← Chapters

အခန်း (၆၉)

Vol. 7 Ch. 69

အခန်း (၆၉)

Vol. 7 Ch. 69

အခန်း (၆၉) ရှင်ဘုရင်တွေက ရာဇပလ္လင်ကိုတစ်လှည့်စီတက်ကြတယ်

ရှားဖေးယင်း၏အိမ်တော်က ပင်မဌာနချုပ်ရှိသော ကျင်းယွဲ့ရပ်ကွက်တွင်မဟုတ်ဘဲ ကျင်းယွဲ့ရပ်ကွက်ဘေးရှိ မင်ယွဲ့ရပ်ကွက်တွင်ရှိနေ၏။

မင်ယွဲ့ရပ်ကွက် တစ်ခုလုံး၏တစ်ဝက်ခန့်မှာ ရှားဖေးယင်း၏တိုက်ရိုက် စီရင်ပိုင်ခွင့်အောက်တွင် ရှိနေပြီး သူလေ့ကျင့်ပေးထားသော လက်ရွေးစင် တပည့်များကိုလည်း မင်ယွဲ့ရပ်ကွက်အတွင်းတွင် ထားရှိသည်။

ပင်မဌာနချုပ်အပြန်လမ်းတွင် ရှားဖေးယင်းမှာ တိတ်ဆိတ်နေခဲ့ရာ ၎င်းက သူ၏နောက်တွင် လိုက်ပါလာသော ရှားယွမ်တုန်းကို အလွန် ကြောက်လန့်သွားစေခဲ့၏။

ယနေ့အခြေအနေကို မြင်သောအခါ ကိစ္စများ ထိန်းချုပ်မှုအောက်မှလွတ်သွားပြီဖြစ်ကြောင်း သူသိလိုက်သည်။ အနည်းဆုံးတော့ ရှားဖေးယင်း ဤမျှလေးနက်နေသည်ကို သူ မမြင်ရသည်မှာကြာပြီဖြစ်၏။

မင်ယွဲ့ရပ်ကွက် အိမ်တော်သို့ပြန်ရောက်သောအခါ ရှားဖေးယင်းက အခြားလူများကို ထွက်သွားရန် အမိန့်ပေးလိုက်ပြီး ရှားယွမ်တုန်းကိုသာ အထဲတွင် ကျန်ရစ်စေခဲ့သည်။

ရှားဖေးယင်းက နံရံဆီသို့လျှောက်သွားပြီး ထောင့်ရှိပန်းအိုးတစ်လုံးကို ညင်သာစွာလှည့်လိုက်၏။ သူ့ရှေ့ရှိ နံရံမှာလည်ပတ်လာပြီး လူတစ်ယောက်စာခန့် ရှိသော လျှို့ဝှက်အခန်းလေးတစ်ခုပေါ်လာသည်။

ရှားယွမ်တုန်း၏မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွား၏။ အတွင်းတွင် လျှို့ဝှက်အခန်းလေး တစ်ခန်းရှိနေသည်ကို တစ်ချိန်လုံး သူလုံးဝမသိခဲ့ပေ။

အခန်းလေးအတွင်းတွင် အတော်လေး ဟောင်းနွမ်းနေပုံရသော သေတ္တာတစ်လုံးမှလွဲ၍ အခြားဘာမှ မရှိပေ။

ရှားဖေးယင်း သေတ္တာကိုဖွင့်လိုက်ရာ အတွင်းတွင် ဓားတစ်လက်နှင့် အမှတ်အသားပြား တစ်ခုသာ ပါရှိနေ၏။

ဓားမှာ ငန်းတောင်ပံဓားဖြစ်ပြီး ၎င်း၏ကျဉ်းမြောင်းသော ဓားသွားပေါ်တွင် ထူးဆန်းသောသင်္ကေတများရေးထွင်းထားကာ အနီရောင်ရင့်ရင့် အစွန်းအထင်းအချို့ရှိနေပါသည်။

