← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း(၁၉၅) နန်းတော်ထဲမှ မွေးဖွားလာသူများ၏ ဘဝ

ဤသို့ သခင်မ ယွင်ရှီတို့ အသွားအပြန် လုပ်နေရခြင်းက လင်ဝမ်ယိ၏ အိမ်လွမ်းစိတ်ကို အတော်လေး ပြေပျောက်သွားစေ၏။

တစ်ချိန်တည်းမှာပင် သူမကို မျှော်လင့်ချက် အနည်းငယ် ပိုရစေခဲ့သည်။

နေ့ရက်တွေက ဒီပုံစံအတိုင်းသာ ဆက်ပြီး ကုန်ဆုံးသွားနိုင်ရင် သိပ်ကောင်းမှာပဲဟု သူမ တွေးမိလေသည်။

စတုတ္ထမင်းသား ဘေးကင်းစွာ မွေးဖွားလာသည့် သတင်းက ရွေ့ယန်စံအိမ် သို့ ရောက်ရှိလာခဲ့ပေသည်။

ထိုသတင်းကြောင့် ဒုတိယမင်းသားမှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားရသည်။

ဤနေ့တွင် လင်ဝမ်ယိသည် ဒုတိယမင်းသမီးနှင့် ဒုတိယမင်းသားတို့ကို ခေါ်ကာ ဥယျာဉ်ငယ်လေးထဲတွင် မနက်ခင်း နေပူဆာလှုံနေကြသည်။

သခင်မ ယွင်ရှီက နေပူဆာ များများလှုံပေးခြင်းက ဒုတိယမင်းသမီး၏ ကျန်းမာရေးအတွက် ကောင်းကျိုးရှိသည်ဟု ပြောခဲ့ဖူးသည်။

ထို့ကြောင့် သူတို့သည် နေ့စဉ် နာရီဝက်ခန့် ဥယျာဉ်ငယ်လေးထဲတွင် နေပူဆာလှုံလေ့ရှိကြပေ၏။

ယခုအခါ ကိုးလပိုင်း အစသို့ ရောက်နေပြီ ဖြစ်သည်။

ဆောင်းဦးအငွေ့အသက်များက ပိုမို သိသာလာလေပြီ။

ဥယျာဉ်ငယ်လေးထဲတွင် မေပယ်ပင်များ အနည်းငယ် စိုက်ပျိုးထားသဖြင့် ဆောင်းဦးရာသီ၏ အလှတရားကို ပို၍ လှပအောင် ဖန်းတီးပေးထားသည့်အတိုင်းပင်။

လင်ဝမ်ယိသည် နန်းတွင်းရေးရာဌာန မှ ပို့ပေးလိုက်သော ပလုတ်တုတ်ကို ကိုင်ထားသည်။

ဒုတိယမင်းသမီးကို ကစားချင်လာရန် မြှူဆွယ်နေသည်။

မင်းသမီးလေးက ယခုအခါ အသံသေးသေးထွက်ကာ တုံ့ပြန်တတ်နေပြီ ဖြစ်သည်။

ပလုတ်တုတ် အသံ ဘယ်ဘက်က ထွက်လာလျှင် သူမ၏ ခေါင်းလေးက ထိုဘက်သို့ လိုက်လှည့်လာတတ်ရာ အလွန် ချစ်စရာကောင်းနေပေသည်။

ဒုတိယမင်းသမီးလေး လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကို မြင်ရသောအခါ လူတိုင်း ပျော်ရွှင်နေကြသည်။

ဒုတိယမင်းသား တစ်ယောက်တည်းသာ ဘေးတွင် ထိုင်ကာ မျက်နှာမကောင်း ဖြစ်နေရှာသည်။

တုမားမား သာ သူ့ကို အတင်းအကျပ် အပြင်မခေါ်ထုတ်လာခဲ့လျှင် သူ အပြင်ထွက်လာလိမ့်မည် မဟုတ်ပေ။

လင်ဝမ်ယိ လှည့်ကြည့်လိုက်ရာ ဒုတိယမင်းသား၏ မျက်နှာထားကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် အလွန် ထူးဆန်းသွားမိသည်။

