← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း(၁၉၈) အလှပန်းလေး ကြွေလွင့်ခြင်း

အမတ်လန် ၏ ဇနီးနှင့် ချွေးမတို့ နန်းတော်ထဲသို့ ရောက်လာချိန်တွင် လန်ဖေး ကို မြင်လိုက်ရသောအခါ မတ်တပ်တောင် မရပ်နိုင်တော့ချေ။

သွေးညစ်များ ကြမ်းပြင် တစ်ခွင် ပေပွနေပြီး ရှင်းလင်းဖို့ပင် မတတ်နိုင်သည်ကို မြင်တွေ့လိုက်ရသည်။ နန်းတွင်းသူများနှင့် အစေခံများက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြပြီး တိတ်တဆိတ် ရှိုက်ငိုနေကြ၏။

သခင်မလန် တစ်ယောက် မျက်လုံးထဲတွင် ပြာဝေသွားပြီး သတိလစ်မလိုပင် ဖြစ်သွားရသည်။ ဘေးနားရှိ ချွေးမကသာ သူမကို ဖမ်းမထားလျှင် ကြမ်းပြင်ပေါ်သို့ လဲကျသွားမှာ အသေအချာပင်။

"သမီးလေး… အမေ့ရဲ့ သမီးလေး… ဒါက ဘယ်လိုဖြစ်ရတာလဲ"

သခင်မလန် က နန်းတွင်း စည်းမျဉ်းများကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ လန်ဖေး ဆီသို့ သွားကာ ပြေးဖက်လိုက်လေသည်။ သူမက နားကွဲမတတ် အော်ဟစ် ငိုယိုနေပြီး ဘေးနားရှိ လန်မိသားစု၏ ပထမချွေးမကလည်း မျက်ရည်များ သုတ်နေလေ၏။

သူမ၏ ယောင်းမလေးမှာ ငယ်ရွယ်သေးပြီး ဖေးအဆင့် ကိုယ်လုပ်တော် တစ်ပါး ဖြစ်ရာ ဤကဲ့သို့သော ဂုဏ်ကျက်သရေမှာ လန်မိသားစု တစ်ခုလုံး၏ အလင်းရောင်ပင် ဖြစ်သည်။ အကယ်၍ သူမ သာ ကျဆုံးသွားလျှင် သူမတို့ လန်မိသားစုပါ ထိခိုက်မည် မဟုတ်လား။ ထိုအကြောင်းကို တွေးမိသည်နှင့် သူမ၏ ငိုကြွေးမှုများတွင် စစ်မှန်သော ခံစားချက်များ ပိုမို ပါဝင်လာတော့၏။

သူတို့ ငိုယို အော်ဟစ်နေသည်မှာ တစ်ခန်းလုံး ငိုကြွေးသံများဖြင့် ပြည့်နှက်သွားတော့သည်။ မူလက အလွန် အားနည်းနေပြီး မျက်လုံးတောင် မဖွင့်နိုင်သော လန်ဖေး က ရုတ်တရက် အသံထွက်လာလေသည်။ သခင်မလန် ၏ လက်ကို တင်းကျပ်စွာ ဆွဲကိုင်ထားရင်း ပြောလိုက်လေ၏။

"အမေ… သမီးအတွက် ကလဲ့စားချေပေးပါ"

အသက်ရှူနိုင်ရုံလောက်သာ တတ်နိုင်တော့သော်လည်း စကားလုံးများတွင်တော့ နာကြည်းချက်များ အပြည့် ပါဝင်နေသည်။ သူမက ဘယ်လိုလုပ်ပြီး ဤအတိုင်း ထွက်ခွာသွားဖို့ ကျေနပ်နိုင်မည်နည်း။

"ကလဲ့စားချေပေးမယ်… ကလဲ့စားချေပေးမယ်… အမေ သမီးအတွက် ကလဲ့စားချေပေးမယ်… သေချာပေါက် ကလဲ့စားချေပေးမယ်"

ဒီသေနာမ ကျွေ့ယာ ကို သူတို့ ရှာနေတာ အတော်ကြာပြီ ဖြစ်သော်လည်း အရိပ်အယောင်တောင် မတွေ့ရပေ။ တကယ်လို့များ ဖမ်းမိခဲ့ရင် အရိုးကို ထုတ်ပြီး အရေခွံခွာပစ်မှသာ ဒီရင်ထဲက အမုန်းတွေကို ဖြေဖျောက်နိုင်မှာပင်။

