အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း(၁၉၇) သေမင်းခေါ်သံ
အရင်က လှပကျော့ရှင်းတဲ့ မိန်းမလှလေး တစ်ယောက်က အခုချိန်မှာ အရိုးစုကြီးလို ဖြစ်နေပြီး အသက်ငွေ့လေးတောင် မရှိတော့သည်ကို ယီဖေး တစ်ယောက် ထင်မှတ်မထားခဲ့တာ အသေအချာပင်။
ရင်ဘတ်လေး ခပ်ဖွဖွ နိမ့်ချည်မြင့်ချည် ဖြစ်နေခြင်းသာ မရှိလျှင် အသက်မရှိတော့ ဟု ချက်ချင်း ထင်လိုက်မိမှာ အမှန်ပင်။
လန်ဖေးက သူမ၏ဘေးတွင် လူတစ်ယောက် ရှိနေကြောင်း ခံစားမိလိုက်လေ၏။ ဤသည်မှာ ယီဖေးက မျက်မှောင်ကြုတ်လျက် လန်ဖေးကို ကြည့်နေလေသည်။
အားယူပြီး မျက်လုံးကို ဖွင့်လိုက်သောအခါ သူမ၏ မျက်ဝန်းထဲတွင် နာကြည်းချက်များက တစ်ခဏမျှ ဖြတ်ပြေးသွားသည်။
နှစ်ယောက်လုံးက ဖေးအဆင့် ကိုယ်လုပ်တော်တွေ ဖြစ်နေတာတောင် ယီဖေးက ဘာကြောင့် သူမအပေါ် အမြဲတမ်း အသာစီးရနေရတာလဲ။
မောင်းမဆောင်ထဲက နေရာမှာပဲ ဖြစ်ဖြစ် သားသမီးကိစ္စမှာပဲ ဖြစ်ဖြစ် အရာရာတိုင်းမှာ ယီဖေးက သူမထက် သာလွန်နေသည်။
အခုဆိုရင် တစ်ယောက်က မောင်းမဆောင် ကိစ္စတွေကို အုပ်ချုပ်ပြီး အမြင့်ဆုံးနေရာတွင် ရှိနေချိန်မှာ သူမကတော့ ကုတင်ပေါ်မှာ ဤ ဝေဒနာများဖြင့် လဲလျောင်းနေရလေပြီ။
သို့သော် သိပ်မကြာခင်မှာပင် သူမ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်သွားတော့၏။
လူတွေ သေခါနီးအချိန်မှာ သူတို့ရဲ့ စကားတွေက ရိုးသားဖြူစင်လာတတ်တယ်လို့ ဆိုကြသည်။
ယခုအချိန်တွင် လန်ဖေးက အလွန် အားနည်းနေသည့် ပုံစံဖြင့် ယီဖေးကို စကားလုံး တစ်လုံးချင်းစီ ခက်ခက်ခဲခဲ ပြောလိုက်လေသည်။
"မယ်မယ်… ကျွန်တော်မျိုးမ ဒီဆောင်းရာသီကို ကျော်လွန်နိုင်မယ် မထင်တော့ဘူး… မိသားစုဝင်တွေ လာတွေ့ခွင့်ပြုဖို့ မယ်မယ်ကို တောင်းဆိုပါတယ်… ပြီးတော့ ဒုတိယမင်းသမီး… သူ မွေးလာကတည်းက ကျွန်တော်မျိုးမ တစ်ခါမှ မမြင်ရသေးဘူး"
ထိုစကားကို ပြောပြီးသည်နှင့် ကုတင်ပေါ်တွင် အသက်ကို ပြင်းပြင်း ရှူနေရရှာသည်။
သူမ၏ ပုံစံမှာ ယီဖေးကဲ့သို့ စိတ်ဓာတ်မာကျောသူပင်လျှင် သူမ အသက် သိပ်မရှည်တော့မှန်း သိလိုက်လေ၏။
ထို့ကြောင့် ယီဖေး၏ ရင်ထဲတွင် သနားစိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