သူတို့ နွေရာသီအပန်းဖြေနန်းတော် တွင် နေရသည်မှာ နတ်ပြည်လိုပင် သက်တောင့်သက်သာ ရှိလှသည်ကို ဒုတိယမင်းသားက ဘာကြောင့် မျက်နှာလေး ရှုံ့မဲ့နေရသနည်း။

ထို့ကြောင့် သူမက စိုးရိမ်တကြီး မေးလိုက်လေသည်။

"မနေ့ညက ကောင်းကောင်း မအိပ်ရလို့လား… ဘာလို့ ဒီလောက်တောင် အားမရှိတဲ့ပုံ ပေါက်နေရတာလဲ"

ဒုတိယမင်းသားက ခေါင်းခါပြလိုက်သည်။

သူက ခေါင်းကို ဆက်ငုံ့ထားပြီး အားအင် တစ်စက်မှ မရှိသည့်ပုံပင်။

လင်ဝမ်ယိက တုမားမားကို တစ်ချက် ကြည့်လိုက်ရာ သူမက တိတ်တဆိတ် လက်ချောင်းလေးချောင်း ထောင်ပြလိုက်မှ လင်ဝမ်ယိ သဘောပေါက်သွားတော့သည်။

စတုတ္ထမင်းသား ကိစ္စကြောင့် စိတ်ပူနေတာ ဖြစ်ရမည်။

ထို့ကြောင့် သူမက နွေးထွေးစွာ ပြုံးလိုက်ပြီး သူ့ကို နှစ်သိမ့်လိုက်လေ၏။

"ဒုတိယမင်းသားမှာ ညီလေးတစ်ယောက် ထပ်တိုးလာတာ ကောင်းတဲ့ကိစ္စပဲလေ… စတုတ္ထမင်းသားက ဒုတိယမင်းသမီးထက်တောင် ငယ်သေးတာ… နောက်လ နည်းနည်းကြာရင် ဒုတိယမင်းသမီးနဲ့ စတုတ္ထမင်းသား နှစ်ယောက်လုံး ထိုင်တောင် ထိုင်တတ်နေလောက်ပြီ"

ဒုတိယမင်းသမီးလေးက ဖျားနာနေသော်လည်း ကျိမားမား ၏ လေ့ကျင့်ပေးမှုကြောင့် ခန္ဓာကိုယ်လေးက အတော်လေး သန်မာလာပြီ ဖြစ်သည်။

နေ့စဉ် မှောက်လျက်ထားပြီး ခေါင်းထောင်နိုင်ရန် လေ့ကျင့်ပေးခြင်း သို့မဟုတ် ခေတ္တမျှ မတ်မတ်ချီပေးခြင်းများ ပြုလုပ်ပေးသည်။

ဤသို့ ပြုလုပ်ရခြင်းမှာ ဒုတိယမင်းသမီး နောင်တွင် သန်သန်မာမာ ရှိစေရန် ဖြစ်၏။

ထို့ကြောင့် နှစ်ကုန်ပိုင်းလောက် ရောက်လျှင် သူမ လေးငါးလ အရွယ် ရောက်နေပြီမို့ ခဏတဖြုတ် ထိုင်နိုင်လောက်ပြီ ဖြစ်သည်။

စတုတ္ထမင်းသား ကလည်း ယင်းကွေ့ဖင် ၏ သေချာ ဂရုစိုက်မှုကို ရထားသဖြင့် ကျန်းမာသန်စွမ်းမည်မှာ အသေအချာပင်။

ထို့ကြောင့် လင်ဝမ်ယိ၏ စကားများမှာ လေလုံးထွားနေခြင်း မဟုတ်ပေ။

မူလက ဒုတိယမင်းသားကို နှစ်သိမ့်ပေးရန် ရည်ရွယ်သော်လည်း ဒုတိယမင်းသားက ဤစကားကို ကြားသောအခါ ပို၍ပင် စိတ်မကောင်း ဖြစ်သွားရ၏။

မျက်နှာလေးမှာ အတော်လေး ရှုံ့မဲ့နေသည်။

လင်ဝမ်ယိက ခဏစဉ်းစားပြီးနောက် ဒုတိယမင်းသားကို ပြောလိုက်သည်။

"မင်းသမီးကို ဒီမှာ ထားခဲ့ပြီး နေပူဆာ နည်းနည်း ထပ်လှုံခိုင်းလိုက်မယ်… ငါ ရှေ့နားလေး လမ်းသွားလျှောက်မလို့ မင်းရော လိုက်မလား"

