အခန်း (၆၇)
Vol. 7 Ch. 67
အခန်း (၆၇) ဒီကစားပွဲထဲမှာပါရင် ကိုယ့်အမှားကို ကိုယ်ဝန်ခံရမယ်
ဆုရှင်းက ခန်းမထဲသို့အရင်ဝင်သွားပြီးနောက် တုန်းချန်ဝူနှင့် အခြားသူများက အပြင်တွင်ခဏစောင့်နေပြီးမှ ဝင်လာခဲ့ကြ၏။
ခန်းမထဲတွင် ရှားဖေးယင်းကို မတွေ့ရသော်လည်း ခေါင်းဆောင်ကြီးအားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။
ဆုရှင်းဝင်လာသည်ကို မြင်သောအခါ သူတို့ အားလုံးက တီးတိုးနှုတ်ဆက်ကြပြီး သူတို့၏မျက်လုံးများတွင် ဆုရှင်း၏အတွေးများကို သိချင်သောအရိပ်အယောင်များ ပြည့်နှက်နေ၏။
သို့သော် ဆုရှင်းက လက်ရှိအချိန်မှာအလျင်စလိုရှိမနေပေ။ သူက ပရိုငါးမျှားသမားတစ်ဦးကဲ့သို့ တည်ငြိမ်စွာနေရာတွင် ထိုင်နေပြီးစကားတစ်ခွန်းမျှမပြောခဲ့ချေ။
ဤသည်က အခြားခေါင်းဆောင်များကို အလွန် စိုးရိမ်စေခဲ့၏။ ဆုရှင်းနှင့် ဆက်ဆံရေးကောင်းရှိသောလျိုရှန်းမင်က ရှေ့သို့ထွက်လာပြီး မေးသည်။ "ခန်းမသခင်ဆု ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ။ ကျေးဇူးပြုပြီးစကားတစ်ခွန်းလောက် ပြောပေးပါ။ ငါတို့ နယ်မြေတစ်ခုလုံး ဆုံးရှုံးသွားပြီ။ ဆယ်စုနှစ်တွေတစ်လျှောက်လုံး လင်းယုန်ပျံဂိုဏ်းက ဒီလိုဆုံးရှုံးမှုမျိုး တစ်ခါမှမကြုံခဲ့ဖူးဘူး။"
ဆုရှင်း သူ့ကို မဖြေဘဲထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေသော ရွှီချန်ကို တစ်ချက်ကြည့်လိုက်ပြီးဂရုမစိုက်သောလေသံဖြင့် ပြောလိုက်၏။ "ခေါင်းဆောင်ကြီးရွှီက မနေ့က တော်တော်မြန်မြန်ပြေးလာတယ်လို့ ကြားတယ်။ လူငယ်ခေါင်းဆောင်ကိုတောင် အဲ့ထဲမှာချန်ထားခဲ့တယ်ဆိုပဲ။ ဂိုဏ်းချုပ်က ခင်ဗျားကိုအရေခွံခွာပစ်မှာကို မကြောက်ဘူးလား။"
ရွှီချန်၏မျက်နှာပေါ်မှ အပြုံးတစ်ခုချက်ချင်း ပေါ်လာသော်လည်း ၎င်းမှာမျက်နှာရှုံ့မဲ့နေခြင်းနှင့် ပိုတူနေ၏။ သူ့စိတ်တွင်တော့ သေချင်စိတ် ပေါက်သွားသလို ခံစားလိုက်ရသည်။
တကယ်တမ်းတွင် ရွှီချန်က မနေ့က ရှားယွမ်တုန်းကို တမင်တကာစွန့်ပစ်ခဲ့ခြင်းမဟုတ်ပေ။ အရူးတစ်ယောက်ဆိုလျှင်ပင် ရှားယွမ်တုန်းကိုချန်ထားခဲ့ပြီး လင်းယုန်ပျံဂိုဏ်းသို့ ပြန်သွားပါက သူ သေချာပေါက် ပြဿနာကြီးကြီးမားမားတက်မည်ကိုသိ၏။