ဤအရာများက သွေးချေးများပင်။

ဓားသွားပေါ်တွင် နှစ်ပေါင်းများစွာသွေးများစွန်းထင်သွားပြီးနောက် ဖြစ်ပေါ်လာသော သွေးချေးများကို ဖယ်ရှားရန်မဖြစ်နိုင်ချေ။

ငန်းတောင်ပံဓားကို ကောက်ကိုင်လိုက်ရင်း ရှားဖေးယင်း၏အတွေးများမှာ ဆယ်စုနှစ်များစွာအတိတ်ထံသို့ ပြန်ရောက်သွားပုံရ၏။ သူက ဟူနန်ပြည်နယ်တစ်ခွင်သို့ ခေါင်းဆောင်ကြီးနောက်သို့ လိုက်ကာ ဓားကိုင်ကာမြင်းစီးရင်း လွတ်လပ်ပျော်ရွှင်သော ဘဝကိုဖြတ်သန်းခဲ့သည့် နေ့ရက်များဆီသို့ပင်။

ကံမကောင်းစွာဖြင့် သူ၏နှလုံးသားထဲမှ အမုန်းတရားများကိုမစွန့်လွှတ်နိုင်ဘဲ ချန်နင်စီရင်စုသို့ ပြန်လာရန်အတင်းအကျပ်တောင်းဆိုခဲ့သည်။

ဆယ်စုနှစ်များစွာကြိုးစားအားထုတ်ပြီးနောက် သူက သူအမြဲတမ်းအိပ်မက်မက်ခဲ့သည့် အရာအားလုံးကိုရရှိခဲ့သော်လည်း ဤငန်းတောင်ပံဓားကို မကိုင်ခဲ့သည်မှာ ဆယ်နှစ်နီးပါးရှိနေလေပြီ။

"ယွမ်တုန်း ဒီတစ်ခါ ငါတစ်ခုခုဖြစ်သွားရင်ာ ဟူနန်ပြည်နယ်ကိုသွား တောင်ပေါ်ခံတပ် တစ်ခုခုကိုရှာ။ သူတို့ကိုဒီအမှတ်အသားပြားပေးလိုက်။ ပြီးရင် မင်းကိုတစ်သက်လုံးစိတ်ပူစရာမလိုတဲ့ ဘဝတစ်ခု အာမခံပေးနိုင်မယ့် သူတစ်ယောက်ဆီ သူတို့ ခေါ်သွားပေးလိမ့်မယ်။"

ရှားဖေးယင်းပ ကြေးဝါရောင်အမှတ်အသားပြားကို ကောက်ယူကာ ရှားယွမ်တုန်းထံ ကမ်းပေးလိုက်၏။ အမှတ်အသားပြားမှာ ရိုးရှင်းသောဒီဇိုင်းရှိပြီး အပို အလှဆင်မှုများ မပါရှိချေ။

၎င်းပေါ်တွင် အရှိန်အဝါကြီးသောလက်ရေးဖြင့် ရေးသားထားသည့် စာလုံးကြီးနှစ်လုံးသာရှိသည်။ ထိုက်ဟန်။ ထိုက်ဟန်တောင်။

ဟူနန်ပြည်နယ် ထိုက်ဟန်တောင်ပေါ် ခံတပ်။ ကမ္ဘာပေါ်ရှိ ဓားပြများထဲမှ အားလုံးတွင် အသန်မာဆုံး။

ထိုက်ဟန်တောင်တန်းများတွင် ခံတပ် ၃၆ ခု၊ ဓားခန်းမ ၃၆ ခုနှင့် ဓားသမားသောင်းနှင့်ချီ ရှိ၏။ ၎င်း၏အထွတ်အထိပ်အချိန်တွင် ဗုဒ္ဓလမ်းစဉ် နှင့် တာအိုဂိုဏ်းပင်လျှင် သူတို့ကိုလမ်းဖယ်ပေးခဲ့ရသည်။

အမှတ်အသားပြား၏ကျောဘက်တွင်လည်း နှစ်ဆယ့်သုံးဟူ၍ စာလုံးကြီးနှစ်လုံး ရေးသားထား၏။ ရိုးရှင်းသောစာလုံးများမှာ ဓားဖြင့် ထွင်းထုထားသည့်အလား ထက်မြက်ပြီးခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။

