← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း(၁၉၉) အပိုဆောင်းဇာတ်လမ်း - လေနှင်ရာလွင့်ပါသွားသော မိုးမခပန်းလေး (၁)

ယွမ်ဟယ်ခေတ် ရှစ်နှစ်မြောက် ဒုတိယလအစပိုင်း။

ရှန်းကျင်းမြို့တော် တစ်ခုလုံးတွင် ဆီးနှင်းများက အရည်ပျော်သွားပြီး သစ်ကိုင်းများပေါ်တွင် အဖူးအငုံများ မထွက်လာသေးပေ။

နေရာတိုင်းမှာ ခြောက်ကပ်ကပ် ဖြစ်နေ၏။

လန်အမတ်ကြီး၏ အိမ်တော်တွင် အစေခံများက ဆီးနှင်းလှည်းသူလှည်း၊ မီးအိမ်ထွန်းသူထွန်းနှင့် အလုပ်ရှုပ်နေကြသည်။

သန့်ရှင်းသပ်ရပ်သော ခြံဝင်းငယ်လေးထဲရှိ စင်္ကြံလမ်းတွင် ပန်းနုရောင် ဝတ်စုံနှင့် မိန်းကလေး တစ်ဦး ထိုင်နေလေသည်။

အဖြူရောင် မြေခွေးသားရေ ခြုံထည်က သူမကို တစ်ကိုယ်လုံး ဖုံးအုပ်ထားပြီး လှပချစ်စရာကောင်းသော မျက်နှာလေးသာ ပေါ်လွင်နေချေသည်။

ဘေးနားရှိ အစေခံများက သူမကို ပြုစုနေကြပြီး သူမ၏ ခြေထောက်အနီးတွင် မီးဖိုလေး လာထားပေးရန် ပြင်နေကြ၏။

သို့သော် သူမက ငြင်းပယ်လိုက်သည်။

"ငါ အနွေးထည် အထူကြီး ဝတ်ထားပြီးသားပါ… ဒီမီးသွေးနံ့ကို ငါ မကြိုက်ဘူး… ပြန်ယူသွားလိုက်တော့"

ကျွေ့ယွဲ့ အနည်းငယ် အခက်တွေ့သွားသည်။ သခင်မလေးသာ အအေးမိသွားလျှင် ပြဿနာတက်ပေလိမ့်မည်။

နောက်ထပ် တစ်လအကြာတွင် နန်းတွင်း ရွေးချယ်ခံမိန်းမပျို အဖြစ် ဝင်ရောက်ရမည်ဖြစ်ရာ သခင်မလေး၏ အလှအပနှင့် မျိုးရိုးနောက်ခံအရ သေချာပေါက် ရွေးချယ်ခံရမှာ သေချာလှသည်။

ယခုအချိန်တွင် ဖျားနာသွားပါက သခင်ကြီးနှင့် သခင်မတို့က ပြောဆိုလာလျှင် သူမ ဘယ်လို လုပ်ရမည်နည်း။

ဤသို့ တွေးရင်းဖြင့် သခင်မလေးအား ပြောရန် ပြင်လိုက်၏။

သို့သော် ပထမသခင်မ လန် က သူမကို ပြောခွင့်မပေးဘဲ ကဗျာစာအုပ် တစ်အုပ်ကို ယူကာ ဖတ်ရှုနေတော့သည်။

"ကျန်းနန်ရဲ့ သာယာတဲ့ ရှုခင်းတွေကြား… ပန်းတွေ ကြွေတဲ့ ရာသီချိန်ခါ မောင်နဲ့ ပြန်လည် ဆုံတွေ့ရတယ်"

ဤစာကြောင်းကို ဖတ်တိုင်း သူမက အမြဲတမ်း အနည်းငယ် တုန့်ဆိုင်းသွားတတ်သည်။

ခေါင်းထဲတွင် ကျန်းနန်၏ သာယာလှပသော ရှုခင်းများကို မရပ်မနား တွေးတောနေမိ၏။

ရှန်းကျင်းမြို့တော်၏ ဆောင်းရာသီက အလွန် ရှည်လျားလွန်းပြီး ကျန်းနန်ဒေသလို တဖြည်းဖြည်း ရောက်လာကာ မြန်မြန် ထွက်သွားခြင်းမျိုး မဟုတ်ပေ။

