← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း (၁၉၁) ဘေးကင်းကင်း

နဲ့ မွေးဖွားလာခြင်း

ပြောလိုက်သူမှာ အန်းမားမား ပင် ဖြစ်သည်။

ထို့ကြောင့် အမေဖြစ်သူ၏ စိတ်ပူပန်မှုမှာ အနည်းငယ် လျော့ကျသွားခဲ့၏။

အကယ်၍ ထိုစကားကို သားဖွားမားမားကသာ ပြောခဲ့မည်ဆိုလျှင် အမေဖြစ်သူက စောစောစီးစီးပင် ငြင်းပယ်လိုက်မည်မှာ အသေအချာပင်။

သို့သော် ယခုအချိန်တွင် တစ်ညလုံး မအိပ်ဘဲ စောင့်နေခဲ့ရသဖြင့် အမေဖြစ်သူ၏ မျက်လုံးများတွင် သွေးကြောများပင် နီရဲနေပြီး အန်းမားမားအား လေးလေးနက်နက် မေးလိုက်လေသည်။

"ဒီလို ဗိုက်ကိုဖိချတာက ကလေးနဲ့ မယ်မယ်အတွက် ဘာဆိုးကျိုးမှ မရှိပါဘူးနော်"

"သခင်မ စိတ်ချပါ ဒီအစေခံက အောက်ကို နည်းနည်း ဖိပေးရုံပါ ကလေး မြန်မြန်ထွက်လာအောင်လို့ပါ ကျန်တာ ဘာမှ မထိခိုက်စေရပါဘူး"

ထိုအချိန်တွင် ယင်းကွေ့ဖင်၏ မျက်နှာပေါ်၌ ပင်ပန်းနွမ်းနယ်မှုများ အထင်းသား ပေါ်လွင်နေပြီး စကားပြောရန်ပင် အားအင်မရှိတော့ချေ။

အမေဖြစ်သူမှာ ယင်းကွေ့ဖင် အမှန်တကယ် အားအင်ကုန်ခမ်းနေသည်ကို မြင်ပြီး လူကြီးရော ကလေးပါ အန္တရာယ်ကြုံရမည်ကို စိုးရိမ်သွားသဖြင့် အံကြိတ်ကာ အန်းမားမားကို ပြောလိုက်လေ၏။

"သေချာလေး လုပ်ပေးပါ မယ်မယ်နဲ့ ကလေးသာ ဘေးကင်းမယ်ဆိုရင် မင်းရဲ့ မြေးလေးကို ကျွန်စာရင်းကနေ ပယ်ဖျက်ပေးပြီး စာမေးပွဲဖြေနိုင်အောင် ဒီသခင်မက အာမခံပေးမယ်"

ကျွန်စာရင်းမှ ပယ်ဖျက်ပြီး စာမေးပွဲဖြေခွင့် ရမည်။

ဤအရာက သူမအား ရွှေစများစွာ ဆုချသည်ထက်ပင် ပို၍ အသုံးဝင်လှပေသည်။

မြေးဖြစ်သူမှာ ကျွန်စာရင်းမှ လွတ်ကင်းပြီး သာမန်ပြည်သူတစ်ဦး ဖြစ်လာနိုင်သည်ဟု တွေးမိလိုက်သည်နှင့်။

အန်းမားမား၏ မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်သွားပြီး ချက်ချင်းပင် အာမခံကာ ပြောလိုက်လေတော့သည်။

"သခင်မ စိတ်ချပါ ဒီအစေခံ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"

ပြောပြီးသည်နှင့် ယင်းကွေ့ဖင် ဗိုက်နာလာချိန်ကို အခွင့်ကောင်းယူကာ သူမ၏ ဗိုက်ကို ဖြည်းဖြည်းချင်း နှိပ်နယ် ဖိပေးလေ၏။

သူမ၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေပြီး နှိပ်နယ်နေသည့် ပုံစံမှာလည်း အနည်းငယ် ထူးဆန်းနေလေသည်။