သို့သော် ထိုအချိန်ကအခြေအနေမှာ အလွန် အန္တရာယ်များလှသည်။ တစ်ဖက်တွင် မီးကြီး လောင်နေပြီး တစ်ဖက်တွင်မိုးပြာဝါးဂိုဏ်းက တိုက်ခိုက်လာပြီ ဖြစ်သည်။
ရွှီချန်က အလွန်ကြောက်လန့်သွားသဖြင့် အခြား ဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ လှည့်ကာချက်ချင်း ထွက်ပြေးတော့သည်။ လမ်းတစ်ဝက်ရောက်မှသာ ရှားယွမ်တုန်းအထဲမှာ ပိတ်မိနေသေးကြောင်း သူ သတိရသွား၏။
ထို့နောက် ရှားယွမ်တုန်းကို ကယ်တင်ရန် သူ ချက်ချင်းခိုးပြန်ဝင်ရန်ကြိုးစားခဲ့သော်လည်း မမျှော်လင့်ဘဲ ရှားယွမ်တုန်းက ထွက်ပြေးလွတ်မြောက်သွားလေပြီ။ ၎င်းက ဒုက္ခရောက်နေသူကိုမကယ်တင်နိုင်ခဲ့ဟူသော သူ့အပေါ်စွပ်စွဲချက်ကိုအတည်ပြုပေးလိုက်ရာ အတော်လေးမတရားလှပေသည်။
ရွှီချန်က ဆုရှင်းကို တစ်ခုခုပြောရန်ပြင်နေစဉ်မှာပင် ခန်းမတံခါးပွင့်သွားပြီး ရှားဖေးယင်းက မှိုင်းညို့နေသော ရှားယွမ်တုန်း နှင့် သူ၏အဖွဲ့ဝင် လေးဦးတို့အတူ ဝင်လာသည်။
လူတိုင်းရောက်နေသည်ကို မြင်သောအခါ ရှားဖေးယင်း၏မျက်နှာမှာ ချက်ချင်း မည်းမှောင်သွား၏။
"မင်းတို့အားလုံး ကိုယ့်နယ်မြေကိုဘာလို့မနေကြတာလဲ။ ပင်မခန်းမမှာ ဘာလာလုပ်နေတာလဲ။" ရှားဖေးယင်းက အေးစက်သောမျက်နှာဖြင့် ဆူပူလိုက်သည်။
ရှားဖေးယင်း၏သြဇာလွှမ်းမိုးမှုမှာ အားကောင်းနေဆဲပင်။ မေးခွန်းထုတ်ရန်ရည်ရွယ်ချက်ဖြင့် လာခဲ့သူများပင် ရှားဖေးယင်း၏အော်ဟစ်မှုကြောင့် စကားမပြောနိုင်ဖြစ်သွားကြသည်။
ဆုရှင်း စိတ်ထဲမှ သက်ပြင်းချလိုက်၏။ ဤလူများက တကယ်ကိုမျှော်လင့်ချက်မရှိတော့ပေ။
သူတို့က စကားမပြောတော့ဘူးဖြစ်ရာ သူကိုယ်တိုင်ပြောရတော့မည်။
"ဂိုဏ်းချုပ် ငါတို့မှာပြန်သွားစရာနယ်မြေ ရှိသေးလို့လား။ ပြီးတော့ လင်းယုန်ပျံဂိုဏ်းက ဒီအတိုင်း ဆက်သွားနေရင်။ ငါတို့မှာနေစရာနေရာတောင် ရှိတော့မှာ မဟုတ်ဘူး။" ဆုရှင်းက ရှားဖေးယင်းကို နက်ရှိုင်းသောအကြည့်ဖြင့် ကြည့်လိုက်ရာ ရှားဖေးယင်းကို အလွန်အနေခက်သွားစေခဲ့၏။
"ဆုရှင်း မင်း ဘာသဘောလဲ။" ရှားဖေးယင်းက အေးစက်စွာ ပြောလိုက်သည်။