ယခုအချိန်ဆိုလျှင် ထိုနေရာတွင် ဆီးနှင်းများ အရည်ပျော်နေလောက်ပြီဖြစ်ပြီး မြစ်ကမ်းနှစ်ဖက်ရှိ မိုးမခပင်များလည်း အဖူးအငုံများ ထွက်လာလောက်ပြီ ဖြစ်သည်။

"တစ်သက်လုံး ဘယ်ကိုမှ မသွားရဘဲ ဒီအိမ်‌တော်ထဲမှာပဲ ပိတ်လှောင်ခံနေရတယ်"

ဤစကားကို ပြောပြီးနောက် လန်ရှန်းယာ ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အချို့ ပေါ်လာလေသည်။

ဘေးနားရှိ ကျွေ့ယွင်က သူမကို နှစ်သိမ့်ပေးလိုက်၏။

"သခင်မလေး ဝမ်းနည်းမနေပါနဲ့… နောက်ဆိုရင် ကျွန်မတို့မှာ အခွင့်အရေး ရလာမှာပါ… ကြားတာတော့ အရှင်မင်းကြီးက အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို တိုင်းခန်းလှည့်လည်ရတာ သဘောကျတယ်တဲ့… တကယ်လို့ သခင်မလေးသာ နန်းတွင်းဝင်သွားပြီး မျက်နှာသာပေးခံရရင်… အတူတူ လိုက်သွားခွင့် ရမှာပေါ့… အဲဒီအချိန်ကျရင် ကျန်းနန်တင် မကဘူး တခြားနေရာတွေကိုတောင် ရောက်နိုင်ပါသေးတယ်"

လန်ရှန်းယာက ကျွေ့ယွင်ကို တစ်ချက် ကြည့်လိုက်ပြီး ရုတ်တရက် ခပ်ဖွဖွ ရယ်မောလိုက်လေသည်။

မျက်ဝန်းထဲတွင် နင် ငါ့ကို အရူးမှတ်နေတာလား ဆိုသည့် အကြည့်မျိုး ရှိနေသော်လည်း သူမ၏ ပခုံးကို ပုတ်လိုက်ကာ နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်လေ၏။

"ကောင်းပြီလေ… တကယ်လို့ နင်ပြောတဲ့အတိုင်း ကျန်းနန်ကို ရောက်သွားရင် ငါက နင့်အတွက် ကျန်းနန်က ယောကျ်ား တစ်ယောက် ရှာပေးမယ်… ဘယ်လိုလဲ… ငါ မမြင်ဖူးတဲ့ ကျယ်ပြန့်တဲ့ ရှု့ခင်းတွေကို နင်က ငါ့ကိုယ်စား သွားကြည့်ပေးမလား"

လန်ရှန်းယာ ၏ စကားကြောင့် ကျွေ့ယွင် တစ်ယောက် ရှက်သွေးဖြာသွားတော့သည်။

ခြေစောင့်လိုက်ပြီး ရှက်ရမ်းရမ်းကာ ပြောလိုက်၏။

"သခင်မလေးနော်… ကျွန်မ စကားမပြောတော့ဘူး"

ထိုသို့ပြောပြီးသည်နှင့် လှည့်ထွက်သွားကာ အခန်းထဲသို့ ဝင်၍ အိပ်ရာ သွားသိမ်းနေတော့သည်။

လန်ရှန်းယာမှာ ခါးတောင် မဆန့်နိုင်အောင် ရယ်မောနေမိလေသည်။

အပြင်ဘက်မှ ဝင်လာသော သခင်မလန် မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ပျော်ရွှင်မှုကို ကူးစက်သွားတော့၏။

"အို… အစေခံမလေးတွေ ဘာပြောလိုက်လို့ ဒီလောက်တောင် ပျော်နေရတာလဲ"

"အမေ ရောက်လာပြီလား… မြန်မြန် အထဲဝင်ခဲ့ပါ"

သူမက စင်္ကြံလမ်းတွင် ထိုင်ကာ စာဖတ်ရသည်ကို သဘောကျမှန်း မိသားစုဝင်များကို မသိစေချင်ပေ။ မဟုတ်လျှင် ဆူပူကြိမ်းမောင်းခံရဦးမည် ဖြစ်သည်။