ဘေးနားရှိ သားဖွားမားမားမှာ ဤနည်းလမ်းကို ကြားဖူးသော်လည်း မျက်မြင် မတွေ့ဖူးချေ။

မည်သို့ပင်ဖြစ်စေ နန်းတော်ထဲရှိ မယ်မယ်များနှင့် သခင်မလေးများမှာ အလွန် မြင့်မြတ်လှသည် မဟုတ်လား။ သူတို့အား ဤကဲ့သို့ အန္တရာယ်များသည့် ကိစ္စမျိုးကို မည်သို့ လုပ်ခွင့်ပေးမည်နည်း။

သို့သော် အန်းမားမားကတော့ မတူပေ။ သူမက လယ်သမားမိသားစုမှ ဆင်းသက်လာသူ ဖြစ်ပြီး အစေခံများနှင့် အလုပ်သမားများကိုသာ သားဖွားပေးလေ့ရှိသဖြင့် ပြဿနာ မရှိခဲ့ချေ။

အချိန်ကြာလာသည်နှင့်အမျှ ဤနည်းလမ်းကို သူမ အကျွမ်းတဝင် ရရှိလာခဲ့ခြင်းပင်။

တကယ့်ကို အစွမ်းထက်လှပေ၏။

ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ယင်းကွေ့ဖင်မှာ နာကျင်နေသော်လည်း ဗိုက်ထဲမှ ကလေးမှာ ယခင်ကလို မဟုတ်တော့ဘဲ လှုပ်ရှားနေသည်ဖြစ်သည်။

ဆယ်ကြိမ်ခန့် ဆက်တိုက် နှိပ်နယ် ဖိပေးလိုက်ပြီးနောက်။

စစ်ဆေးပေးနေသည့် သားဖွားမားမားက ဝမ်းသာအားရဖြင့် ပြောလာလေသည်။

"မယ်မယ် အားထည့် ညှစ်ပါ ဒီအစေခံ ကလေးရဲ့ ခေါင်းကို မြင်နေရပြီ"

ထိုစကားကို ကြားသည်နှင့် လူတိုင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြလေတော့၏။

ကလေး၏ ခေါင်းကို မြင်ရပြီဆိုသည်မှာ မကြာမီ ထွက်လာတော့မည်ဟု ဆိုလိုခြင်းပင်။

ထိုအချိန်တွင် ယင်းကွေ့ဖင်မှာ သူတို့ပြောစကားများကို လုံးဝ မကြားနိုင်တော့ဘဲ တစ်ကိုယ်လုံးရှိ အားအင်များကိုသာ အစွမ်းကုန် ညှစ်ထုတ်နေတော့သည်။

အံကိုကြိတ်ကာ အသက်ကိုအောင့်ပြီး အားကုန်ညှစ်လိုက်ပြီးနောက်။

"အူဝဲ အူဝဲ…" ဟူသော ငိုသံက ယောင်ယွဲ့နန်းဆောင် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။

နောက်ဆုံးတော့ ကလေးထွက်လာခဲ့လေပြီ။

အန်းမားမားနှင့် သားဖွားမားမားတို့၏ မျက်နှာမှာ ချက်ချင်းပင် ဝင်းပသွားကြတော့၏။

သူတို့၏ မျက်နှာတွင် အပြုံးများ ဝေဆာနေပြီး ယင်းကွေ့ဖင်အား ဂုဏ်ပြုစကား ဆိုလိုက်ကြလေသည်။

"ဂုဏ်ယူပါတယ် မယ်မယ် ကျန်းမာသန်စွမ်းတဲ့ မင်းသားလေးပါ"

မင်းသား။

ဘေးနားရှိ လူတိုင်း၏ အမူအရာများမှာ အလွန်အမင်း ပျော်ရွှင်သွားကြလေ၏။

အထူးသဖြင့် အမေဖြစ်သူမှာ မျက်ရည်များ ပေါက်ပေါက်ကျလာသည်အထိကိုပင် မထိန်းနိုင်တော့ချေ။

သူမမှာ မူလက သားသမီး များနှင့် ပျော်ရွှင်သော ဘဝ ရှိခဲ့သော်လည်း သားဖြစ်သူမှာ ဆယ်ကျော်သက် အရွယ်တွင် ရောဂါဖြင့် ဆုံးပါးသွားခဲ့ရရှာသည်။

ယခုအခါတွင် သမီးတစ်ယောက်သာ ကျန်ရှိတော့သဖြင့် သမီးဖြစ်သူ၏ အနာဂတ် တောက်ပလာစေရန် မျှော်လင့်နေမိသည်။