ထို့နောက် လန်ဖေး ကို ကြည့်ကာ ဝမ်းနည်းပမ်းနည်းဖြင့် ဆက်ငိုနေတော့သည်။

"အမေ့ရဲ့ သမီးလေး ဘာလို့ ဒီလောက် ကံဆိုးရတာလဲ… ကျန်းမာရေး ကောင်းနေတဲ့ သူလေးကို ဒီလိုမျိုး ဖြစ်အောင် နှိပ်စက်ထားကြတယ်"

သမီးဖြစ်သူ နန်းတော်ထဲမှာ ဒီလောက် ဒုက္ခခံရပြီး နောက်ဆုံး ဒီလို အခြေအနေမျိုး ရောက်သွားမည်ကို သူမသာ စောစော သိခဲ့လျှင်။ အစကတည်းက သူမ အသက်နှင့် ရင်းပြီးတောင် သမီးကို နန်းတော်ထဲ ဝင်ခွင့်ပြုခဲ့မှာ မဟုတ်ပေ။ မိသားစုရဲ့ ဂုဏ်ကျက်သရေတို့၊ သားသမီးတွေရဲ့ ရှေ့ရေးတို့၊ မောင်းမဆောင်ထဲက မျက်နှာသာပေးခံရမှုတို့ ဆိုသည်များက ယခုအချိန်တွင် မျက်စိရှေ့တွင် တိမ်တိုက်သဖွယ် လွင့်စင်သွားခဲ့ပြီ။ သူမ၏ သမီးလေး ကျန်းကျန်းမာမာဖြင့် အသက်ရှင်နေဖို့ကိုသာ ဆန္ဒရှိတော့သည်။ အဲဒီတုန်းက ဆင်းရဲတဲ့ ပညာသင်လေးနဲ့ လက်ထပ်ဖို့တောင် သူမ သဘောတူလိုက်မှာပင်။

သူမ ဝမ်းနည်းစွာ ငိုကြွေးနေချိန်တွင် လန်ဖေးသည်လည်း မထိန်းနိုင်ဘဲ ငိုနေလေသည်။ သို့သော် အသက်ကို ပြင်းပြင်းရှူပြီး အခြားလူများကို ပြောလိုက်လေသည်။

"ငါနဲ့ အမေနဲ့… စကားပြောစရာ ရှိတယ်… အားလုံး… အားလုံး ထွက်သွားကြတော့"

လန်မိသားစု၏ ပထမချွေးမက သူမ၏ ယောင်းမလေးကို တစ်ချက် ကြည့်လိုက်ပြီး မျက်ရည်များ သုတ်ကာ ထွက်သွားလေသည်။ သူမ ထွက်သွားသည်နှင့် ကျန်လူများမှာလည်း ထွက်သွားကြသည်။

အိပ်ဆောင်ထဲမှ လူများ အကုန် ထွက်သွားပြီးနောက် လန်ဖေး က နောက်ဆုံး ထွက်သက်ကို အားယူကာ ပြောလိုက်လေသည်။

"အမေ… သမီး သေသွားတာနဲ့ လန်မိသားစုလည်း သေချာပေါက် ပြဿနာကြီးနဲ့ ကြုံရလိမ့်မယ်… အဖေ တစ်ယောက်တည်း မိသားစု တစ်ခုလုံးကို တောင့်ခံထားဖို့ ဆိုတာ တကယ် မလွယ်ကူဘူး… အမျိုးထဲက သင့်တော်တဲ့ မိန်းကလေး တစ်ယောက်ကို ရွေးပြီး နန်းတော်ထဲ ပို့ပေးပါ… ကျွေ့ယွဲ့နဲ့ ကျွေ့ယွင်ကို အလုပ်အကျွေး ပြုခိုင်းလိုက်ပါ… မဟုတ်ရင် သမီး နန်းတော်ထဲမှာ နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့သမျှ အရာအားလုံးက တကယ်ကို အချည်းနီး ဖြစ်သွားလိမ့်မယ်"

သူမ ပြောလိုက်သည်မှာ မြန်ဆန်လွန်းသဖြင့် အသက်ရှူပင် မှားသွားမလို ဖြစ်သွား၏။ သခင်မလန် က သူမကို ကျောသပ်ပေးရင်း ပြောလိုက်လေသည်။

