အခန်း (၆၄)
Vol. 7 Ch. 64
အခန်း (၆၄) ကိုယ့်သေလမ်းကို ပြန်ပို့မည်နည်းလမ်းများ
ယခုအခါ ဆုရှင်း၏အမိန့်အောက်တွင် လူ ၅၀၀ နီးပါးသာရှိတော့ရာ ပျော်ရွှင်ဖွယ်တောအုပ်က အားလုံးကိုနေရာချထားရန် လုံလောက်သည်ထက်ပိုနေပါသည်။
လူတိုင်းကိုနေရာချထားပြီးနောက် ဆုရှင်းက ဟွမ်ပင်းချန်ကို ခေါ်ကာပြောလိုက်၏။ ဟွမ်ကြီး ယုံလဲ့ရပ်ကွက်က လူနှစ်ယောက်လောက်ကိုသွားပြီး လာဘ်ထိုးလိုက်။ သူတို့က ပါးနပ်တဲ့သူတွေဖြစ်ရမယ် ကုန်ကျစရိတ်ကိုဂရုမစိုက်နဲ့။"
"ခေါင်းဆောင် ရှားယွမ်တုန်းကို အပြစ်ပေးဖို့ စီစဉ်နေတာလား။" ဟွမ်ပင်းချန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
ဆုရှင်း ခေါင်းယမ်းလိုက်၏။ "ငါက ဘာလို့ တစ်ခုခု လုပ်ဖို့လိုမှာလဲ။ အဲဒီလို အမှိုက်မျိုးအတွက် ငါလက်ဖျားလေးတောင်လှုပ်စရာ မလိုဘူး။ သူက သူ့ဘာသာ သေကြောင်းကြံလိမ့်မယ်။ ငါမင်းကို လာဘ်ထိုးခိုင်းတဲ့ လူနှစ်ယောက်က သတင်းအချက်အလက်စုဆောင်းဖို့ သက်သက်ပဲ။"
"ဒါပေမဲ့ ဒီသတင်းစကားက အချိန်မီမှရမယ်။ ပုံမှန်အားဖြင့် တစ်နေ့ကိုနှစ်ကြိမ်၊ မနက်တစ်ကြိမ်နဲ့ ညတစ်ကြိမ်သတင်းပို့ရမယ်။ အရေးပေါ်အခြေအနေဆိုရင်တော့ ချက်ချင်းသတင်းပို့ရမယ်။"
"ကောင်းပြီ ပြဿနာမရှိဘူး။" ဟွမ်ပင်းချန် ခေါင်းညိတ်လိုက်၏။
လူနှစ်ယောက်ကို လာဘ်ထိုးဖို့က သိပ်မခက်ပေ။ ယုံလဲ့ရပ်ကွက်က အဖွဲ့သားအားလုံးက ဆုရှင်း လင်းယုန်ပျံဂိုဏ်းထဲသို့ အသစ်စုဆောင်းထားသည့် သူများဖြစ်သောကြောင့် သူတို့၏ ဆိုရှင်းအပေါ်သစ္စာရှိမှုကနည်းပါးလှပါသည်။
သို့သော် ရှားယွမ်တုန်းအပေါ်လည်း သူတို့ကသစ္စာရှိကြမည်ဟုတ်ပေ။ ဈေးနှုန်းမှန်ကန်သရွေ့ သူတို့ထဲမှနှစ်ဦးကို လာဘ်ထိုးရန် ပြဿနာမရှိနိုင်ချေ။
ဟွမ်ပင်းချန်ကို ဤသို့လုပ်ဆောင်ရန်ညွှန်ကြားပြီးနောက် ဆုရှင်းက လီဟွိုင်ကို သူ၏လက်အောက်ငယ်သားများကို ဆက်လက် လေ့ကျင့်ပေးရန် ညွှန်ကြားခဲ့သည်။
ဤလူ ၅၀၀ နီးပါးက သူ၏အမာခံတိုက်ခိုက်ရေး အင်အားစုဖြစ်ပြီး လေ့ကျင့်ပျိုးထောင်ပေးရန် အားထုတ်မှုနဲ့ ထိုက်တန်ပါသည်။
