အခန်း (၆၈)
Vol. 7 Ch. 68
အခန်း (၆၈) အားလုံး၏ သစ္စာဖောက်မှု
လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ကြီးများနှင့် ခန်းမသခင်များအတွက်၊ ရှားဖေးယင်းက သူတို့၏နယ်မြေနှင့် အာဏာများကို ရုပ်သိမ်းလိုက်ခြင်းမှာ သူတို့ကိုဒေါသထွက်စေရုံသာ ဖြစ်သော်လည်း၊ ဤကိစ္စအတွက် ရှားဖေးယင်းနှင့် အသေအကြေ တိုက်ခိုက်မည်မဟုတ်ပေ။
၎င်းမှာ မတန်သောကြောင့်ပင်။
နယ်မြေနှင့် အာဏာ မရှိလျှင်ပင်။ သူတို့က လင်းယုန်ပျံဂိုဏ်း၏ခေါင်းဆောင်ကြီးများနှင့် ခန်းမသခင်များ ဖြစ်နေဆဲပင်။
လင်းယုန်ပျံဂိုဏ်းက သူတို့အတွက် အမြဲတစေ ချမ်းသာပြီးစွမ်းအားကြီးမားနေပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့ဘာကြောင့်ခုခံသင့်သနည်း။
စောစီးစွာအနားယူရမည်ဖြစ်သောကြောင့် သူတို့ ဒေါသထွက်နေကြသော်လည်း လက်မခံနိုင်စရာတော့ မဟုတ်ပေ။
ဆုရှင်းက သူတို့၏အတွေးများကို ခန့်မှန်းမိသောကြောင့်ပင်ပြီးခဲ့သည့် အကြိမ်က ရှေ့မထွက်ခဲ့ခြင်း ဖြစ်၏။
ပြီးခဲ့သည့် အခြေအနေတွင် ဤလူများက သူ့ကို နယ်ရုပ်လေးတစ်ခုအနေဖြင့်သာ အသုံးချချင်ခဲ့ကြသည်။ သူရှေ့ထွက်လျှင်ပင် မည်သူကမျှ သူ့ကို ထောက်ခံမည် မဟုတ်ပေ။
သို့သော် ယခုအခါအခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။ ရှားဖေးယင်းက တကယ်ကို အထိမခံနိုင်သောနေရာကို ထိမိသွားလေပြီ။
ရှားယွမ်တုန်းက တစ်လအတွင်းမှာပင် ဤမျှကြီးမားသောဘေးအန္တရာယ်ကြီးကို ဖန်တီးခဲ့သည်။ သူက ရည်မှန်းချက်ကြီးသော်လည်း အရည်အချင်း မရှိသောသူ တစ်ဦး၏ပုံမှန် ဥပမာတစ်ခုဖြစ်ပြီး လုံးဝအသုံးမကျသူတစ်ယောက်သာဖြစ်သည်။
အကယ်၍ လင်းယုန်ပျံဂိုဏ်းကို စီမံခန့်ခွဲရန် သူ့ထံ တကယ်လွှဲပြောင်းပေးလိုက်ပါက ဆုရှင်းပြောသကဲ့သို့ပင် သူ၏အမှားလေးများအတွက်အကြိမ်အနည်းငယ်မျှပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထိုအခြေအနေမျိုးတွင် လူတိုင်းက အသက်မွေးဝမ်းကျောင်းပြုရန်ပင် နည်းလမ်းမရှိတော့သည့် အခြေအနေနှင့်ရင်ဆိုင်ကြရလိမ့်မည်။