"မိသားစုဝင်တွေ နန်းတော်ထဲ လာတွေ့မယ့် ကိစ္စကို ဒီအရှင်မ ခွင့်ပြုပေးနိုင်တယ်… ဒါပေမဲ့ ဒုတိယမင်းသမီး ကိစ္စကိုတော့ ဒီအရှင်မ ဆုံးဖြတ်ပေးလို့ မရဘူး… သူ မွေးလာကတည်းက အကြိမ်ကြိမ် သေလုမြောပါး ဖြစ်ခဲ့တာ… တော်ဝင်သမားတော်တွေကလည်း သူ အသက်သိပ်မရှည်နိုင်တော့ဘူးလို့ ပြောကြတယ်… အရှင်မင်းကြီးက နာမည်ကြီး သမားတော်တွေကို အနှံ့လိုက်ရှာနေပေမဲ့ မတွေ့သေးဘူး… အခုချိန်မှာ မင်းသမီးကို ရွှေ့တာဖြစ်ဖြစ် မင်းကို ရွှေ့တာဖြစ်ဖြစ် နှစ်ယောက်လုံး ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး"
"ဘာ… ဒုတိယမင်းသမီးက… ဘယ်လိုလုပ်ပြီး… ဘယ်လို ဖြစ်ရတာလဲ"
သူမ သတိရလာကတည်းက ကျွေ့ယွဲ့ ပြောပြသဖြင့် ဒုတိယမင်းသမီးလေး မွေးလာချိန်တွင် ကျန်းမာရေး မကောင်းသဖြင့် အရှင်မင်းကြီးက ခေါ်သွားကြောင်း ကြားခဲ့ရသည်။
နောက်ပိုင်း ဘာသတင်းမှ ထပ်မကြားရသဖြင့် သူမက မင်းသမီးကို ဓားစာခံလုပ်ပြီး တစ်ခုခု တောင်းဆိုမည်ကို အရှင်မင်းကြီးက စိုးရိမ်သောကြောင့် သူတို့ သားအမိကို တမင် ပေးမတွေ့တာဟုသာ ထင်ခဲ့မိသည်။
ဒီလို အကြောင်းပြချက် ဖြစ်နေလိမ့်မည်ဟု ဘယ်သူကများ ထင်ထားမိမှာလဲ။
ချက်ချင်းပင် မိခင်တစ်ယောက်၏ အသိစိတ်က နိုးကြားလာပြီး ယီဖေးကို ဆွဲကာ အကျိုးအကြောင်း အသေအချာ မေးရန် လောကြီးသွားတော့သည်။
သို့သော် သူမ လှုပ်ရှားတာ မြန်လွန်းသွားသဖြင့် မတော်တဆ ကုတင်ပေါ်မှ ပြုတ်ကျသွားလေ၏။
နဂိုက ခြုံ ထူထူကြီး ခြုံကာ အနံ့ဆိုးများကို အနည်းငယ် ဖုံးကွယ်ထားနိုင်သော်လည်း ယခုအခါတွင်မူ ဤဆိုးရွားသော အနံ့ဆိုးကြီးက ထောင်းခနဲ ထွက်လာတော့သည်။
ကုတင် တစ်ခုလုံး သွေးညစ်များဖြင့် ရှုပ်ပွနေသည်ကို မြင်လိုက်ရသဖြင့် ဘေးရှိလူများ အလွန် လန့်သွားကြသည်။
အထူးသဖြင့် ရူယိက ယီဖေးကို နောက်သို့ ချက်ချင်း ဆွဲခေါ်သွားလိုက်သည်။
သူမ၏ အကြည့်ထဲတွင် ညစ်ပတ်နေသော အရာတစ်ခုကို မြင်လိုက်ရသည့် အတိုင်းပင် ဖြစ်နေရာ လန်ဖေး၏ ရင်ကို ဆူးနှင့်ထိုးသကဲ့သို့ နာကျင်သွားစေ၏။
ကျွေ့ယွင်နှင့် ကျွေ့ယွဲ့တို့က ချက်ချင်း ရှေ့တိုးလာပြီး လန်ဖေး ကို စောင်ဖြင့် ပြန်ဖုံးပေးလိုက်ကာ မျက်ရည်များ ဝဲလျက် ပြောလိုက်လေသည်။
"မယ်မယ်… ဒီအစေခံတို့ မယ်မယ့်ကို တွဲထူပေးပါ့မယ်"
မသေခင်မှာ ဤမျှ ရှက်စရာကောင်းသော အခြေအနေမျိုး ကြုံရမည်ဟု လန်ဖေး တစ်ခါမျှ မတွေးဖူးခဲ့ချေ။ ဓားနှင့် ထိုးသတ်ခံလိုက်ရလျှင်တောင် ဒီထက်ပို၍ ကောင်းပေလိမ့်မည်။
