အခန်း ၁၉၆
Vol. 20 Ch. 196
အခန်း(၁၉၆) နောက်ဆုံးချိန် နီးကပ်လာခြင်း
ဒုတိယမင်းသားမှာ လင်ဝမ်ယိ သူမကိုယ်သူမ အမေဟု သုံးနှုန်းလိုက်သည်ကို ကြားသောအခါ သူ၏ စိတ်ညစ်စရာ အားလုံး ပျောက်ကွယ်သွားတော့သည်။
သူက ပြုံးရင်း ရိုးသားစွာ ခေါ်လိုက်လေ၏။
"အမေ"
ဤ အမေ ဆိုသည့် ခေါ်သံက သူမ၏ ရာထူး အဆင့်အတန်းနှင့် မသက်ဆိုင်သလို သူ၏ ရှေ့ရေးနှင့်လည်း မသက်ဆိုင်ပေ။
လင်ဝမ်ယိက သူ့အတွက် လုပ်ပေးခဲ့သမျှ အရာအားလုံးက ဒီလို ခေါ်ဆိုခံရဖို့ ထိုက်တယ်လို့ သူ တကယ် ခံစားရလို့သာ ဖြစ်သည်။
လင်ဝမ်ယိကလည်း သူ့ကို ပြန်လည် ပြုံးပြလိုက်ရာ အရာအားလုံးက စကားပြောစရာ မလိုဘဲ နားလည်သွားကြလေသည်။
သူတို့နှစ်ဦး စောစောက နေရာသို့ ပြန်ရောက်လာချိန်တွင် ဒုတိယမင်းသားသည် ယခင်ပုံစံအတိုင်း ပြန်ဖြစ်သွားပြီး စိုးရိမ်ပူပန်မှုများ မရှိတော့ပေ။
ဒုတိယမင်းသား၏ ပုံစံကို မြင်သောအခါ တုမားမား မျက်ခုံး အနည်းငယ် ပင့်သွားပြီး လင်ဝမ်ယိကို ကြည့်ရာတွင် လေးစားမှု အချို့ ထပ်တိုးလာသည်။
လင်ဝမ်ယိ သစ်ရွက်တွေကို နင်းပြီး လမ်းလျှောက်လာတဲ့ ပုံစံက တစ်ကမ္ဘာလုံးရဲ့ မိခင်ဖြစ်မယ့် အရှိန်အဝါမျိုး ရှိနေသလို ခံစားလိုက်ရသည်။
သို့သော် ယခုအချိန်တွင် သူမသည် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို သိပ်မရသေးသော ကွေ့ရန် တစ်ပါးသာ ဖြစ်သည်။
သူမ ခေါင်းခါလိုက်ပြီး ခေါင်းထဲမှ အတွေးများကို ဖယ်ထုတ်လိုက်သည်။
ယခု အရေးအကြီးဆုံးမှာ ဒုတိယမင်းသားကို သေချာ ဂရုစိုက်ဖို့ပင်။
အရာအားလုံး အရှင်မင်းကြီး ထိုက်ဆန်းတောင် မှ ပြန်ရောက်လာမှသာ ဆက်လက် စီစဉ်ရပေမည်။
လင်ဝမ်ယိက တုမားမားကို သတိမထားမိဘဲ ဒုတိယမင်းသမီး ဆီသို့သာ တန်းတန်းမတ်မတ် သွားလိုက်လေသည်။
သူမက ကျိမားမား ၏ ရင်ခွင်ထဲမှ ကလေးကို လှမ်းယူလိုက်ပြီး ပွေ့ချီကာ လည်ပင်းလေးကို နမ်းလိုက်သည်။
သူမ ကိုယ်မှ ရသော နို့နံ့လေးက တကယ့်ကို မွှေးကြိုင်နေ၏။
ယခုအချိန်တွင် လင်ဝမ်ယိ တစ်ယောက် ကလေးယူချင်စိတ် အနည်းငယ် ပေါ်လာမိသည်။
ဤမျှ နူးနူးညံ့ညံ့ ရတနာလေး ရင်ခွင်ထဲ အိပ်နေခြင်းက ရွှေချိန်တစ်ထောင်နှင့်တောင် မလဲနိုင်သည့် ပျော်ရွှင်မှုပါပေ။