"ကျွန်တော်ဘာသဘောလဲ ဟုတ်လား။ ကျွန်တော့်ရဲ့ဆိုလိုရင်းက အရမ်း ရိုးရှင်းပါတယ်။ ဂိုဏ်းချုပ် ဆုံးဖြတ်ခဲ့တဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကအသုံးမဝင်တဲ့အပြင်။ လင်းယုန်ပျံဂိုဏ်းကိုပျက်စီးခြင်းဆီကို ဦးတည်သွားစေလိမ့်မယ်။"
ဆုရှင်း မတ်တပ်ရပ်လိုက်ပြီး သူ၏အသံမှာ တည်ငြိမ်ပြီးလေးနက်နေ၏။ "လင်းယုန်ပျံဂိုဏ်းက ဆယ်စုနှစ်တွေချီတဲ့ သမိုင်းကြောင်းရှိတယ်။ ကုန်သွယ်ရေးနယ်မြေတစ်ခုလုံးကို နေ့ချင်းညချင်း သိမ်းပိုက်ခံလိုက်ရတာ ဘယ်တုန်းကရှိခဲ့လို့လဲ။"
"ပြီးတော့ မနေ့က မိုးပြာဝါးဂိုဏ်းရဲ့တိုက်ခိုက်မှုမှာ ကျွန်တော်တို့လူ ဘယ်နှစ်ယောက်သေသွားလဲဆိုတာ ဂိုဏ်းချုပ်ရေတွက်ကြည့်ပြီးပြီလား။ ၅၀၀ ကျော်တယ်။ ဒဏ်ရာရတဲ့သူတွေဆိုတာ ရေတွက်လို့တောင် မရဘူး။"
"ဂိုဏ်းက အာဏာကိုဗဟိုချုပ်ကိုင်မှုမလုပ်ခင်က ဒီလိုမျိုး တစ်ခါမှမဖြစ်ခဲ့ဖူးဘူး။ ဒီအတွက် တစ်ယောက်ယောက်က တာဝန်ယူသင့်တယ် မဟုတ်ဘူးလား။"
ဆုရှင်း၏စကားကို ကြားသောအခါ ရှားယွမ်တုန်း ချက်ချင်း ဒေါသထွက်သွား၏။ "မင်းက ဒါငါ့အပြစ်လို့ ပြောချင်နေတာလား။"
ဆုရှင်းက လှောင်ပြောင်လိုက်သည်။ "မင်းမဟုတ်ရင် ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ။ ယုံလဲ့ရပ်ကွက် ဌာနမှာ ရုတ်တရက်မီးလောင်တာနဲ့ မိုးပြာဝါးဂိုဏ်း အလုံးအရင်းဝင်လာတဲ့ အကြောင်းရင်း အသေးစိတ်ကို မင်းတို့အားလုံးမသိကြဘူး မဟုတ်လား။"
ထိုနေရာတွင် ရှိနေသူ အားလုံး အံ့အားသင့်သွားကြ၏။ ဤကိစ္စနောက်ကွယ်တွင် လျှို့ဝှက်ဇာတ်လမ်း တစ်ခုခုရှိနေသည်လော။
ရှားဖေးယင်း၏အမူအရာလည်း ပြောင်းလဲသွားပြီး ရှားယွမ်တုန်းကို စူးစိုက်ကြည့်လိုက်၏။ ဤကောင်လေးက သူ့ကိုမပြောရသေးသည့် ကိစ္စတစ်ခုခု ရှိနေသည်လော။
"မီးလောင်တာနဲ့ မိုးပြာဝါးဂိုဏ်းဝင်လာတာက သီးခြားကိစ္စနှစ်ခုလို့ မင်းထင်နေတာလား။ တကယ်တော့ ဒါကစီစဉ်ထားတဲ့ပူးပေါင်းကြံစည်မှု တစ်ခုရဲ့ အစိတ်အပိုင်းတွေပဲ။"
"မီးရှို့တဲ့သူတွေက ယုံလဲ့ရပ်ကွက်က စီးပွားရေးသမားတွေပဲ။"
"သူတို့က မိုးပြာဝါးဂိုဏ်းနဲ့ပူးပေါင်းပြီး မီးကို အချက်ပြအဖြစ်အသုံးပြုခဲ့တယ်။ ပြီးတော့ ဖရိုဖရဲ ဖြစ်နေတဲ့အချိန်မှာ ယုံလဲ့ရပ်ကွက်ကို သိမ်းပိုက်ခဲ့ကြတာပဲ။"