"ရှားယွမ်တုန်းအသက်ရှင်ခွင့်ရှိပေမဲ့ ဒီအတွက် သူ တာဝန်ယူရမယ်။ အခုကစပြီး ကြီးကြီးငယ်ငယ် လင်းယုန်ပျံဂိုဏ်းရဲ့ကိစ္စတွေကို ရှားယွမ်တုန်းဆီ လွှဲအပ်မှာ မဟုတ်ဘူး။ လင်းယုန်ပျံဂိုဏ်းကို လွှဲပြောင်းယူဖို့ သူအရည်အချင်းမပြည့်မီဘူးဆိုတာ သက်သေပြလိုက်ပြီ။"
"ရိုင်းစိုင်းလိုက်တာ။" ရှားဖေးယင်း ခေါ်ဆောင်လာသော တပည့်လေးဦးထဲမှ တစ်ဦးက သူ၏လွန်ကျူးလာသောစကားများအတွက် သူ့ကို ဆူပူလိုက်၏။
ဆုရှင်းက သူ့ကိုဂရုမစိုက်စွာ တစ်ချက် ကြည့်လိုက်သည်။ "ငါဂိုဏ်းချုပ်နဲ့ စကားပြောနေတာ။ မင်းက ဝင်ပြောခွင့် ရှိလို့လား။ စည်းကမ်းမသိဘူးလား ကိုယ့်ပါးကိုယ်ရိုက်လိုက်။"
သူစကားပြောပြီးသည်နှင့် သူ၏ဘေးတွင် ထိုင်နေသော လီဟွိုင်လှုပ်ရှားသွားပြီး နောက်တစ်ခဏတွင် ဂိုဏ်းဝင်၏ဘေးသို့ ရောက်ရှိနေပြီဖြစ်၏။ သူက သူ့ကိုပါးရိုက်ပြီးနောက် သူ၏နေရာသို့ အလျင်အမြန် ပြန်ရောက်လာခဲ့သည်။
လှုပ်ရှားမှုများမှာ အလွန်မြန်ဆန်လွန်းသဖြင့် ဤနေရာတွင်ရှိနေသူ အားလုံးမှာ ကျန်ရစ်နေသောအရိပ်အချို့ကိုသာ မြင်တွေ့နိုင်ခဲ့၏။
ထိုဂိုဏ်းဝင်မှာ အော်ဟစ်ပြီး လွင့်ထွက်သွားတော့သည်။ ရှားဖေးယင်း၏မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။ လီဟွိုင်က အစည်းအဝေးခန်းမတွင် လှုပ်ရှားရန်ရဲဝံ့သည်မှာ ဂိုဏ်းချုပ်ကို လုံးဝ အလေးအနက်မထားကြောင်းကို ဆိုလိုပေသည်။
အခြားခေါင်းဆောင်များနှင့် ခန်းမသခင် သုံးဦးစလုံးမှာ ထူးဆန်းသော အမူအရာများရှိနေကြ၏။
ရှားဖေးယင်းက လင်းယုန်ပျံဂိုဏ်းတွင် အငြင်းပွားဖွယ်မရှိသော ဂိုဏ်းချုပ်ဖြစ်ခဲ့သော်လည်း ယနေ့တွင် ဆုရှင်းက ရှားယွမ်တုန်းကို အမွေဆက်ခံသူ ရာထူးမှ ဖယ်ရှားရန် ပေါ်ပေါ်ထင်ထင်အမိန့်ပေးရုံသာမက လီဟွိုင်က သူ့ရှေ့တွင်ပင် သူ၏တပည့်ကို ကိုယ်ထိလက်ရောက်အပြစ်ပေးခဲ့ရာ ၎င်းမှာ နေရာမှာတင် ပါးရိုက်ခံရခြင်းနှင့် တူပါသည်။
ပြီးခဲ့သည့် အကြိမ်က ဆုရှင်း သူ၏နယ်မြေနှင့် လူများကိုလွှဲပြောင်းပေးခဲ့စဉ်က ရှားယွမ်တုန်းက ၎င်းတို့ကိုလုယူသွားပြီး ဆုရှင်း၏ပါးကို ပြင်းပြင်းထန်ထန် ရိုက်ခဲ့သည်ကို မှတ်မိသေး၏။
မမျှော်လင့်ဘဲ တစ်လအကြာတွင် ဆုရှင်းက ထိုပါးရိုက်ချက်ကိုပြန်လည် ပေးဆပ်ခဲ့ပြီး ပို၍ပင် ပြင်းထန်ပြီး ပြတ်သားစွာ လုပ်ဆောင်ခဲ့သည်။