"သိပါပြီ… သိပါပြီ… ဒီလောက်ဖြစ်နေတာတောင် နင့်အဖေကို စိတ်ပူနေတုန်းပဲလား… အစကတည်းက သူသာ နင့်ကို နန်းတော်ထဲ အတင်း မပို့ခဲ့ရင် ဒီလို ဖြစ်လာမှာ…"

ဤအကြောင်းကို ပြောမိသည်နှင့် သခင်မလန် ၏ ရင်ထဲတွင် နာကြည်းချက်များ ပြည့်နှက်သွားတော့သည်။ သို့သော် ဘာလုပ်နိုင်မည်လဲ။ အချိန်တွေကို နောက်ပြန်လှည့်လို့ မရနိုင်တော့သလို သူမ၏ ရင်ခွင်ထဲမှ သမီးလေးမှာလည်း အသက်ရှည်ရှည် နေ‌နိုင်ဖို့ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် အပြစ်တင်နေလည်း အကျိုးမရှိတော့ပေ။

လန်ဖေး က အားနည်းစွာ ပြုံးလိုက်ပြီးနောက် ပြောလိုက်လေသည်။

"အဖေနဲ့ မဆိုင်ပါဘူး… အစကတည်းက သမီးကိုယ်တိုင် နန်းတော်ထဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ"

အဟွတ်… အဟွတ်…

ယခုအခါ သူမ ချောင်းဆိုးလိုက်တိုင်း ပါးစပ်ထဲတွင် သွေးညှီနံ့များ အပြည့် ဖြစ်နေ၏။ ခါးသီးစွာ ပြုံးလိုက်ပြီး ပါးစပ်မှလည်း ရေရွတ်နေလေသည်။

"ကျန်းနန်ရဲ့ သာယာတဲ့ ရှုခင်းတွေကြားမှာ… ပန်းတွေ ကြွေတဲ့ ရာသီချိန်ခါ မောင်နဲ့ ပြန်လည် ဆုံတွေ့ရတယ်"

သူမ၏ အတွေးများ အားလုံးက နန်းတော်ထဲ မဝင်ခင် တစ်လလောက် အလိုဆီသို့ ပြန်ရောက်သွားသကဲ့သို့ပင်။ မူလက တည်ငြိမ်နေသော သူမ၏ စိတ်နှလုံးကို ထိုရုပ်ရည်ချောမောသော ပညာသင်လေးက နွေဦးလေပြညိလို ဂယက်ရိုက်သွားစေခဲ့သည်။

"လိုပင်း သခင်မလေးကို ဂါရဝပြုပါတယ်"

"ကျန်းနန်က ကောင်းပေမဲ့… ရှန်းကျင်းမြို့တော်ကသာ ဒီလူရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်မှာပါ"

"တကယ်လို့ သခင်မလေးသာ သဘောတူမယ် ဆိုရင်… လိုပင်းက အသက်နဲ့ ရင်းပြီး ပေးဆပ်သွားမှာပါ"

…

ထိုအကြောင်းကို တွေးမိသည်နှင့် မျက်လုံးထောင့်မှ မျက်ရည်များ ထိန်းမရဘဲ ကျဆင်းလာတော့သည်။ အတိတ်တစ်ချိန်က သူမလည်း ထိုရုပ်ရည်ချောမောသော ပညာသင်လေး အပေါ် သံယောဇဉ် ရှိခဲ့ဖူးသည်။ သို့သော် အဆုံးမှာတော့ သူမကိုယ်တိုင်ကပဲ စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့ခြင်းပင်။ မဟုတ်လျှင် မိဘတွေက သူမကို ချစ်ခင်သည့်အတွက် သူမသာ ကြိုးကြိုးစားစား တောင်းဆိုခဲ့လျှင် သူတို့ သဘောတူခဲ့မည်မှာ အသေအချာပင်။

သို့သော် အရာအားလုံးက ဘယ်တော့မှ ပြန်မပြင်နိုင်တော့ပေ။ သူမက ထိုသူ ဘယ်လိုပုံစံ ရှိသလဲ ဆိုသည်ကိုတောင် တဖြည်းဖြည်း မေ့လျော့လာခဲ့ပြီ။ ယခုအချိန်တွင် ပြန်တွေးမိသည်က လူငယ်သဘာဝ မိုက်မဲမှုတစ်ခုဟုသာ သက်ပြင်းချရုံမှတစ်ပါး အခြားမရှိပေ။ အခြား မျှော်လင့်ချက်များ ဘယ်လောက်ပဲ ရှိနေပါစေ ဘယ်တော့မှ ဖြစ်လာနိုင်မည် မဟုတ်တော့ချေ။