ကျွမ်းလီက မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ "အဲဒီ စီးပွားရေးသမားတွေရူးသွားပြီလား။ ငါတို့ကို အကြံအစည်လုပ်ဖို့ မိုးပြာဝါးဂိုဏ်းနဲ့ ဘယ်လိုလုပ် ပူးပေါင်းရဲတာလဲ။ သူတို့ကိုဘယ်သူက အဲဒီသတ္တိတွေ ပေးလိုက်တာလဲ။"
ဆုရှင်းက အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ "ပုံမှန်ဆိုရင် သူတို့မှာသတ္တိရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ အခု သူတို့ကအစွန်းရောက်တဲ့အထိတွန်းပို့ခံလိုက်ရပြီဆိုတော့ ဘာကို မလုပ်ရဲတော့မှာလဲ။"
"ရှားယွမ်တုန်း ယုံလဲ့ရပ်ကွက်ကို တာဝန်ယူတုန်းက၊ သူ့ရဲ့လက်အောက်ငယ်သားတွေကို ဒီစီးပွားရေးသမားတွေဆီက ငွေညှစ်ခွင့်ပေးခဲ့တယ်။ တုန်းရှန်းစားသောက်ဆိုင် ပိုင်ရှင်ဆိုရင် တစ်လအတွင်းငွေသောင်းနဲ့ချီ ညှစ်ယူခံခဲ့ရတယ်။"
"ဒါ့အပြင် တုန်းရှန်းစားသောက်ဆိုင်ရဲ့ဂုဏ်သတင်းကိုလည်း လုံးဝပျက်စီးလုနီးပါးဖြစ်အောင် လုပ်ခဲ့ပြီး ကောင်းမွန်တဲ့ စားသောက်ဆိုင်တစ်ခုကို လုံးဝ အသုံးမကျတဲ့ နေရာအဖြစ်ပြောင်းပစ်ခဲ့တယ်။ ဒီတစ်ခါ မိုးပြာဝါးဂိုဏ်းကို ဆက်သွယ်ဖို့ဦးဆောင်ခဲ့တာက သူဌေးဖန်း ပဲ။"
"အဲဒါတင် မကသေးဘူး။ ရှားယွမ်တုန်းက ဂိုဏ်းကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ လုံးဝမသိဘူး။ ဒီလောက် ကြီးမားတဲ့ ကုန်သွယ်ရေးနယ်မြေကြီးမှာ ညဘက်ကင်းလှည့်ဖို့ ဂိုဏ်းဝင်တစ်ယောက်မှမရှိခဲ့ဘူး။ အဲဒါကြောင့် လူတစ်ယောက်က မီးရှို့သွားတာတောင် သူမသိလိုက်ဘူး။ တကယ်ကို ရယ်စရာ ကောင်းတာပဲ။"
"အဓိပ္ပာယ်မရှိတာ မင်း လုံးဝအဓိပ္ပာယ်မရှိတာတွေ ပြောနေတာ။" ရှားယွမ်တုန်း၏မျက်နှာမှာ ဖြူလျော့သွားပြီး သူကိုယ်သူ အလျင်အမြန်ကာကွယ်ရန် ကြိုးစားလိုက်၏။
သို့သော် ဆုရှင်း၏အသေးစိတ် ရှင်းပြချက်ကို ကြားပြီးနောက် လူတိုင်းက အတော်လေးယုံကြည်သွားကြပြီ ဖြစ်သည်။
စကားပုံတစ်ခုရှိသကဲ့သို့ပင် လူတစ်ယောက်၏အသက်မွေးဝမ်းကျောင်းမှုကို ဖြတ်တောက်ခြင်းက သူတို့၏မိဘများကို သတ်ခြင်းနှင့် တူ၏။ ထိုစီးပွားရေးသမားများက ကြောက်တတ်ကာပြဿနာကိုကြောက်ရွံ့ကြသော်လည်း သင်သူတို့ကို အမှန်တကယ်ဒေါသထွက်အောင်လုပ်မိလျှင် သူတို့က ဘာမဆိုလုပ်ရဲကြလိမ့်မည်။