သို့သော် ဆုရှင်းက ဘာမှမဖြစ်ခဲ့သည့်အလား တည်ငြိမ်စွာ ပြောလိုက်၏။ "လင်းယုန်ပျံဂိုဏ်းက ဂိုဏ်းချုပ်တစ်ယောက်တည်းအပိုင် မဟုတ်ဘဲ လူတိုင်းပိုင်တယ်ဆိုတာကိုပဲ ကျွန်တော် ဆက်ပြီး ပြောနေတာပါ။ ဂိုဏ်းချုပ် ရှားယွမ်တုန်းက လင်းယုန်ပျံဂိုဏ်းကိုဆက်ပြီး ဦးဆောင်သင့်သလားဆိုတာနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အဖြေကို ကျေးဇူးပြုပြီး ပေးပါ။"
ရှားဖေးယင်း ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း သူ၏မျက်လုံးများတွင် ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ "ကောင်းတယ် အရမ်း ကောင်းတယ်။ ငါ့ရဲ့အာဏာကို စိန်ခေါ်ရဲတဲ့သူမရှိတာ နှစ်တော်တော်ကြာနေပြီ။ လင်းယုန်ပျံဂိုဏ်းကို ငါကိုယ်တိုင်ဖန်တီးခဲ့တာ။ ဒီနေ့တော့ ဒါက ငါတစ်ယောက်တည်းပိုင်မဟုတ်ဘူးလို့ တစ်ယောက်ယောက်က တကယ်ပြောလာလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။"
ရှားဖေးယင်း၏စူးရှသော အကြည့်များက တုန်းချန်ဝူနှင့် သူ၏အဖွဲ့ထံသို့ ပြောင်းသွားပြီး အေးစက်စွာ မေးလိုက်၏။ "မင်းတို့ အားလုံးရော အဲဒီလိုပဲ ထင်နေကြတာလား။"
တုန်းချန်ဝူနှင့် အခြားသူများက ဆုရှင်းက တံခါးဝတွင် သူတို့ကို ပြောခဲ့သော စကားများ၏အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်သွားကြ၏။
လင်းယုန်ပျံဂိုဏ်းက ရှားဖေးယင်း တစ်ယောက်တည်းပိုင်သည်လော သို့မဟုတ် လူတိုင်းပိုင်သည်လော။ ဆုရှင်းက သူ၏ရပ်တည်ချက်ကို ရှင်းလင်းစွာပြသပြီးပြီ ဖြစ်၏။
ယခု ဆုံးဖြတ်ရန်မှာ သူတို့အပေါ်တွင်သာ မူတည်တော့သည်။
တုန်းချန်ဝူ ခေါင်းမော့ကာ နိမ့်ကျသော အသံဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် လင်းယုန်ပျံဂိုဏ်းကို အဲဒီတုန်းက ငါတို့ကပါဝင်တည်ထောင်ခဲ့တာပါ။ ငါတို့ညီအစ်ကိုတွေ တိုက်ခိုက်ပြီးသွေးတွေချွေးတွေစတေးခဲ့ရတဲ့ဂိုဏ်းကိုနောက်ဆုံးမှာ ပျက်စီးသွားတာမျိုးမမြင်ချင်ပါဘူး။"
သူ တိုက်ရိုက်မပြောခဲ့သော်လည်း ဆိုလိုရင်းမှာ လင်းယုန်ပျံဂိုဏ်းကို တည်ထောင်စဉ်က ရှားဖေးယင်းတစ်ယောက်တည်း ပါဝင်ခဲ့ခြင်း မဟုတ်ဘူး ဟူ၍ဖြစ်သည်။