ယခု စတုတ္ထမင်းသားလေးကို မွေးဖွားလိုက်နိုင်ပြီ ဖြစ်သဖြင့် သူမသမီး၏ ရှေ့ဆက်လျှောက်ရမည့် လမ်းများကို အေးအေးဆေးဆေးဖြင့် ဖြတ်သန်းနိုင်ပြီဟု ဆိုနိုင်ပေသည်။

အကယ်၍ နောက်ထပ် ခြေတစ်လှမ်း ထပ်တက်နိုင်မည် ဆိုလျှင်တော့။

သို့သော် ဤအရာများကို စိတ်ထဲတွင် ခေတ္တမျှသာ တွေးလိုက်ခြင်းပင်။

မည်သို့ပင်ဖြစ်စေ မောင်းမဆောင်ထဲတွင် လင်ကွေ့ဖေး၊ ယီဖေးနှင့် လန်ဖေး တို့အားလုံး စုပေါင်းလိုက်လျှင် မည်သူက သူတို့ ဖေမိသားစုထက် အင်အားမကြီးဘဲ နေမည်နည်း။

ထို့ကြောင့် အမေဖြစ်သူက မထားသင့်သော အတွေးများကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်လေသည်။

ထို့နောက် သားဖွားမားမား၏ လက်ထဲမှ ကလေးကို အမြန် ယူလိုက်၏။

ယခုအချိန်တွင် ကလေးမှာ နီနီရဲရဲလေးသာ ဖြစ်နေသေးသဖြင့် ဘယ်လိုမျက်နှာမျိုးမှန်း သေချာ မသိသာသေးပေ။

သို့သော် အမေဖြစ်သူကတော့ ကလေးလေးမှာ သူမ၏ ဆုံးပါးသွားသော သားဖြစ်သူနှင့် အလွန် တူသည်ဟု ခံစားနေရသည်။

ထို့ကြောင့် ယင်းကွေ့ဖင်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။

"မယ်မယ် ကြည့်ပါဦး သူက ဘယ်သူနဲ့ တူလဲဆိုတာ…"

စကားမဆုံးခင်မှာပင် တစ်ခုခု မှားယွင်းနေသည်ဟု သူမ ခံစားလိုက်ရသည်။

ယခုမှ မွေးခါစ ကလေးလေးကို သေဆုံးသွားသူ တစ်ယောက်နှင့် နှိုင်းယှဉ်နေမိသည် မဟုတ်လား။

တကယ့်ကို ဝမ်းသာလွန်း၍ ခေါင်းတွေပင် မူးနောက်သွားခဲ့လေပြီ။

ထို့ကြောင့် စကားလမ်းကြောင်း လွှဲလိုက်ကာ ပြောလိုက်လေသည်။

"မယ်မယ်နဲ့ တူတယ် မဟုတ်လား"

ယင်းကွေ့ဖင်မှာ အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီးမှ ကလေးကို မွေးဖွားနိုင်ခဲ့ခြင်းပင်။

ထို့ကြောင့် ယခုအချိန်တွင် ကလေးကို အလွန်အမင်း တန်ဖိုးထားလေသည်။

ကလေးကို ပထမဆုံးအကြိမ် မြင်လိုက်ရသည်နှင့် နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရသော မိခင်တစ်ယောက်၏ ခံစားချက်များက ရင်ထဲတွင် ပြည့်လျှံလာတော့သည်။

သူမ ကလေးကို ရွှေလို ဒင်္ဂါးလို တန်ဖိုးထားစွာ ကြည့်နေမိလေသည်။

"တူတယ် တူတာပေါ့ အမေက တူတယ်လို့ ပြောမှတော့ သေချာပေါက် တူမှာပါ"

ယင်းကွေ့ဖင်၏ ခန္ဓာကိုယ်မှာ အလွန် အားနည်းနေသေးသော်လည်း သူမ အလွန် ပျော်ရွှင်နေပေသည်။

၎င်းမှာ မင်းသားလေး တစ်ပါး ဖြစ်၍သာ မဟုတ်ဘဲ ဘေးကင်းစွာ မွေးဖွားလာနိုင်ခဲ့ခြင်းကြောင့် ပို၍ ပျော်ရွှင်ရခြင်းပင်။

