အခန်း ၂၀၅
Vol. 21 Ch. 205
အခန်း(၂၀၅) ဆောင်းဦး ဂဏန်းစားပွဲ
သူက အိမ်နှင့် ဝေးရာတွင် ရှိနေသဖြင့် အိမ်တွင် ကိစ္စတစ်ခုခု ရှိလျှင်လည်း ကူညီပေးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူ့ကို ဖုံးကွယ်ထားခြင်းမှာ သဘာဝကျလှသည်။
သို့သော် ယခုအချိန်တွင် သူက အိမ်သို့ ပြန်သွား၍ မရသဖြင့် ဤသည်က သူ့ကို ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်သွားစေတော့သည်။
ထိုအချိန်မှာပင် သုန်ယွီကျုံး က ခြံဝင်းအပြင်ဘက်မှ လျှောက်ဝင်လာသည်နှင့် ဆုံသွားလေသည်။
လင်ရှင်းကျစ် သည် သုန်ယွီကျုံးကို သူ၏ ညီမလေး ချန်ချန် အကြောင်း မေးချင်သော်လည်း မည်သို့ စကားစရမည်ကို မသိဖြစ်နေ၏။
သုန်ယွီကျုံး သည် အရှင်မင်းကြီး ရှေ့တွင် ခစားခဲ့ဖူးသူပီပီ လူကဲခတ်ရာတွင် တစ်ချက်ကြည့်လိုက်ရုံနှင့် သိလေသည်။
ထို့ပြင် သူလာချိန်တွင် လင်ကွေ့ဖေး နှင့် ဆုံခဲ့ပြီး လင်ရှင်းကျစ် ၏ မျက်နှာထားကိုပါ ကြည့်ခြင်းအားဖြင့် စကားကောင်း ပြောခဲ့သည် မဟုတ်ကြောင်း သေချာ သိလိုက်လေ၏။
တွေးတောစဉ်းစားပြီးနောက် ရှေ့တိုးကာ သူက အရင်စပြောရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် လင်ရှင်းကျစ် ကို ကြည့်ကာ ပြောလိုက်လေသည်။
"သက်တော်စောင့်လင် စိတ်မပူပါနဲ့… အရှင်မင်းကြီး ရှေ့တော်မှာ ခစားတဲ့အခါ အရေးအကြီးဆုံးက စိတ်တည်ငြိမ်ဖို့ပါပဲ… ဒါမှသာ ကိစ္စတွေကို အာရုံစိုက်နိုင်မှာပါ… အပြင်က အနှောင့်အယှက်တွေ ဆိုတာ မျက်စိရှေ့က ဖြတ်သွားတဲ့ ဖုန်မှုန့်တွေလိုပါပဲ… ခင်ဗျား စိတ်အေးအေးသာ ထားပါ"
စကားလုံးတိုင်းတွင် လင်မိသားစု ၏ ပထမအိမ်ခွဲ အကြောင်း တစ်လုံးမျှ မပါသော်လည်း သတိပေးချက်များ ဖြစ်နေလေ၏။
အကယ်၍ လင်ရှင်းကျစ် သာ ဤစကားကို နားမလည်လျှင် သူသည် ငအပင်ဖြစ်ပေမည်။
မူလက ရှုပ်ရှက်ခပ်နေသော စိတ်များက ယခုအခါ အများကြီး ရှင်းလင်းသွားတော့သည်။
လင်ကွေ့ဖေး ယခုလို ရောက်လာခြင်းက သူ၏ စိတ်ကို ယိမ်းယိုင်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်မှန်း သိလိုက်ရ၏။
အရှင်မင်းကြီး ရှေ့တော်တွင် ခစားရာ၌ တစ်ချက်လေး သတိလွတ်သွားသည်နှင့် မိမိကိုယ်ကို ဖျက်ဆီးရုံသာမက မိသားစုကိုပါ ဆွဲသွင်းမိမည့် ပြဿနာကြီး ဖြစ်သွားနိုင်သည်။
သူမ၏ စိတ်က တကယ်ကို အရင်ကလိုပင် ယုတ်မာကောက်ကျစ်လွန်းလှသည်။
သို့သော် သုန်ယွီကျုံး ၏ လေးနက်သော အကြည့်ကို မြင်လိုက်ရသောအခါ လင်ရှင်းကျစ် အများကြီး စိတ်သက်သာရာ ရသွားလေသည်။