"သွားကြစို့… ငါတို့ အရင် ပြန်ကြရအောင်… အခု အချိန်ဆို ဒုတိယမင်းသမီး နို့သောက်ပြီး အိပ်သင့်ပြီ"
"ဟုတ်ကဲ့… ဒီအစေခံ အမိန့်တော်အတိုင်းပါ"
သူတို့တစ်စု ဥယျာဉ်ငယ်လေးထဲမှ ပင်မဆောင်သို့ ပြန်လာခဲ့ကြသည်။
စောစောက စိုးရိမ်ပူပန်မှုများကို ဖြေရှင်းသွားပြီးနောက် ဒုတိယမင်းသားနှင့် လင်ဝမ်ယိတို့မှာ နေ့လယ်စာ ဘာစားကြမလဲ ဆိုတာကို အတော်ကြာ တိုင်ပင်နေကြတော့သည်။
သူတို့နှစ်ယောက်က ယခုအခါ သားအမိအရင်းလို ပို၍ ဖြစ်လာကြပြီ။
ဤမြင်ကွင်းကိုသာ ယခင်က ဒုတိယမင်းသားကို ပြုစုပျိုးထောင်ခဲ့သော လန်ဖေး မြင်သွားခဲ့လျှင် ဒေါသထွက်လွန်း၍ သွေးအန်ပြီး သေသွားမှာ အသေအချာပင်။
ဒုတိယမင်းသမီးကို မွေးပြီးကတည်းက လန်ဖေး ၏ သွေးဆင်းသည့် ဝေဒနာက တစ်ကြိမ်မျှ မသက်သာခဲ့ချေ။
အထူးသဖြင့် အရှင်မင်းကြီးက သူမ သေသေရှင်ရှင် ဂရုမစိုက်ဘဲ နွေရာသီအပန်းဖြေနန်းတော် မှ ယုံအန်းနန်းဆောင် သို့ အတင်း ပြောင်းရွှေ့ခိုင်းပြီးနောက်တွင်တော့ သူမ စိတ်ထဲတွင် သဘောပေါက်သွားလေပြီ။
တကယ်ပဲ အကြင်နာ တရားကင်းမဲ့ဆုံးက ဧကရာဇ် မိသားစုပါလား။
သူမ အခြေအနေက ကယ်မရတော့သည်ကို မြင်သည်နှင့် အရှင်မင်းကြီးက ချက်ချင်း စွန့်ပစ်လိုက်တော့သည်။
ထို့ကြောင့် သူမ၏ ရောဂါဝေဒနာက ပို၍ ဆိုးရွားလာတော့၏။
မျက်နှာက တစ်နေ့ထက်တစ်နေ့ ပိုဖြူရော်လာပြီး ခန္ဓာကိုယ်ကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိန်လာသည်။
ယုံအန်းနန်းဆောင်သို့လည်း မည်သူမျှ လာရောက်မေးမြန်းခြင်း မရှိဘဲ မည်သူမှ အနားမကပ်ချင်သော သင်္ချိုင်းဟောင်း တစ်ခုလို ဖြစ်နေတော့သည်။
လန်ဖေး မှာ သူမ၏ အသက်ရှူရ ခက်ခဲနေသော နေ့ရက်များကို အံကြိတ် ခံစားနေရခြင်းပင်။
ဘယ်အချိန် အသက်ရှူရပ်သွားပြီး လောကကြီးကို စွန့်ခွာသွားရမည်ကို မပြောနိုင်တော့ပေ။
သူမကို တာဝန်ယူ စောင့်ရှောက်နေရသော တော်ဝင်သမားတော်ချန် လည်း ဘာမှ မတတ်နိုင်တော့ပေ။
မူလက သူမ အသက် လေးလလောက် ရှင်နိုင်သေးသည်ဟု ထင်ခဲ့သော်လည်း ယခု အခြေအနေအရ ကိုးလပိုင်းကုန်အထိတောင် ခံနိုင်ပါ့မလားကိုပင် မသေချာတော့ချေ။
ဤကဲ့သို့ ဝေဒနာများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ခံစားနေရမည့်အစား အဲဒီတုန်းက မကယ်လိုက်တာကမှ ပိုကောင်းပေလိမ့်မည်။
