အခန်း ၂၀၄
Vol. 21 Ch. 204
အခန်း(၂၀၄) တော်ဝင်သက်တော်စောင့်
လင်ရှင်းကျစ် သည် ရာထူးတက်လာသလို တစ်ဖက်တွင်လည်း ကျန်းမင်းသား နှင့် လင်ကွေ့ဖေး တို့မှာလည်း အလုပ်ရှုပ်နေကြသည်။
အကြောင်းပြချက်တစ်ခုဖြင့် အကျယ်ချုပ်မှ လွတ်လာခဲ့သော်လည်း အရှင်မင်းကြီး က သူတို့အပေါ် သံသယဝင်နေသည်မှာ အထင်အရှားပင် ဖြစ်နေချေပြီ။
မဟုတ်လျှင် စတုတ္ထမင်းသား ကို ခရီးဝေးမှ အကာအကွယ်ပေးရန် ခေါ်မည်မဟုတ်ပေ။
ဤသည်က သူတို့ကို တမင်သက်သက် ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း သိသာလွန်းလှပေ၏။
ကျန်းမင်းသား က လူမိုက်မဟုတ်သလို လင်ကွေ့ဖေး ကလည်း ထိုနည်းလည်းကောင်းပင်။
လင်ကွေ့ဖေး အတွက်မူ အရှင်မင်းကြီး ဘာမှမစားမသောက်ဘဲ နေနေသည်ထက် သူမ၏ အနာဂတ်က ပို၍ အရေးကြီးနေလေသည်။
ထို့ကြောင့် သူမက စကားစပြောလိုက်သည်။
"ဘိုးဘိုးကြီး… ဒါဆို ဘယ်လိုလုပ်ကြမလဲ… အခုတော့ အဆင်ပြေနေပေမယ့် နောင်တစ်ချိန်ကျရင်…"
သူမ၏ တစ်ဦးတည်းသော သမီးလေးကို မယ်တော်ကြီး ထံသို့ ပို့ဆောင်ကာ ပညာသင်ကြားစေရမည်ကို တွေးမိသည်နှင့် ငိုချင်စိတ်ကို မထိန်းနိုင်တော့ပေ။
မင်းသမီးလေးက မင်းသားလေးလောက် အရေးမပါသော်လည်း သူမ အသက်ကို ရင်း၍ မွေးဖွားထားရသည့် တစ်ခုတည်းသော မျှော်လင့်ချက်လေး ဖြစ်ပေသည်။
တကယ်လို့သာ မယ်တော်ကြီး ဘေးတွင် ကြီးပြင်းလာရလျှင် နောင်တစ်ချိန် အရွယ်ရောက်လာသည့်လာလျှင် သူမနှင့် နှလုံးသားချင်း ဝေးကွာနေမည်ဖြစ်သည်။
"ဘာကို ကြောက်နေရတာလဲ… အရင်တုန်းက ဟွေ့ယွဲ့မင်းသမီးကြီး လည်း မယ်တော်ကြီး ဘေးမှာ ကြီးပြင်းခဲ့တာ မဟုတ်ဘူးလား… အခုကြည့်ပါလား… မယ်တော်ကြီး က ဝူထိုင်တောင်မှာ တိုင်းပြည်အတွက် ဆုတောင်းပေးနေတာကို မင်းသမီးကြီး က အမြဲသွားကြည့်နေတာပဲလေ… သွေးသားတော်စပ်တဲ့ သားအမိတွေဆိုတော့ မင်းဘေးမှာ မကြီးပြင်းရုံနဲ့ မင်းနဲ့ မရင်းနှီးဘူးဆိုတာ မဖြစ်နိုင်ပါဘူး"
ကျန်းမင်းသား ကတော့ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။
သူ့အမြင်တွင်တော့ မင်းသမီး တစ်ပါးသာ ဖြစ်ပေသည်။
ယခုအချိန်တွင် အရေးအကြီးဆုံးက မင်းသားတစ်ပါးကို မိမိဘက်ပါအောင် ချက်ချင်း သိမ်းသွင်းနိုင်မှသာ အနာဂတ်အတွက် ထွက်ပေါက်ရှိမည် ဖြစ်သည်။
"နန်းတော်ထဲမှာ သေတဲ့သူကသေ ရှင်တဲ့သူကရှင်နဲ့ ဖြစ်နေတာ… ကွေ့ဖေးမယ်မယ် မှာကော ဘာအစီအစဉ်များ ရှိလဲ"