ယခု ယုံလဲ့ရပ်ကွက်၏ဝင်ငွေများ မရှိတော့သော်လည်း သူ၏လက်ထဲတွင် ပျော်ရွှင်ဖွယ်တောအုပ် ရှိနေသေး၏။
ငွေများကိုကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်တတ်သော အခြားဂိုဏ်းခေါင်းဆောင်များနှင့် မတူဘဲ ပျော်ရွှင်ဖွယ်တောအုပ်မှ ဆုရှင်း၏အမြတ်ဝေစုမှာ ဂိုဏ်းဝင် ၅၀၀ နီးပါးကို ကျွေးမွေးရန်တွက် လုံလောက်၏။
အရာအားလုံး စီစဉ်ပြီးနောက် ဆုရှင်း သူ့အိမ်တော်သို့ ပြန်ကာ တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်လေတော့သည်။ ရွှမ်းအာကို နေ့စဉ် ပုဂ္ဂလိကကျောင်းသို့ ပို့ပေးခြင်းနှင့် ယုံလဲ့ရပ်ကွက်အကြောင်း ဟွမ်ပင်းချန်၏အစီရင်ခံစာများကို နားထောင်ခြင်းမှလွဲ၍ သူအိမ်ပြင်သို့လုံးဝမထွက်သလောက်ပင်။
ရှားယွမ်တုန်းက ယုံလဲ့ရပ်ကွက်တွင် ပြဿနာများ ဖန်တီးနေစဉ် ဆုရှင်းက သူ၏အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် ထိုအခွင့်အရေးကိုအသုံးချနေသည်။
ယခု သူ့ထံ၌အတွင်းအားကျင့်စဉ်တွင် ခရမ်းရောင်တိမ်တိုက်နတ်ကျင့်စဉ် နှင့် ခန္ဓာကိုယ်ကျင့်စဉ်တွင် ဆင်နဂါးသိုင်းကျင့်စဉ်တို့ ရှိနေလေပြီ။
ဤကျင့်စဉ်နှစ်ခုစလုံးကို အလျင်စလို သင်ယူ၍ မရနိုင်ပေ။ ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ရန်အတွက်ကျင့်ကြံခြင်းကို အာရုံစိုက်ရန် လိုအပ်၏။
ထို့အပြင် သူက ပြီးခဲ့သည့် ကံစမ်းမဲတွင် ဆေးလုံး သုံးပုလင်းကိုလည်း ရရှိခဲ့သည်။ ဤဆေးလုံး သုံးပုလင်း၏အကူအညီဖြင့် သူ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသောအခါ သူ၏ခွန်အားမှာ သေချာပေါက် သိသိသာသာတိုးလာပါလိမ့်မည်။
ကြိုးစားအားထုတ်ကာ ကျင့်ကြံနေသော ဆုရှင်းကို ဘေးဖယ်ထားလိုက်လျှင် ရှားယွမ်တုန်းမှာမူ အောင်မြင်မှုများဖြင့် မာနထောင်လွှားနေခဲ့၏။
သူ ယခင်ကဂိုဏ်းကို ဘယ်သောအခါမျှ တာဝန်မယူဖူးချေ။ ပထမအချက်မှာ သူငယ်ရွယ်လွန်းပြီး ရှားဖေးယင်းက သူ အရာရာကိုကိုင်တွယ်နိုင်မည် မဟုတ်ဟုစိုးရိမ်သောကြောင့်ဖြစ်သည်။
ဒုတိယအချက်မှာ ထိုအချိန်က လင်းယုန်ပျံဂိုဏ်းရှိ အာဏာအားလုံးက ခေါင်းဆောင်ကြီးများနှင့် ခန်းမသခင်သုံးဦး၏လက်ထဲတွင် ရှိနေသဖြင့် သူ့အတွက် တကယ်တမ်းနေရာမရှိခဲ့ခြင်းပင်။
