အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း(၂၀၁) အပိုဆောင်းဇာတ်လမ်း - လေနှင်ရာလွင့်ပါသော မိုးမခပန်းလေး (၃)
"မင်းလို အောက်တန်းစားကောင်ကများ ငါတို့လန်မိသားစုရဲ့ သခင်မလေးကို မှန်းရဲတယ်… ကျေးဇူးကန်းတဲ့ကောင်ပဲ… ငါ့အဖေက မင်းကို အိမ်တော်ထဲ ခေါ်လာပြီး ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ပေးခဲ့တာကို… မင်းက သိုးရေခြုံတဲ့ ဝံပုလွေ ဖြစ်နေမှန်း မသိခဲ့ဘူး… မင်းရဲ့ ခေါင်းထဲမှာ အကြံယုတ်တွေနဲ့ အပြည့်ပဲ"
ထိုကဲ့သို့ ဆဲရေးတိုင်းထွာလိုက်သော စကားများကြောင့် ငအပင်လျှင် နားလည်နိုင်လိမ့်မည်။
လန်ရှန်းယာသည်လည်း ချက်ချင်းပင် ဒူးထောက်ကာ တောင်းပန်စကား ဆိုလေသည်။
"အဖေ… အစ်ကိုကြီးက အထင်လွဲနေတာပါ… ဒီလိုကိစ္စမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး… ဘာလို့များ ဆရာလိုပင်း အပေါ်ကို ဒီလောက်တောင် အပြစ်ပုံချရတာလဲ"
သူမက အလေးအနက် တောင်းပန်နေသော ပုံစံကိုမြင်သောအခါ အမတ်ကြီးလန်၏ မျက်လုံးထဲတွင်မူ ဒေါသများပင် ဖြစ်ပေါ်လာချေပြီ။
"ဟွန့်… အရှက်မရှိတဲ့ကောင်မ… နင့်ရဲ့ပဝါက သူ့လက်ထဲ ရှိနေတာကို… ငါကပဲ သပ်သပ်မဲ့ အပြစ်ရှာနေတယ်လို့ ပြောချင်တာလား"
ထို့နောက် ထိုပဝါလေးကို အမတ်ကြီးလန်က မြေကြီးပေါ်သို့ ပစ်ချလိုက်လေ၏။ လန်ရှန်းယာ၏ ဂုဏ်သိက္ခာနှင့် စိတ်ဆန္ဒများမှာလည်း ဖုန်မှုန့်ကဲ့သို့ လွင့်ပါသွားတော့သည်။
သူမသည် ချက်ချင်းပင် ရှက်လွန်း၍ ဤနေရာမှဘအမြန်ဆုံး ထွက်ပြေးချင်နေမိသည်။ သူမသည် ခေါင်းငုံ့ကာ အော်ဟစ်ငိုကြွေးနေပြီး စကားတစ်ခွန်းမျှ ထပ်မပြောနိုင်တော့ပေ။
လိုပင်းမှာမူ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မူလက ဝေဝါးနေသော ခံစားချက်များက ရုတ်တရက် နက်ရှိုင်းလာခဲ့တော့သည်။ သူ၏ မျက်နှာမှာ ပထမသခင်လေးလန်၏ ခြေထောက်နှင့် အနင်းခံထားရသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပြတ်သားသော မျက်ဝန်းများဖြင့် ပြောလိုက်၏။