ကျွမ်စလီက ရယ်မောလိုက်ပြီးပြောသည်။ "ယွမ်တုန်းက ငါတို့ရဲ့မျိုးဆက်သစ်ပါ။ သူ ကြီးပြင်းလာတာကို ငါတို့အားလုံးကြည့်နေခဲ့တာ။ သူဂိုဏ်းကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာ မသိရင်လည်း ကိစ္စမရှိပါဘူး။ ငါတို့ လင်းယုန်ပျံဂိုဏ်းရှိနေသရွေ့၊ သူ့ကို တစ်သက်လုံးချမ်းသာပြီးဂုဏ်သိက္ခာရှိတဲ့ ဘဝတစ်ခု အာမခံနိုင်ပါတယ်။"
ခန်းမသခင် သုံးဦးထဲတွင် လင်းဖူဟူ တစ်ဦးတည်းသာ တိတ်ဆိတ်နေခဲ့၏။
သူက ရှားဖေးယင်း၏ယုံကြည်ရသူ တစ်ဦး အမြဲတမ်းဖြစ်ခဲ့သည်။ သို့မဟုတ် အနည်းဆုံးတော့ ထိုသို့ သူထင်မှတ်ထားခဲ့သော်လည်း သူ၏နှလုံးသားထဲတွင် ဆုရှင်း၏စကားများကို သဘောတူနေဆဲပင်။
လူများက တစ်ကိုယ်ကောင်းဆန်ကြ၏။ အကယ်၍ လင်းဖူဟူသာ တစ်ကိုယ်တည်းသမားဖြစ်နေပါက သူ ရှားဖေးယင်း၏ဘက်မှ ရပ်တည်ပြီး သူ့အတွက် တိုက်ပွဲဝင်ပေးမည်ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူကတစ်ယောက်တည်း မဟုတ်ခဲ့ပေ။
လင်းဖူဟူတွင် သားတစ်ယောက်နှင့် တပည့်များစွာရှိပြီး အားလုံးမှာ လင်းယုန်ပျံဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်နေကြ၏။
အကယ်၍ ရှားယွမ်တုန်းသာ ဆုရှင်းကဲ့သို့ ထူးချွန်မည်ဆိုပါက သူ၏သားနှင့် တပည့်များကို ဂိုဏ်းထံ အပ်နှံရန် သူဝန်လေးမည် မဟုတ်ပေ။ သို့သော် ကံမကောင်းစွာဖြင့် ရှားယွမ်တုန်းက ၎င်းကို မလုပ်နိုင်ခဲ့ပေ။
သူ၏ ဦးဆောင်မှုအောက်တွင် လင်းယုန်ပျံဂိုဏ်းက ကျဆင်းသွားရန် သို့မဟုတ် ပျက်စီးသွားရန်သာ ရှိသည်။
ခန်းမသခင် သုံးဦးက သူတို့၏ထောက်ခံမှုကို ဖော်ပြလိုက်သည်နှင့် အခြား ခေါင်းဆောင်ကြီးများလည်း ပိုမို ရဲတင်းလာကြ၏။
ထိုနေရာတွင် ရှိနေသော ခေါင်းဆောင် ဆယ့်သုံးဦးထဲတွင်နှစ်ဦး သို့မဟုတ် သုံးဦးသာ တိတ်ဆိတ်နေပြီး ကျန်သူများက ဆုရှင်းကို ထောက်ခံကြောင်း ထုတ်ပြောခဲ့ကြသည်။
"ကောင်းတယ် အရမ်း ကောင်းတယ်။"
ရှားဖေးယင်းက အစည်းအဝေးခန်းမရှိ လူတိုင်းကို အကဲခတ်လိုက်ရင်း သူ့၏မျက်နှာတွင် အဆုံးအစမဲ့ အေးစက်မှုများ ပေါ်လွင်နေခဲ့၏။
*အားလုံးရဲ့သစ္စာဖောက်မှု။*
ဤသည်မှာ ရှားဖေးယင်း၏လက်ရှိ အခြေအနေကို စစ်မှန်စွာထင်ဟပ်ပြသနေခြင်းဖြစ်သည်။