သူမအနေဖြင့် သားဖြစ်သူကို ယခုအချိန်မှာ အန္တရာယ် ကင်းအောင် မွေးဖွာလာနိုင်ခဲ့သည် ဖြစ်ရာ နောင်နှစ်‌များစွာ ကြာ အရွယ်ရောက်သည်အထိ သေချာပေါက် ကာကွယ်ပေးသွားမည်ဟု ဆုံးဖြတ်လိုက်လေ၏။

ထိုအကြောင်းကို တွေးမိသည်နှင့် ဘေးရှိ လူများကို ကြည့်လိုက်လေသည်။

"ရုံလဲ့"

"ဒီအစေခံ ရှိပါတယ်"

"ယောင်ယွဲ့နန်းဆောင် က လူအကုန်လုံးကို လစာ သုံးဆစီ ဆုချလိုက် ပြီးတော့ နန်းတွင်းရေးရာဌာန ကို ဒီသတင်းကို အရှင်မင်းကြီးဆီ အမြန်ဆုံး ပို့ခိုင်းလိုက် ငါတို့ရဲ့ စတုတ္ထမင်းသားလေး ဘေးကင်းကင်းနဲ့ မွေးဖွားလာပြီလို့ သွားလျှောက်တင်ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ မယ်မယ်"

ဤမျှ ကောင်းမွန်သော ကိစ္စဖြစ်ရာ လူတိုင်း ဝမ်းသာပျော်ရွှင်နေကြသည်။

ယင်းကွေ့ဖင်မှာ အခန်းထဲတွင် အရာအားလုံးကို စီစဉ်ညွှန်ကြားနေလေသည်။

အပြင်ဘက်ရှိ ကိုယ်လုပ်တော်များ အားလုံးကလည်း စောင့်ဆိုင်းနေကြဆဲပင်။

အတွင်းဘက်မှ သတင်းထွက်လာသောအခါ အားကျမှု မနာလိုမှု များ ဖြစ်ကြလေတော့၏။

တာ့ဝေ့ပြည်၏ စတုတ္ထမင်းသားလေး ဖြစ်ရာ သူ၏ ဂုဏ်အတန်းအစားမှာ မည်မျှ မြင့်မားလိုက်မည်နည်း။

ကျောထောက်နောက်ခံ ရှိသော တတိယမင်းသားလောက် မကောင်းသော်လည်း ရောဂါများပြီး ကျောထောက်နောက်ခံ မရှိသော ဒုတိယမင်းသား ထက်တော့ အများကြီး သာပေသည်။

စတုတ္ထမင်းသား၏ အနာဂတ်မှာ မျှော်လင့်ချက် ရှိနေပေသည်။

အကယ်၍ ဧကရာဇ် မဖြစ်လာလျှင်တောင်မှ တစ်သက်လုံး စည်းစိမ်ချမ်းသာများ ခံစားရမည်မှာ သေချာလှသည်။

ချန်းကွေ့ရန် နှင့် ယီချန်ကျိုက် တို့မှာ အမေဖြစ်သူ၏ ရင်ခွင်ထဲရှိ စတုတ္ထမင်းသားလေးကို ကြည့်ရင်း ပို၍ပင် ဝမ်းနည်းလာကြတော့၏။

တစ်ချိန်က သူတို့လည်း ဤကဲ့သို့ မိခင်ဖြစ်ခွင့် ရခဲ့ဖူးကြသည် မဟုတ်လား။

ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့ မွေးဖွားခဲ့သော ကလေးလေးကိုပင် မကာကွယ်နိုင်ခဲ့ကြချေ။

ထိုနေရာတွင် ရှိနေသူများက သူတို့နှစ်ဦး၏ မျက်ဝန်းထဲမှ ဝမ်းနည်းမှုများကို သတိမထားမိကြဘဲ စတုတ္ထမင်းသားလေး အပေါ်တွင်သာ အာရုံစိုက်နေကြလေသည်။

မင်းသားလေး၏ မျက်နှာမှာ ဝင်းပနေပြီး ခန္ဓာကိုယ်မှာလည ပြည့်ဖြိုးနေကာ ခုနက ငိုသံမှာလည်း နားကွဲမတတ် ကျယ်လောင်လှပေသည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် အလွန် ကျန်းမာသန်စွမ်းသော ကလေးမှန်း သိသာလှသည်။