"ကျွန်တော်လိမ်နေသလားမလိမ်ဘူးလား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်စုံစမ်းလို့ရပါတယ်။ အဲဒီတုန်းက ဒီကိစ္စမှာပါဝင်ပတ်သက်သူ အတော်များများရှိခဲ့ပြီး မိုးပြာဝါးဂိုဏ်းကလည်း ဖုံးကွယ်ထားဖို့ရည်ရွယ်မှာမဟုတ်ပါဘူး။" ဆုရှင်း၏ နှုတ်ခမ်းများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
ရှားဖေးယင်းက ရှားယွမ်တုန်းကို လှည့်ကြည့်ကာ အော်လိုက်သည်။ "ဆုရှင်းပြောတာ အမှန်လားမဟုတ်ဘူးမလား။"
ရှားယွမ်တုန်းမှာ ဖြူလျော့သွားပြီး သေချာမပြောနိုင်တော့ဘဲ ဤသို့သာပြောနိုင်တော့သည်။ "အဲဒီ ခွေးကောင်စီးပွားရေးသမားတွေက ဒီလိုသစ္စာဖောက်တတ်မှန်း ဘယ်သူက သိမှာလဲ။ ငါသာသိရင် အကြောင်းပြချက်တစ်ခုဖန်တီးပြီး သူ့ကို သတ်ပစ်ခဲ့မှာပေါ့။"
သူ၏စကားများမှာ ဝန်ခံချက်တစ်ခုနှင့် တူညီနေရာ ဤနေရာတွင်ရှိနေသော ခေါင်းဆောင်ကြီး များနှင့် ခန်းမသခင်သုံးဦးတို့က ခေါင်းယမ်းလိုက်ကြပြီး သူတို့၏မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပေါ်လွင်နေခဲ့၏။
ရှားယွမ်တုန်းက ဆုရှင်းထက်အနည်းငယ်ကြီးသော်လည်း ဆုရှင်းနှင့် ယှဉ်လျှင် တကယ်ကို အရည်အချင်း မရှိပေ။
ဆုရှင်း၏အာဏာရလာပုံကို သူတို့အားလုံးမျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ထိုစဉ်က ပျော်ရွှင်ဖွယ်တောအုပ် လောင်းကစားရုံမှ အဘိုးကြီးဟွမ်က ဆုရှင်းကို လှည့်စားရန်ကြိုးစားခဲ့သော်လည်း ဆုရှင်းက သူ့ကိုသေလုမြောပါးရိုက်နှက်ခဲ့သည်။
ယခု ထိုလောင်းကစားရုံပင်လျှင် ဆုရှင်း၏ဌာနချုပ်ဖြစ်လာခဲ့လေပြီ။
ဤစီးပွားရေးသမားများနှင့် ပတ်သက်လာလျှင်မည်သည့်အရာမှမလုပ်သင့်ပေ။ လုပ်မည်ဆိုလျှင်လည်း အဆုံးထိလုပ်ရမည်။
ပြဿနာ၏အရင်းအမြစ်ကို ရှင်းလင်းရမည့် အခြေခံမူကိုပင် ၎င်းကနားမလည်ခဲ့ချေ။ တစ်ဖက်လူကို အစွန်းရောက်သည်အထိတွန်းပို့ပြီးနောက် သူတို့၏စိတ်ပျက်အားငယ်ဖွယ်လုပ်ရပ်များကိုပင် ၎င်းကမကာကွယ်ခဲ့ကြပေ။
ဤအရာက ၎င်းနှင့် ထိုက်တန်ပါသည်။