ဆယ်နှစ်ကျော်ကြာ သူ့နောက်သို့လိုက်ခဲ့သော ဤလက်အောက်ငယ်သားများနှင့် ညီအစ်ကိုများက ကိုယ်ကျိုးအတွက်မျှော်လင့်ချက်နှင့် ရင်ဆိုင်ရချိန်တွင် မဆိုင်းမတွသစ္စာဖောက်ခဲ့ကြ၏။
ရှားယွမ်တုန်းကလည်း တစ်ခုခု မှားနေကြောင်း သတိပြုမိပြီး ရှားဖေးယင်း၏အနောက်သို့ အလိုအလျောက် ပုန်းကွယ်သွားသည်။ ဤလုပ်ရပ်မှာ ထိုနေရာတွင် ရှိနေသူ အားလုံး၏အာရုံစိုက်မှုကို မလွတ်ကင်းခဲ့ဘဲ သူတို့၏ရွေးချယ်မှု မှန်ကန်ကြောင်း သူတို့ကိုသဘောပေါက်သွားစေခဲ့၏။
*ဒီလို အားနည်းတဲ့သူက လင်းယုန်ပျံဂိုဏ်းကို ဘယ်လိုလုပ် ထိန်းသိမ်းနိုင်မှာလဲ။*
အစည်းအဝေးခန်းမ တစ်ခုလုံးတင်းမာသော တိတ်ဆိတ်မှုထဲသို့ ကျဆင်းသွားတော့သည်။
ရှားဖေးယင်း၏စရိုက်အရ ဂိုဏ်းချုပ်က ဤကိစ္စကို ဤမျှအလွယ်တကူလွှတ်ထားမည် မဟုတ်ကြောင်း သူတို့ သိထားကြ၏။
သို့သော် သူတို့လည်း နောက်ဆုတ်မည်မဟုတ်ပေ။ ယခု ရှားဖေးယင်းက သူ၏သားအတွက် လင်းယုန်ပျံဂိုဏ်းတစ်ခုလုံးကို ဖြုတ်ချမည်လား ဆိုတာကို ကြည့်ရန်သာ ရှိတော့သည်။
လက်ရှိအခြေအနေအရ ရှားဖေးယင်းက ရှားယွမ်တုန်းကို ဂိုဏ်းချုပ်၏အမွေဆက်ခံသူအဖြစ် ဆက်လက်ထောက်ခံနေမည်ဆိုပါက သူတို့က ပျင်းရိစွာထိုင်ပြီး သူတို့၏ပျက်စီးမှုကို စောင့်နေမည် မဟုတ်ချေ။
လင်းယုန်ပျံဂိုဏ်း တစ်ခုလုံး သေချာပေါက် ပြိုကွဲသွားပေလိမ့်မည်။
"မင်းတို့ရဲ့ ဒီနေ့ရွေးချယ်မှုအတွက် နောင်တမရကြစေဖို့ ငါ မျှော်လင့်ပါတယ်။" အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှားဖေးယင်းက ချက်ချင်းမတိုက်ခိုက်ဘဲ လှည့်ကာ သူ၏လူများနှင့်အတူ ထွက်သွားတော့သည်။
ဤသည်ကို မြင်သောအခါ အခြား ခေါင်းဆောင်များသက်ပြင်းချလိုက်ကြပြီး ရှားဖေးယင်း အလျှော့ပေးလိုက်ပြီဟု ထင်မှတ်လိုက်ကြသော်လည်း ကျွမ်းလီနှင့် တုန်းချန်ဝူတို့ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး သူတို့၏ရင်ထဲတွင် မအေးချမ်းမှုများ ပေါ်လာခဲ့၏။
ရှားဖေးယင်းအကြောင်း သူတို့ နားလည်ထားသလောက် သူက ဤကိစ္စတွင် ဤမျှအလွယ်တကူ အလျှော့ပေးမည် မဟုတ်ကြောင်း သူတို့ သိထားကြသည်။ ၎င်းမှာ ရှားဖေးယင်း၏စရိုက် မဟုတ်ပေ။
ဆုရှင်းအကြောဆန့်ကာ မတ်တပ်ရပ်လိုက်ပြီး လီဟွိုင်နှင့် ဟွမ်ပင်းချန်တို့ကို ခန်းမအပြင်သို့ ဦးဆောင်သွားခဲ့သည်။