"အမတ်ကြီးလန်… ကျွန်တော့်ရဲ့ အရည်အချင်းနဲ့ဆိုရင် အချိန်သုံးနှစ်လောက်ပဲ ပေးပါ… နန်းတွင်းမှာ နေရာတစ်နေရာ သေချာပေါက် ရအောင် ကြိုးစားနိုင်ပါတယ်… အဲဒီအချိန်ကျရင် သခင်မလေးလန်ကို ဂုဏ်ကျက်သရေရှိရှိနဲ့…"
သူစကားမဆုံးခင်မှာပင် နင်းထားသော ခြေထောက်က ပို၍ ဖိလာလေသည်။
"ဂုဏ်ကျက်သရေရှိရှိ ဟုတ်လား… မင်းလို လူတန်းစားက ငါ့ညီမကို ဘယ်လို ဂုဏ်ယူစရာတွေ ပေးနိုင်မှာလဲ… နောက်ထပ် လဝက် နေရင် ငါ့ညီမက နန်းတွင်းရွေးချယ်ပွဲ ဝင်ရတော့မှာ… တကယ်လို့ ဒီအရှက်ကွဲစရာ ကိစ္စသာ ပေါက်ကြားသွားရင်… သူတင် မကဘူး… ငါတို့ လန်မိသားစုပါ ဒုက္ခရောက်ကုန်လိမ့်မယ်"
"ရွေးချယ်ပွဲ…"
ထိုအချိန်တွင် လိုပင်း၏ မျက်ဝန်းများထဲ၌ တွေဝေမှုများ ပြည့်နှက်သွားရ၏။ သူက ဤကိစ္စကို ဘာကြောင့် တစ်ခါမှ မသိခဲ့ရသနည်း။ သခင်မလေးလန်သည် အနာဂတ်တွင် မောင်းမဆောင်သို့ ဝင်ရမည့်သူဟုလည်း လုံးဝ မတွေးမိခဲ့ပေ။
သူ ပြန်တွေးကြည့်လိုက်သောအခါ သူမနှင့် တွေ့ဆုံခဲ့ရသည်မှာ အကြိမ်နှစ်ကြိမ်သာ ရှိပြီး စကားပိုများ မပြောခဲ့ဖူးကြောင်း သတိရလာသည်။ သူက ပဝါလေးတစ်ထည်ကို အားကိုးပြီး ဘာကြောင့်များ မျှော်လင့်ချက်တွေ ထားခဲ့မိသနည်း။ ချက်ချင်းပင် စိတ်ပျက်အားငယ်သွားတော့သည်။
ထိုအချိန်တွင် လန်ရှန်းယာသည်လည်း မျက်ရည်များဖြင့် စိုရွှဲနေပြီး အရှက်ရလွန်းသဖြင့် မျက်နှာပူနေလေသည်။ ငယ်စဉ်ကတည်းက သူမ သင်ကြားခဲ့ရသည်မှာ မိသားစုအတွက် အသက်ရှင်ရမည် ဟူ၍သာ။ ယခုလို အရေးကြီးသည့်အချိန်မှ ဤကဲ့သို့ ပြဿနာပေါ်လာခြင်းက အစ်ကိုကြီးပြောသလို တစ်မိသားစုလုံး သူမကြောင့် ဒုက္ခရောက်ရပေလိမ့်မည်။
သူမက လိုပင်းအပေါ် အနည်းငယ်မျှသာ သံယောဇဉ်ရှိခဲ့ခြင်း ဖြစ်သည်။ သံယောဇဉ် ရှိသလိုလို မရှိသလိုလို ခံစားချက်လေးတစ်ခုကြောင့် လန်အိမ်တော်ကြီးကို ဖျက်ဆီးပစ်ရမည် ဆိုလျှင်တော့ သူမ သေသွားလျှင်တောင် အေးချမ်းနိုင်မည် မဟုတ်သလို ဘိုးဘေးများကိုလည်း မျက်နှာပြရဲမည် မဟုတ်ပေ။ ထို့ကြောင့် အံ့ကြိတ်ကာ ပြောလိုက်၏။
"ဒီပဝါက သမီး လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ကျပျောက်သွားတာ… ဆရာလိုပင်း လက်ထဲ ဘယ်လိုရောက်သွားလဲ မသိဘူး… ဆရာလိုပင်း ကောက်ရထားပြီး ပြန်မပေးရသေးတာ ဖြစ်မှာပါ… အဖေ ဒေါသမထွက်ပါနဲ့… အစ်ကိုကြီးလည်း ဒေါသလျှော့ပါ"