ရှားဖေးယင်း စိတ်ထဲမှသက်ပြင်းချလိုက်၏။ သူ၏သားက ဤမျှထိအသုံးမကျသော လူတစ်ယောက်ဖြစ်သည်ကို ယုံကြည်ရမည့်အစား သူ့သားက အတွေ့အကြုံမရှိသေးသည်ဟုသာ သူယုံကြည်ချင်မိသည်။
"ယွမ်တုန်းက ဂိုဏ်းကိုစီမံခန့်ခွဲရာမှာ အတွေ့အကြုံ သိပ်မရှိဘူးဆိုတော့ အမှားတချို့လုပ်မိတာက မလွှဲမရှောင်သာပါပဲ။ ဒါကို သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူလိုက်ကြတာပေါ့။ အနာဂတ်မှာ သူ ဂိုဏ်းချုပ်နေရာကို တာဝန်ယူနိုင်တဲ့အချိန်အထိ သူ့ကို ငါတင်းတင်းကျပ်ကျပ်လေ့ကျင့်ပေးသွားမယ်။"
လူတိုင်း၏မျက်နှာပေါ်ရှိ အမူအရာများမှာ သိပ်မကောင်းလှပေ။ ဂိုဏ်းချုပ်က ဤတစ်ခါတွင် လွန်လွန်းသွားလေပြီ။
ရှားယွမ်တုန်းက ယုံလဲ့ရပ်ကွက်ရှိ စီးပွားရေးသမားများကို ပုန်ကန်ရန်အတင်းအကျပ်လုပ်ခဲ့သဖြင့် နယ်မြေတစ်ခုလုံးဆုံးရှုံးခဲ့ရပြီး ဂိုဏ်းဝင် ၅၀၀ ကျော် သေဆုံးခဲ့ရသည်။
နောက်ဆုံးရလဒ်မှာ ဆူပူကျိန်းမောင်းခြင်းဖြင့် ပြီးဆုံးသွားမည်လော။
ဆုရှင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။ "တကယ့် ဟာသပဲ။ဒါက လုံးဝ ဟာသပဲ။ ရှားယွမ်တုန်းက ဒီလောက်ကြီးမားတဲ့အမှားကြီး လုပ်ထားတာတောင် သူ့ကိုအပြစ်မပေးဘူးဆိုရင်။ ဂိုဏ်းရဲ့စည်းမျဉ်းတွေက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။"
"ဒါဆို မင်းဘာလိုချင်တာလဲ။" ရှားဖေးယင်း လှောင်ပြောင်လိုက်သည်။
ယနေ့ ဆုရှင်း၏သဘောထားမှာ အလွန်ထူးဆန်းနေခဲ့၏။ သူက ရန်လိုစွာပြောဆိုနေသဖြင့် ရှားဖေးယင်းကို ချက်ချင်းနိမိတ်မကောင်းသော ခံစားချက် တစ်ခုဖြစ်ပေါ်လာခဲ့သည်။
"အရမ်း ရိုးရှင်းပါတယ်။ ဒီကစားပွဲထဲရှိနေရင် ကိုယ့်အမှားကိုဝန်ခံရမယ်။ ပြီးတော့ အပြစ်ပေးခံရတဲ့အခါ မတ်မတ်ရပ်နေရမယ်။ ဘယ်သူပဲဖြစ်ဖြစ် အမှားလုပ်မိရင်အပြစ်ပေးတာကို လက်ခံရမယ်။"
"ရှားယွမ်တုန်းကြောင့် ငါတို့လင်းယုန်ပျံဂိုဏ်းက နယ်မြေတစ်ခုလုံး ဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ ညီအစ်ကိုငါးရာကျော်ရဲ့ အသက်တွေလည်း ဆုံးရှုံးခဲ့ရတယ်။ ဂိုဏ်းရဲ့စည်းမျဉ်းတွေအရ သူ့ကို ဘယ်လိုအပြစ်ပေးသင့်သလဲ။"
ရှားဖေးယင်းချက်ချင်း ခေါင်းမော့လိုက်ရာ သူ၏
မျက်လုံးများတွင် အေးစက်သောသတ်ဖြတ်လိုစိတ်များပြည့်နှက်နေပြီး ဆုရှင်းကို စူးစိုက်ကြည့်နေခဲ့၏။