ရှားဖေးယင်း၏လေးနက်သော လေသံကို ကြားသောအခါ ရှားယွမ်တုန်း မနေနိုင်ဘဲပြောလိုက်၏။ "အဖေ။ ဆုရှင်းတို့က အဖေ့ရဲ့ပြိုင်ဘက် မဟုတ်ပါဘူး။ သူတို့က ကြက်တွေ။ ခွေးတွေသာသာပဲရှိတာပါ။ ဒီကိစ္စကို ဒီလောက်ကြီးကြီးကျယ်ကျယ်လုပ်ဖို့ လိုလို့လား။"

ရှားဖေးယင်း ခေါင်းယမ်းလိုက်၏။ "မင်း နားမလည်ပါဘူး။ ငါက အသက်ကြီးပြီ ဆုရှင်းက ငယ်သေးတယ်။ ပြီးတော့ ဒီတစ်ခါရလဒ်ဘယ်လိုပဲ ဖြစ်စေ။ ငါတို့လင်းယုန်ပျံဂိုဏ်းက ကျဆင်းဖို့ဖန်တီးခံထားရပြီးသားပဲ။"

"ငါက လင်းယုန်ပျံဂိုဏ်းအတွင်းက တည်ငြိမ်မှုမရှိတဲ့အချက်တွေ အားလုံးကို ရှင်းလင်းပစ်နိုင်ရင်တောင် ဒီခေါင်းဆောင်ကြီးတွေနဲ့ ခန်းမသခင်တွေမရှိရင် လင်းယုန်ပျံဂိုဏ်းရဲ့ခွန်အားက သေချာပေါက်အောက်ဆုံးအထိ ထိုးကျသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် တခြားဂိုဏ်းတွေက ဘယ်လိုလုပ် မမက်မောဘဲ နေမှာလဲ။"

"ဒါကြောင့် ဒီအမှတ်အသားပြားကိုသိမ်းထားပါ။ တစ်ခုခုဖြစ်ရင် ချက်ချင်းထွက်သွား။ ဟူနန်ပြည်နယ်ကို ရောက်တာနဲ့ မင်းလုံးဝဘေးကင်းသွားလိမ့်မယ်။"

ရှားဖေးယင်း မပြောခဲ့သော အရာတစ်ခု ရှိသေး၏။ ၎င်းမှာ သူ၏သားအပေါ် လုံးဝ စိတ်ပျက်နေခြင်းပင်။

သူ၏စရိုက်အရ သူက လင်းယုန်ပျံဂိုဏ်းကို လုံးဝ မထိန်းချုပ်နိုင်ချေ။ သူဂိုဏ်းချုပ်ဖြစ်လာလျှင်ပင် သူတို့ကိုထိန်းချုပ်ရန် သူမရှိပါက နောက်ဆုံး ရလဒ်မှာ မိုးပြာဝါးဂိုဏ်း၏ ဝေ့ဖုန်း နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

ရှားဖေးယင်းက သူ အသက်ကြီးနေပြီဖြစ်ပြီး နှစ်အနည်းငယ်သာနေရတော့မည်ကို သိထားသဖြင့် သူ၏သားအတွက်လုံခြုံသော အနာဂတ်တစ်ခုကို ချန်ထားခဲ့ရမည်။

"သွားကြစို့။ မင်းအတွက် လင်းယုန်ပျံဂိုဏ်းကို ငါ အခု ရှင်းလင်းပေးမယ်။ အဲဒီနောက်မှာ ဂိုဏ်းချုပ် နေရာကိုဆက်ထိန်းထားနိုင်မလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တော့မယ်။"

သူ၏ငန်းတောင်ပံဓားကို ကောက်ကိုင်ကာ ရှားဖေးယင်းက အိမ်တော်ထဲမှ ထွက်လာခဲ့သည်။ သူ ဂရုတစိုက်လေ့ကျင့်ပေးထားသော တပည့်တစ်ရာကျော်မှာ တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေကြလေပြီ။