ခဏအကြာတွင် လန်ဖေး က နောက်ဆုံး ထွက်သက်ကို အားယူကာ သူမ၏ မိခင်ကို ပြောလိုက်လေသည်။

"တကယ်လို့ အရှင်မင်းကြီးက လန်မိသားစုကို ပြဿနာရှာလာရင် ဒုတိယမင်းသမီးကို ဒိုင်းကာအဖြစ် သုံးလို့ ရကြောင်း မှတ်ထားပါ… သူက…သမီးအစား လန်မိသားစု တစ်ခုလုံးကို ကာကွယ်ပေးနိုင်တယ် ဆိုရင် သမီး ပင်ပင်ပန်းပန်းနဲ့ သူ့ကို မွေးခဲ့ရတာ အလကား မဖြစ်တော့ပါဘူး"

ဒုတိယမင်းသမီး။ ဟုတ်တယ်… ဒုတိယမင်းသမီး လည်း ရှိသေးတာပဲ။

သို့သော် မင်းသမီးလေးက ယခု ဘယ်မှာလဲ။

"သမီး ပြောမှ သတိရတယ်… မင်းသမီးလေး အခု ဘယ်လို အခြေအနေ ရှိနေပြီလဲ… လွန်ခဲ့တဲ့ ရက်ပိုင်းကမှ အရှင်မင်းကြီး အမိန့်တော် ထုတ်ပြီး ပြည်သူတွေထဲက ကျွမ်းကျင်တဲ့ သမားတော်တွေကို လိုက်ရှာနေခဲ့သေးတာ… နင့်အဖေတောင် သမားတော်အချို့ကို အကြံပြုခဲ့သေးတယ်… ဒါပေမဲ့ တော်ဝင်သမားတော်သို့ ရဲ့ အဆင့်ကိုတောင် မကျော်နိုင်ကြဘူး… ဒုတိယမင်းသမီးကို သွားကုဖို့ ဆိုတာ ဝေလာဝေးပဲ"

သူမတို့လည်း ကူညီချင်စိတ်ရှိပေမဲ့ ခွန်အား မရှိဖြစ်နေကြသည်။

ထိုစကားကို ကြားသောအခါ လန်ဖေး ၏ မူလကတည်းက နာကျင်နေသော နှလုံးသားက ပို၍ ကြေပွသွားတော့သည်။

သူမက ဘာမှ မသိခဲ့ဘူး… ဘာကိုမှ မသိခဲ့တာ။

ဗိုက်ထဲက ကလေးကို အားကိုးပြီး သူမရဲ့ မျက်နှာသာပေးခံရမှုတွေ ပိုမို ခိုင်မာလာမည် ဟု မူလက ထင်ခဲ့မိသည်။ နန်းတော်ထဲ စရောက်တုန်းကလောက် မဟုတ်ရင်တောင် အနည်းဆုံးတော့ အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုကို ပိုရနိုင်မယ်လို့ ထင်ခဲ့မိသည်။

နောက်ထပ် နည်းလမ်းရှာပြီး မင်းသားတစ်ပါး မွေးနိုင်ခဲ့လျှင် သမီးတစ်ယောက် သားတစ်ယောက်နှင့် သူမ တစ်သက်လုံး အဆင်ပြေချောမွေ့မည် ဖြစ်သလို လန်မိသားစုလည်း ကြီးပွားတိုးတက်နိုင်မည်ဟု တွေးခဲ့သည်။ သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များက ဖြည်းညင်းစွာ ကျဆင်းလာတော့၏။ အရာအားလုံးက ရေစုန်မျောသွားသလို ခံစားလိုက်ရသည်။

နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား တည်ဆောက်ခဲ့ပေမဲ့ နောက်ဆုံးမှာ ဤကဲ့သို့ အခြေအနေမျိုး ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ တကယ်ကို မှန်ထဲက ပန်း၊ ရေထဲက လလို အချည်းနှီး အိပ်မက်တစ်ခု ပါပဲလား။