ဒုတိယမင်းသားက မူလက ငြင်းဆန်ချင်သော်လည်း လင်ဝမ်ယိ သူ့ကို သီးသန့် စကားပြောချင်မှန်း သိသဖြင့် ခဏစဉ်းစားပြီးနောက် ထကာ လိုက်သွားတော့သည်။

တုမားမား နှင့် ရှအန်း တို့က မူလနေရာတွင် ကျန်ခဲ့ပြီး ဒုတိယမင်းသမီးကို ကူညီ စောင့်ရှောက်ပေးနေကြသည်။

ရွေ့ယန်စံအိမ် အတွင်းရှိ ဥယျာဉ်ငယ်လေးမှာ သိပ်မကြီးလှပေ။

သို့သော် အလွန် သေသပ်လှပစွာ ဖန်တီးထား၏။

သူတို့နှစ်ဦး မေပယ်ပင်များ အောက်သို့ ရောက်လာရာ အရှေ့မှ ပန်းတစ်ပွင့်က အတော်လေး လှပစွာ ဖူးပွင့်နေလေသည်။

ဝမ်းနည်းစရာမှာ ဒုတိယမင်းသားကတော့ ဤရှုခင်းကို ခံစားရန် စိတ်မပါရှာပေ။

လင်ဝမ်ယိလည်း စကားကို လှည့်ပတ်မနေတော့ဘဲ တည့်ပင် မေးလိုက်လေ၏။

"ဒုတိယမင်းသားက စတုတ္ထမင်းသား မွေးလာလို့ စိတ်ညစ်နေတာလား"

ဒုတိယမင်းသားသည် ရုတ်တရက် ရင်တွင်းခံစားချက်များ ပေါက်ကြားသွားသဖြင့် ခဏမျှ အနေခက်သွားရသည်။

သို့သော် သူ့အရှေ့မှ လူက လင်ဝမ်ယိ ဖြစ်နေသဖြင့် သူ သိပ်ဂရုမစိုက်တော့ပေ။

ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

"သားတော်က ခမည်းတော်ရဲ့ ချစ်ခင်မှုကို တစ်ခါမှ မရခဲ့ဖူးဘူး… နဂိုကတည်းက သားတော်ထက် သာတဲ့ တတိယညီတော် တစ်ပါး ရှိနေတာ… အခု စတုတ္ထညီတော် တစ်ပါး ထပ်ရောက်လာပြီဆိုတော့… နောက်ဆို ဒီနန်းတော်ထဲမှာ သားတော်လို ဒုတိယမင်းသား တစ်ပါး ရှိတယ် ဆိုတာကို ဘယ်သူကများ သတိထားမိပါတော့မလဲ"

သြော်… ဒါကို စိတ်ပူနေတာကိုး။

လင်ဝမ်ယိသည် ဒီနန်းတော်ထဲက လူတွေက တကယ့်ကို မွေးရာပါ ဉာဏ်ကြီးရှင်တွေပဲ ဟု တွေးလိုက်လေသည်။

သာမန် မိသားစုတွေမှာ ကလေးမွေးလာလျှင် ပျော်ရွှင်ကြသည်မှာ များသည်။

သို့သော် နန်းတော်ထဲမှာတော့ မတူပေ။ ကလေး ထပ်မွေးလာတိုင်း သေဘေးနှင့် ရင်ဆိုင်ရခြင်း မဟုတ်လျှင် မနာလို ဝန်တိုမှုပေါင်း များစွာနှင့် ရင်ဆိုင်ရစမြဲပင်။

ဥပမာ ဒုတိယမင်းသမီးလေး ဆိုလျှင် သေမင်း လက်ထဲကနေ အတင်း လုယူခဲ့ရခြင်း မဟုတ်လား။

ဤစတုတ္ထမင်းသားကတော့ မွေးကတည်းက လူတိုင်း၏ ပစ်မှတ် ဖြစ်လာတော့မည်။

အကယ်၍ ယင်းကွေ့ဖင် က သေချာ ကာကွယ်ပေးနိုင်လျှင်တော့ အေးချမ်းသည့် နေ့ရက်များကို ဖြတ်သန်းနိုင်ပေလိမ့်မည်။