ခြုံထည် အထူကြီး ဝတ်ထားသဖြင့် သူမ၏ လက်နှင့် ခြေထောက်များက မအေးစက်နေပေ။

သခင်မလန် က ဘာကိုမျှ သတိမထားမိဘဲ သမီးဖြစ်သူနှင့်အတူ ပြုံးရွှင်စွာ အခန်းထဲသို့ ဝင်သွားတော့လေသည်။

အခန်းတွင်း ပြင်ဆင်ထားမှုများက ယခင်ကအတိုင်းပင် သပ်ရပ်ပြီး စည်းကမ်းတကျ ရှိနေကာ သခင်မလန် က သူမ ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့သော သမီးဖြစ်သူကို ကြည့်သည့် မျက်ဝန်းထဲတွင် ချစ်ခြင်းမေတ္တာ အပြည့် ပါရှိနေလေ၏။

ကြည့်နေရင်း လက်လှမ်းကာ ဆံထုံးပေါ်ရှိ ဆံထိုးလေးကို အသာယာ ထိန်းညှိပေးလိုက်ပြီး ပြုံးရင်း ပြောလိုက်လေသည်။

"နန်းတွင်းဝင်ရွေးချယ်ခံမယ့် ဝတ်စုံ ချုပ်လို့ပြီးပြီ… သမီးကို စမ်းဝတ်ကြည့်ခိုင်းမလို့ ယူလာခဲ့တာ… အဆင်မပြေတာ ရှိရင်လည်း ပြင်ဖို့ အချိန်ရသေးတယ်"

ပြောရင်းနှင့်ပင် ဘေးနားရှိ မားမားကို ဝတ်စုံ ယူလာစေသည်။

ဤဝတ်စုံက ယွင်ရှို့ဆိုင် မှ ပန်းထိုးပညာရှင်များကို အထူး ခေါ်ဆောင်ကာ ချုပ်လုပ်စေခဲ့ခြင်း ဖြစ်သည်။

အချိန် ခြောက်လကြာယူခဲ့ပြီး ပန်းထိုးပညာရှင် ရှစ်ယောက်က အစွမ်းကုန် ကြိုးစား ဖန်တီးထားခြင်းပင်။

ရေပြာရောင် ပိုးသားပေါ်တွင် လက်ရာမြောက်လှသော ပန်းနှင့်လိပ်ပြာပုံများ ထိုးထားသည့် ဝတ်ရုံလေးကို ထုတ်ပြလိုက်လေသည်။

အပြာ‌ရောင်နှင့် အစိမ်းရောင် တွဲဖက်ထားမှုက ရုတ်တရပ် ကြည့်လျှင် သာမန်ဟု ထင်ရသော်လည်း သေသေချာချာ ကြည့်လိုက်လျှင် ကျက်သရေရှိပြီး တက်ကြွသော ခံစားချက်ကို ရရှိစေသည်။ ဝတ်ရုံ၏ အောက်ခြေတွင်တော့ လိပ်ပြာနှင့် ပန်းတို့၏ အချစ်ဇာတ်လမ်းကို ပုံဖော်ထားသည့် ပန်းထိုးပုံစံများက သေသပ်စွာ ရှိနေသည်။

တစ်ချက် ကြည့်လိုက်ရုံနှင့် စိတ်နှစ်ပြီး စေ့စေ့စပ်စပ် ချုပ်ထားသည်မှာ သိသာလှပေသည်။

လန်ရှန်းယာ က ဤဝတ်စုံကို အလွန် သဘောကျသွားပြီး ချက်ချင်းပင် စမ်းဝတ်ကြည့်လိုက်လေသည်။

ဤဝတ်ရုံကို ဝတ်ဆင်လိုက်သည်နှင့် သူမ၏ အရှိန်အဝါမှာ ပိုမို တောက်ပသွားပြီး သူမနှင့် အလွန် လိုက်ဖက်နေတော့၏။

လမ်းလျှောက်လိုက်တိုင်း ဝတ်ရုံ၏ အောက်နားရှိ လိပ်ပြာနှင့် ပန်းပုံစံလေးများက အသက်ဝင်နေသကဲ့သို့ ဖြစ်နေပြီး မြင်ရသူအဖို့ မျက်တောင်မခတ်နိုင်အောင် ဖြစ်သွားစေသည်။