သို့သော် ယခုအာဏာရလာသောအခါ ရှားယွမ်တုန်းက အာဏာ၏အရသာကို ချက်ချင်း ခံစားလိုက်ရ၏။
နေ့စဉ်နေ့တိုင်း သူ၏ဂိုဏ်းဝင်များက သူ့ကို လူငယ်ခေါင်းဆောင်ဟု လေးစားစွာခေါ်ဆိုကြပြီး သူလမ်းများပေါ်တွင် မာနထောင်လွှားစွာ လမ်းလျှောက်နေစဉ် စီးပွားရေးသမားများပင်လျှင် သူ့ကိုခေါင်းငုံ့ကာ အရိုအသေပေးကြရ၏။
ဤသည်ကား ရှားယွမ်တုန်းကို အလွန် ကျေနပ်စေ၏။
သို့သော် ပျော်ရွှင်စွာနေထိုင်ပြီးနောက် ရှားယွမ်တုန်းက တစ်ခုခုလုပ်သင့်သည်ဟု ရုတ်တရက် ခံစားလိုက်ရပါသည်။
ဆုရှင်း ယုံလဲ့ရပ်ကွက်အတွက် စည်းမျဉ်းအချို့ကို သတ်မှတ်ပေးခဲ့ဖူးသော်လည်း ယခု ယုံလဲ့ရပ်ကွက်ကို မည်သူ တာဝန်ယူထားသနည်း။ သူရှားယွမ်တုန်း ဆုရှင်း၏စည်းမျဉ်းဟောင်းများ အားလုံးကို ချိုးဖောက်ရမည်။
ယခင်က ဆုရှင်းက ယုံလဲ့ရပ်ကွက်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဤစည်းမျဉ်းများကို ဂရုတစိုက် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ရှားယွမ်တုန်းက ၎င်းတို့ကိုအသုံးမပြုချင်သောကြောင့် ရွှီချန်၏ အကြံဉာဏ်ကို မတောင်းဘဲသူ့ဘာသာ ဆုံးဖြတ်ချက်ချတော့သည်။
ဤလုပ်ရပ်ကယုံလဲ့ရပ်ကွက်တွင် အချိန်အတိုင်းအတာ တစ်ခုအထိ ဖရိုဖရဲဖြစ်သွားစေခဲ့ပြီး ပထမဆုံးဒုက္ခရောက်ခဲ့သည်မှာ ပညာပေးခန်းမ ပင်ဖြစ်ခဲ့၏။
တကယ်တမ်းတွင် ဆုရှင်း၏လူများ ထွက်သွားပြီးနောက် ပညာပေးခန်းမက နာမည်ခံသက်သက်သာ ကျန်ရှိတော့သည်။
လင်းယုန်ပျံဂိုဏ်းတစ်ခုလုံးနီးပါးက ဆုရှင်း၏ချွမ်ကျန်းဂိုဏ်းအခြေခံအတွင်းအား နှင့် မပြည့်စုံသော ခွေးရိုက်တုတ်သိုင်းကို သိကြသော်လည်း အတွင်းအားနှင့် သိုင်းပညာ နှစ်ခုစလုံးကို ကိုယ့်ဘာသာ သင်ယူရန်မှာ ပါရမီ လိုအပ်ပါသည်။ အကယ်၍ သင်က ဉာဏ်နည်းသူတစ်ဦးနှင့် တွေ့ပါက တစ်သက်လုံးသင်ယူရန်ကြိုးစားနေလျှင်ပင် ဘာတစ်ခုမှ တတ်မြောက်မည်မဟုတ်ချေ။
မူလပညာပေးခန်းမကို ဆုရှင်း၏လက်အောက်ရှိ လီချင်းနှင့် အခြားသူများက စီမံခန့်ခွဲခဲ့ခြင်း ဖြစ်သည်။ သူတို့အားလုံးက ဆုရှင်း၏အမိန့်အောက်ရှိ ဝါရင့်များဖြစ်ကြပြီး သူတို့၏ခွန်အားမှာ ဟောက်ထျန်းအစောပိုင်းအဆင့်သို့ ချဉ်းကပ်နေသလို ကြွယ်ဝသောတိုက်ခိုက်ရေးအတွေ့အကြုံများ ရှိကြ၏။