သူက နန်းတော်ထဲက အစေခံများအကြားတွင် အာဏာရှိသူ တစ်ဦး ဖြစ်ပြီး နေ့စဉ်နေ့တိုင်း အရှင်မင်းကြီး ရှေ့တွင် ခစားနေရသဖြင့် သတင်းမှန်များကို သိသူ ဖြစ်ပေသည်။
သူ၏ ဤသတိပေးစကား တစ်ခွန်းကြောင့် လင်ရှင်းကျစ် အတိုင်းမသိ ကျေးဇူးတင်သွားမိသည်။
"သုန်ကုန်းကုန်း ကို ကျေးဇူးတင်ပါတယ်… ကျွန်တော်မျိုး သေချာပေါက် ကောင်းကောင်း ကင်းစောင့်ပါ့မယ်… နောက်ထပ် စိတ်မလွင့်စေရပါဘူး"
သုန်ယွီကျုံး က ပြုံးလိုက်ပြီးနောက် အခန်းထဲသို့ လျှောက်ဝင်သွားလေသည်။
အရှင်မင်းကြီး နေ့လယ်ခင်း အိပ်စက်သည့် အချိန်က သိပ်မကြာလှသဖြင့် သူက အခန်းထဲတွင်သာ ထိုင်စောင့်နေလိုက်တော့သည်။
ဘယ်အချိန် နိုးလာမည် ဆိုသည်ကို မသိနိုင်ပေ။
သူ ဝင်သွားပြီး မကြာမီမှာပင် အရှင်မင်းကြီး က အိပ်ရာမှ ထလာလေသည်။
ပထမဆုံး ပြောလိုက်သည့် စကားမှာ အမိန့်ပေးခြင်းပင်။
"ခရီးဆက်ကြရအောင်… နှစ်ရက်တောင် နောက်ကျနေပြီ… ဒီထိုက်ဆန်းတောင် ရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်က ငါတို့ကို စောင့်နေမှာ မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ… ဒီအစေခံ အမိန့်တော်အတိုင်း လုပ်ဆောင်ပါ့မယ်"
ထို့ကြောင့် နှစ်ရက်ကြာ ရပ်နားထားသော အရှင်မင်းကြီး တို့ အဖွဲ့သည် တစ်နာရီခန့် အကြာတွင် ထိုက်ဆန်းတောင် သို့ ဦးတည်ကာ ဆက်လက် ထွက်ခွာသွားကြတော့သည်။
ရှေ့ဆုံးမှ ဦးဆောင်သွားသူများမှာ စတုတ္ထမင်းသား နှင့် ကျန်းမင်းသား တို့ ဖြစ်ကြသည်။
သူတို့ နှစ်ယောက်လုံးက မြင်းများကို ကိုယ်စီ စီးနင်းလာကြလေ၏။
စတုတ္ထမင်းသား မှာ နဂိုကတည်းက အရပ်မောင်းကောင်းပြီး နှစ်ပေါင်းများစွာ စစ်တပ်ထဲတွင် နေထိုင်လာခဲ့သဖြင့် ဤကိစ္စကို အရင်ကတည်းက ကျင့်သားရနေပြီ ဖြစ်သည်။
ကျန်းမင်းသား ကတော့ စတုတ္ထမင်းသား ရှေ့တွင် အားနည်းချက် မပြချင်သဖြင့် အတင်းအောင့်အည်းကာ နေ့တစ်ဝက်နီးပါး တောင့်ခံထားလိုက်လေသည်။
ညဘက် နားနေချိန်ရောက်မှသာ ခြေထောက်နှစ်ဖက်လုံး ပွန်းပဲ့နေသည်ကို တွေ့လိုက်ရ၏။
သူက ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ် ဖြစ်သွားရလေသည်။
ဒုတိယနေ့တွင်တော့ စတုတ္ထမင်းသား တစ်ယောက်တည်းသာ ရှေ့ဆုံးမှ မြင်းစီးကာ အကာအကွယ်ပေးနေလေသည်။
ကျန်းမင်းသား ကတော့ အနောက်ဘက်ရှိ ဝေါယာဉ်ထဲမှ နေပြီး စတုတ္ထမင်းသား ၏ ကျောပြင်ကို စူးစိုက်ကြည့်ကာ မကျေမနပ် ဖြစ်နေလေ၏။