ဤကဲ့သို့ ကလေးမျိုးမှာ ပြုစုပျိုးထောင်ရ လွယ်ကူမည်မှာ သေချာပေ၏။

မုချန်ကျိုက် မှာ အပျော်ရွှင်ဆုံး ဖြစ်နေလေသည်။

သူမက ဘေးနားတွင် မရပ်မနားပင် ကလေးကို ချော့မြှူနေတော့သည်။

"ငါတို့ရဲ့ စတုတ္ထမင်းသားလေးက တကယ့်ကို ချောတာပဲ ကွေ့ဖင်မယ်မယ်နဲ့ တူလိုက်တာ ကြီးလာရင် သေချာပေါက် ရုပ်ချောတဲ့ ယောကျာ်းလေး တစ်ယောက် ဖြစ်လာမှာပဲ"

မုချန်ကျိုက်၏ စကားများမှာ အပြင်ပန်းရုပ်ရည်ကိုသာ ချီးကျူးနေခြင်း ဖြစ်၏။

အနာဂတ် အကြောင်းကို လုံးဝ မပြောခဲ့ပေ။

ဤနေရာတွင် လူအများကြီး ရှိနေသဖြင့် ဘယ်သူက ဘာသတင်းတွေ ဖြန့်လိုက်မည်ကို မည်သူ သိနိုင်မည်နည်း။

အကယ်၍ ယီဖေး ရှေ့သွားပြီး တစ်ယောက်ယောက်က သူမကို ကုန်းချောလိုက်လျှင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်သွားမည် မဟုတ်လား။

ထိုအကြောင်းကို တွေးမိသည်နှင့် မုချန်ကျိုက်၏ မျက်နှာပေါ်မှ အပြုံးမှာ လျော့မသွားသော်လည်း စကားပြောရာတွင်တော့ အလွန်အမင်း သတိထားနေလေသည်။

"ဟုတ်တာပေါ့ ဟုတ်တာပေါ့ ကျွန်မလည်း စတုတ္ထမင်းသားလေးက မယ်မယ်နဲ့ တူတယ်လို့ ပြောမလို့ မယ်မယ် မွေးခါစတုန်းကလည်း ဒီရုပ်လေးပဲလေ"

အမေဖြစ်သူမှာ ယခုအခါ မြေးလေးကို ရရှိလိုက်ပြီ ဖြစ်သဖြင့် အရာအားလုံး ပြည့်စုံသွားပြီဟု ခံစားနေရသည်။

မြေးဖြစ်သူမှာ မိန်းမဘက်မှ မြေးဖြစ်နေလျှင်ပင် ယခုလက်ရှိ ဖေမိသားစု၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်လေ၏။

မင်ကွေ့ရန် မှာလည်း ဘေးနားတွင် ရပ်ကာ အနှီးထဲမှ စတုတ္ထမင်းသားလေးကို ကြည့်ရင်း မျက်ဝန်းထဲတွင် အားကျမှုများ အပြည့်ဖြစ်နေရှာသည်။

သူမကိုယ်တိုင်လည်း ဤကဲ့သို့ နေ့ရက်မျိုး ရရှိနိုင်ရန် မျှော်လင့်နေမိသည်။

သို့သော် သူမက အရှင်မင်းကြီး၏ အထိအတွေ့ကို တစ်ကြိမ်လေးမျှပင် မခံခဲ့ဖူးရာ မည်သို့ သားသမီး ရလာနိုင်မည်နည်း။

ထိုအကြောင်းကို တွေးမိသည်နှင့် သူမ၏ သက်ပြင်းချလိုက်မိတော့သည်။

အရှင်မင်းကြီး ထိုက်ဆန်းတောင် မှ ပြန်ရောက်လာလျှင် မျက်နှာသာပေးမှု ရရှိအောင် သူမ သေချာပေါက် နည်းလမ်းရှာရပေမည်။

မဟုတ်လျှင် သူမ အလဟဿ ခံစားခဲ့ရသော ဂုဏ်ပကာသနများနှင့် မနာလိုမှုများက နှမြောစရာ ကောင်းနေမည် မဟုတ်လား။

---

All Chapters