တဖြည်းဖြည်းနှင့် သူမ၏ ခန္ဓာကိုယ်က သူမ အလိုကျကို မလိုက်နိုင်တော့မှန်း ခံစားလိုက်ရသည်။ မိခင်ဖြစ်သူ၏ အသံများက တိုးလိုက် ကျယ်လိုက် ဖြစ်နေပြီး ပြန်ဖြေသေးချင်သော်လည်း ပါးစပ်ပင် မဟနိုင်တော့ချေ။

ထို့နောက် သူမ မျက်စိရှေ့မှ အရာအားလုံးက နှစ်ခု ဖြစ်နေသလို ခံစားလိုက်ရသည်။ သူမ တစ်ခုခုကို ဆွဲကိုင်ဖို့ ကြိုးစားလိုက်ချိန်တွင် မျက်စိရှေ့မှ အရာအားလုံးက အဆုံးအစမရှိသော အမှောင်ထုကြီး အဖြစ် ပြောင်းလဲသွားတော့သည်။ သူမကိုယ်တိုင်လည်း ထိုအမှောင်ထုကြီးထဲတွင် တဖြည်းဖြည်း လိုက်ပါသွားလေတော့၏။

"ရှန်းယာ… ရှန်းယာ…"

သခင်မလန် က လန်ဖေး ၏ ခန္ဓာကိုယ်လေး အားမရှိသွားသည်ကို ခံစားလိုက်ရသဖြင့် ဘယ်လောက်ပဲ အော်ခေါ်နေပါစေ အကျိုးမရှိတော့ပေ။ သူမ၏ ကိုယ်ပေါ်တွင်လည်း ထိုသွေးညစ်များ ပေကျံနေပြီ ဖြစ်သော်လည်း ယခုအခါ ဂရုမစိုက်နိုင်တော့ချေ။ သမီးဖြစ်သူကို အတင်း ပြန်ဆွဲခေါ်ချင်နေသော်လည်း ရလဒ်ကတော့ အချည်းနှီးသာ ဖြစ်သွားလေသည်။

လန်ဖေး ဟာ သခင်မလန် ၏ ရင်ခွင်ထဲမှာတင် လောကကြီးကို စွန့်ခွာသွားခဲ့လေသည်။ ထွက်ခွာသွားချိန်တွင် မကျေနပ်မှုများနှင့် နောင်တတရားများ အပြည့် ပါသွားခဲ့၏။

သခင်မလန် က မိုးမမြင်လေမမြင် ငိုကြွေးနေပြီး အပြင်ဘက်မှ လူများကလည်း အသံများထွက်ကာ ငိုယိုနေကြသည်။ သို့သော် ဤအရာများ အားလုံးက အတိတ်က လန်ဖေး ကို ပြန်လည် မခေါ်ဆောင်ပေးနိုင်တော့ပေ။

ယွမ်ဟယ်ခေတ် ဆယ့်ခုနစ်နှစ်မြောက် ကိုးလပိုင်း လေးရက်နေ့တွင် ယုံအန်းနန်းဆောင် တစ်ခုလုံး အကြီးအကျယ် ပူဆွေးသောက ရောက်ခဲ့ရသည်။ လန်ဖေး က သမီးလေး မွေးဖွားပြီးနောက် ခန္ဓာကိုယ် ထိခိုက်မှု ကြီးမားလွန်းသဖြင့် နောက်ဆုံးတွင် ကြွေလွင့်သွားခဲ့ရလေသည်။

မကြာမီမှာပင် ယုံအန်းနန်းဆောင်တွင် အဖြူရောင် အလံများ ချိတ်ဆွဲလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ယီဖေး က ပေါင်လင်းဘုရားကျောင်း မှ ဆရာတော်ကျိယွမ် ကို အထူးပင့်ဖိတ်ကာ အရင်က စူးဖေး အတွက် ဆုတောင်းမေတ္တာ ပို့သပေးခဲ့သလို လန်ဖေး အတွက် ခုနစ်ရက်ပြည့် ဆွမ်းသွတ်ပေးခဲ့သည်။ ဘုရားစာ ရွတ်ဆိုသံများ ကြားတွင် လန်ဖေး ၏ ဘဝဟာ ကုန်ဆုံးသွားခဲ့ရလေသည်။

All Chapters