ဤလူများထဲတွင် အသန်မာဆုံးမှာ ဟောက်ထျန်း အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

အားအနည်းဆုံးသူပင်လျှင် သွေးကြောအမှတ် ဆယ်ခုကျော်ဖွင့်ထားခဲ့၏။

သူတို့က လင်းယုန်ပျံဂိုဏ်းတွင် အသန်မာဆုံး အင်အားစုဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သူတို့၏တိုက်ခိုက်ရေးအတွေ့အကြုံကို ဖယ်ထားလျှင် စစ်ရေးခန်းမ၏တပည့်များထက်များစွာ ပိုမို သန်မာကြ၏။

အရေးအကြီးဆုံးကတော့ သူတို့က သစ္စာရှိကြ၏။

သူတို့ကို စတင်လေ့ကျင့်ပေးကတည်းက ရှားဖေးယင်းက သူတို့၏သစ္စာရှိမှုမှာ လင်းယုန်ပျံဂိုဏ်းအပေါ်မဟုတ်ဘဲ သူရှားဖေးယင်းအပေါ်သာ ဖြစ်ကြောင်း သူတို့၏စိတ်ထဲတွင် ရိုက်သွင်းပေးခဲ့၏။

"သွားမယ်။"

လက်ဝှေ့ယမ်းကာ ရှားဖေးယင်းက လူရာနှင့်ချီကို ဦးဆောင်ပြီး အိမ်တော်ထဲမှထွက်လာခဲ့သော်လည်း လမ်းပေါ်သို့ရောက်သည်နှင့် ရှားဖေးယင်း တစ်ခုခု မှားနေကြောင်း ခံစားလိုက်ရသည်။

တစ်ချိန်က စည်ကားခဲ့သော လမ်းများမှာ ယခုအခါလမ်းသွားလမ်းလာတစ်ယောက်မျှ မရှိဘဲ ထူးဆန်းစွာ တိတ်ဆိတ်နေ၏။

ခဏက ဖွင့်ထားသည့် ဆိုင်များအကုန်လုံးက ယခု ပိတ်သွားလေပြီ။

"ထွက်လာခဲ့။ မင်းဘက်က အရင်ဆုံးတိုက်ခိုက်ရဲလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ တိုက်ခိုက်မှုကို ဘယ်သူက ဦးဆောင်တာလဲ။"

"လင်းဖူဟူက မလုပ်ရဲဘူး။ တုန်းချန်ဝူမှာ ဆန္ဒရှိပေမဲ့ သတ္တိမရှိဘူး။ ကျွမ်းလီက အမြဲတမ်းသတိထားတတ်တယ်။ ငါ့အိမ်တံခါးဝမှာ ငါ့ကိုခြုံခိုတိုက်ခိုက်ရဲတဲ့ သူက မင်းတစ်ယောက်တည်းပဲ ရှိတယ်။"

ဆုရှင်းက ထောင့်ချိုးမှ ထွက်လာပြီး လီဟွိုင်က အနောက်မှ ကပ်လျက်လိုက်ပါလာခဲ့၏။ ဟွမ်ပင်းချန်နှင့် ဆုရှင်း၏လူများမှာတော့ မင်ယွဲ့ရပ်ကွက် ပတ်ဝန်းကျင်တွင် အချိန်အတော်ကြာကတည်းက ခြုံခိုစောင့်ဆိုင်းနေခဲ့ကြသည်။

သူမစ်ရှင်ကို လက်ခံလိုက်သည့် နေ့မှစ၍ ရှားဖေးယင်းသေရတော့မည်ဖြစ်သည်။ တောင်တစ်လုံးပေါ်တွင် ကျားနှစ်ကောင် အတူတူနေ၍မရနိုင်ပေ။ ယခုမှစ၍ လင်းယုန်ပျံဂိုဏ်းက ရှားမိသားစုပိုင် မဟုတ်ဘဲ ဆုမိသားစုပိုင်ဖြစ်လာပါတော့မည်။