အနည်းဆုံးတော့ မြန်မြန်ဆန်ဆန် သေရပြီး ဒီလို ဒုက္ခတွေ ခံစားစရာ မလိုတော့ဘူး မဟုတ်လား။
လန်ဖေးသည် အသက်ရှင်ချင်သည့် ဆန္ဒ အနည်းငယ် ရှိနေသေးသည်။
သို့သော် ကိုယ့်ခန္ဓာကိုယ်အခြေအနေ ကိုယ်အသိဆုံးမို့ သူမ၏ ခန္ဓာကိုယ်ထဲမှ အင်အားတွေ တဖြည်းဖြည်း လွင့်ထွက်သွားနေသည်ကိုတောင် သူမ ခံစားနေရသည်။
ဤမျှ နှိပ်စက်ခံနေရသဖြင့် အသက်ရှင်ချင်စိတ် ဘယ်လောက် ပြင်းပြနေပါစေ အကုန် ပျောက်ကွယ်သွားရလေပြီ။
ဤနေ့တွင် တော်ဝင်သမားတော်ချန် လာရောက် ကြည့်ရှုပြီးနောက် သူ၏ မျက်နှာထားမှာ ပိုမို လေးနက်လာတော့သည်။
အဘယ်ကြောင့်ဆိုသော် သူက အပုပ် အနံ့များကို စတင် ရနေပြီ ဖြစ်သောကြောင့်ပင်။
လန်ဖေး လိုမျိုး အမြဲတမ်း သွေးဆင်းနေသူမှာ ဘယ်လောက်ပဲ သေချာ ပြုစုပါစေ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်မည်သာဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဒဏ်ရာက သေချာ မကုသနိုင်သဖြင့် ပို၍ ဆိုးရွားလာတော့၏။
တော်ဝင်သမားတော်ချန် ၏ မျက်နှာထားကို ကြည့်ပြီး လန်ဖေး လည်း သူမ အချိန် သိပ်မကျန်တော့မှန်း သိလိုက်သည်။
စသိတုန်းကလို အနိုင်ယူချင်သည့် စိတ်များ လျော့နည်းသွားပြီး မျက်ဝန်းထဲတွင် မည်သည့် ခံစားမှုပင် မရှိဘဲ မေးလိုက်လေသည်။
"တော်ဝင်သမားတော်ချန် အမှန်တိုင်း ပြောပါ… ဒီအရှင်မ အသက်ရှင်ဖို့ ဘယ်နှစ်ရက် ကျန်သေးလဲ"
တော်ဝင်သမားတော်ချန် မှာ သူမ၏ စကားကြောင့် လန့်သွားပြီး ချက်ချင်း ဒူးထောက်ချလိုက်ကာ အနည်းငယ် အခက်တွေ့စွာဖြင့် လိမ်ပြောလိုက်သည်။
"မယ်မယ် က ကံကောင်းသူမို့ သက်တော်ရာကျော် ရှည်မှာ အသေအချာပါပဲ"
"ဟွန်း… သက်တော်ရာကျော် ရှည်မယ် ဟုတ်လား… တော်ဝင်သမားတော်ချန် ငါလို သေတော့မယ့် လူကို လာလိမ်မနေပါနဲ့… ပြောပါ… ဒီအရှင်မ ခံနိုင်ရည် ရှိပါတယ်"
ထိုသို့ ပြောပြီးနောက် သူမက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
သူမ၏ ခွန်အားတွေ အကုန် သုံးလိုက်ပြီး ကုတင်ပေါ် မှီပြီး ထိုင်လိုက်၏။
ထို့နောက် တော်ဝင်သမားတော်ချန် ကို စိုက်ကြည့်နေတော့သည်။
တော်ဝင်သမားတော်ချန် လည်း ဖုံးကွယ်ထား၍ မရတော့မှန်း သိလိုက်သဖြင့် ပြောလိုက်ရတော့သည်။