ထိုစကားကို ကြားလာသည်နှင့် လန်သားအဖ နှစ်ယောက်မှာ အချင်းချင်း ကြည့်လိုက်မိကြသည်။ သူတို့သည်လည်း ကိစ္စကို အကြီးအကျယ် မဖြစ်ချင်ပေ။ မဟုတ်လျှင် အပြင်လူများက အလစ်သုတ်သွားနိုင်ပေ၏။ ထိုသို့ဆိုလျှင် လန်အိမ်တော်၏ အနာဂတ်မှာ လမ်းပျောက်သွားနိုင်ပေသည်။
ထို့ကြောင့် အမတ်ကြီးလန်က ဒူးထောက်နေသော သမီးဖြစ်သူကို နားမလည်နိုင်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် လိုပင်းကို မေးလိုက်လေသည်။
"ဒီကိစ္စက တကယ်ပဲလား"
လိုပင်းက ခါးသီးစွာ ပြုံးလိုက်မိသည်။ မိန်းမလှလေးက သူ့ကို ချစ်မြတ်နိုးပြီး ပဝါကို ကတိသစ္စာအဖြစ် ပေးသည်ဟု သူထင်ခဲ့မိခြင်းပင်။ သို့သော် ရေထဲက လပုံရိပ်လို အချည်းနှီး ဖြစ်နေမည်မှန်း လုံးဝ မထင်ထားခဲ့သလို သူတစ်ပါးလက်ထဲက ကစားစရာ တစ်ခုမျှသာ ဖြစ်နေမှန်းလည်း မတွေးမိခဲ့ပေ။ သူ ဘာဆက်ပြောနိုင်ဦးမည်နည်း။ ထို့ကြောင့် တိုးတိုးလေးသာ ညည်းတွားလိုက်၏။
"သခင်မလေးလန် ပြောတဲ့အတိုင်းပါပဲ"
ထိုအခါမှသာ သူ့မျက်နှာပေါ်က ခြေထောက်က ဖယ်ခွာသွားတော့သည်။ ထို့နောက် အင်္ကျီလည်ပင်းကို ဆွဲကိုင်ကာ မတ်တပ်ရပ်စေပြီး သတိပေးစကား ဆိုလိုက်လေသည်။
"နားလည်မှုလွဲတာဆိုတော့လည်း… ဆရာလိုပင်း က အနားယူပြီး ဆေးကုလိုက်ပါဦး… ဒီနှစ် နွေဦးစာမေးပွဲကိုတော့ မီမှာ မဟုတ်တော့ဘူး… နောက်နှစ်ကိုပဲ ထပ်စောင့်လိုက်ပါ"
အံ့ဩခြင်း၊ မုန်းတီးခြင်း၊ နာကြည်းခြင်းနှင့် မကျေနပ်ခြင်း။ ထိုခံစားချက်များက တစ်ပြိုက်နက် ထွက်ပေါ်လာလေသည်။ ပဝါကို ပေးခဲ့သူမှာ သူမ ဖြစ်ပါလျက်နှင့် ဘာကြောင့်များ ခံရသူမှာ သူဖြစ်နေရသနည်း။
သူက ထိုလှပသည့် အရိပ်ကလေးကို ကြည့်ကာ တစ်လုံးချင်း ပြတ်ပြတ်သားသား ပြောလိုက်လေ၏။
"ကျွန်တော်မျိုးက သခင်မလေးလန် ရည်မှန်းချက်တွေ ဖြစ်မြှောက်ပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