ဆုရှင်းကိုမြင်သောအခါ ရှားဖေးယင်း သက်ပြင်းချလိုက်၏။ "တကယ်ပဲ မင်းဖြစ်နေတာပဲ။ မင်း ဖြစ်မယ်ဆိုတာ ငါသိပြီးသားပါ။ အခု ငါအနောင်တရဆုံးအရာက ဘာလဲဆိုတာ မင်းသိလား။ ဟိုထုံကို မင်း သတ်တုန်းက ဂိုဏ်းရဲ့စည်းမျဉ်းတွေအရ မင်းကိုအပြစ်မပေးခဲ့ဘဲ မင်းကိုသက်ညှာပေးခဲ့တာကိုပဲ ငါ နောင်တရမိတယ်။"

ဆုရှင်း အနည်းငယ်ပြုံးလိုက်၏။ "ခင်ဗျား တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများက ဒီလိုပဲတွေးခဲ့ကြတယ်။ ဒါပေမဲ့ ကံမကောင်းတာက သူတို့အတွက်နောက်ကျသွားပြီ။"

ဤနောင်တရသည့် ခံစားချက်မှာ ရှားဖေးယင်း တစ်ဦးတည်းအတွက် မဟုတ်ဘဲ တတိယသခင်ကြီးဟူလည်း ထိုသို့ခံစားရပါသည်။

သူတို့မမိုက်မဲခဲ့ပေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဆုရှင်းကို အစကတည်းကခွင့်လွှတ်ပေးခဲ့သနည်း။ ရှင်းပါသည်။ ဤကဲ့သို့တွေးသည်မှာ လူ့သဘာဝပင်။

ဆုရှင်း ဤမျှလျင်မြန်စွာ ကြောက်မက်ဖွယ်ကောင်းစွာကြီးထွားလာလိမ့်မည်ဟု သူတို့ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ကြပေ။

တတိယသခင်ကြီးဟူ ဖြစ်စေ၊ ရှားဖေးယင်း ဖြစ်စေ၊ သူနှင့် ရင်ဆိုင်ရချိန်တွင် သူတို့ကိုယ်သူတို့ ဆုရှင်း၏နေရာတွင် အမြဲထားလေ့ရှိကြ၏။

သူတို့ကိုယ်တိုင် မလုပ်နိုင်သည်ကို ဆုရှင်းလည်း မလုပ်နိုင်ဘူးဟုသာ သူတို့ယူဆကြ၏။ လူတော်တော်များများကလည်း ဤသို့သောအကျင့်မျိုးရှိကြပါသည်။

သို့သော် သူတို့က ဆုရှင်းကိုအထင်သေးခဲ့ကြပြီး ထိုအရာ၏အကျိုးဆက်က သေခြင်းတရားကဲ့သို့အရာပင်။

ရှားဖေးယင်း၏အနောက်တွင် ရပ်နေသော ရှားယွမ်တုန်းက ဒေါသတကြီးအော်ပြောလိုက်၏။ "ဆုရှင်း မင်းရဲ့ဂိုဏ်းချုပ်ကို မင်းဘယ်လိုများလက်ဖျားနဲ့တောင်ထိရဲတာလဲ။ ရိုင်းစိုင်းလိုက်တာ။"

"ရှင်ဘုရင်တွေက တစ်ယောက်တစ်လှည့်ထီးနန်းဆက်ခံကြတယ်။ အမြင့်မြတ်ဆုံးရာထူးတောင် အချိန်မရွေးပြောင်းလဲနိုင်တာပဲ။ ဂိုဏ်းချုပ်တစ်ယောက်က ဘာများအရေးပါလို့လဲ။" ဆုရှင်းက လှောင်ပြောင်လိုက်သည်။

ရှားဖေးယင်းက သူ၏နောက်ကျောမှ ငန်းတောင်ပံဓားကို ဆွဲထုတ်ကာ အေးစက်စွာအော်လိုက်၏။ "နောက်ဆုတ်နေ။"

