အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း(၂၀၂) ရာထူး တိုးမြှင့်ခြင်း
ထိုက်ဆန်းတောင် သို့ သွားနေဆဲဖြစ်သော အရှင်မင်းကြီးဆီသို့ သတင်း ရောက်လာသည်မှာ သုံးရက်ကြာသွားခဲ့လေပြီ။
သူမ၏ အဆုံးသတ်ကို ကြိုတင်သိထားပြီး ဖြစ်သော်လည်း ဤသတင်းကို ကြားရချိန်တွင် အရှင်မင်းကြီး သည် နေ့တစ်ဝက်နီးပါး တိတ်ဆိတ်နေခဲ့လေသည်။ နေ့လယ်စာပင် မစားခဲ့ပေ။
သုန်ယွီကျုံး က တံခါးအပြင်ဘက်တွင် ရပ်ကာ အထဲကို စိုးရိမ်တကြီး စောင့်ကြည့်နေလေ၏။ မူလက သူတို့ ယနေ့ ဆက်လက် ထွက်ခွာရမည် ဖြစ်သည်။ သို့သော် သတင်းရပြီးနောက် အရှင်မင်းကြီး က နန်းဆောင်ထဲတွင်သာ နေပြီး အပြင်ထွက်မလာတော့ချေ။ ထို့ကြောင့် မည်သူမျှ သွားမခေါ်ရဲကြချေ။
လင်ကွေ့ဖေး ဂါရဝပြုရန် ရောက်လာချိန်တွင် ထိုအခြေအနေနှင့် ဆုံသွားလေသည်။ အစားအသောက်များ အထဲသို့ မပို့ရသေးသည်ကို မြင်သောအခါ ချက်ချင်း မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"အရှင်မင်းကြီး က မစားသေးဘူးလား"
"ဟုတ်ပါတယ်… မယ်မယ် လာတာ အတော်ပဲ… အရှင်မင်းကြီး က နေ့တစ်ဝက်လုံး ဘာမှ မစားဘူး… လန်ဖေး မယ်မယ် အတွက် ဝမ်းနည်းနေပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ်တော့ ဂရုစိုက်ရဦးမှာပေါ့… ဒီလိုမျိုး ဆက်နေရင် နေမကောင်းဖြစ်သွားရင် ဒုက္ခပဲ"
ယခုတစ်ခေါက် အပြင်ထွက်ရာတွင် သူတို့က တော်ဝင်သမားတော် အတော်များများကို ခေါ်လာခဲ့ကြသည်။ သို့သော် တော်ဝင်သမားတော်သို့ ၏ ဆေးပညာလောက် မကျွမ်းကျင်ကြပေ။ အကယ်၍ အရှင်မင်းကြီး သာ တစ်ခုခု ဖြစ်သွားလျှင် တာ့ဝေ့ပြည် ကြီး ဖရိုဖရဲ ဖြစ်သွားမည် မဟုတ်လား။
ယခု ထိုက်ဆန်းတောင် သို့ပင် မရောက်သေးဘဲ အခြေအနေမှာ ဤသို့ ဖြစ်နေလေသည်။ သူလည်း ဘာလုပ်ရမှန်း မသိတော့ပေ။
ယခင်ကအတိုင်းဆိုလျှင် လင်ကွေ့ဖေး က ရှေ့ဆုံးမှနေ၍ အခန်းထဲဝင်ကာ ဖျောင်းဖျမည် ဖြစ်သည်။ သို့သော် ယခုအခါ အရှင်မင်းကြီး က သူမအပေါ် မျက်နှာသာပေးမှုများ လျော့သွားကြောင်း သူမ ခံစားမိနေလေ၏။