"ကြားတာတော့ စတုတ္ထမင်းသား က ကျန်းမာရေး ကောင်းတယ်တဲ့… တကယ်လို့ ဒီအရှင်မ သာ သူ့ကို ခေါ်ထားလိုက်ပြီး သေချာ ပြုစုပေးလိုက်ရင် အဆင်ပြေသွားလိမ့်မယ်… ဒါပေမဲ့ ယင်းကွေ့ဖင် ရဲ့ ရာထူးကလည်း မနိမ့်ဘူး… သူ့လက်ထဲကနေ ကလေးကို ရုတ်တရက် သွားလုဖို့ဆိုတာ တော်တော်လေး ခက်ခဲတယ်"
လင်ကွေ့ဖေး က သူမ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ပြောလိုက်သော်လည်း ကျန်းမင်းသား ကတော့ ဤကိစ္စကို အရေးမစိုက်ပေ။
"စိတ်ချပါ… တာ့ဝေ့ပြည် ရဲ့ ပြည်သူတွေက ကံဆိုးတဲ့သူ တစ်ယောက်ကို မင်းသားရဲ့ မိခင်အဖြစ် လက်ခံကြမှာ မဟုတ်ဘူး… ဒီထိုက်ဆန်းတောင် ရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်ကိုတောင် ဒီမင်းသား က ဖန်တီးနိုင်သေးတာပဲ… ဇာတိလေး တစ်ခုကို ဖန်တီးဖို့ဆိုတာ ပြောနေစရာတောင် မလိုပါဘူး"
ကံဆိုးစေတဲ့သူ ဟုတ်လား…
လင်ကွေ့ဖေး အံ့ဩသွားပြီး ကျန်းမင်းသား ၏ ယုံကြည်မှု အပြည့်ရှိနေသော ပုံစံကို ကြည့်ကာ စိတ်ထဲတွင် သံသယဝင်သွားမိသည်။
နတ်ဆိုး တစ္ဆေ ကိစ္စများမှာ နဂိုကတည်းက လက်ဆုပ်လက်ကိုင် ပြ၍မရသော အရာများ ဖြစ်ပေသည်။
ထိုအရာများမှတစ်ဆင့် ပေါ်ထွက်လာသော ဗေဒင်ဟောကိန်းများကို လင်ကွေ့ဖေး အမှန်တကယ်တော့ သိပ်မယုံကြည်လှပေ။
သို့သော် ဧကရာဇ်နှင့် မှူးမတ်များအနေဖြင့် ပြည်သူများကို အုပ်ချုပ်ရာတွင် ပထမအချက်မှာ သီလရှိခြင်း၊ ဒုတိယအချက်မှာ ပြည်သူများကို အေးချမ်းစေခြင်းနှင့် တတိယအချက်မှာ ပြည်သူများကို ဤကံကြမ္မာကိစ္စများကို ယုံကြည်လာစေရန် ပြုလုပ်ခြင်းတို့ပင် ဖြစ်သည်။
ဤအရာများကို လက်ခံလိုက်သည်နှင့် ကိစ္စတော်တော်များများမှာ လေသာဆောင်မှာ ရွက်လွှင့်သကဲ့သို့ အလွယ်တကူ ဖြစ်သွားနိုင်ပေ၏။
အကယ်၍ ယင်းကွေ့ဖင် သာ ဤကိစ္စကြောင့် ကံဆိုးစေသူ ဟူသော နာမည်ဆိုး ရသွားလျှင် စတုတ္ထမင်းသား ကို ပြုစုပျိုးထောင်ခွင့် ရတော့မည် မဟုတ်ပေ။
ထိုအချိန်ကျလျှင် သူမကဲ့သို့ ကွေ့ဖေးမယ်မယ် တစ်ပါးက စတုတ္ထမင်းသား ကို မွေးစားလိုက်ခြင်းမှာ အသင့်တော်ဆုံးပင် ဖြစ်ပေလိမ့်မည်။
ဤအရာများကို ကျန်းမင်းသား က စောစောကတည်းက တွေးထားပြီးသား ဖြစ်လေသည်။
သို့သော် ယခုအချိန်တွင် လွယ်လွယ်နှင့် လုပ်လို့မရပေ။ မဟုတ်လျှင် ယီဖေး က နန်းတော်ထဲတွင် အခွင့်ကောင်းယူသွားလျှင် ပိုဆိုးသွားနိုင်သည်။
အရာအားလုံးကို လင်ကွေ့ဖေး နန်းတော်သို့ ပြန်ရောက်ပြီးမှသာ အကောင်အထည်ဖော်ရမည် ဖြစ်သည်။
ထို့ကြောင့် သူက နှစ်သိမ့်စကား ပြောလိုက်လေသည်။