စိတ်ခံစားချက်က လွှမ်းမိုးသွားသောအခါ အသေးစိတ်အချက်အလက်များကို လျစ်လျူရှုမိတတ်လေသည်။
သူက တော်ဝင်ချပ်ဝတ်စစ်တပ် မှ လူ ခုနစ်ယောက် ရှစ်ယောက်ခန့် သာရှိသော နေရာကိုသာ ကြည့်နေလေသည်။
သူတို့က ဖြတ်လမ်းမှ ဖြတ်ကာ တုန်းကျိုး သို့ တန်းတန်းမတ်မတ် ထွက်သွားကြလေ၏။
ယခုအချိန်တွင် ကျန်းမင်းသား က ဆက်လက် ရင်ဆိုင်ရမည့် ကြီးမားသော မုန်တိုင်းကို မသိသေးဘဲ စတုတ္ထမင်းသား ရှေ့တွင် အားနည်းချက် မပြဖို့ကိုသာ တစ်ချိန်လုံး တွေးနေလေသည်။
မဟုတ်လျှင် သူ၏ အမတ်ချုပ်ကြီး ဆိုသော နာမည်က ပိုပြီး အရှက်ကွဲစရာ ဖြစ်သွားမည် မဟုတ်လား။
တစ်မိသားစုတည်းက လူတွေမို့ စရိုက်ကလည်း သိပ်မကွာကြပေ။
ကျန်းမင်းသား က လမ်းတွင် စတုတ္ထမင်းသား နှင့် အပြိုင်အဆိုင် ဖြစ်နေချိန်တွင် ရှန်းကျင်းမြို့တော် ထဲ၌လည်း မင်းသမီးရုံခန့် နှင့် စတုတ္ထမင်းသမီး တို့ အပြိုင်အဆိုင် ဖြစ်နေကြလေပြီ။
စတုတ္ထမင်းသမီး က အိမ်တော်တွင် ဆောင်းဦး ဂဏန်းစားပွဲ ကျင်းပခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် တရားဝင်ဇနီးများသာ အိမ်တော်ထဲ ဝင်ရောက် ဆင်နွှဲခွင့် ရှိပေသည်။
သို့သော် ကျန်းမင်းသားအိမ်တော် တွင် ဤနှစ်များတစ်လျှောက် အိမ်ထောင်ဦးစီး နေရာကို ယူထားသူမှာ ဝေ့ဘေးထားတော် သာ ဖြစ်သဖြင့် ယနေ့ ရောက်လာသူမှာလည်း သူမပင် ဖြစ်နေသည်။
မင်းသမီးရုံခန့် နှင့် သူမ တို့က နှစ်ယောက်ပေါင်းကာ လက်အောက်ငယ်သားများအပေါ် အကျင့်ယုတ်နေကြလေသည်။
ဤမြင်ကွင်းကို မြင်တိုင်း စတုတ္ထမင်းသမီး ၏ ဒေါသက ငယ်ထိပ်အထိ ဆောင့်တက်သွားရလေ၏။
ပထမအချက်က သူမ၏ ငယ်သူငယ်ချင်းအတွက် မကျေမနပ် ဖြစ်ရခြင်း ဖြစ်ပြီး ဒုတိယအချက်က ကျန်းမင်းသားအိမ်တော် ၏ ဟန်ရေးပြမှုများကို အထင်မကြီးသောကြောင့် ဖြစ်သည်။
အထူးသဖြင့် မင်းသမီးရုံခန့် က နန်းတော်ထဲရှိ ကွေ့ဖေး ၏ အရှိန်အဝါနှင့် သူမ၏ အနည်းငယ်သာ ကျန်တော့သော အရှိန်အဝါကို အကြိမ်ကြိမ် အသုံးချကာ ကျန်းမင်းသမီး ကို နေရာတကာတွင် ဖိနှိပ်နေခြင်းကြောင့် ဖြစ်သည်။
ယနေ့ စတုတ္ထမင်းသမီး ပြဿနာရှာရခြင်း၏ အရင်းအမြစ်မှာလည်း ကျန်းမင်းသမီး အနိုင်ကျင့်ခံရသောကြောင့်ပင်။
ကျန်းမင်းသမီး မှာ နဂိုကတည်းက ဗောဓိသတ်လို စိတ်သဘောထား ရှိသူ ဖြစ်သည်။