"မင်းရဲ့လှုပ်ရှားမှုကိုကြည့်ရတာပေါ့ ဒီနေရာမှာ ငါ့ကိုခြုံခိုတိုက်ခိုက်ပြီးသတ်နိုင်မယ်လို့ မင်းဘာကြောင့် ထင်နေတာလဲဆိုတာ ငါမြင်ချင်သေးတယ်။"

ဆယ်နှစ်ကြာလှုပ်ရှားခြင်းမရှိခဲ့သော်လည်း ငန်းတောင်ပံဓားကို ဆုပ်ကိုင်ထားသော ရှားဖေးယင်း၏လက်မှခံစားချက်မှာ အလွန်ရင်းနှီးနေ၏။

"ဝှီး။"

သူ၏ဓားရှည်ကိုဆွဲထုတ်လိုက်ပြီး ရှားဖေးယင်းက မြေကြီးပေါ်တွင်ဓားကို တရွတ်တိုက်ဆွဲကာ ဆုရှင်းကို လျင်မြန်စွာတိုက်ခိုက်လိုက်သည်။

ဆုရှင်း မျက်စိမှေးလိုက်၏။ ရှားဖေးယင်း၏လှုပ်ရှားမှုများမှာ အလွန်ထူးဆန်းနေပါသည်။ ဓားကိုတရွတ်တိုက်ဆွဲခြင်း။ ပုံမှန်အားဖြင့် လေးလံသောဓားလှံများသာပြုလုပ်လေ့ရှိသော လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ရန်သူကို အနီးကပ် ရုတ်တရက်ခုတ်ပိုင်းခြင်းက ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်သည်။

သို့သော် ရှည်လျားပြီးကျဉ်းမြောင်းကာ ပါးလွှာသော ငန်းတောင်ပံဓားကဲ့သို့ ဓားတစ်လက်အတွက် ဤကဲ့သို့သော လှုပ်ရှားမှုမျိုးပြုလုပ်ခြင်းက အတော်လေးထူးဆန်းနေလိမ့်မည်။

"နောက်ဆုတ်နေ။ ရှားဖေးယင်းရဲ့လူတွေ လှုပ်ရှားရင်။ မင်းလည်း လှုပ်ရှားလိုက်" ဆုရှင်းက လီဟွိုင်ကို ပြောလိုက်၏။

ဟွမ်ပင်းချန်နှင့် သူ၏လူများမှာ ပတ်ဝန်းကျင် လမ်းများတွင် ပုန်းအောင်းနေကြပြီဖြစ်သည်။ လူငါးရာနှင့် တစ်ရာယှဉ်တိုက်ရာတွင် သူတို့၏ခွန်အားမှာ အနည်းငယ်နိမ့်ကျနေလျှင်ပင် သူတို့အားလုံးကို ချေမှုန်းပစ်ရန်လုံလောက်ပါသည်။

"ယား.။"

ရှားဖေးယင်း ရုတ်တရက်ဟိန်းဟောက်လိုက်ပြီး သူ၏ငန်းတောင်ပံဓားကို အားပြင်းစွာရမ်းလိုက်ကာ လေးလံသောအရှိန်အဝါဖြင့် ဆုရှင်းထံသို့ ခုတ်ချလိုက်၏။

ဆုရှင်း၏လက်ထဲတွင် ခရမ်းရောင်ဓားတစ်လက် ပေါ်လာပြီး သုံးကြိမ်တိုင်တိုင်ခုတ်ပိုင်းကာ နောက်ဆုံးတွင်တိုက်ခိုက်မှုကို ချေဖျက်လိုက်၏။

ရှားဖေးယင်း အဘယ်ကြောင့် အစောပိုင်စက ဓားကို တရွတ်တိုက်ဆွဲသည့် ထူးဆန်းသောလှုပ်ရှားမှုကိုပြုလုပ်ခဲ့သနည်းဆိုတာကို ယခု သူနားလည်သွားပြီ ဖြစ်သည်။ သူ၏ရိုက်ချက်မှာ အမှန်တကယ်ပင် ဓားလှံတစ်ခုကဲ့သို့ဖြစ်နေကာ ၎င်း၏ စွမ်းအားမှာလည်းကြီးမားလှ၏။