ကျွမ်းလီနှင့် တုန်းချန်ဝူတို့ ချက်ချင်းနောက်သို့ လိုက်သွားကြသော်လည်း လင်းဖူဟူမှာ ထိုနေရာတွင် ငေးမောစွာ ထိုင်နေဆဲဖြစ်၏။
"ခန်းမသခင်ဆု ဘယ်သွားမလို့လဲ။" ကျွမ်းလီက တံခါးပေါက်အထိပြေးလိုက်သွားပြီး ပြုံးကာ မေးလိုက်သည်။
ဆုရှင်းက ပျင်းရိစွာပြောလိုက်၏။ "မိုးပြာဝါးဂိုဏ်းက ငါ့ကိုဖျက်ဆီးဖို့စိတ်ပိုင်းဖြတ်ထားတုန်းပဲ။ ဂိုဏ်းချုပ်ကို သူတို့အန္တရာယ်ပြုမှာစိုးရိမ်လို့ သူ့ကို ကာကွယ်ဖို့ လူတချို့ခေါ်သွားမလို့ပြင်နေတာပါ။"
ကျွမ်စလီနှင့် တုန်းချန်ဝူတို့ ချက်ချင်းအံ့အားသင့်သွားကြ၏။ ဆုရှင်း၏စကားများက မိုးပြာဝါးဂိုဏ်းမှ ဂိုဏ်းချုပ်ကိုအန္တရာယ်ပြုမည်ကို ကြောက်နေပုံ မပေါက်ပေ။
သူကသာ ဂိုဏ်းချုပ်ကို အန္တရာယ်ပြုချင်နေသည်မှာ ရှင်းနေ၏။
"မင်း ရူးနေတာလား။" ကျွမ်းလီက နိမ့်ကျသော အသံဖြင့်မေးလိုက်ရာ သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။
ဆုရှင်း လှောင်ပြောင်လိုက်သည်။ "ခင်ဗျား ရူးနေတာလား။ ရှားဖေးယင်းက ကိစ္စတွေကိုဒီအတိုင်း လွှတ်ထားမယ့်လူမျိုးလို့ ထင်နေတာလား။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူ့စကားနားမထောင်တဲ့ ခေါင်းဆောင်ကြီးအများအပြားကို သူ ရက်ရက်စက်စက်သတ်ပစ်ခဲ့တယ်လို့ ကြားဖူးတယ်။"
"အခု ခင်ဗျားတို့ရဲ့လုပ်ရပ်တွေက လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်က လူတွေထက် အများကြီးပိုဆိုးရွားနေပြီ။ ရှားဖေးယင်းက ခင်ဗျားတို့ကို လွှတ်ထားမယ်လို့ ထင်နေတာလား။"
ကျွမ်းလီနှင့် တုန်းချန်ဝူတို့ တိတ်ဆိတ်သွားကြ၏။ သူတို့ နှစ်ဦးစလုံးက ထိုစဉ်တုန်းက ဖြစ်ခဲ့သည့်အရာများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ရှားဖေးယင်း၏ရက်စက်မှုက သူတို့၏အရိုးထဲအထိ စိမ့်ဝင်သွားစေခဲ့သည်။
သူ့ဘေးတွင် တိုက်ပွဲဝင်ခဲ့သော သူ၏ညီအစ်ကိုများကိုပင် သူ ရက်စက်စွာသတ်ဖြတ်နိုင်ခဲ့၏။
ယခု သူတို့ ၎င်းနှင့် လုံးဝအဆက်အသွယ်ဖြတ်လိုက်ပြီဖြစ်ရာ ၎င်းက သူတို့ကိုလွှတ်ထားမည်ဟု ထင်နေကြသည်လော။
"ငါတို့ကို ဘာလုပ်စေချင်တာလဲ။" ကျွမ်းလီက မေးလိုက်၏။
