခက်သွားစေခဲ့၏။

"နေပါဦး။"

ဆုရှင်း လှည့်ကြည့်လိုက်သည်။ "လူငယ်ခေါင်းဆောင်။ တခြား အကြံဉာဏ်ပေးစရာ ရှိသေးလို့လား။"

ရှားယွမ်တုန်းက အေးစက်စွာ ပြောလိုက်၏။ "ဆုရှင်း သူများကျွေးမွေးထားတဲ့ သူတစ်ယောက်ဖြစ်ရတာ ခံစားလို့ မကောင်းဘူးမဟုတ်လား။ ယုံလဲ့ရပ်ကွက်လို ကြီးမားတဲ့ နယ်မြေကြီးကို မင်းဆုံးရှုံးလိုက်ရတယ်။ ပြီးတော့ မင်းတည်ဆောက်ခဲ့တဲ့ ပညာပေးခန်းမကလည်း ငါ့လက်ထဲကို ရောက်လာပြီ။ မင်းငါ့ကို မမုန်းဘူးလား။"

ဆုရှင်း အနည်းငယ်ပြုံးလိုက်ပြီး လှောင်ပြောင်သည့်အလား ပြောလိုက်သည်။ "လူငယ်ခေါင်းဆောင်။ ခင်ဗျားနောက်နေတာလား။ နယ်မြေနဲ့ ခန်းမတွေက မူလကတည်းက ဂိုဏ်းပိုင်တာလေ။ ဒါကြောင့် အခု ဂိုဏ်းက ပြန်ယူတာမမှားဘူးလေ။ ကျွန်တော်က ခင်ဗျားကို ဘာလို့မုန်းရမှာလဲ။"

ရှားယွမ်တုန်း လှောင်ပြောင်လိုက်၏။ "ကောင်းပြီ ဆုရှင်း။ မင်းဟန်ဆောင်နေစရာ မလိုတော့ပါဘူး။ ကိုယ့်နယ်မြေနဲ့လူတွေကို ဆုံးရှုံးလိုက်ရရင် ဘယ်သူက ဝမ်းမနည်းဘဲနေမှာလဲ။ ဒါပေမဲ့ မင်း ပိုင်ဆိုင်သမျှအားလုံးကို ရှားမိသားစုက ပေးထားတယ်ဆိုတာ မင်းသိထားသင့်တယ်။ အရင်က ငါ့အဖေက မင်းကို ဒီအရာတွေပေးနိုင်သလို အခု ငါကလည်း ပြန်ယူနိုင်တယ်။"

"ဒါပေမဲ့ မင်းကဉာဏ်ကောင်းတဲ့သူ တစ်ယောက်ဆိုတော့ ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ လင်းယုန်ပျံဂိုဏ်းကို ပြန်လည်တည်ဆောက်ရာမှာ ငါနဲ့ ပူးပေါင်းပါ။ သုံးနှစ်အတွင်းမှာ ငါ ဒါကို သူရဲကောင်းသုံးဖော်အသင်း နဲ့ တကယ် ယှဉ်ပြိုင်နိုင်တဲ့ အဆင့်အထိမြှင့်တင်ပေးမယ်။ အဲဒီအချိန်ကျရင်အဲဒီအာဏာတွေ အားလုံးကို မင်းကို ငါ ပြန်ပေးပါ့မယ်။"

ဆုရှင်း၏အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်၏။ "လူငယ်ခေါင်းဆောင်ငယ် ဘာတွေပြောနေတာလဲ။ ကျွန်တော်လည်း အခု လင်းယုန်ပျံဂိုဏ်းရဲ့ခေါင်းဆောင်တစ်ယောက်ပဲလေ။ ဒါကြောင့်သေချာပေါက် လင်းယုန်ပျံဂိုဏ်းကို ပြန်လည် ဖွဲ့စည်းဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။"

ရှားယွမ်တုန်း လှောင်ပြောင်လိုက်သည်။ "ဆုရှင်း မသိချင်ယောင် ဆောင်မနေနဲ့ ငါပြောတာက လင်းယုန်ပျံဂိုဏ်းနောက်ကို မဟုတ်ဘူး။ ငါ့နောက်ကိုလိုက်ဖို့ပြောတာ။"

ဆုရှင်း ခေါင်းအနည်းငယ်ယမ်းလိုက်ရင်း သူ့မျက်လုံးများတွင် နက်ရှိုင်းသောလှောင်ပြောင်မှုများပြည့်နှက်နေခဲ့၏။

အာဏာရှိသူများထံမှ ရှားယွမ်တုန်း ယခုလို အကျပ်ကိုင်ခြင်း၊ ကြံစည်လုပ်ခြင်း၊ အာဏာသုံးသည့်နည်းလမ်းများကို မည်သည့်နေရာက မည်သို့သင်ယူခဲ့သည်ကို သူမသိပေ။

သို့သော် ကံမကောင်းစွာဖြင့် ထိုအရာများက အလွန်တုံးအလွန်းပြီးရယ်စရာကောင်းနေ၏။

သင့်၏ပစ္စည်းများကို ယူပြီးသွားလျှင် ၎င်းတို့က သင့်ကိုခြိမ်းခြောက်ပြီး လာဘ်ထိုးမည်။ ထို့နောက် ကြိုးကြိုးစားစားအလုပ်လုပ်ပါ၊ အောင်မြင်မှု တစ်ခုခုရလာလျှင် ပြန်ပေးမည်ဟု ပြောလိမ့်မည်။ ထိုအခါတွင် သင်က ကျေးဇူးတင်နေလိမ့်မည်။