သူက ပေါ့ပါးပြီးလျင်မြန်သော ငန်းတောင်ပံဓားကို အသုံးပြုနေသော်လည်း ဓားလှံ၏အရှိန်အဝါကို ထုတ်လွှတ်နိုင်ခဲ့သည်။

ရှားဖေးယင်းက ဆုရှင်းထက်ပို၍ပင် ထိတ်လန့်နေခဲ့ကြောင်းကိုတော့ ဘယ်သူမှမသိခဲ့ကြပေ။

ယခင် သူ၏ရိုက်ချက်မှာ သာမန်မဟုတ်ပေ။ ၎င်းကို ဟူနန်ပြည်နယ်ရှိ ထိုက်ဟန်၏ဓားခန်းမ ၃၆ ခုမှ စွမ်းအားကြီးမားသော ဓားသမားတစ်ဦးက သူ့ကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

တရွတ်တိုက်ခုတ်ပိုင်းမှုဖြင့် သူ၏စိတ်နှင့် ဝိညာဉ် နှစ်ခုစလုံးမှာ အထွတ်အထိပ်သို့ရောက်ရှိနေပြီး ၎င်းမှာအသန်မာဆုံးသော ကြိုတင်ကာကွယ်တိုက်ခိုက်မှုဖြစ်လာစေခဲ့၏။

ရှားဖေးယင်းက ချန်နင်စီရင်စုမှထွက်ခွာသွားသောအခါ သိုင်းလောကတစ်ခုလုံးတွင် အသန်မာဆုံးသော ဓားသမားများစုဝေးရာ ထိုက်ဟန်၏ခံတပ် ၃၆ခုထဲမှ တစ်ခုသို့ ဝင်ရောက်ခဲ့သည်။

ဤသိုင်းကွက်ကို စွမ်းအားကြီးမားသော ဓားသမားက ပျင်းရိစွာသူ့ကိုသင်ကြားပေးခဲ့ခြင်းဖြစ်သော်လည်း ၎င်းက ရှားဖေးယင်းကို သူ၏ရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းဖြစ်စေခဲ့၏။

သို့သော် ယခုအခါ ၎င်းကို ဆုရှင်း၏ဓားသုံးချက်ဖြင့် တားဆီးခံလိုက်ရပြီး အားအင်များက ငန်းတောင်ပံဓားကိုပင် ထိုးဖောက်လာကာ သူ၏ လက်ကောက်ဝတ်ကို ထုံကျင်သွားစေခဲ့သည်။

ရှားဖေးယင်း အံ့အားသင့်သွားသော်လည်း ဆုရှင်းကတော့ မအံ့သြခဲ့ပေ။

ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်ဖြင့် ထိန်းချုပ်ထားသော သူ၏ခန္ဓာကိုယ်တွင်းရှိ မူလချီက ဓားရှည်တွင် အဆက်မပြတ်တွယ်ကပ်နေပြီး ရှားဖေးယင်း၏လည်ပင်းသို့ ထိုးစိုက်လိုက်စဉ် ဖျော့တော့သော ခရမ်းရောင်အရိပ်တစ်ခုကို ဖန်တီးပေးခဲ့၏။

ထက်မြက်သော ချွင်ခနဲအသံနှစ်ချက်နှင့်အတူ ရှားဖေးယင်း၏ငန်းတောင်ပံဓားက အလျားလိုက် ခုတ်ပိုင်းလိုက်ရာ ၎င်း၏အရှိန်အဟုန်မှာ ဆုရှင်း၏ ဓားရှည်ကို လမ်းကြောင်းလွဲသွားစေခဲ့သည်။

ထို့နောက် သက်တံတစ်ခုကဲ့သို့အရှိန်အဝါဖြင့် သူ့ကို ထပ်မံ ခုတ်ပိုင်းလိုက်ပြန်သည်။

သို့သော် ဆုရှင်းက အလျင်စလိုမရှိဘဲ ရှားဖေးယင်းနောက်သို့ အဆက်မပြတ်လိုက်ရန် သူ၏လျှပ်တပြတ်ဓားသိုင်း၏အားသာချက်ကိုသာ အားကိုးနေခဲ့၏။