"မယ်မယ် စိတ်ချပါ… အရင်တုန်းက မယ်တော်ကြီး လည်း အရှင်မင်းကြီး ကို ဘေးမှာ မွေးစားထားခဲ့လို့ မောင်းမဆောင် ရဲ့ အရှင်သခင် နေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တာလေ… အခု ငါတို့ကလည်း အဲဒီနည်းလမ်းအတိုင်း လိုက်လုပ်ရုံပါပဲ… စတုတ္ထမင်းသား ကို ခေါ်လာပြီးတာနဲ့ သူက ကွေ့ဖေး ရဲ့ သား ဖြစ်သွားပြီ… ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ အဆင့်အတန်းက ဖင် အဆင့်လောက်ပဲ ရှိတဲ့ အမေဆီကနေ မွေးလာတာထက် အများကြီး ပိုမကောင်းဘူးလား"
"ဒါ့အပြင် ဖေမိသားစု ကလည်း အဆင်ပြေနေတဲ့ မိသားစုမှ မဟုတ်တာ… ယင်းကွေ့ဖင် ကလွဲရင် အိမ်မှာ တခြားကလေးလည်း မရှိဘူးလေ… ဒါက အတော်ပဲ မဟုတ်ဘူးလား"
သူမကြောင့် မိဘ စိတ်ဆင်းရဲရတယ်၊ သားသမီး အရှက်ရရတယ်ဆိုတဲ့ နာမည်ဆိုးတစ်ခုကို အကြောင်းမဲ့ တပ်လိုက်ရုံဖြင့် အရှင်မင်းကြီး က ခွင့်လွှတ်ပေးလျှင်တောင် ပြည်သူများက ခွင့်လွှတ်မည် မဟုတ်ပေ။
ဤအကြောင်းကို တွေးမိသည်နှင့် သူ့နှုတ်ခမ်းထောင့်များတွင် ကျေနပ်မှုများ ပေါ်လာလေ၏။
မျက်ဝန်းများထဲတွင်လည်း လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
မူလက စီစဉ်ထားသော တစ်သက်လုံး အေးအေးချမ်းချမ်းနှင့် နန်းတော်ထဲတွင် အိုမင်းသေဆုံးသွားမည့် ဆိုသည့် လမ်းကို သူမ မရွေးချယ်ခဲ့ပေ။
စတုတ္ထမင်းသား ကို မွေးဖွားဖို့အတွက် စွန့်စားခဲ့သည်ဆိုတော့ ဖေမိသားစု အပေါ် သူ အထက်စီး ဆန်သည်ကို အပြစ်တင်လို့ မရတော့ပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့မိသားစုက ညီလာခံတွင် အရေးပါသော မှူးမတ်များ မဟုတ်သလို ခိုင်မာသော ဆွေမျိုးဆက်စပ်မှုလည်း မရှိကြချေ။
ထို့ကြောင့် ကျန်းမင်းသား ၏ မျက်လုံးထဲတွင်တော့ သားငယ်လေး ပါလာသော သိုးမလေး တစ်ကောင်လို ဖြစ်နေပြီး ယခုတကယ်ကို အသတ်ခံရတော့မည့် အခြေအနေပင်။
လင်ကွေ့ဖေး က ကျန်းမင်းသား ၏ မရရအောင် ယူမည်ဆိုသော မျက်နှာထားကို ကြည့်ပြီး ရင်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။
သို့သော် မကြာမီမှာပင် သူမ ပြန်လည်၍ မကျေမနပ် ဖြစ်လာပြန်သည်။
အကြောင်းရင်းမှာ သူမက အရှင်မင်းကြီး ဘေးတွင် လင်ရှင်းကျစ် ရှိနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
သူမ၏ အစ်ကိုကြီး… အမတ်ချုပ်အိမ်တော် ၏ တရားဝင်မြေးဦး ဆိုသူက အရင်တုန်းက ပုရွက်ဆိတ်တစ်ကောင်လောက်တောင် အရာမဝင်ခဲ့သူ ဖြစ်သည်။
ယခုလို မြန်မြန်ဆန်ဆန် နေရာရလာလိမ့်မည်ဟု သူမ လုံးဝ မတွေးမိခဲ့ပေ။
အရှင်မင်းကြီး ဘေးကိုတောင် ရောက်နေပြီပဲ။
ထို့နောက် လင်ဝမ်ယိ နန်းတော်ထဲရောက်နေသည့် ဤလအနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို တွေးမိသောအခါ ပို၍ပင် ဒေါသထွက်လာရသည်။