လန်ရှန်းယာ ၏ အလှအပနှင့် အပြုအမူ အပေါ် လန်မိသားစုက အမြဲတမ်း ဂုဏ်ယူခဲ့ရသည်။

သမီးဖြစ်သူ နန်းတွင်းဝင်၍ ကိုယ်လုပ်တော် ဖြစ်တော့မည့် ကိစ္စက လန်မိသားစုအတွက်လည်း အလွန် ကြီးမားသော ကံကောင်းခြင်း တစ်ခုပင်။

ထို့ကြောင့် သခင်မလန် က ကြည့်လေလေ သဘောကျလေလေ ဖြစ်နေပြီး ချီးကျူးစကား ဆိုလိုက်လေသည်။

"အမေ့ရဲ့ သမီးလေးက သိပ်လှတာပဲ… ကောင်းကင်ဘုံက နတ်သမီးလေး လူ့ပြည်ဆင်းလာရင်တောင် သမီးက်ု မှီမှာ မဟုတ်ဘူး"

ထိုသို့ ချဲ့ကား ပြောဆိုမှုကြောင့် လန်ရှန်းယာ မှာ အနည်းငယ် ရှက်သွေးဖြာသွားတော့သည်။

သူမက အပြင်ထွက်ခဲပြီး တစ်ခါတလေမှသာ မိခင်ဖြစ်သူနှင့်အတူ ပွဲလမ်းသဘင်များသို့ လိုက်သွားရပြီး အခြား အမတ်ကတော်များ၊ သခင်မလေးများနှင့် စကားပြောရုံသာ ရှိခဲ့သည်။

အမှန်တိုင်း ပြောရလျှင် သူမထက် ပိုမို ထူးချွန်လှပသူများကိုလည်း သိပ်မတွေ့ဖူးခဲ့ပေ။

ထို့ကြောင့် လန်ရှန်းယာ က သူမကိုယ်သူမ အတော်လေး ယုံကြည်မှု ရှိနေလေ၏။

လက်ချောင်းများက အင်္ကျီရင်ဘတ်ရှိ ပိုးချည်သားများကို ထိတွေ့လိုက်ရာ ချောမွေ့သော အထိအတွေ့ကြောင့် သူမ၏ ယုံကြည်မှုကို ပိုမို တိုးပွားလာစေသည်။

သခင်မလန် ကလည်း အခြေအနေကောင်းကို အသုံးချကာ ဆက်ပြောလိုက်သည်။

"အမေက ကျန်းပေါင်ဆိုင် မှာ သမီးအတွက် လက်ဝတ်ရတနာ တစ်စုံ အသစ် လုပ်ခိုင်းထားသေးတယ်… ဆိုင်ရှင်က ပြီးပြီလို့ ပြောတယ်… သမီး ကိုယ်တိုင် သွားကြည့်မလား… ဒါမှမဟုတ် သူတို့ကို လာပို့ခိုင်းရမလား"

လန်ရှန်းယာမှာ အပြင်ထွက်ချင်နေမိသည်။ မဟုတ်လျှင် နေ့တိုင်း အိမ်ထဲတွင်သာ ပိတ်မိနေရမည် မဟုတ်လား။

နူးညံ့လှပသော ပန်းတစ်ပွင့်ဆိုလျှင်တောင် ညှိုးနွမ်းသွားပေလိမ့်မည်။

ထိုအကြောင်းကို တွေးမိရင်း သူမက ချွဲသော လေသံဖြင့် ပြောလိုက်လေ၏။

"အမေ… သမီးကို ခေါ်သွားပါနော်… နောက်ဆို နန်းတော်ထဲ ဝင်သွားရရင် ဒါက သမီး နောက်ဆုံး အပြင်ထွက်ရတာ ဖြစ်သွားနိုင်တယ်လေ"

သခင်မလန် လည်း ဤစကားကို ကြားသောအခါ မှန်ကန်သည်ဟု တွေးလိုက်မိသည်။

ထို့ကြောင့် သဘောတူလိုက်လေသည်။

လန်ရှန်းယာ အဝတ်အစား လဲပြီးနောက် သားအမိ နှစ်ယောက် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။