အပြန်အလှန်အကြိမ်အနည်းငယ်တိုက်ခိုက်ပြီးနောက်တွင် ဆုရှင်းက ရှားဖေးယင်း၏အားနည်းချက်ကို တွေ့ရှိသွားခဲ့ပြီဖြစ်သည်။

သူလွန်စွာအသက်ကြီးနေ‌လေပြီ။ သူ၏သွေးချီ ခံနိုင်ရည်မှာ စတင်ကျဆင်းနေပြီဖြစ်ပြီး ဆုရှင်းမှာမူ အဆက်မပြတ်ရှေ့သို့ မြင့်တက်နေသော နံနက်ခြင်းနေကြယ်တစ်ခုကဲ့သို့ ဖြစ်နေ၏။

ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ်က ကြယ်နှစ်ပွင့်ခွဲကျင့်စဉ် တစ်ခုဖြစ်ပြီး အဓိကအားဖြင့် မျိုးကွဲမူလချီကို ပျက်ပြယ်စေရန်အသုံးပြုကာ တိုက်ခိုက်ရေးတွင် အကူအညီအနည်းငယ်သာပေးနိုင်သည်။

ကျင့်ကြံခြင်းမှ စုဆောင်းသောမူလချီကတော့ ဆုရှင်းယခင်က စုဆောင်းထားခဲ့သော မူလချီထက် အဆပေါင်းဒါဇင်နှင့်ချီ၍ ပိုမိုစွမ်းအားကြီးမားပါသည်။

ထို့အပြင် ဆုရှင်း၏ ဆင်နဂါးသိုင်းကျင့်စဉ်က ယခုအခါ ပထမအဆင့်သို့ ရောက်ရှိနေလေပြီ။ ခွန်အား တစ်ခုတည်းဖြင့်ဆိုလျှင် သူက ဟောက်ထျန်းအထွတ်အထိပ်ထက် သိပ်မနိမ့်ကျတော့ဘဲ ပို၍ပင် သန်မာနိုင်သေးသည်။

ယခု ဆုရှင်းနှင့် ရှားဖေးယင်းတိုက်ခိုက်သောအခါ သူတို့က အင်အားချင်းမျှတနေပြီး မည်သူကမျှ အသာစီးမရကြပေ။

ရှားဖေးယင်းတွင် ကျယ်ပြန့်သောတိုက်ခိုက်ရေး အတွေ့အကြုံရှိပါသည်။ ငယ်ရွယ်စဉ်က သူက ထိုက်ဟန်တောင်ပေါ် ခံတပ်သို့ ဝင်ရောက်ခဲ့ပြီး သိုင်းလောကအဖွဲ့ဝင်များစွာကိုဓားပြတိုက်ခဲ့၏။

ဆုရှင်းနှင့် စတင်တိုက်ခိုက်သည်နှင့် တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသဖြင့် သူ၏နည်းဗျူဟာများကို ချက်ချင်းပြောင်းလဲလိုက်သည်။ သူက သူ၏ငန်းတောင်ပံဓားကို မုန်တိုင်းတစ်ခုကဲ့သို့ ရမ်းကာ ဆုရှင်းထံသို့တိုက်ခတ်လိုက်၏။

ကြီးမားသောဖိအားများကြောင့် ဆုရှင်းက လျင်မြန်စွာနောက်ဆုတ်လိုက်ရသည်။

ဓားတစ်လက်က မည်မျှပင်မြန်ပါစေ။ ဓားဆွဲထုတ်ရန် အခွင့်အရေးရှိဖို့လိုအပ်ပါသည်။ ယခုအချိန်မှာတော့ ရှားဖေးယင်းက သူ့ကိုဓားဆွဲထုတ်ဖို့ အခွင့်အရေးပင် ပေးချင်ပုံမရပေ။

All Chapters