လန်ရှန်းယာက ထိုစကားကို ကြားသောအခါ ခန္ဓာကိုယ်မှာ တုန်ရီသွားလေသည်။ သူမ၏ တစ်ခဏတာ စိတ်ကစားမှုကြောင့် သူတစ်ပါး၏ အနာဂတ်ကို နှောင့်နှေးစေခဲ့မှန်း သိလိုက်ရသည်။ ရင်ထဲတွင် အလွန်တရာ တောင်းပန်ချင်စိတ် ရှိနေသော်လည်း ယခုအချိန်တွင်မူ အခြားဘာမှ မလုပ်ရဲတော့ပေ။
ပထမသခင်လေးလန်က သူ့ကို ဆွဲထုတ်သွားပြီးနောက် စာကြည့်ခန်းထဲတွင် အမတ်ကြီးလန်နှင့် လန်ရှန်းယာတို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် အမတ်ကြီးလန်က စကားစပြောလိုက်၏။
"ရှန်းယာ… အဖေ့ကို သေချာပြောစမ်း… သမီး တကယ်ပဲ လိုပင်း အပေါ် စိတ်ဝင်စားခဲ့တာလား"
လန်ရှန်းယာက နှုတ်ခမ်းကို တင်းတင်း စေ့ထားပြီး အနည်းငယ်မျှပင် မလျှော့ချလိုက်ပေ။
"အဖေ သိပါတယ်… သမီးက ရွေးချယ်ပွဲကိုပဲ စိတ်ထဲထားတာပါ… တခြား ဘာစိတ်မှ မရှိပါဘူး… လန်အိမ်တော်ရဲ့ ဂုဏ်ကျက်သရေအတွက် သမီး သေချာပေါက် မောင်းမဆောင်မှာ နေရာတစ်နေရာ ရအောင် ယူပြပါ့မယ်"
အမတ်ကြီးလန်က သူမကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။ လန်ရှန်းယာ ခြေလက်များ ထုံကျင်လာပြီး တစ်ကိုယ်လုံး အေးစက်လာပြီး အဖေပြောလိုက်သော စကားကိုလည်း ကျယ်တစ်ချက် တိုးတစ်ချက် ကြားနေရ၏။
"သမီး ဒီလိုတွေးတာ အကောင်းဆုံးပဲ… လန်အိမ်တော်က ဒီနေ့အထိ ဒီလိုနေရာ ရောက်လာဖို့ဆိုတာ မလွယ်ကူခဲ့ဘူး… အဓိပွာယ်မရှိတဲ့ ဒီလိုစိတ်ကူးတွေကြောင့် တစ်မိသားစုလုံးကို ဒုက္ခမပေးမိစေနဲ့… နားလည်လား"
"သမီး နားလည်ပါတယ်"
ထို့နောက်ပိုင်း လန်ရှန်းယာတစ်ယောက် မည်သို့ ခြံဝင်းထဲသို့ ပြန်ရောက်လာခဲ့သနည်း ဆိုသည်ကို သေချာမမှတ်မိတော့ပေ။ ထိုညက မိုးလင်းသည်အထိ သူမ အိပ်မပျော်ခဲ့ချေ။ လပြည့်ညတွင် လွမ်းဆွတ်မှုများနှင့်အတူ တစ်ကိုယ်လုံး ဝမ်းနည်းပူဆွေးမှုများသာ ပြည့်နှက်နေ၏။
သူမက လိုပင်းအပေါ် တစ်ခဏသာ စိတ်လှုပ်ရှားခဲ့ခြင်း ဖြစ်သော်လည်း ဤမျှများပြားသော ပြဿနာများ ဖြစ်လာမည်ဟု မတွေးမိခဲ့ပေ။ သူမက သူတစ်ပါးကို အားနာစရာ ကိစ္စ လုပ်ထားမိမှန်း သိလေသည်။ သို့သော် ယခုအချိန်တွင် သူမ တောင်းပန်ချင်လျှင်တောင် အခွင့်အရေးကို ရှာမတွေ့နိုင်တော့ချေ။