ရွှီချန်ကဲ့သို့ အရှက်မဲ့သည့်ကောင်ကလွဲလျှင် လင်းယုန်ပျံဂိုဏ်းတစ်ခုလုံးတွင် ဤကဲ့သို့အရာမျိုးကို မည်သူကသဘောတူမည်နည်း။ ၎င်းတို့က အားလုံးကို တကယ်ပဲ အရူးဟုထင်နေသည်လော။

ရှားယွမ်တုန်း ဤကဲ့သို့ဖြစ်နေသည်ကို မြင်သောအခါ ဆုရှင်း သူ့ယခင်အကြံအစည်ကို ပို၍ပင် ယုံကြည်လာခဲ့၏။

အခြေခံအားဖြင့် ရှားယွမ်တုန်းက မိုးပြာဝါးဂိုဏ်း၏ဝေ့ဖုန်းထက် သိပ်မသာပေ။ သူတို့နှစ်ဦးစလုံးမှာအခြေခံအားဖြင့် ကြီးမားသော ရည်မှန်းချက်များရှိသော်လည်း ပါရမီအနည်းငယ်သာရှိသည့်အလိုလိုက်ခံထားရသော ကလေးဆိုးများသာဖြစ်ကြသည်။

သူတို့က ဂိုဏ်း၏နယ်မြေကို သူတို့၏ဖခင်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး သူတို့၏ဖခင်များ၏အမွေအနှစ်ကို အားကိုးကာဂိုဏ်းကို အလွယ်တကူထိန်းချုပ်နိုင်မည်ဟု ထင်မှတ်နေကြ၏။

ဂိုဏ်းတစ်ခုနှင့် ပတ်သက်၍ အရေးအကြီးဆုံးအရာမှာ ၎င်း၏နယ်မြေ မဟုတ်ဘဲ ထိုနယ်မြေကိုစီမံခန့်ခွဲသူများဖြစ်ကြောင်း သူတို့ မသိခဲ့ကြပေ။

ရှားဖေးယင်းက ရှားယွမ်တုန်းအတွက် အဆောက်အအုံမြင့်ကြီး တစ်ခုကိုတည်ဆောက်ပေးခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထိုအဆောက်အအုံမှာ ပြိုကျရန်ဖန်တီးခံထားရပြီး ဖြစ်လေပြီ။

"ဟဲဟဲ လူငယ်ခေါင်းဆောင်။ တခြား ကိစ္စမရှိတော့ရင် ကျွန်တော်ခွင့်ပြုပါဦး။"

ဆုရှင်း ရယ်မောလိုက်ပြီး သူ၏လူများနှင့်အတူ လှည့်ထွက်သွားကာ ရှားယွမ်တုန်း၏မျက်နှာကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

"ခွေးကောင် ဆုရှင်း။ ဂိုဏ်းက သူ့အာဏာတွေ အားလုံးကိုသိမ်းယူသွားတာတောင် သူက ဒီလောက် မောက်မာနေတုန်းလား။ ငါဂိုဏ်းချုပ် ဖြစ်လာရင် သူ့ကို အရင်ဆုံးလင်းယုန်ပျံဂိုဏ်းကနေ ကန်ထုတ်ပစ်မယ်။"

ဆုရှင်း သူ့ကို လုံးဝဂရုမစိုက်သည်ကို မြင်သောအခါ ရှားယွမ်တုန်း ပို၍ပင်နာကြည်းလာခဲ့၏။

ဘေးတွင် ရပ်နေသောရွှီချန်မှာတော့ ချွေးအေးများ ပြန်လာသည်။ သူက အလွန်ကြောက်လန့်နေသဖြင့် အသက်ကိုပင်ကျယ်ကျယ်မရှူရဲဘဲ ဆုရှင်းကို ဒေါသထွက်စေကာ သူတို့နှစ်ဦးစလုံးကို ရုတ်တရက် သတ်ပစ်မည်ကို စိုးရိမ်နေခဲ့၏။

ဤကောင်က ရူးသွပ်သည်ဟု အလွန်နာမည်ကြီးလေ၏။ သူရဲကောင်းသုံးဖော်အသင်း၏လူငယ်အဖွဲ့ခေါင်းဆောင်ကိုပင် သတ်ရဲသူဖြစ်ရာ မည်သူက လင်းယုန်ပျံဂိုဏ်း၏လူငယ်ခေါင်းဆောင်ကို မသတ်ရဲဟုထင်မည်နည်း။

ဆုရှင်းက လင်းယုန်ပျံဂိုဏ်းကိုနောက်ခံအားကိုးခြင်းဖြင့်မဟုတ်ဘဲ ကြိုးစားအားထုတ်မှုဖြင့် သူ့ဂုဏ်သတင်းကို ရရှိခဲ့ခြင်းဖြစ်သည်။

ရွှီချန်၏အမြင်တွင် ဆုရှင်းကဲ့သို့သော သူတစ်ဦးကို ကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းမှာ သူ၏အာဏာကို တဖြည်းဖြည်းစုစည်းရန်နှင့် သူ့ကို ရန်စခြင်းမှရှောင်ကြဉ်ရန်သာဖြစ်သည်။ ရှားယွမ်တုန်း၏ယခင်က လုပ်ရပ်များမှာ သေကြောင်းကြံနေခြင်းသက်သက်သာဖြစ်ပေ၏။

ရွှီချန်က သူ့ကိုဖျောင်းဖျချင်သော်လည်း ရှားယွမ်တုန်း၏ခေါင်းမာပြီး ကိုယ့်သဘောဆန္ဒအတိုင်း လုပ်တတ်သောစရိုက်ကို ထည့်သွင်းစဉ်းစားကာ မလုပ်ရန် ဆုံးဖြတ်လိုက်၏။

All Chapters