အိမ်ထောင်မပြုခင်က စတုတ္ထမင်းသမီး နှင့် အလွန် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ခဲ့ပြီး တစ်ချိန်က တက်ကြွလန်းဆန်းသော စိတ်နေစိတ်ထား ရှိခဲ့သူလည်း ဖြစ်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ မိသားစု အခြေအနေကြောင့် မတတ်သာ၍ ကျန်းမင်းသားအိမ်တော် ထဲသို့ ဝင်ရောက်လာရပြီး ဘေးထားတော် တစ်ယောက်၏ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရခြင်းပင်။
သူမက စိတ်သဘောထား ကြီးမြတ်ပြီး နားလည်ပေးတတ်သောစိတ်ကြောင့်သာ တော်တော့သည်။ အကယ်၍ စတုတ္ထမင်းသမီး သာ ကျန်းမင်းသားအိမ်တော် ထဲ ရောက်သွားလျှင်တော့ ကြက်ပျံငှက်ပျံ ဖြစ်အောင် ပြဿနာရှာမိပေလိမ့်မည်။
"လူတွေက ဇနီးမယား ယူရင် စိတ်ထားကောင်းတဲ့ သူကို ယူရတယ်… မယားငယ် ယူရင် အလှအပကို ယူရတယ်လို့ ပြောကြတယ်… ဒါပေမဲ့ ဒီကျန်းမင်းသားအိမ်တော် ကတော့ တကယ့်ကို ကံကောင်းတာပဲ… အိမ်ထောင်ဦးစီး နေရာကို ယူထားတာရော မင်းသားကို ပြုစုရတာရောက တစ်ယောက်တည်း ဖြစ်နေတယ်… ဝေ့ဘေးထားတော် က တကယ့်ကို ဉာဏ်များတာပဲ… ဒီလိုဆိုတော့ ငါတို့လို တရားဝင် ဇနီးမယား တွေတောင် ကိုယ့်ကိုယ်ကိုယ် ရှက်မိလာပြီ"
စတုတ္ထမင်းသမီး ၏ စကားများက အလွန် ရင့်ပြီး ဝေ့ဘေးထားတော် ကို အနည်းငယ်မျှပင် အားမနာချေ။
ရှန်းကျင်းမြို့တော် ထဲတွင် ဝေ့မိသားစု က သမီးကောင်း တစ်ယောက် မွေးဖွားလာခဲ့ပြီး တစ်နေ့ နေရာရလာသောအခါ တစ်မိသားစုလုံး အလင်းရောင် ရသွားကြောင်း မည်သူက မသိဘဲ နေမည်နည်း။
မနာလိုသူလည်း ရှိသလို မုန်းတီးသူလည်း ရှိပေသည်။
အထူးသဖြင့် ယခုလို ကြီးကျယ်သော ပွဲမျိုးတွင် ရောက်လာသူများ အားလုံးက နေရာရထားသော သခင်မများချည်း ဖြစ်သည်။
ဘယ်သူကများ အိမ်တော်ထဲက မယားငယ်တွေကို သေချာ မဖိနှိပ်ထားဘဲ နေမည်နည်း။
ဝေ့ဘေးထားတော် လိုမျိုး အရှက်မရှိ ပွဲလာတက်သူကိုတော့ ကျိန်းသေ မျက်မုန်းကျိုးနေကြလေသည်။
အဆင့်အတန်းကို ငဲ့ကွက်ပြီး မပြောရဲကြခြင်းသာ ဖြစ်သည်။
သို့သော် ဤလောကရှိ မိန်းမများထဲတွင် နန်းတော်ထဲက လူများကို ဖယ်လိုက်လျှင် စတုတ္ထမင်းသမီး က အမြင့်မြတ်ဆုံး ဖြစ်ပေသည်။
သူမက ပြောဆိုလိုက်၍ ဝေ့ဘေးထားတော် က အလွန် မုန်းတီးသွားလျှင်တောင် ထိပ်တိုက် ရင်မဆိုင်ရဲချေ။
ထို့ကြောင့် အနေခက်စွာ ပြုံးလိုက်ပြီး အခြေအနေကို ပြေလည်စေရန် ပြောလိုက်လေသည်။