တစ်နေ့တွင် အရှင်မင်းကြီး နေ့လယ်စာစားပြီး အိပ်စက်နေချိန်ကို အခွင့်ကောင်းယူကာ သူမက တမင် ထွက်လာခဲ့လေ၏။
သူမ လာရခြင်းမှာ အရှင်မင်းကြီး ဆီသို့ မဟုတ်ဘဲ လင်ရှင်းကျစ် ဆီသို့ ဦးတည်လာခြင်း ဖြစ်သည်။
ထို့ကြောင့် တွေ့သည်နှင့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖန်တီးလိုက်ပြီး ရင်းနှီးသည့်ဟန်ဖြင့် ပြောလိုက်လေသည်။
"အစ်ကိုကြီးက ဒီလောက်တောင် ကံကောင်းနေတာကိုး… အရှင်မင်းကြီး ဘေးမှာတောင် တော်ဝင်သက်တော်စောင့် ဖြစ်နေပြီ… နှမြောစရာကောင်းတာက တတိယမောင်လေး ပဲ… ခေါင်းက ဒဏ်ရာတွေ ဘယ်လိုနေလဲတောင် မသိဘူး"
တတိယမောင်လေး…ခေါင်းက ဒဏ်ရာတွေ ဟုတ်လား…
လင်မုကျစ် ကို ပြောနေတာများလား…
လင်ရှင်းကျစ် ၏ ခေါင်းထဲတွင် ချက်ချင်းပင် ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။
သူက အပြင်ဘက်တွင် မည်မျှပင် တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပြီး အေးအေးဆေးဆေး နေနိုင်သော်လည်း မိသားစုဝင်များနှင့် ရင်ဆိုင်ရချိန်တွင်တော့ မဖုံးနိုင်ဘဲ စိတ်ပူလာလေသည်။
သို့သော် ဘေးနားရှိ ကျန်းဟွမ့်ချင်း က လင်ရှင်းကျစ် ၏ အင်္ကျီလက်စကို တိတ်တဆိတ် ဆွဲလိုက်မှသာ သူ သတိပြန်ဝင်လာတော့သည်။
သူ၏ မျက်နှာထားက အေးစက်သွားပြီး ကင်းစောင့်နေသည့် အချိန်က ပုံစံမျိုးသို့ ပြန်လည် ပြောင်းလဲသွားလေ၏။
"ကွေ့ဖေးမယ်မယ်… အရှင်မင်းကြီး နေ့လယ်ခင်း အိပ်စက်နေပါတယ်… မယ်မယ် စင်္ကြံလမ်းမှာ စောင့်နေမလား… ဒါမှမဟုတ် အရင်ပြန်ပြီး နားနေမလား"
လင်ရှင်းကျစ် က အကွက်ထဲ မဝင်လာသည်ကို မြင်သောအခါ လင်ကွေ့ဖေး မှာ အသက်ရှူပင် မှားသွားရလေသည်။
သူမ အမုန်းဆုံးမှာ ဤကဲ့သို့ လေထဲက တိမ်တိုက်လို အေးဆေးတည်ငြိမ်နေသော ပုံစံပင် ဖြစ်သည်။ ဤသည်မှာ လင်ဝမ်ယိ နန်းတော်ထဲတွင် အရှင်မင်းကြီး ကို မြူဆွယ်စဉ်က သုံးခဲ့သော နည်းလမ်းများနှင့် အတူတူပင် ဖြစ်နေ၏။
ထို့ကြောင့် ဘေးနားတွင် တခြားလူများ ရှိနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ချက်ချင်းပင် ခနဲ့တဲ့တဲ့ ပြောလိုက်လေသည်။
"အစ်ကိုကြီးက တကယ်ပဲ ခြေတစ်လှမ်းတည်းနဲ့ ကောင်းကင်ဘုံကို ရောက်သွားတာကိုး… အိမ်ကလူတွေကိုတောင် ဂရုမစိုက်တော့ဘူး… ဒါပေမဲ့ တတိယမောင်လေး ဒဏ်ရာပြင်းထန်တာရယ်… ပထမအိမ်ခွဲ မိသားစုကွဲသွားတာရယ်… ညီမအရင်းလေး အဆိပ်မိတာတွေက… အစ်ကိုကြီးရဲ့ မျက်လုံးထဲမှာ ဒီလို ရာထူးတက်ဖို့လောက် အရေးမပါဘူး ထင်တယ်"
ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် အလွန်တရာ အံ့ဩထိတ်လန့်သွားသည်ကို မြင်မှသာ သူမက လှည့်ထွက်သွားတော့သည်။
ထွက်သွားရင်းနှင့် စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်သေး၏။
"တော်ဝင်သမားတော် က ပြောတယ်… ဒုတိယညီမလေး က သားသမီးရဖို့ ခက်ခဲသွားပြီတဲ့… နောင် ဖြတ်သန်းရမဲ့ နေ့ရက်တွေမှာ ဘယ်အချိန် အဆုံးသတ်မယ်ဆိုတာ မသိနိုင်တော့ပါဘူးလေ"
သူမကတော့ ခဏတာ ကျေနပ်အောင် ပြောသွားသော်လည်း သနားစရာ လင်ရှင်းကျစ် မှာတော့ တစ်ခုပြီးတစ်ခု ကြားရသော သတင်းများကြောင့် တုန်လှုပ်သွားပြီး မတ်တပ်ပင် မရပ်နိုင် ဖြစ်သွားရလေသည်။
သူ့၏ မျက်နှာတွင် ထိတ်လန့်ချောက်ချားနေမှုများ ပြည့်နှက်နေတော့သည်။
ကျန်းဟွမ့်ချင်း မှာ သူ့ဘေးတွင် ရပ်နေသောကြောင့် ထိုစကားများကို ကြားလိုက်ရသည်။
ရင်ထဲတွင် အလွန်တရာ ရွံရှာသွားမိသည်။
တကယ်ကို မင်းသမီးရုံခန့် ရဲ့ သွေးပါပဲ… တစ်မိသားစုလုံးက ရွံစရာကောင်းလွန်းတယ်။
သူ့အဘိုး နှင့် ကျန်းမင်းသားအိမ်တော် ကြားက အတိတ်က ကိစ္စများကို တွေးမိသောအခါ သူလည်း အံကြိတ်မိသည်အထိ ဒေါသထွက်လာရသည်။
သို့သော် ယခုအချိန်တွင် ရုံချန်မြို့စားအိမ်တော် ၏ အင်အားဖြင့် ကျန်းမင်းသားအိမ်တော် ကို သွားတိုက်ခိုက်လျှင် ကြက်ဥနှင့် ကျောက်ခဲကို ပေါက်သလို ဖြစ်မည်မှန်း သူ သိလေသည်။
ထို့ကြောင့် တချို့သော ဒေါသများကို ဖြေဖျောက်၍မရလျှင်တောင် တောင့်ခံထားရမည် ဖြစ်သည်။
ယခု လင်ရှင်းကျစ် လည်း ထိုနည်းတူပင်။
မကျေမနပ် ဖြစ်နေသော်လည်း ဘာမှ မလုပ်နိုင်ပေ။
အင်အားကို ဖုံးကွယ်ပြီး အချိန်အခါကောင်းကို စောင့်ဆိုင်းရမည်သာ။ ထို့နောက် တစ်ချက်တည်းနှင့် ထိမိအောင် တိုက်ခိုက်ပြီး ရှင်းလင်းပစ်ရပေမည်။
"အစ်ကိုဟယ့်စုန်း… ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေကြောင့် စိတ်သောက ရမနေပါနဲ့… တကယ်လို့ အိမ်မှာသာ အဲဒီလောက် ကိစ္စတွေ အများကြီး ဖြစ်နေရင် အစ်ကို့ အိမ်ကစာတွေ ပို့လို့ ပြီးမှာတောင် မဟုတ်ဘူး… လွန်ခဲ့တဲ့ ရက်ပိုင်းကတောင် အစ်ကို အိမ်ကနေ ဘေးကင်းကြောင်း စာတစ်စောင် ရသေးတယ် မဟုတ်လား… ဒါကြောင့် သူ ပြောတာတွေ အကုန်လုံးက အလကား လျှောက်ပြောနေတာ ဆိုတာ သိသာပါတယ်"
လင်ရှင်းကျစ် ကလည်း ဤကိစ္စများ အားလုံးကို လင်ကွေ့ဖေး လျှောက်ပြောခြင်းသာ ဖြစ်ပါစေဟု မျှော်လင့်မိပါသည်။
သို့သော် သူ၏ အလိုလိုသိစိတ်ကတော့ အိမ်ကလူတွေက တမင်သက်သက် ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်ဟု ပြောနေလေ၏။