"မယ်မယ်… အလွန်ဆုံး… အလွန်ဆုံးဆို တစ်လလောက်ပဲ အချိန်ကျန်ပါတော့တယ်"
တစ်လလောက်ပဲ ဟုတ်လား… ဒါဆို အရှင်မင်းကြီး ထိုက်ဆန်းတောင် က ပြန်လာတာကိုတောင် စောင့်နိုင်မှာ မဟုတ်ဘူးပေါ့…
သူမက ဒုတိယမင်းသမီး ကိုတောင် မမြင်ရသေးတာ ဘယ်လိုလုပ်ပြီး ဒီလောက် စောစော လောကကြီးကို စွန့်ခွာသွားရမည်နည်း။
ရင်ထဲမှ မရေမတွက်နိုင်သော မကျေနပ်မှုများက နာကြည်းချက်များ အဖြစ် ပြောင်းလဲသွားတော့သည်။
မျက်ရည်များက သူမ၏ မျက်လုံးထောင့်မှ တစ်စက်ချင်း ကျဆင်းလာတော့သည်။
ခဏအကြာတွင် သူမက မသက်မသာ ဖြစ်မှုကို အတင်း အောင့်အီးကာ တော်ဝင်သမားတော်ချန် ကို မေးလိုက်လေသည်။
"ဒီအရှင်မ ဆေးသုံးချင်တယ်… မြန်မြန်သေသွားမယ် ဆိုရင်တောင် နောက်ဆုတ်မှာ မဟုတ်ဘူး"
"မယ်မယ် ဘာလို့ ဒီလို လုပ်ရတာလဲ… မယ်မယ့်ရဲ့ ခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူးလေ"
"ဟွန်း… ဒီလို ချို့ယွင်းနေတဲ့ ခန္ဓာကိုယ်ကြီးကို ဒီအရှင်မက ဘာ ဂရုစိုက်ရမှာလဲ… မင်း မြန်မြန်သွားဖော်ချေ… ဒီအရှင်မရဲ့ နောက်ဆုံး နေ့ရက်တွေမှာ စိတ်အေးလက်အေးနဲ့ ထွက်ခွာသွားချင်တယ်"
လန်ဖေး ဘယ်လောက်ပဲ အာဏာကျဆင်းနေပါစေ သူမသည် လန်မိသားစုဝင် ဖြစ်ပြီး မောင်းမဆောင် အတွင်းတွင် နာမည်ကြီးသော ကိုယ်လုပ်တော် တစ်ပါး ဖြစ်နေဆဲပင်။
တော်ဝင်သမားတော်ချန် လည်း မလွန်ဆန်ရဲပေ။
ထို့ကြောင့် ကြောက်ကြောက်နှင့်ပင် သဘောတူလိုက်ရတော့သည်။
ဤဆေးကို ဖော်စပ်ရန် မခက်ခဲသော်လည်း တကယ်သာ သောက်လိုက်လျှင် သူမ၏ ကျန်ရှိနေသေးသော နေ့ရက်အားလုံးကို ဤတစ်နေ့တည်းအဖြစ် စုစည်းလိုက်သလိုပင်။
ဤကဲ့သို့ ပေးဆပ်ရမှုကို လန်ဖေး တကယ်ပဲ ခံနိုင်ရည် ရှိမှာလား။
သူလည်း အလွန်အမင်း စိုးရိမ်ထိတ်လန့်နေမိသည်။
သူ ခြေလှမ်းမခိုင်စွာဖြင့် ထွက်သွားပြီးနောက် ဘေးနားရှိ အစေခံ ကျွေ့ယွင် က မျက်လုံးများ နီရဲလျက် လန်ဖေး ၏ ရှေ့တွင် ဒူးထောက်ချလိုက်သည်။
"မယ်မယ် သေချာ စဉ်းစားပါဦး… ဒီဆေးက ခန္ဓာကိုယ်ကို အထိခိုက်ဆုံး ဆေးပါ… အဲဒါကြောင့်… မယ်မယ်… သေချာ ပြန်စဉ်းစားပါဦးနော်"
ဒါဟာ ရေငတ်ပြေရန် အဆိပ်သောက်သည်မှန်း လန်ဖေး မသိဘဲ နေမည်လား။
သို့သော် ယခု အချိန်တွင် သူမ အရေးကြီး လုပ်စရာ ကိစ္စတွေ ရှိနေသေးသည်။