"စတုတ္ထမင်းသမီး က အထင်ကြီးလွန်းနေပါပြီ… ကျွန်တော်မျိုးမ က မင်းသမီး ရှေ့မှာ ဘယ်လိုလုပ်ပြီး အရည်အချင်းရှိတယ်လို့ ပြောလို့ရမှာလဲ… မင်းသမီးရဲ့ အစ်မကြီး နေမကောင်းဖြစ်နေလို့ ကျွန်တော်မျိုးမ ကို ပွဲတက်ခိုင်းလိုက်တာပါ… တကယ်လို့ စတုတ္ထမင်းသမီး ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် ဒါက ကျွန်တော်မျိုးမ ရဲ့ အပြစ်ပါပဲ"
နှိမ့်ချပြီး ခစားတတ်သော ပုံစံကို တစ်ချက်ကြည့်ရုံဖြင့် သိလေသည်။
သူမက နဂိုကတည်းက အစေခံ ဘဝမှ လာသူဖြစ်၍ ဤအရာများကို စောစောကတည်းက ကျင့်သားရနေပြီ ဖြစ်သည်။
ယခု ကျန်းမင်းသားအိမ်တော် ထဲတွင် အာဏာရှိသူ တစ်ဦး ဖြစ်နေလျှင်တောင် အခြားသူများက သူမကို အာဏာပြသည်ဟု အပြောမခံရအောင် နေတတ်လေသည်။
သို့သော် မင်းသမီးရုံခန့် ကတော့ မကျေမနပ် ဖြစ်သွားရသည်။
စတုတ္ထမင်းသားအိမ်တော် နှင့် ကျန်းမင်းသားအိမ်တော် တို့မှာ နဂိုကတည်းက တိတ်တဆိတ် အပြိုင်အဆိုင် ဖြစ်နေကြသည်ဖြစ်ရာ ဤမြင်ကွင်းကို လူအများက မြင်သွားလျှင် ကျန်းမင်းသားအိမ်တော် က အားနည်းချက် ပြလိုက်သလို ဖြစ်မသွားဘူးလား။
သူမကလည်း ကျန်းမင်းသားအိမ်တော် မှ လာသူဖြစ်ရာ ကျန်းမင်းသားအိမ်တော် က အောက်ကျို့သွားရသည်ကို သူမက ဘယ်လိုလုပ်ပြီး ထိုင်ကြည့် နေနိုင်မည်နည်း။
ထို့ကြောင့် ရှေ့ထွက်ကာ ကာကွယ်ပြီး ပြောလိုက်လေသည်။
"စတုတ္ထမင်းသမီးကို ကြည့်ရတာ ယုံကြည်မှု အပြည့်ရှိနေသလိုပဲ… စတုတ္ထမင်းသား ရဲ့ စစ်တပ်ထဲက ကြမ်းတမ်းတဲ့ အငွေ့အသက်တွေ အိမ်ကို ပါလာလို့ မင်းသမီး ပါ ကူးပြီး မျက်နှာထား တင်းမာပြီး စိတ်နှလုံး မာကျောလာတာများလား မသိဘူး"
သူမက အပျိုပေါက် အရွယ်ကတည်းက အခွင့်ကြုံလျှင် သူတစ်ပါးကို အလွတ်မပေးတတ်သူ ဖြစ်သည်။
ထိုအချိန်က ကျန်းမင်းသားကြီး လည်း ရှိနေသေးပြီး ယခင်ဧကရာဇ် ၏ အသက်ကို ကယ်ခဲ့ဖူးသူ ဖြစ်သဖြင့် ကျန်းမင်းသားအိမ်တော် ၏ အရှိန်အဝါက ဘယ်သူ့ထက်မဆို ကြီးမားခဲ့သည်။
ထို့ကြောင့် သူမသည် လူအများ၏ အာရုံစိုက်မှု အခံရဆုံး သူ ဖြစ်ခဲ့လေသည်။
ထိုအချိန်ကတည်းက သူမနှင့် စတုတ္ထမင်းသမီး တို့က စကားသိပ်မပြောဖြစ်ခဲ့ကြပေ။
သူမ ဘေးနားရှိ လူများကိုပါ မုန်းတီးနေခဲ့ခြင်း ဖြစ်သည်။
ဤကျန်းမင်းသမီး မှာလည်း ကံဆိုးမိုးမှောင်ကျသူ တစ်ဦးပင်။
မိသားစု နှင့် သူငယ်ချင်း နှစ်ခုဆက်စပ်မိသောအခါ မင်းသမီးရုံခန့် ၏ အကြိုက်နှင့် မကိုက်ညီနိုင်တော့ပေ။
ထို့ပြင် ဝေ့ဘေးထားတော် ကလည်း ချိုသာပျော့ပျောင်းသော စကားများကို ပြောတတ်သူ ဖြစ်ပြီး သူမက ကိုယ်ဝန်ရှိနေသောကြောင့် မျက်နှာမှာလည်း လန်းဆန်းတက်ကြွလှလေသည်။