အစေခံများက စောစောကတည်းက မြင်းလှည်း ပြင်ဆင်ထားပြီး သူတို့ သွားမည့်အချိန်ကို စောင့်နေကြ၏။

သားအမိ နှစ်ယောက် ရယ်မောစကားပြောရင်း အလွန် ပျော်ရွှင်နေကြသည်။

အရှေ့ခြံဝင်းသို့ ရောက်သောအခါ အပြင်မှ ပြန်လာသော လန်အမတ်ကြီး နှင့် ထိပ်တိုက် ဆုံတွေ့လိုက်ရသည်။

သူ၏ အနောက်တွင်တော့ မျက်နှာစိမ်း လူငယ် တစ်ယောက် ပါလာလေ၏။

ယခုအချိန်က နွေဦးစာမေးပွဲ ဖြေခါနီးဖြစ်ရာ ဤရက်ပိုင်းတွင် လန်မိသားစုအိမ်တော်သို့ အမျိုးသားများ မကြာခဏ ဝင်ထွက်သွားလာလေ့ ရှိသည်။

ထို့ကြောင့် သိပ်ပြီး တွေးနေစရာ မလိုဘဲ ဤ လူငယ်မှာလည်း အခြား ဒေသတစ်ခုမှ စာမေးပွဲ ဖြေဆိုမည့် ပညာသင် တစ်ယောက် ဖြစ်ကြောင်း သိနိုင်လေသည်။

လန်အမတ်ကြီး ၏ မျက်စိကျခြင်းကို ခံရသဖြင့် အိမ်တော်သို့ ခေါ်လာကာ အနည်းငယ် မြေတောင်မြှောက်ပေးရန် ဖြစ်ပေမည်။

သခင်မလန် နှင့် လန်ရှန်းယာ တို့ကလည်း ရှောင်ဖယ်ခြင်းမရှိဘဲ တည့်တည့် လျှောက်သွားကာ နှုတ်ဆက်လိုက်ကြသည်။

"သခင်ကြီးကို ဂါရဝပြုပါတယ်"

"အဖေ့ကို ဂါရဝပြုပါတယ်"

လန်အမတ်ကြီး က ခေါင်းညိတ်ပြလိုက်ပြီး သူတို့ ခြုံထည်များ ဝတ်ဆင်ထားကာ အပြင်ထွက်မည့် ပုံစံပေါက်နေသဖြင့် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"သခင်မ… ရှန်းယာကို ဘယ်ခေါ်သွားမလို့လဲ"

သခင်မလန် က ပြုံးရင်း ပြန်ဖြေလိုက်၏။

"ကျန်းပေါင်ဆိုင် က လက်ဝတ်ရတနာ ပြီးပြီဆိုလို့ ရှန်းယာ ကို သွားရွေးခိုင်းမလို့ပါ… နောက်ရက်အနည်းငယ်ဆို နန်းတွင်း ရွေးချယ်ခံဖို့ ဝင်ရတော့မှာဆိုတော့… လက်ဝတ်ရတနာကောင်းကောင်း မရှိရင် အဆင်မပြေဘူးလေ"

"အင်း… သခင်မ ပြောတာ မှန်တယ်… ရှန်းယာ လည်း အမေနဲ့ သေချာ သွားရွေးချေ… တကယ်လို့ ငွေမလောက်ရင် စာရင်းကိုင်ဆီကနေ လူလွှတ်ပြီး ယူလိုက်"

လန်ရှန်းယာ နန်းတွင်း ဝင်မည့် ကိစ္စက ယခု လန်မိသားစု၏ အကြီးမားဆုံးသော မျှော်လင့်ချက်ပင် ဖြစ်သည်။

ထို့ကြောင့် အရာအားလုံးကို ပြီးပြည့်စုံအောင် ပြင်ဆင်ထားရမည်။

"ကျေးဇူးတင်ပါတယ် အဖေ"

သူတို့သုံးယောက် စကားပြောပြီးမှ အနောက်ရှိ မျက်နှာစိမ်း အမျိုးသားက စကားစပြောလေသည်။

စည်းကမ်းကို လိုက်နာကာ သခင်မလန် ကို ခါးကိုင်း၍ အရိုအသေပေးကာ ပြောလိုက်၏။

All Chapters