အကယ်၍ အရှင်မင်းကြီး ၏ သဘောထားကို ဆန့်ကျင်နေမည် ဆိုလျှင် သူမအတွက်လည်း မကောင်းပေ။ ယခုတစ်ခေါက် အရှင်မင်းကြီး နှင့်အတူ ထိုက်ဆန်းတောင် သို့ လိုက်ပါခွင့် ရခြင်းက ဘိုးဘိုးကြီးက အင်အားများစွာ သုံးပြီးမှ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ သူမက သေဆုံးသွားသော လန်ဖေး တစ်ယောက်ကြောင့် အရေးကြီးသော ကိစ္စများကို မထိခိုက်စေချင်ပေ။
တံခါးပေါက်တွင် ခေတ္တရပ်နေပြီးနောက် သုန်ယွီကျုံး ကို ပြောလိုက်လေသည်။
"ကျန်းမင်းသား ကို ဒီအရှင်မ ပြောစရာ ရှိသေးလို့… ဒီအရှင်မ အရင် သွားလိုက်ဦးမယ်… သုန်ကုန်းကုန်း ပဲ အရှင်မင်းကြီး ကို သေချာ ပြုစုလိုက်ပါ… မစားရင် ဘယ်ဖြစ်ပါ့မလဲ"
ပြောပြီးသည်နှင့် လှည့်ထွက်သွားလေသည်။ သုန်ယွီကျုံး မှာသာ ရယ်ရခက် ငိုရခက် ဖြစ်ကျန်ခဲ့တော့၏။
သူလို အစေခံတစ်ယောက်က မစားရင် မဖြစ်ဘူးဆိုတာ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။ သို့သော် ယခုအချိန်တွင် အရှင်မင်းကြီး က မစားလျှင် သူက ဘာလုပ်နိုင်မည်နည်း။
သခင်မလေးလင် သာ ရှိနေလျှင် ကောင်းမည်။ အရှင်မင်းကြီး က သူမနန်းဆောင်သို့ သွားတိုင်း အမြဲတမ်း ပုံမှန်ထက် ပိုစားတတ်သည် မဟုတ်လား။ တွေးသာ တွေးနေရသော်လည်း တခြားနည်းလမ်း မရှိပေ။ ထို့ကြောင့် မျက်နှာပူပူဖြင့် တံခါးထပ်ခေါက်ရန် ပြင်လိုက်တော့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ လူတစ်ယောက် ခန့်ညားစွာ လျှောက်လာသည်ကို တွေ့လိုက်ရ၏။ ထိုသူမှာ ရက်အတော်ကြာ မတွေ့ရသော စတုတ္ထမင်းသား ပင် ဖြစ်လေသည်။ သူ၏ အနောက်တွင် ကိုယ်ရံတော် တစ်ဖွဲ့ ပါလာပြီး ထိုအထဲတွင် လင်ရှင်းကျစ် နှင့် ကျန်းဟွမ့်ချင်း တို့လည်း ပါဝင်လေသည်။ လူအုပ်ကြီးမှာ ခရီးပန်းလာသည့်ပုံ ပေါ်နေ၏။
သုန်ယွီကျုံး သည် စတုတ္ထမင်းသား ကို မြင်သောအခါ မျက်နှာ အနည်းငယ် ကြည်လင်လာတော့သည်။ အရှင်မင်းကြီး လည်း စတုတ္ထမင်းသား မျက်နှာထောက်၍ တစ်ခုခုတော့ စားပေလိမ့်မည်။
ထို့ကြောင့် စတုတ္ထမင်းသား ထံသို့ အမြန်ပြေးသွားကာ ဂါရဝပြုလိုက်လေသည်။
"ဒီအစေခံ စတုတ္ထမင်းသား ကို ဂါရဝပြုပါတယ်… စတုတ္ထမင်းသား ကျန်းမာပါစေ"
"သုန်ကုန်းကုန်း ဂါရဝ ပြုစရာ မလိုပါဘူး… မြန်မြန် ထပါ"