သူတို့က လူသစ်များကို သင်ပေးဖို့လုံလောက်သည်ထက်ပင် အရည်အချင်းပိုနေသေး၏။
ရှားယွမ်တုန်း၏လက်အောက်တွင် မည်သူများရှိသနည်း။ ဆုရှင်း သူ့ကို ပေးခဲ့သည့်လူသစ်များကလွဲလျှင် ကျန်သည့်အားလုံးက ရှားဖေးယင်း၏ တိုက်ရိုက် လက်အောက်ငယ်သားသာလျှင်ဖြစ်သည်။
ဤဂိုဏ်းဝင်များကို အားနည်းသည်ဟု မဆိုနိုင်ပေ။ တကယ်တမ်းတွင် လင်းယုန်ပျံဂိုဏ်းအတွင်း သူတို့၏ခွန်အားမှာ စစ်ရေးခန်းမပြီးလျှင် ဒုတိယ နေရာတွင် ရှိနေသည်။
သူတို့က ချွမ်ကျန်းဂိုဏ်းအခြေခံအတွင်းအား နှင့် မပြည့်စုံသော ခွေးရိုက်တုတ်သိုင်းကို ကျင့်ကြံခဲ့ဖူးသော်လည်း၊ ဆုရှင်းက ပညာပေးခန်းမ တည်ထောင်ကြောင်းကြေညာပြီးနောက် နှစ်ရက်သာ သင်ယူခဲ့ကြ၏။
ထို့နောက်တွင် ပညာပေးခန်းမကို ဂိုဏ်းထဲသို့ ပေါင်းစည်းလိုက်၏။
သူတို့ကိုယ်တိုင်ပင် ဤသင်ခန်းစာများကို မကျွမ်းကျင်သေးဟု ပြော၍ရပါသည်။
ဤသို့ဆိုလျှင် အခြားသူများကို မည်သို့သွားသင်ပေးနိုင်မည်နည်း။
ထို့အပြင် ဆုရှင်းကလည်း ပညာပေးခန်းမသို့လာရောက်၍ ကျင့်စဉ်သင်ယူမည့်အဖွဲ့ဝင်များကို အသုတ်လိုက်လာရောက်ရန် ယခင်ကညွှန်ကြားခဲ့ဖူးသည်။
၎င်းက လူများလွန်းသဖြင့် ပညာပေးခန်းမကျပ်သိပ်လာခြင်းကို ကာကွယ်ပေးနိုင်မည်ဖြစ်သလို သင်ကြားမှုအရည်အသွေးကိုလည်း တိုးတက်စေမည်ဖြစ်သည်။
ထိုသို့မဟုတ်ပါက လူစုလူဝေးကြီးက ဆူညံနေပြီး ကျင့်စဉ် သင်ကြားပေးသူက အချိန်အကြာကြီး ရှင်းပြနေလျှင်ပင် နားထောင်သူများမှာ ဘာမှ ကြားရမည် မဟုတ်ချေ။
သို့သော် ယခု ရှားယွမ်တုန်း၏အမိန့်အရ ကျင့်စဉ် သင်ယူလိုသော လင်းယုန်ပျံဂိုဏ်း၏မည်သည့် အဖွဲ့ဝင်မဆို ပညာပေးခန်းမသို့ အချိန်မရွေးလာရောက်နိုင်ပြီဖြစ်သည်။ ယခုအခါ ပညာပေးခန်းမ တစ်ခုလုံးမှာ ဖရိုဖရဲဖြစ်နေသော ဈေးတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး လုံးဝစည်းကမ်းမဲ့ကာ ဆူညံနေတော့သည်။
နောက်ဆုံးရလဒ်မှာ ထိုဂိုဏ်းဝင်များက တစ်ခါသာ လာပြီး နောက်ထပ်ဘယ်တော့မှထပ်မလာကြတော့ပေ။