သို့သော် ယင်းကွေ့ဖင် သေချာ မကာကွယ်ပေးနိုင်ခဲ့လျှင် ဒုတိယမင်းသားထက်တောင် ပိုပြီး သက်တောင့်သက်သာ ရှိမှာ မဟုတ်ပေ။

ဤအကြောင်းကို တွေးမိရင်း လင်ဝမ်ယိ အကြိမ်ကြိမ် သက်ပြင်းချလိုက်မိသည်။

အာဏာ ဆိုသည့်က ဒီနန်းတော်ထဲရှိ မင်းသား မင်းသမီး အားလုံး ဒုက္ခဆင်းရဲခံယူရန် မွေးဖွားလာရဖို့ ဖန်တီးထားခဲ့ပြီ။

ဒုတိယမင်းသား၏ စိတ်ပျက်အားငယ်နေသော မျက်နှာကို ကြည့်ရင်း လင်ဝမ်ယိ တွေးလိုက်မိသည်။

သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်ကောင်းလာပြီ ဆိုသော်လည်း စိတ်ထဲက ဒဏ်ရာတွေကိုတော့ ကုသဖို့ သိပ်မလွယ်ကူလှပေ။

အဆုံးစွန် ပြောရလျှင် သူက ခြောက်နှစ်အရွယ် ကလေးတစ်ယောက်သာ ရှိသေးသည်။

အပြစ်ကင်းစင်ပြီး တက်ကြွသည့် စိတ် ရှိသလို ရှေ့ရေးအတွက် စိုးရိမ်ပူပန်တတ်သည့် စိတ်လည်း ရှိသည်ပင်။

ထို့ကြောင့် လင်ဝမ်ယိက သူနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး သူ့ကို ကြည့်လိုက်လေသည်။

သူမ၏ မျက်ဝန်းထဲတွင် ယခင်က မရှိခဲ့ဖူးသော တည်ငြိမ်မှုများ ရှိနေပြီး ဤတည်ငြိမ်မှုက ဒုတိယမင်းသား၏ စိတ်ကို တဖြည်းဖြည်း အေးချမ်းသွားစေခဲ့၏။

"တစ်ရာသီနဲ့ တစ်ရာသီ ဥယျာဉ်တွေက မတူညီကြတာကို ဒုတိယမင်းသား သတိထားမိလား… နွေဦးရာသီမှာ မက်မွန်ပန်းနဲ့ မက်မွန်သီး ရနံ့တွေ သင်းပျံ့နေတယ်… နွေရာသီမှာဆို ကြာပန်းရနံ့နဲ့ ကြာရွက်စိမ်းတွေ ရှိတယ်… ဆောင်းဦးရာသီမှာဆိုရင် မေပယ်ပင်တွေနဲ့ ရှုခင်းတွေ ရှိတယ်… ဆောင်းရာသီမှာကျ ဆောင်းဇီးပန်းတွေက နှင်းခဲတွေကို အန်တုပြီး ပွင့်ကြတယ်"

"မတူညီတဲ့ ပန်းတွေက မတူညီတဲ့ အချိန်ကာလတွေမှာ အပြိုင်အဆိုင် ပွင့်ကြတယ်… မက်မွန်ပန်းမှာ မက်မွန်ပန်းရဲ့ နူးညံ့မှု ရှိသလို ဆောင်းဇီးပန်းမှာလည်း သူ့ရဲ့ မာန ရှိတယ်… အကယ်၍ သူတို့ကို အချိန်တစ်ချိန်တည်းမှာ အတင်းအကျပ် ပွင့်ခိုင်းမယ်ဆိုရင် နှစ်ဖက်လုံးအတွက် အကျိုးရှိမှာမဟုတ်ဘူ"

"လူဖြစ်ရတာလည်း အတူတူပါပဲ… ကိစ္စတိုင်းမှာ ကျွမ်းကျင်ပြီး အရာရာတိုင်းက အောင်မြင်နေဖို့ ဆိုတာ မဖြစ်နိုင်ဘူး… ရှင်းရှင်း ပြောရရင် လောကကြီး တစ်ခုလုံးကို စိုးမိုးထားတဲ့ မင်းသားရဲ့ ခမည်းတော်လို လူမျိုးတောင်မှ သူ မလုပ်နိုင်တဲ့ အချိန်တွေ ရှိတတ်တယ်"