ပြီးခဲ့သည့် အကြိမ်က သူက ဂိုဏ်းအတွင်းရှိလူတိုင်း၏အခွင့်အရေးများကို ရုပ်သိမ်းရန်ကြိုးစားခဲ့စဉ်က ဆုရှင်း ယုံလဲ့ရပ်ကွက်နှင့် ပညာပေးခန်းမ ကို ခုခံခြင်းမရှိဘဲ နာခံစွာလွှဲပြောင်းပေးခဲ့သည်။
ဆုရှင်း ကြောက်သွားသည်ဟု ရှားဖေးယင်း ထင်မှတ်ထားခဲ့သော်လည်း၊ ဆုရှင်းက ပေါ်ပေါ်ထင်ထင်နှင့် ရိုးသားစွာတိုက်ခိုက်ရန် ဤနေ့ကိုစောင့်နေခဲ့လိမ့်မည်ဟု သူဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေ။
ယုံလဲ့ရပ်ကွက် အဖြစ်အပျက်ပြီးနောက် ညတစ်ညသာကုန်လွန်သေးသော်လည်း ဆုရှင်းက အသေးစိတ်အချက်အလက်များစွာကို သိရှိထားပြီး ဖြစ်၏။ သူက ယုံလဲ့ရပ်ကွက်၏အခြေအနေကို တစ်ချိန်လုံးစောင့်ကြည့်မနေခဲ့ပါက ဤမျှများပြားသောအချက်အလက်များကို မည်သို့ သိနိုင်မည်နည်း။
ရှားယွမ်တုန်းလုပ်ခဲ့သမျှ အရာအားလုံးကို ဆုရှင်း သိထားလောက်သော်လည်း သူ၏ရက်စက်သော အစွယ်များကိုဖော်ပြရန် ဤအချိန်အထိ သူ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ကိုယ့်အမှားကိုဝန်ခံရမည်လော။ သို့သော် ပြဿနာက ဤတစ်ကြိမ် ရှားယွမ်တုန်း၏အမှားက လွန်စွာကြီးမားနေခဲ့၏။
ဂိုဏ်း၏စည်းမျဉ်းများအရ ခေါင်းဆောင်ငယ် သို့မဟုတ် ခေါင်းဆောင်ကြီးတစ်ဦးက သူတို့၏ကိုယ်ပိုင်အမှားကြောင့် နယ်မြေဆုံးရှုံးပါက သူတို့၏သိုင်းပညာများ ရုပ်သိမ်းခံရမည်ဖြစ်ပြီး လင်းယုန်ပျံဂိုဏ်းမှ နှင်ထုတ်ခံရပါလိမ့်မည်။
ရှားယွမ်တုန်းက နယ်မြေအနည်းငယ်မျှသာ ဆုံးရှုံးခဲ့ခြင်းမဟုတ်ဘဲ ယုံလဲ့ရပ်ကွက်တစ်ခုလုံးကို ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။
လင်းယုန်ပျံဂိုဏ်းတွင် စုစုပေါင်း ကုန်သွယ်ရေးဋယ်မြေ ၄ ခုသာရှိသဖြင့် ဂိုဏ်း၏စည်းမျဉ်းများတွင် နယ်မြေတစ်ခုလုံးဆုံးရှုံးသွားပါက ဘာလုပ်ရမည်ကို အတိအကျမဖော်ပြထားပေ။
ဂိုဏ်း၏စည်းမျဉ်းများကို စတင်ဖန်တီးစဉ်က လူတစ်ယောက်က ကုန်သွယ်ရေးနယ်မြေတစ်ခုလုံးကို တကယ်ဆုံးရှုံးစေလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ချေ။
"ဆုရှင်း ရှားယွမ်တုန်းက ငါ့သားပဲ။" ရှားဖေးယင်း အံကြိတ်ကာ ဤစကားလုံးများကိုပြောလိုက်၏။