ကျင့်စဉ်သင်ကြားပေးရန် တာဝန်ယူထားသော နောက်လိုက်အချို့က သူတို့ကိုယ်တိုင်ပင် ၎င်းကို နားမလည်ကြရာ မည်သူက မည်သူ့ကိုသင်ပေးနေသနည်း။ ထို့အတူ ဤမျှဖရိုဖရဲဖြစ်နေသည့် နေရာတွင် သူတို့က ကျင့်စဉ်သင်ယူဖို့လာခြင်းလော သို့မဟုတ် စကားပြောကာအချင်းချင်းနှုတ်ဆက်ဖို့ လာကြသည်လော။
သုံးရက်ပင် မပြည့်မီပညာပေးခန်းမက ၎င်း၏ယခင် ဂုဏ်ကျက်သရေများပျောက်ကွယ်သွားပြီး အခွံသက်သက်သာကျန်ရှိတော့သည်။
ရှားယွမ်တုန်းက ပညာပေးခန်းမ၏နာမည်ကို ဖျက်ဆီးပစ်လိုက်ခြင်းက ဆိုးရွားလုံလောက်နေပြီ ဖြစ်သော်လည်း ရှားယွမ်တုန်း၏နောက်တစ်ဆင့် လှုပ်ရှားမှုက ယုံလဲ့ရပ်ကွက်တွင် လူထု၏ဒေါသကို တိုက်ရိုက်ပေါက်ကွဲစေခဲ့သည်။
ဆုရှင်းက ယုံလဲ့ရပ်ကွက်ကို လွှဲပြောင်းယူပြီးနောက် လစဉ်ကြေးကိုငွေသုံးဆယ်မှ ငွေငါးဆယ်သို့ တိုးမြှင့်ခဲ့ကြောင်းသိရှိပြီးနောက် ရှားယွမ်တုန်းက ၎င်းကိုငွေတစ်ရာအထိတကယ်ကြီးတိုးမြှင့်ချလိုက်ရာ ထိုလုပ်ရပ်က ယုံလဲ့ရပ်ကွက်ရှိ ကုန်သည်များအားလုံးကိုအံ့အားသင့်သွားစေခဲ့၏။
မူလက ဆုရှင်း၏နယ်မြေနှင့် အာဏာကို လင်းယုန်ပျံဂိုဏ်းကရုပ်သိမ်းလိုက်ကြောင်း သိရှိပြီးနောက် သူတို့က တိတ်တဆိတ်ဝမ်းသာနေခဲ့ကြပြီး အာဏာရှင်ခေါင်းဆောင်ကြီးဆု နောက်ဆုံးတော့ ထွက်သွားပြီဟု တွေးထင်ခဲ့ကြသည်။
အသစ်ရောက်လာသောလူငယ်ခေါင်းဆောင်ကို စကားကောင်းအနည်းငယ်ပြောပြီး ငွေအနည်းငယ် ပေးလိုက်ပါက လစဉ်ကြေးကိုငွေသုံးဆယ်သို့ ပြန်ချနိုင်မည်ဟု သူတို့ ထင်ခဲ့ကြ၏။
သို့သော် နောက်ဆုံးတွင် ရှားယွမ်တုန်းက ဤအကြောင်းကိုသိရှိပြီးနောက် လစဉ်ကြေးကို နှစ်ဆ တိုးရန် ချက်ချင်းဆုံးဖြတ်လိုက်တော့သည်။
တကယ်တမ်းတွင် ထိုအချိန်က ရှားယွမ်တုန်း၏ စိတ်နေသဘောထားမှာ အလွန်ရိုးရှင်းနေပါသည်။ ဆုရှင်းက ယုံလဲ့ရပ်ကွက်ကိုလွှဲပြောင်းယူစဉ်က လစဉ်ကြေးကို ငွေနှစ်ဆယ်တိုးမြှင့်ခဲ့သဖြင့် သူကလည်း သူ၏လစဉ်ကြေးကို နှစ်ဆတိုးလိုက်ပါက သူ ဆုရှင်းထက်များစွာ သာလွန်ပုံပေါက်သွားမည် ဖြစ်သည်။