စတုတ္ထမင်းသား သည် တော်ဝင်မိသားစုတွင် ကြီးပြင်းလာသူ ဖြစ်သော်လည်း နှစ်ပေါင်းများစွာ စစ်တပ်ထဲတွင် နေထိုင်လာခဲ့သဖြင့် ဤကဲ့သို့ အသေးစိတ် စည်းကမ်းများကို သိပ်ဂရုမစိုက်တော့ပေ။ စစ်တပ်ထဲတွင် တိုက်ပွဲနိုင်သူသာလျှင် နေရာရပြီး ဤကဲ့သို့ စကားလှလှလေးများက အသုံးမဝင်ပေ။
"အရှင်မင်းကြီး ရော"
စတုတ္ထမင်းသား က သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူက စစ်သည်ငါးထောင်ကို အမြန်ဆုံး ခေါ်ဆောင်လာခဲ့ခြင်းမှာ အရှင်မင်းကြီး ၏ နောက်ထပ် ခရီးစဉ်ကို ကာကွယ်ပေးရန် ဖြစ်သည်။
သုန်ယွီကျုံး က ထိုစကားကို ကြားသောအခါ သက်ပြင်းချလိုက်ပြီး ပြောလေသည်။
"စတုတ္ထမင်းသား လာတာ အတော်ပဲ… အရှင်မင်းကြီး က အခန်းထဲက ထွက်မလာတာ အတော်ကြာနေပြီ… ဘာမှလည်း မစားဘူး… ခန္ဓာကိုယ်က ဘယ်လို ခံနိုင်မှာလဲ"
စတုတ္ထမင်းသား က သုန်ယွီကျုံး ကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး ထိုစကား၏ မယုံနေပုံရသည်။ သူ့အမြင်တွင် အရှင်မင်းကြီး သည် ငယ်စဉ်ကတည်းက သံမဏိလို ခိုင်မာအောင် လေ့ကျင့်ထားသူ ဖြစ်ရာ ဘာကြောင့်များ ဤသို့ ဖြစ်ရသနည်း။
"ဘာဖြစ်လို့လဲ"
သုန်ယွီကျုံး သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။
"နန်းတွင်းကနေ သတင်းရောက်လာတယ်… လန်ဖေး မယ်မယ် ရောဂါနဲ့ ကွယ်လွန်သွားပြီတဲ့"
ရောဂါနဲ့ ကွယ်လွန်သွားတယ် ဟုတ်လား…။ ယခင်တစ်ခေါက် တွေ့တုန်းကတောင် ကောင်းကောင်းမွန်မွန် ရှိနေသေးတာကို ဘယ်လိုဖြစ်ပြီး ချက်ချင်းကြီး ကွယ်လွန်သွားရတာလဲ…။
စတုတ္ထမင်းသား မယုံသည်ကို သုန်ယွီကျုံး က မြင်လိုက်ရသဖြင့် ရှင်းပြလိုက်လေသည်။
"ခုနစ်လပိုင်းတုန်းက နွေရာသီအပန်းဖြေနန်းတော် မှာ လန်ဖေး မယ်မယ် က ဒုတိယမင်းသမီး ကို မွေးဖွားခဲ့တယ်… ဒါပေမဲ့ မွေးဖွားတုန်းက ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် ထိခိုက်သွားလို့ အဲဒီကတည်းက အိပ်ရာထဲ လဲနေခဲ့တာ… အခုကျမှ…"
ဪ… ဒီလိုကိုး။ မိန်းမတွေ ကလေးမွေးတယ် ဆိုတာ သေမင်းတံခါးကို ဖြတ်ရတာပဲလေ။ မခံနိုင်ဘဲ သေဆုံးသွားတာတွေလည်း ရှိတတ်ပါတယ်။ သနားစရာကောင်းတာက ဒုတိယမင်းသမီး လေးပဲ… မွေးမွေးချင်း အမေ မရှိတော့ဘူး။