"ရှားယွမ်တုန်းက ဂိုဏ်းချုပ်ရဲ့သားဆိုပေမဲ့။ လင်းယုန်ပျံဂိုဏ်းက လူတိုင်းပိုင်တာပဲ။"
ဆုရှင်းမြေပြင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် ခင်ဗျားကလင်းယုန်ပျံဂိုဏ်းကို ကိုယ်ပိုင်လက်နဲ့ ဖန်တီးခဲ့တာဆိုတော့ လူတိုင်းက ခင်ဗျားကို လေးစားကြပါတယ်။ ဒါပေမဲ့ လင်းယုန်ပျံဂိုဏ်းက ငါတို့ရဲ့ကြိုးစားအားထုတ်မှုတွေကိုလည်း ကိုယ်စားပြုတယ်။ ရှားယွမ်တုန်းက ဒီလို ဖြုန်းတီးပစ်နေတာကို ငါတို့ဒီအတိုင်းရပ်ကြည့်နေလို့ မရဘူး။"
"ဒီနေ့ သူက အတွေ့အကြုံမရှိလို့ ယုံလဲ့ရပ်ကွက်ကို ဆုံးရှုံးသွားတယ်။ မနက်ဖြန် သူက အမှားတစ်ခုကြောင့် ရွှန်းရီရပ်ကွက်ကို ဆုံးရှုံးသွားနိုင်တယ်။ ငါတို့ လင်းယုန်ပျံဂိုဏ်းဘယ်လောက်ပဲကြီးမားပါစေ။ သူ့ရဲ့အမှားတွေကို ဘယ်နှစ်ကြိမ်လောက်ခံနိုင်ရည် ရှိမှာလဲ။"
"ငါတို့လက်ထဲမှာ ကိုင်ထားတဲ့ အာဏာကို ဂိုဏ်းချုပ်ပြန်ရုပ်သိမ်းတာကို ငါတို့ကန့်ကွက်စရာ မရှိပါဘူး။ လင်းယုန်ပျံဂိုဏ်းရှိနေသရွေ့တော့ အနည်းဆုံးတော့ ငါတို့ရဲ့ဘဝတစ်သက်တာလုံး ချမ်းသာကြွယ်ဝတဲ့ ဘဝကို အာမခံနိုင်ပါသေးတယ်။ ဒါပေမဲ့ လင်းယုန်ပျံဂိုဏ်းမရှိတော့ရင် ငါတို့မှာ တည်ငြိမ်တဲ့ဘဝတစ်ခုရပိုင်ခွင့်တောင် ရှိတော့မှာ မဟုတ်ဘူး။"
ဆုရှင်း၏စကားများက ခေါင်းဆောင်ကြီး အများအပြားနှင့် တုန်းချန်ဝူတို့၏ရင်ထဲသို့ ထိမှန်သွားစေခဲ့၏။
ရှားဖေးယင်းက အာဏာကိုစုစည်းပြီး သူတို့၏နယ်မြေနှင့် အခွင့်အာဏာများကို စွန့်လွှတ်ရန်အတင်းအကျပ် လုပ်ခဲ့စဉ်က သူတို့ဘာကြောင့် မခုခံခဲ့ကြသနည်း။ ခေါင်းဆောင်မရှိခြင်းကြောင့်သာမက ရှားဖေးယင်းက သူတို့ကိုမျှော်လင့်ချက်မဲ့သည့် အခြေအနေအထိမတွန်းပို့သေးသောကြောင့်လည်း ဖြစ်သည်။
လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ကြီး များနှင့် ခန်းမသခင်များမှာ ယေဘုယျအားဖြင့် အသက်ကြီးသူများဖြစ်ကြပြီး အများစုမှာ အသက် လေးဆယ့်ငါးနှစ်အထက်တွင် ရှိကြ၏။
သူတို့၏အသက်အရွယ်တွင် နောက်ထပ်တစ်ဆင့် တက်လှမ်းရန် ရည်မှန်းချက်မရှိတော့ချေ။ သူတို့၏လက်ရှိရာထူးကို ထိန်းသိမ်းခြင်းကသာ မှန်ကန်သောအရာဖြစ်မည်။