သို့သော် သူမ မသိခဲ့သည်မှာ လိုပင်းက ထိုညမှာပင် ပထမသခင်လေးလန်၏ နှင်ထုတ်မှုကြောင့် လန်အိမ်တော် မှ ထွက်ခွာခဲ့ရခြင်းပင်။ တစ်ကိုယ်လုံး ဒဏ်ရာများအပြည့်နှင့် ခရီးစရိတ်ပင် မရှိပေ။ စိတ်သဘောထားကောင်းသော လယ်သမားတစ်ဦးနှင့် တွေ့ခဲ့ပြီး အိမ်သို့ခေါ်ကာ ရက်အနည်းငယ် ပြုစုပေးခဲ့သောကြောင့်သာ။ မဟုတ်လျှင် သူ လမ်းဘေးတွင် သေနေလောက်ပြီ ဖြစ်သည်။
ဒဏ်ရာများ သက်သာလာပြီးနောက် သူသည် ဇာတိသို့ ပြန်ရန် စိတ်ကူးလိုက်လေသည်။ ထိုလယ်သမား မိသားစုကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုပြီးနောက် လာလမ်းအတိုင်း ပြန်လျှောက်သွားတော့၏။
ထိုအချိန်မှာပင် တတိယလ ရွေးချယ်ပွဲ အမိန့်စာ ထွက်ပေါ်လာလေသည်။ လဝက်ကျော်ကြာ စောင့်ခဲ့ရပြီးနောက် လန်ရှန်းယာသည် မျှော်လင့်ထားသည့်အတိုင်းပင် ရွေးချယ်ခံရလေ၏။ ထို့ပြင် ယုံအန်းနန်းဆောင် ၏ လန်ကွေ့ဖင်မယ်မယ် ဖြစ်လာခဲ့လေသည်။
လန်အိမ်တော်က ဘုရင့်အမိန့်စာကို လက်ခံရရှိချိန်တွင် တစ်အိမ်လုံး ဝမ်းသာပီတိ ဖြစ်ကြရသည်။ လန်ရှန်းယာ နန်းတွင်းမဝင်ခင်ညတွင် သခင်မကြီးလန်က သူမကို ရင်တွင်းစကားများစွာ ပြောပြခဲ့သည်။ ပွင့်ပွင့်လင်းလင်း မပြောသော်လည်း လန်ရှန်းယာ နားလည်သည်။ သူမကို အတိတ်က ကိစ္စများကို မေ့ပစ်လိုက်ပြီး အရှင်မင်းကြီး ကို စိတ်ရောကိုယ်ပါ ခစားစေချင်ကာ လန်အိမ်တော်၏ ဂုဏ်ကျက်သရေကို ဆက်လက်ထိန်းသိမ်းစေချင်ခြင်းပင်။
လတွင် လဆန်း လဆုတ် ရှိသကဲ့သို့ လူတွင်လည်း ဝမ်းနည်း ပျော်ရွှင် ကွဲကွာ ပေါင်းဖက်ခြင်းများ ရှိလေသည်။ ဒုတိယနေ့တွင် အလှပြင်ဆင်ပြီးနောက် လန်မိသားစု၏ သခင်မလေးသည် နန်းတွင်းသို့ ဝင်ရောက်သွားတော့သည်။ ထိုအချိန်မှစ၍ ယုံအန်းနန်းဆောင် ၏ အရှင်သခင် လန်ကွေ့ဖင်မယ်မယ် ဖြစ်လာခဲ့တော့၏။
တခါတရံ လပြည့်ဝန်းကို မြင်ရချိန် သို့မဟုတ် ကျန်းနန်ဒေသနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကြားရချိန်များတွင်မူ သူမ၏ မျက်နှာပေါ်၌ ခေတ္တမျှ ဝမ်းနည်းမှုများ ပေါ်လာတတ်သည်။ သို့သော် ထိုအရာများကလည်း နန်းတွင်းတွင် ဖြတ်သန်းရသည့် နေ့ရက်များနှင့်အတူ တဖြည်းဖြည်း မေ့လျော့လာခဲ့လေပြီ။ အတိတ်က မှတ်ဉာဏ်များအဖြစ်သာ ကျန်ရစ်ပြီး ထပ်မံ အရေးမပါတော့ချေ။