တုန်းချန်ဝူ တိတ်ဆိတ်နေဆဲဖြစ်သည်။ သူက ယခင်က ဆုရှင်းနှင့် ကြီးမားသော ပဋိပက္ခတစ်ခု ရှိခဲ့သော်လည်း အနည်းဆုံးတော့ ယခု သူတို့ တစ်ဖက်တည်းတွင် ရှိနေကြပြီ ဖြစ်၏။
ဆုရှင်းအပေါ် သူ၏နက်ရှိုင်းသော အမုန်းတရားများရှိနေသော်လည်း ရှားဖေးယင်း၏ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရချိန်တွင် သူက ဆုရှင်းနှင့် ပူးပေါင်းရပါလိမ့်မည်။
"ခင်ဗျားတို့ ဘာမှလုပ်စရာမလိုပါဘူး။ ဒီမှာပဲ နေပြီး စောင့်ကြည့်နေပါ။"
ဆုရှင်းထိုသို့ပြောပြီးနောက် သူ၏လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။
တုန်းချန်ဝူ မယုံကြည်နိုင်စွာစိုက်ကြည့်နေမိသည်။ "သူက ဂိုဏ်းချုပ်ကို တကယ်သတ်ချင်နေတာလား။ ဒါမှမဟုတ် ထျဲဝူချင်ဆီ အကူအညီတောင်းဖို့ စီစဉ်နေတာလား။"
ကျွမ်းလီ ခေါင်းယမ်းလိုက်၏။ "လှုပ်ရှားတဲ့သူက ထျဲဝူချင် မဖြစ်နိုင်လောက်ဘူး။ တကယ်လို့ ထျဲဝူချင်သာ လှုပ်ရှားနိုင်ရင် သူတစ်လလောက် စောင့်နေစရာ မလိုဘူး။ ထျဲဝူချင်ရဲ့ခွန်အားနဲ့ဆိုရင် ပြီးခဲ့တဲ့အစည်းအဝေးတုန်းက ဂိုဏ်းချုပ်ကို ရှင်းလင်းပစ်လို့ ရတယ်။"
"ဒါပေမဲ့ သူကိုယ်တိုင်လှုပ်ရှားချင်ရင် သူ့ရဲ့ လက်ထောက်နဲ့ အတူတိုက်ပွဲဝင်ဖို့ ဘယ်ကနေ ယုံကြည်မှုရလာတာလဲ။ သူ ဟောက်ထျန်း အလယ်အလတ်အဆင့်ကို ရောက်လာတာ တစ်လပဲ ရှိသေးတာကို။" တုန်းချန်ဝူက ဇဝေဇဝါဖြင့် မေးလိုက်သည်။
ကျွမ်းလီ ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူ၏ပုံမှန်သိမ်မွေ့နေရသော အမူအရာအစား နက်ရှိုင်းပြီးလေးနက်သော အမူအရာတစ်ခု အစားထိုး ဝင်ရောက်လာခဲ့၏။ "ဘယ်သူသိမှာလဲ။ ဘာပဲဖြစ်ဖြစ် ဆုရှင်း ဒီနေ့ဂိုဏ်းကို အသက်ရှင်လျက်ပြန်ရောက်လာရင်။ လင်းယုန်ပျံဂိုဏ်းရဲ့ကမ္ဘာကြီးပြောင်းလဲတော့မယ်ဆိုတာ သက်သေပြလိုက်တာပဲ။"
တကယ်တမ်းတွင် ဆုရှင်း၏ခွန်အားနှင့် ပတ်သက်၍ တုန်းချန်ဝူ၏ခန့်မှန်းချက်မှာ အတော်လေးတိကျပါသည်။ ဆုရှင်းက ဟောက်ထျန်း အထွတ်အထိပ်သို့ မရောက်ရှိသေးသော်လည်း သွေးကြောအမှတ် ၁၀၇ခုကို ဖွင့်နိုင်ခဲ့ပြီ ဖြစ်၏။
ဆေးလုံး၏အကူအညီဖြင့်ပင် နောက်ဆုံးတွင် ခန္ဓာကိုယ်သန့်စင်ခြင်းလေ့ကျင့်မှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုခက်ခဲလာခဲ့၏။ ဆုရှင်းအတွက်ရော ဗဟိုလွင်ပြင်မှ သိုင်းလောက၏ဆရာကြီးများအတွက်ပါ ဤအချက်မှာမှန်ကန်ပေလိမ့်မည်။