ထို့ကြောင့် သူက ၎င်းကို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။
သို့သော် ဆုရှင်းက သူ၏လက်အောက်ငယ်သားများအား ကုန်သည်များကိုခေါင်းပုံဖြတ်ခြင်းမှ ထိန်းချုပ်နိုင်စွမ်းရှိသောကြောင့် လစဉ်ကြေးတိုးမြှင့်ရန် ယုံကြည်မှုရှိခဲ့ခြင်းဖြစ်သည်။ ၎င်းက ယုံလဲ့ရပ်ကွက်ကို သူတို့ပိုပေးရသောငွေနှစ်ဆယ်ကျပ်မှာ တကယ်တန်ဖိုးရှိကြောင်း သဘောပေါက်သွားစေခဲ့ပြီး ထို့ကြောင့်သူတို့က ရံဖန်ရံခါညည်းညူတတ်သော်လည်း မည်သူကမျှဆက်လက်မတ်တပ်ရပ်၍ မကန့်ကွက်ခဲ့ကြခြင်းပင်။
ရှားယွမ်တုန်းက အခွန်ကို နှစ်ဆတိုးပြီးနောက် ယုံလဲ့ရပ်ကွက်ရှိ ကုန်သည်များက သူတို့ငွေများများ ပေးရသော်လည်း ယုံလဲ့ရပ်ကွက်၏အခြေအနေမှာ တိုးတက်မလာဘဲ တကယ်တမ်းတွင် ပိုဆိုးရွားလာသည်ကိုတွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားကြ၏။
ဆုရှင်းက သူ့လက်အောက်ငယ်သားများအားလုံးကို တင်းကျပ်စွာစည်းကမ်းသတ်မှတ်ထားပြီး သူတို့မည်သည့်အရာကလုပ်သင့်၊မလုပ်သင့်ဆိုတာကို သိထားကြသည်။
သူတို့နယ်မြေပေါ်ရှိ စီးပွားရေးလုပ်ငန်းများကို ခေါင်းပုံဖြတ်ပြီးအလွဲသုံးစားလုပ်ရန် သို့မဟုတ် ကိုယ်ကျိုးအတွက် ငွေရှာရန်ရဲဝံ့သူမည်သူ့ကိုမဆို ရာဇဝတ်မှုဆိုင်ရာအပြစ်ပေးမှုများကို တာဝန်ယူရသော လီဟွိုင်က သက်ညှာစွာကိုင်တွယ်မည် မဟုတ်ပေ။
ရှားယွမ်တုန်းက သူ၏လက်အောက်ငယ်သားများကို ထိန်းချုပ်နိုင်စွမ်းလုံးဝမရှိခဲ့ပေ။ သူတို့ကိုထင်သလိုသောင်းကျန်းခွင့်ပြုထားပြီး ကြီးငယ်မရွေး စီးပွားရေးလုပ်ငန်းအားလုံးကို ခေါင်းပုံဖြတ်စေကာ အချို့က ပို၍ပင်ရဲတင်းစွာဖြင့်ပေါ်ပေါ်ထင်ထင် ငွေညှစ်ခဲ့ကြ၏။
ဤလူများအားလုံးမှာ ရှားဖေးယင်း၏ယခင် တိုက်ရိုက်လက်အောက်ငယ်သားများဖြစ်ကြပြီး ရှားယွမ်တုန်းကို ကူညီရန် ရှားဖေးယင်းက စေလွှတ်လိုက်ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူတို့က သူ့ကိုမကူညီနိုင်ခဲ့သော်လည်း သူ့အတွက်ပြဿနာရှာသည့်နေရာတွင်တော့ အတော်လေး ကျွမ်းကျင်ခဲ့ကြ၏။