ယီဖေးက လန့်သွားသော်လည်း သူမသည် ယခင်က စစ်တပ်ထဲတွင် လက်ပြတ်ခြေပြတ် ဖြစ်နေသော စစ်သည် အများအပြားကို မြင်ဖူးသဖြင့် ဤမြင်ကွင်းလောက်ကတော့ သူမကို မခြောက်လှန့်နိုင်ပေ။
ထို့ကြောင့် သူမက ခဏစဉ်းစားပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"မင်းတို့ သားအမိ သံယောဇဉ်ကို ဒီအရှင်မ နားလည်ပါတယ်… ဒါပေမဲ့ ကိစ္စတွေက ဒီလို ဖြစ်နေပြီဆိုတော့ ပြန်ပြင်လို့ မရနိုင်တော့ဘူး… လန်ဖေး ကိုယ့်ခန္ဓာကိုယ်ကိုပဲ ဂရုစိုက်ပါ… ယုံအန်းနန်းဆောင် အတွက် လိုအပ်တာပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မိန်းမစိုးချုပ်ချွမ် ကိုသာ သွားရှာလိုက်ပါ… တစ်ယောက်ယောက်က ပေါ့ပေါ့ဆဆ လုပ်ခဲ့ရင် ဒီအရှင်မ သူတို့ကို အပြစ်ပေးမယ်"
ဤမျှ ပြောပြီးနောက် ယီဖေး လုပ်ပေးနိုင်သမျှ အားလုံး ပြီးသွားလေပြီ။ လန်ဖေးကို ကျောခိုင်း၍သာ ထွက်သွားတော့၏။
လန်ဖေး တစ်ယောက် လောကကြီးက မတရားဘူးဟု အော်ဟစ် ငိုယိုနေတော့သည်။ သူမက အရင်တုန်းက မျက်နှာသာပေးခံရတဲ့ ကိုယ်လုပ်တော် တစ်ပါး ဖြစ်ခဲ့ပြီး ကိုယ်ဝန်တောင် ရခဲ့သည် မဟုတ်လား။ သူမကို မြင်တဲ့သူတိုင်းက အနာဂတ် လင်းလက်နေသည် ဟု ပြောခဲ့ကြတာချည်းပင်။ သို့သော် ဘာကြောင့်များ ယခုလို အခြေအနေမျိုးကို ရောက်သွားရသနည်း။
"ဒါတွေ အကုန်လုံး ကျွေ့ယာ ကြောင့်ပဲ… ကျွေ့ယာ ကြောင့်ပဲ… ဒီအရှင်မ သူ့ကို သတ်ချင်တယ်…သတ်ချင်တယ်"
ကျွေ့ယာ ထွက်မသွားခင် တိုက်ခဲ့သော သန္ဓေတည်ဆေးကိုသာ မသောက်ခဲ့လျှင် သူမ ကျုံးယွမ်ပွဲတော် နေ့တွင် ကလေးမွေးခဲ့မည် မဟုတ်ပေ။ ဒုတိယမင်းသမီးလည်း ဒီလို ဒုက္ခရောက်မည် မဟုတ်သလို သူမ ကိုယ်တိုင်လည်း သွေးဆင်းသည့် ဝေဒနာ ခံစားရမည် မဟုတ်ပေ။ ဒီအရာတွေ အားလုံးက ကျွေ့ယာ ကြောင့်သာ ဖြစ်ရခြင်းပင်။
သာမန် နန်းတွင်းသူလေး တစ်ယောက်က လူအများကြီးကို လှည့်စားပြီး သူမကို ဒုက္ခပေးဖို့ နန်းတော်ထဲ ရောက်လာနိုင်ခဲ့သည်။ သို့သော် သူမကတော့ ထိုတရားခံကိုတောင် မဖမ်းနိုင်ခဲ့သဖြင့် အလွန် နာကြည်းနေမိသည်။
တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး အသက်ရှူမှားကာ သတိလစ်သွားတော့လေ၏။
လန်ဖေး၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်ကို ကြည့်ရင်း ကျွေ့ယွဲ့ စိတ်ထဲတွင် အခြေအနေ မကောင်းတော့မှန်း သိလိုက်သည်။ မယ်မယ့်ရဲ့ နောက်ချိန်ဆုံးချိန် ရောက်တော့မှာလား။ စိတ်ထဲတွင် အလွန် ထိတ်လန့်သွားပြီး မယ်မယ်သာ မရှိတော့လျှင် သူတို့လို လူတွေက ဘယ်လို ဆက်လုပ်ရမည်နည်း ကို တွေးပူနေကြသည်။