သို့သော် သူမ လုံးဝ မသိခဲ့သည်မှာ… သူမ နန်းတွင်းဝင်သည့် ဒုတိယနေ့မှာပင် လို မျိုးရိုးရှိသော စာပေပညာရှင် တစ်ဦးသည် ဇာတိသို့အပြန်လမ်းတွင် ဓားပြတိုက်ခံရခြင်းပင်။ သေဆုံးပုံမှာ အလွန် စိတ်မကောင်းစရာကောင်းလှပြီး အလောင်းပင် ကြည့်ရက်စရာ မရှိပေ။ မကြာမီမှာပင် လိုမိသားစုမှ ကျန်ရှိနေသော မိဘနှစ်ပါးသည်လည်း ရောဂါဖြင့် ကွယ်လွန်သွားကြလေ၏။ ပန်းများကြွေချိန်တွင် မင်းနှင့် ပြန်ဆုံမည် ဟူသော စကားစုလေးကလည်း နောက်ဆုံးတွင်တော့ အချည်းနှီး ဖြစ်သွားခဲ့တော့သည်။
နန်းတွင်းတိုက်ပွဲ ဇာတ်လမ်းများတွင် ဝမ်းနည်းရဆုံး အချက်မှာ နန်းတွင်းမဝင်ခင်က မည်သို့ပင် ဖြစ်နေပါစေ နောက်ဆုံးတွင်တော့ ဤကိစ္စများမှာ မှတ်ဉာဏ်ထဲတွင် ပျောက်ဆုံးသွားရခြင်းပင်။ မျက်နှာသာရဖို့အတွက် တိုက်ခိုက်ရမည် သို့မဟုတ် အာဏာအတွက် အကြံအစည်များ ထုတ်ရမည်။ မယှဉ်ပြိုင်ဘဲ နေနိုင်သူ အနည်းငယ်မျှသာ ရှိပြီး နောက်ဆုံးတွင်လည်း ဘာခြေရာမျှ မကျန်ခဲ့ဘဲ လောကကြီးထဲ အချည်းနှီး အသက်ရှင်သွားရသလိုပင် ဖြစ်သွားတတ်သည်။
ထို့ကြောင့် မူလစိတ်ကို ထိန်းသိမ်းထားနိုင်သူမှာ အလွန်နည်းပါးလှသည်။ ဤသည်မှာလည်း အရှင်မင်းကြီး က လင်ဝမ်ယိ အပေါ် ဘာကြောင့် အထူးတလည် ဂရုစိုက်ရသလဲ ဆိုသည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူမ၏ တက်ကြွနေသော စိတ်သဘောထားနှင့် ကြံ့ခိုင်မှုများက တခြားသူများတွင် မရှိသလို အရှင်မင်းကြီး အတွက်လည်း တွေ့ရခဲသော အရာများ ဖြစ်ပေသည်။ ထို့ကြောင့် စိတ်ဝင်စားသွားခြင်း ဖြစ်ပေလိမ့်မည်။
လန်ဖေး က နန်းတွင်းမဝင်ခင်ကတည်းက စိတ်ထားမဖြောင့်မတ်ခဲ့ပေ။ အဖြေလည်း မပေးနိုင်ဘဲ အကြောင်းမရှိ အကြောင်းရှာ ဆွဲဆောင်ခဲ့သဖြင့် နောက်ဆုံးတွင် သူတစ်ပါး မိသားစု တစ်ခုလုံး သေပွဲဝင်ခဲ့ရပြီး အနာဂတ်ကောင်းများလည်း ဆုံးရှုံးခဲ့ရလေသည်။
သို့သော် သူမ၏ ဇာတ်သိမ်းက မပြီးသေးပေ။ သူမ အမြဲတမ်း စိတ်ပူနေရသော လန်မိသားစုကြီးက မပျက်စီးသေးသည် မဟုတ်လား။ သူမသည် ကံစီမံရာ ဆိုသည့် စကား၏ အဓိပ္ပါယ်ကို သိလာရတော့သည်။