ကိုယ်ရံတော်အဖွဲ့ထဲတွင် ရပ်နေသော လင်ရှင်းကျစ် သည် ထိုစကားကို ကြားလိုက်ရသည်နှင့် ရင်ထဲတွင် ထိတ်လန့်သွားလေသည်။ ရာထူးကြီးမားသော ဖေးအဆင့် မယ်မယ် ပင်လျှင် ကလေးမွေးဖွားရာ ခက်ခဲမှုကြောင့် ကွယ်လွန်သွားရသည်ဆိုလျှင် သူ့ညီမလေးလို သာမန် ကိုယ်လုပ်တော်လေး တစ်ယောက်ဆိုရင် မောင်းမဆောင်ထဲမှာ ဘယ်လောက်တောင် ဒုက္ခရောက်နေမလဲ။
ထိုအကြောင်းကို တွေးမိသည်နှင့် သူက ကိုယ့်ကိုယ်ကိုယ် ပို၍ အပြစ်တင်မိလေသည်။ သူသာ စောစောစီးစီး တော်ဝင်ချပ်ဝတ်စစ်တပ် ထဲ ဝင်ခဲ့လျှင် အိမ်ကလူတွေလည်း ဒီလောက်ထိ အခြေအနေ ဆိုးနေမည် မဟုတ်ပေ။ ချန်ချန် လည်း နန်းတွင်းထဲတွင် စိတ်အေးလက်အေး နေနိုင်မည် ဖြစ်သည်။
သူ့မျက်နှာပေါ်က လေးနက်နေမှုများကို ဘေးနားရှိ ကျန်းဟွမ့်ချင်း က မြင်လိုက်ရပြီး သူပါ လိုက်၍ စိုးရိမ်မိလေသည်။ သူက လင်ဝမ်ယိ ကို မသိသော်လည်း လင်ရှင်းကျစ် နှင့် ညီအစ်ကိုအရင်းကဲ့သို့ ရင်းနှီးလေသည်။ ညီအစ်ကို၏ ညီမလေး ဒုက္ခရောက်ခြင်းက သူ၏ ညီမလေး ဒုက္ခရောက်ခြင်းနှင့် အတူတူပင်။ ထို့ကြောင့် သူလည်း အလွန် စိတ်ပူနေမိ၏။
စတုတ္ထမင်းသား က တံခါးဝတွင် သုန်ယွီကျုံး နှင့် စကားပြောနေစဉ် အခန်းထဲမှ အရှင်မင်းကြီး ၏ အသံ ထွက်ပေါ်လာလေသည်။ ပင်ပန်းနွမ်းနယ်မှုများနှင့် ဝမ်းနည်းမှုများ အနည်းငယ် ပါဝင်နေ၏။
"စတုတ္ထဦးရီးတော် လာတာလား"
"အရှင်မင်းကြီး… ဒီအမတ်အိုကြီးပါ… ဒီအမတ်အိုကြီးက စစ်သည်ငါးထောင် ခေါ်လာပြီး အကာအကွယ်ပေးဖို့ ရောက်လာတာပါ"
"ဦးရီးတော် ဝင်လာခဲ့ပါ… ကိုယ်တော် ပြောစရာ ရှိလို့"
"ဟုတ်ကဲ့ပါ"
စတုတ္ထမင်းသား က အလျင်စလို ရောက်လာခြင်းဖြစ်သဖြင့် သူ့ခန္ဓာကိုယ်ပေါ်က ချပ်ဝတ်တန်ဆာများနှင့် ဓားကို ပင် တပ်ဆင်ထားဆဲ ဖြစ်သည်။ ဓားကို ဖြုတ်ကာ သုန်ယွီကျုံး ထံသို့ ကမ်းပေးလိုက်ပြီးနောက် အခန်းထဲသို့ တစ်ယောက်တည်း ဝင်သွားလေသည်။
အခန်းထဲတွင် ပြတင်းပေါက် ဖွင့်မထားသည်မှာ ကြာပြီဖြစ်၍ အမွှေးတိုင်ရနံ့များက အနည်းငယ် ပြင်းနေသည်။ စတုတ္ထမင်းသား လို စစ်တပ်ထဲတွင် အမြဲနေသူ တစ်ယောက်အတွက်တော့ အနည်းငယ် သဘောမကျစရာ ဖြစ်နေ၏။ သို့သော် သူက အောင့်ခံထားလိုက်သည်။ ယခု အရှင်မင်းကြီး ၏ အခြေအနေအရဆိုလျှင် နားလည်ပေးလို့ ရနိုင်သေးသည် မဟုတ်လား။