အကယ်၍ ဒီလို ဒီလိုပုံစံနဲ့ဆိုလျှင် သူမ ဘယ်လို လုပ်ဆောင်နိုင်မှာလဲ။
လန်မိသားစုက သူမကို စွန့်လွှတ်နိုင်ပေမယ့် နန်းတော်ထဲက အင်အားစု အားလုံးကိုတော့ အဆုံးရှုံးခံလို့ မဖြစ်ပေ။
ယခု အရေးအကြီးဆုံးမှာ အိမ်တော်မှ သင့်တော်သည့် အမျိုးသမီး တစ်ယောက် ရွေးချယ်ပြီး နန်းတော်ထဲသို့ ထပ်ပို့ဖို့ပင်။
သို့မှသာ သူမ နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ ခင်းကျင်းထားခဲ့သော လမ်းကြောင်းကို ဆက်ခံမည့်သူ ရှိပေလိမ့်မည်။
ပြီးတော့ ဒုတိယမင်းသမီး လည်း ရှိသေးသည်။
မွေးပြီးကတည်းက မိခင် ဖြစ်တဲ့ သူမကိုယ်တိုင် တစ်ခါမှ မမြင်ဖူးသေးပေ။
ထို့ကြောင့် သေရမယ် ဆိုရင်တောင် အသက်ကို အတင်းရှူပြီး ဒုတိယမင်းသမီးကို သွားကြည့်ရမည်။
အကယ်၍ ဖြစ်နိုင်လျှင် ကလေးကို သူမ ယုံကြည်ရသူဆီကိုသာ ချန်ထားပေးခဲ့ရမည်။
ဘယ်လိုပဲဖြစ်ဖြစ် သားအမိ ရေစက် ပါလာခဲ့သည်မို့ ဒီလောက် ကိစ္စလေးတော့ အစွမ်းကုန် လုပ်ပေးရမည်ပင်။
ကျန်တာကတော့ ကျွေ့ယာ ဆိုသည့် အစေခံမကို ရှာပြီး သူမ နောက်ကွယ်က ခိုင်းစေသူကို ဖော်ထုတ်ရမည်။
သူမ၏ ဝိညာဉ် ငြိမ်းချမ်းဖို့ဆိုလျှင် သူတို့၏ မျိုးဆက်ကိုးဆက်လုံး ပေးဆပ်ခိုင်းရမည်ဆိုလျှင်တောင် မလုံလောက်ပေ။
လူတစ်ယောက်၏ နာကြည်းချက်က ကြီးမားလာမှသာ ခံစားရသော ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု အားလုံးကို ရင်ထဲမှ ဖယ်ထုတ်ပစ်နိုင်တော့သည်။
တစ်ခဏမျှ လန်ဖေး တစ်ယောက် သူမ အသက်ပြန်ရှင်လာသလိုပင် ခံစားလိုက်ရသည်။
အကယ်၍ ဖြစ်နိုင်လျှင် သူမ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး အသေခံနိုင်မှာလဲ။
သေချာပေါက် နောက်ထပ် တိုက်ပွဲဝင်ရဦးမည်။
မဟုတ်လျှင် သူမ တစ်သက်လုံး ကြိုးစားလာသည်မှာ ဘယ်သူ့အတွက်ဆိုသည်ကိုပင် သိတော့မည် မဟုတ်ပေ။
ထို့ကြောင့် လန်ဖေး က ယီဖေး ဆီသို့ လူလွှတ်ကာ သူမ အသက် မရှည်တော့သဖြင့် မိသားစုဝင်များနှင့် တွေ့ချင်ကြောင်း၊ ယီဖေး အနေဖြင့် ခွင့်ပြုပေးပါရန် တောင်းဆိုခိုင်းလိုက်သည်။
ဤ ယီဖေး က လန်ဖေး အပေါ် သိပ်ပြီး ရန်ငြိုးရန်စ ကြီးကြီးမားမား မရှိသဖြင့် သူမ နေမကောင်းဘူး ဆိုသည်ကို ကြားသောအခါ စဉ်းစားပြီးနောက် ခွင့်ပြုပေးလိုက်လေသည်။