"ဒါကြောင့် တခြားလူတွေကို စိုးရိမ်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်တာ ပိုကောင်းပါတယ်… တတိယမင်းသား မှာ တတိယမင်းသားရဲ့ အနာဂတ်တွေ ရှိသလို စတုတ္ထမင်းသား မှာလည်း စတုတ္ထမင်းသားရဲ့ ရှေ့ရေး ရှိတယ်… ပြီးတော့ မင်းသားမှာလည်း မင်းသား လျှောက်ရမယ့် လမ်း ရှိတယ်"

"မင်းသားက သိမ်မွေ့တယ်… အောက်ကျနောက်ကျ မခံဘူး… သဘာဝတရားကို ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်ရှိသလို လောကုတ္တရာရေးရာ ဉာဏ်ပညာလည်း ရှိတယ်… မဟုတ်ဘူးလား"

လင်ဝမ်ယိ၏ ဤနှစ်သိမ့်စကားက ဒုတိယမင်းသား၏ ရင်ထဲမှာ ခံစားမှု အများကြီး ရရှိခဲ့လေသည်။

သဘာဝတရားကို ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်ရှိသလို လောကုတ္တရာရေးရာ ဉာဏ်ပညာလည်း ရှိတယ်…

ဒုတိယမင်းသားက ဤစကားကို အကြိမ်ကြိမ် တွေးတောနေမိပြီး တွေးလေလေ ပို၍ နားလည်လာလေလေပင်။

ခဏအကြာတွင် ရက်အတော်ကြာ စိုးရိမ်ပူပန်နေမှုများက ဖုန်မှုန့်များကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

သူက လင်ဝမ်ယိကို ကျေးဇူးတင်စွာ ကြည့်ရင်း ပြောလိုက်၏။

"သားတော်အတွက် အကံကောင်းဆုံးက ဘာလဲဆိုရင် လင်မယ်မယ် ရဲ့ သားတော် ဖြစ်ခွင့်ရတာပါပဲ"

လင်ဝမ်ယိက အရင်က ဒုတိယမင်းသားကို မောင်လေး တစ်ယောက်လို သဘောထားပြီး ဂရုစိုက် ပူပန်ပေးခဲ့ခြင်း ဖြစ်သည်။

ယခု သူ ဤမျှ လေးလေးနက်နက် ပြောလိုက်သည်ကို ကြားသောအခါ ရုတ်တရက် မိခင်တစ်ယောက်လို ခံစားချက်မျိုး ပေါ်လာမိသည်။

ဤရေစက်က အလွန် ထူးဆန်းလှသည်။

မူလက နန်းတော်ထဲမှာ ရုန်းကန် ရှင်သန်နေရတဲ့ လူနှစ်ယောက်က ယခုအခါ သွေးသားမတော်စပ်ပေမယ့် ရင်ဘတ်ချင်း နီးစပ်တဲ့ မိသားစုဝင်တွေ ဖြစ်လာခဲ့ကြပြီ။

လင်ဝမ်ယိ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ဒုတိယမင်းသား၏ ပခုံးကို အသာလေး ပုတ်ပေးလိုက်သည်။

ထို့နောက် ပြုံးရင်း ပြောလိုက်လေ၏။

"ဒုတိယမင်းသားရဲ့ အပြည့်အဝ ယုံကြည်မှုကို ရတာကလည်း အမေရဲ့ ကံကောင်းမှုပါပဲ"

ဒါဟာ လင်ဝမ်ယိက ဒုတိယမင်းသား ရှေ့မှာ သူမကိုယ်သူမ အမေလို့ ပထမဆုံးအကြိမ် သုံးနှုန်းလိုက်ခြင်းပင် ဖြစ်သည်။

သူမက ဒုတိယမင်းသားထက် ဆယ့်တစ်နှစ်သာ ကြီးသဖြင့် သူ၏ အမေလုပ်ရန် မသင့်တော်သော်လည်း ယခုအချိန်တွင်တော့ သူမ ဒုတိယမင်းသားကို ပြန်လည် တုံ့ပြန်ချင်ရုံသာ ဖြစ်သည်။

All Chapters