ကုန်သည်များက ရှားယွမ်တုန်းထံ တိုင်တန်းခဲ့ကြသည်။ ရှားယွမ်တုန်း၏အမြင်အရ တစ်ဖက်တွင်အဆင့်အတန်းမရှိဘဲ အခြားသူများ၏ကရုဏာအပေါ်မှီခိုနေရသော ကုန်သည်များဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ဖခင်ဖြစ်သူက စေလွှတ်လိုက်သော သူ၏ယုံကြည်ရသည့် လက်အောက်ငယ်သားများ ရှိနေ၏။
ရှားယွမ်တုန်းက မည်သူ့ဘက်က ရပ်တည်မည်ဆိုတာပြောနေစရာပင် မလိုတော့ပေ။
တိုင်တန်းခဲ့သော စီးပွားရေးသမားများက တစ်ဖက်လူကို ဘာမှအရေးယူနိုင်ခြင်းမရှိခဲ့ဘဲ ရှားယွမ်တုန်းက သူတို့ကိုသာကန်ထုတ်လိုက်၏။
ရလဒ်အနေဖြင့် နောက်တစ်နေ့တွင် ထိုလူများက သူတို့၏တံခါးဝသို့ရောက်လာပြီး ငွေများကို ပို၍ပင်ညှစ်ယူခဲ့ကြရာ စီးပွားရေးသမားများကို ဒေဝါလီခံရမည့် အခြေအနေအထိ တွန်းပို့လုနီးပါး ဖြစ်သွားစေသည်။
ဤအရာတင် မကသေးပေ။ ဆုရှင်းနှင့် သူ၏လူများထွက်သွားပြီးနောက် ယုံလဲ့ရပ်ကွက်၏လမ်းများကို စီမံခန့်ခွဲမည့်သူမရှိတော့ရာ သူခိုးသေးသေးမွှားမွှားများနှင့် လူဆိုးလူမိုက် မျိုးစုံ ပေါ်ထွက်လာတော့သည်။
ဆုရှင်းတာဝန်ယူထားစဉ်က ယုံလဲ့ရပ်ကွက်တစ်ခုလုံးသည် သူ၏စည်းမျဉ်းများကို လိုက်နာခဲ့ရ၏။ လမ်းပေါ်တွင်ပြဿနာရှာရဲသူ မည်သူမဆို ဆုရှင်း၏ဂိုဏ်းဝင်များက စကားပြောရန်တိုက်ရိုက် ခေါ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းမှာ လမ်းများပေါ်တွင် ကင်းလှည့်နေသော ရဲမက်များထက်ပင် အချိန်ကိုက် ဖြစ်နေသေးသည်။
ဤလူများအကုန်လုံးက စနစ်တကျအုပ်စုဖွဲ့ထားကြခြင်းဖြစ်သည်။ မိုးပြာဝါးဂိုဏ်း တာဝန်ယူချိန်က ၎င်းတို့ကို အလွယ်တကူမစော်ကားချင်သောကြောင့် အနက်ရောင်ရေလမ်းမှ ဝံပုလွေအို ကဲ့သို့ လွှတ်ထားပေးခဲ့၏။
သို့သော် ဆုရှင်းက ယုံလဲ့ရပ်ကွက်ကိုလွှဲပြောင်းယူပြီးသည်နှင့် ဝံပုလွေအိုကို ချက်ချင်းနှိမ်နင်းခဲ့သည်။ ယုံလဲ့ရပ်ကွက်၏မြေအောက်လောကတွင် အသန်မာဆုံးဖြစ်သော ဝံပုလွေအိုက ဆုရှင်းထံ အညံ့ခံလိုက်သည်ကို မြင်သောအခါ အခြားသူများ အားလုံး ချက်ချင်းလိမ္မာသွားတော့သည်။
သို့သော် ယခုဆုရှင်းထွက်သွားပြီဖြစ်သဖြင့် သူတို့ ချက်ချင်းပြန်လည်သောင်းကျန်းလာကြတော့သည်။