တော်ဝင်သမားတော်ချန် အလျင်အမြန် ရောက်လာပြီး စမ်းသပ်စစ်ဆေးပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
"မယ်မယ် က အစကတည်းက သွေးအားနည်းနေတာကို အခုလို စိတ်လှုပ်ရှားသွားတော့ သွေးလည်ပတ်မှုတွေ ကမောက်ကမ ဖြစ်သွားပြီ… နှစ်ရက်လောက်တောင် အသက်ဆက်ရှင်နိုင်ဖို့ မလွယ်တော့ဘူး"
နှစ်ရက် ဆိုသော စကားကြောင့် ကျွေ့ယွဲ့ တစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားရသည်။ တော်ဝင်သမားတော်ချန် ကို ဆွဲကာ ငိုယိုပြီး ပြောလိုက်လေ၏။
"သမားတော်… မယ်မယ့်ကို သေချာ ပြန်ကြည့်ပေးပါဦး… နောက်ထပ် လဝက်လောက် အချိန်ရသေးတယ် ဆို… ဘယ်လိုလုပ်ပြီး… ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် ဖြစ်ရတာလဲ"
"ကျွေ့ယွဲ့… ဒါက ဒီအစေခံ သေချာ မကုပေးလို့ မဟုတ်ပါဘူး… မယ်မယ့်ရဲ့ ခန္ဓာကိုယ်က အရမ်းကို ယိုယွင်းနေပြီမို့လို့ပါ… ကလေးမွေးတုန်းကသာ ဒီအစေခံ အစွမ်းကုန် မကယ်ခဲ့ရင် အဲဒီအချိန်ကတည်းက… ဟူး… မင်းတို့တွေ ကြိုတင် ပြင်ဆင်ထားကြတာ ပိုကောင်းမယ်"
ပြောပြီးသည်နှင့် ဆေးစာတောင် မရေးပေးတော့ဘဲ ထွက်သွားလေသည်။ သေတော့မည့်သူ တစ်ယောက်အတွက် ဆေးဘယ်လောက် သောက်သောက် ဘာအကျိုးထူးမည်နည်း။
ယွီရှူးနန်းဆောင် တွင် တော်ဝင်သမားတော်ချန် လာရောက် သတင်းပို့သဖြင့် လန်ဖေး အချိန် သိပ်မကျန်တော့ကြောင်းကို ယီဖေး ကြားသောအခါ အနည်းငယ် ဝမ်းနည်းတသ ဖြစ်သွားရသော်လည်း အများကြီးတော့ မတုန်လှုပ်မသွားခဲ့ပေ။
"ချက်ချင်း လူလွှတ်ပြီး သခင်မလန် ကို နန်းတော်ထဲ ခေါ်လာခဲ့… ဒီအရှင်မ ကတိပေးထားမှတော့ ဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးရမှာပေါ့"
"ဟုတ်ကဲ့… ဒီအစေခံ အမိန့်တော်အတိုင်းပါ"
ရွမ်မင်လည်း အလျင်အမြန် လူလွှတ်ပြီး သတင်းပို့ခိုင်းလိုက်သည်။ အနည်းငယ် နောက်ကျသွားလျှင် သခင်မလန် နန်းတော်ထဲ ရောက်ချိန်တွင် သူမသမီး၏ အလောင်းကိုသာ မြင်တွေ့ရမည်ကို စိုးရိမ်သောကြောင့်ပင်။
ဆောင်းဦးပေါက်ပြီဟု ဆိုသော်လည်း တစ်ခါတရံ နေက အတော်လေး ပူပြင်းနေသေးသည်။ ထို့ကြောင့် ယပ်တောင်ကလည်း လက်နှင့် မကွာဖြစ်နေ၏။
ရူယိက ယပ်ခတ်ပေးရင်း မေးလိုက်လေသည်။
"မယ်မယ်… ဒုတိယမင်းသမီး ဆီကိုကော သတင်းပို့ရဦးမလား"