"ဒီအမတ်အိုကြီး အရှင်မင်းကြီး ကို ဂါရဝပြုပါတယ်… အရှင်မင်းကြီး ကျန်းမာပါစေ"
"စတုတ္ထဦးရီးတော် အားနာစရာ မလိုပါဘူး"
စတုတ္ထမင်းသား က မတ်တပ်ရပ်လိုက်ပြီး အရှင်မင်းကြီး ကို ကြည့်လိုက်သောအခါ သူ၏ မျက်မှောင်ကြုတ်သွားလေသည်။ အရှင်မင်းကြီး သည် တိုတောင်းလှသော တစ်ရက်အတွင်းမှာပင် မျက်နှာပေါ်၌ မုတ်ဆိတ်မွေးကြမ်းများ ထွက်နေသည်ကို တွေ့လိုက်ရ၏။ မျက်နှာကလည်း မကောင်းဘဲ ယခင်က ဧကရာဇ် တစ်ပါး၏ ခန့်ညားမှုမျိုး အနည်းငယ်မျှ မရှိတော့ပေ။ ထို့ကြောင့် နှစ်သိမ့်ကာ ပြောလိုက်လေသည်။
"သေခြင်းရှင်ခြင်းဆိုတာ ကံတရားပါပဲ… အရှင်မင်းကြီး အရမ်းကြီး ဝမ်းနည်းမနေပါနဲ့… ကိုယ့်ခန္ဓာကိုယ်ကိုပဲ အဓိကထား ဂရုစိုက်ပါ"
အရှင်မင်းကြီး က "အင်း" ဟု တစ်ခွန်းသာ ပြန်ဖြေလိုက်သည်။ ထို့နောက် သုန်ယွီကျုံး ကို အခန်းထဲသို့ ခေါ်လိုက်ပြီး ပြောလိုက်လေသည်။
လန်ဖေး ကို ကွေ့ဖေး အဖြစ် ရာထူးတိုးပေးလိုက်တယ် လို့ ထုတ်ပြန်လိုက်ပါ… ဈာပနကိစ္စ အားလုံးကို ကွေ့ဖေး ရဲ့ အဆင့်အတန်းနဲ့အညီ လုပ်ဆောင်စေ… ပြီးတော့ ယီဖေး ကိုပါ အကြောင်းကြားလိုက်… လန်ကွေ့ဖေး ရဲ့ ဈာပနကို ဂုဏ်ကျက်သရေရှိရှိနဲ့ သေချာ စီစဉ်ပေးဖို့ ပြောလိုက်ပါ"
"ဟုတ်ကဲ့ပါ… ဒီအစေခံ အမိန့်တော်အတိုင်း လုပ်ဆောင်လိုက်ပါ့မယ်"
စတုတ္ထမင်းသား က ဘေးမှနေ၍ နားထောင်နေပြီး ဘာမှ ဝင်မပြောပေ။ မည်သို့ပင်ဖြစ်စေ တော်ဝင်မိသားစုအတွက် မင်းသမီးတစ်ပါး မွေးဖွားပေးခဲ့သူ ဖြစ်သဖြင့် ကွေ့ဖေး အဖြစ် ရာထူးတိုးပေးခြင်းက ထူးဆန်းသော ကိစ္စတော့ မဟုတ်ပေ။
သို့သော် မောင်းမဆောင် ၏ အခြေအနေကတော့ ပြောင်းလဲသွားနိုင်ပေသည်။ ယခင်က လင်ကွေ့ဖေး ၊ ယီဖေး နှင့် လန်ဖေး တို့ သုံးပွင့်ဆိုင် အင်အားပြိုင်နေခဲ့ကြသည်။ ယခုမူ လင်ကွေ့ဖေး က အရှင်မင်းကြီး နှင့် လိုက်ပါလာပြီး လန်ဖေး က ကွယ်လွန်သွားပြီဖြစ်ရာ မောင်းမဆောင် ထဲတွင် ယီဖေး တစ်ယောက်တည်းသာ ကြီးစိုးတော့မည် ဖြစ်သည်။
မောင်းမဆောင် ကိစ္စများက ညီလာခံကိစ္စများနှင့်လည်း သက်ဆိုင်နေသဖြင့် အနည်းငယ်မျှ ပေါ့ဆ၍ မရပေ။ ထို့ကြောင့် သတိပေးစကား ပြောရန်လည်း လိုအပ်ပေသည်။