ဤလူများအားလုံးက ကိုင်တွယ်ရခက်သည့် လူများဖြစ်သည်။ ဆုရှင်းကဲ့သို့ ၎င်းတို့ကို တိုက်ရိုက်ဖိနှိပ်ရန်ရက်စက်သောခွန်အားကို အသုံးပြုသည့် သူမှလွဲ၍ အစိုးရ သို့မဟုတ် ရုံးတော်ကိုပင် သူတို့ ဂရုမစိုက်ကြပေ။
သူတို့၏အမြင်တွင် ရှားယွမ်တုန်းက ဖခင်ကောင်း တစ်ယောက်ရှိသူတစ်ဦးမျှသာဖြစ်၏။
ဘာကြောက်စရာ ရှိသနည်း။
ရှားယွမ်တုန်းက သူတို့ကို တကယ်ပင် အရေးမစိုက်ခဲ့ပေ။ မည်သို့ပင်ဆိုစေ သူတို့က ယုံလဲ့ရပ်ကွက်၏ကုန်သည်များနှင့် သာမန်ပြည်သူများကိုသာ ဒုက္ခပေးနေခြင်းဖြစ်သဖြင့် သူနှင့် ဘာဆိုင်သနည်း။
ယုံလဲ့ရပ်ကွက်၏ကင်းလှည့်ရဲမက်များမှာလည်း ဤကောင်များကြောင့် အလုပ်ရှုပ်သွားခဲ့ကြ၏။ သူတို့ကိုဖမ်းမည်ဆိုလျှင် အားလုံးကိုဖမ်းမိနိုင်မည် မဟုတ်ပေ။
အကယ်၍ မဖမ်းပါက အချို့လူများက စီရင်စုသခင်ထံ တိုင်တန်းကြသဖြင့် သူတို့မျက်နှာပျက်ရပြန်သည်။
ရဲမက်ကျန်းက ရှားယွမ်တုန်းကို သွားတွေ့ခဲ့သော်လည်း ကံမကောင်းစွာဖြင့်အသုံးမဝင်ခဲ့ပေ။
အစိုးရ၏ရဲမက်များကို ရန်စခြင်းက တကယ်တမ်းတွင် မကောင်းပေ။ ရွှီချန်က ဤလူများကို မစော်ကားခြင်းကအကောင်းဆုံးဖြစ်ကြောင်း ရှားယွမ်တုန်းကို သတိပေးခဲ့၏။
ရလဒ်အနေဖြင့် ရှားယွမ်တုန်းက ရဲမက်ကျန်းအပေါ် အလွန်ယဉ်ကျေးစွာဆက်ဆံခဲ့သော်လည်း ရဲမက်ကျန်း၏စကားများကို လုံးဝဂရုမစိုက်ခဲ့ပေ။
အစိုးရ၏ရဲမက်များကို ရန်စ၍မရသည်မှာ မမှားသော်လည်း လင်းယုန်ပျံဂိုဏ်း၏လူငယ်ခေါင်းဆောင်ဖြစ်သည့် သူက ၎င်း၏စကားတစ်ခွန်းအား တော်ဝင်အမိန့်ကဲ့သို့ သဘောထားစရာမလိုပေ။
ဆယ်ရက်ပင် မပြည့်မီယုံလဲ့ရပ်ကွက် တစ်ခုလုံးသည် ရှားယွမ်တုန်း၏ဆိုးရွားသော လုပ်ရပ်များကြောင့် ညည်းညူသံများဖြင့် ပြည့်နှက်နေသော်လည်း သူကတော့ သူ့ကိုယ်သူ သဘောကျနေသေး၏။
ပျော်ရွှင်ဖွယ်တောအုပ်ထံသို့ ဤအကြောင်းအရာသတင်းများ ဆက်တိုက်ဝင်လာခဲ့သည်။ ဆုရှင်းက ဤသတင်းစကားများကို လက်ခံရရှိသောအခါ စိတ်ထဲမှသာ လှောင်ပြောင်လိုက်၏။
အချို့လူများက ပြဿနာများကိုယ့်ဘာသာ ဖိတ်ခေါ်နေခြင်းဖြစ်ရာ ဘာမှလုပ်မရပေ။
သူက မီးလောင်ရာလေပင့်ပေးစရာပင် မလိုအပ်ချေ။ အဆောက်အအုံကြီးပြိုကျမည့်အချိန်ကိုသာ စောင့်ကြည့်ရမည်။