တစ်လအတွင်း သွေးကြောအမှတ် ၇၂ ခုမှ ၁၀၇ ခုအထိ ဖွင့်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
သို့သော် ဆင်နဂါးသိုင်းကျင့်စဉ်၏ ခန္ဓာကိုယ် သန့်စင်ခြင်းအကျိုးသက်ရောက်မှုမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ သူက ဆင်နဂါးသိုင်းကျင့်စဉ်ကို အသက်သွင်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အပြင် သူ၏ကိုယ်တွင်းရှိ သွေးကြောအမှတ်များနှင့် လမ်းကြောင်းများ အဆက်မပြတ်သန်မာလာသည်ကို ခံစားရသည်။
လွန်ခဲ့သောသုံးရက်က သူ၏ဆင်နဂါးသိုင်းကျင့်စဉ် က ပထမအဆင့်သို့ လုံးဝရောက်ရှိသွားခဲ့ရာ၊ သူ၏ခန္ဓာကိုယ်ရှိ သွေးကြောအမှတ်များအားလုံး ပြန်လည်သန့်စင်ခံလိုက်ရသကဲ့သို့ ဖြစ်သွားစေခဲ့၏။ မူလချီက သွေးကြောအမှတ်များထဲသို့ မည်သည့် အတားအဆီးမျှမရှိဘဲ ပေါင်းစပ်သွားပြီး မျက်စိတစ်မှိတ်အတွင်း သွေးကြောအမှတ် နှစ်ဆယ်ကျော် ဖွင့်သွားခဲ့သည်။
ထို့ကြောင့် ဆုရှင်းက ဤအဆင့်သို့ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်၏။ ဟောက်ထျန်းအလယ်အလတ်အဆင့်သို့ ရောက်ရှိပြီးနောက် တစ်လအတွင်း သူ၏ခွန်အားမှာ ဟောက်ထျန်းအထွတ်အထိပ်ဆီသို့ ချဉ်းကပ်လာနေလေပြီ။
သို့သော် ကျင့်ကြံရာတွင် ဆင်နဂါးသိုင်းကျင့်စဉ်၏ အကျိုးကျေးဇူးများမှာ ထိုနေရာတွင် အဆုံးသတ်သွားခဲ့၏။
ရှန်းထျန်းအဆင့်သို့ ရောက်ရှိသောအခါ ဆင်နဂါးသိုင်းကျင့်စဉ်က ခန္ဓာကိုယ်ကိုသန့်စင်ပေးနိုင်အုန်းမည်ဖြစ်သော်လည်း ဆုရှင်း၏သိုင်းပညာ ကျင့်ကြံခြင်းကိုတော့ တိုးမြင့်ပေးနိုင်တော့မည်မဟုတ်ပေ။
ရှားဖေးယင်းက သွေးကြောအမှတ် ၁၀၈ခုကို ဖွင့်ထားသော ဟောက်ထျန်းအထွတ်အထိပ်သိုင်းပညာရှင် တစ်ဦးဖြစ်သည်။ ယခု သူက ရှားဖေးယင်းကဲ့သို့ အစစ်အမှန်သိုင်းပညာရှင် တစ်ဦး ဖြစ်လာရန် ဆံချည်မျှင်တစ်မျှင်သာကွာဝေးတော့ကြောင်း ဆုရှင်းသိထားပါသည်။
သို့သော် ရှားဖေးယင်းက အသက်ကြီးနေလေပြီ။ သူကတော့ ငယ်သေး၏။ ဤကွာဟချက်က သူတို့ကြားကကွာဟချက်ကို ပေါင်းကူးပေးဖို့လုံလောက်ပါလိမ့်မည်။