"မလိုပါဘူး… ဒုတိယမင်းသမီး လည်း ဘယ်အချိန်အထိ တောင့်ခံနိုင်မလဲ မသေချာသေးဘူး… တကယ်လို့ သူ့အမေကို လွမ်းနေရင် သူလည်း အသက်ရှည်ရှည် နေနိုင်မှာ မဟုတ်ဘူး… အဲဒီအချိန်ကျရင် သားအမိ နှစ်ယောက် တမလွန်မှာ ပြန်ဆုံတွေ့ပြီး နောက်ဘဝကျမှ ဒီရေစက်ကို ဆက်ကြပါစေတော့"
ဒုတိယမင်းသမီး အပေါ် ယီဖေးက သနားစိတ် အနည်းငယ် ရှိနေသည်။ မင်းသမီးလေး မွေးလာခြင်းက သူမကို အတိတ်က အဖြစ်အပျက် တချို့ကို ပြန်လည် သတိရသွားစေမိသည်။
သို့သော် ထိုသို့ ဖြစ်နေလျှင်တောင် သူမ၏ ရင်ထဲမှ လွမ်းဆွတ်မှုနှင့် ဝမ်းနည်းမှုများကို ဖိနှိပ်ထားပြီး ရှေ့ဆက် အသက်ရှင်နေရဦးမည်။ ကိုယ်လုပ်တော် တစ်ပါး ဆိုသည့် ဂုဏ်ကျက်သရေကို ထိန်းသိမ်းရန်၊ လျိုမိသားစု၏ နာမည်ဂုဏ်သတင်းနှင့် အောင်မြင်မှုများကို ထိန်းသိမ်းထားရန်ပင် ဖြစ်သည်။
တော်ဝင်နန်းမြို့တော် အပြင်ဘက်တွင် မြင်းလှည်း တစ်စီး အလျင်အမြန် မောင်းနှင်သွားလေသည်။ ပြည်သူများ လန့်ဖြတ်ပြီး ထွက်ပြေးကြရာ မရှောင်နိုင်သူများမှာ ဝင်တိုက်ခံရပြီး လဲကျကုန်ကြသည်။ သို့သော် မြင်းလှည်းက ရပ်တန့်သွားခြင်း မရှိပေ။
"ရူးနေလား… လမ်းမကြီးပေါ်မှာ မြင်းကို အရှိန်နဲ့ မောင်းနေတာ… လူကို တိုက်မိတာတောင် ဆင်းမကြည့်ဘဲ ဘာလို့ ပြေးသွားတာလဲ"
ပြောလိုက်သူမှာ မုတ်ဆိတ်မွေး ဖားဖားနှင့် အမျိုးသားတစ်ယောက်ဖြစ်ပြီး အသံကလည်း အလွန် ကျယ်လောင်သည်။ ဟင်းသီးဟင်းရွက်ဆိုင် ဝင်တိုက်ခံရသော်လည်း လူတော့ ထိခိုက်ဒဏ်ရာ အကြီးအကျယ် မရခဲ့ပေ။ သို့သော် စိတ်ထဲတွင်တော့ အတော်လေး ဒေါသထွက်နေမိ၏။
အခြေအနေကို သိသော ပြည်သူတစ်ဦးက ချက်ချင်း ရှေ့တိုးလာပြီး သူ၏ ပါးစပ်ကို ပိတ်ကာ ပြောလိုက်လေသည်။
"အစ်ကိုကြီး… အသက်မရှင်ချင်တော့ဘူးလား… အဲဒါ နန်းတော်ထဲက မြင်းလှည်းလေ… ဒီလောက် လောကြီးနေတာ နန်းတော်ထဲမှာ အရေးကြီးကိစ္စ ရှိလို့ နေမှာပေါ့… ခင်ဗျားက ဒီမှာ အသံကျယ်ကြီးနဲ့ အော်ရဲသေးတယ်… ပြဿနာဖြစ်မှာ မကြောက်ဘူးလား"
ထိုစကားကို ကြားသည်နှင့် ထိုအမျိုးသားမှာ ကြောက်လန့်တကြား တုန်ရီသွားတော့သည်။ ဘယ်လိုလုပ်ပြီး နန်းတော်ထဲက မြင်းလှည်း ဖြစ်နေရသနည်း။ ချက်ချင်း အသံတိတ်သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်တွင် ထကာ သုတ်ခြေတင် ပြေးလေတော့၏။ ထိုနေရာရှိ ပြည်သူများကလည်း ပစ္စည်းများကို ရှင်းလင်းသိမ်းဆည်းပြီး ဈေးရောင်းမည့်သူက ဆက်ရောင်းကာ၊ ဈေးဝယ်မည့်သူကလည်း ဆက်ဝယ်ကြတော့သည်။