အခန်း ၂၀၆
Vol. 21 Ch. 206
အခန်း(၂၀၆) နှစ်ကြိမ် ဆက်တိုက် ရှုံးနိမ့်ခြင်း
ထို့ကြောင့် ဝေ့ဘေးထားတော် ရှိနေခြင်းက ကြာလာသည်နဲ့အမျှ သူမ ကျင့်သားရနေပြီ ဖြစ်သည်။
ယခုလို စတုတ္ထမင်းသမီး က လူအများရှေ့တွင် မျက်နှာဖြတ်ရိုက်လိုက်သည်ကို သူမက ဘယ်လိုလုပ်ပြီး ဝင်မကူဘဲ နေနိုင်မည်နည်း။
သို့သော် သူမ ရင်ဆိုင်နေရသည်က စတုတ္ထမင်းသမီး ဖြစ်ပြီး အသည်း မာကျောသူ တစ်ဦးလည်း ဖြစ်နေသည်။
ထို့ပြင် နာမည်ကောင်းရှိပြီး လူချစ်လူခင် ပေါများသဖြင့် ယခု ဆောင်းဦး ဂဏန်းစားပွဲ တွင်လည်း အားလုံးက သူမဘက်မှာသာ ရှိနေကြလေသည်။
"တကယ်ပဲ တစ်မိသားစုထဲမို့ ဒီစကားပဲ ပြောကြတာလား… ဒီမင်းသမီး ဖိတ်စာပို့တုန်းက မှတ်မိသလောက်ဆိုရင် ဖိတ်ထားတာက အမတ်ချုပ်လင် ရဲ့ဇနီးမယားကိုပါ… မင်းသမီးရုံခန့် ကို မဟုတ်ဘူး… ရှင်က ကိုယ့်ကိုယ်ကိုယ် ဒီမင်းသမီး ဒီမင်းသမီး နဲ့ ပြောနေတာ… အမတ်ချုပ်လင် မှာ တခြား ရည်ရွယ်ချက်တွေများ ရှိနေလို့လား"
တစ်ခွန်းတည်းနဲ့ အပြတ်ရှင်းလိုက်လေသည်။
စတုတ္ထမင်းသမီး ၏ ဤစကားက ဓားထက်ထက် တစ်လက်က မင်းသမီးရုံခန့် ၏ ရင်ထဲသို့ တည့်တည့် စိုက်ဝင်သွားသကဲ့သို့ပင်။
သူမက နဂိုကတည်းက ဒုတိယဇနီး ဆိုသော နာမည်ကို အလွန် မကျေနပ်ခဲ့ပေ။ ဤနှစ်များတစ်လျှောက် သူမရှေ့တွင် ထိုကိစ္စကို ထုတ်ပြောသူ အလွန် ရှားပါးလှသည်။
ယခုမူ စတုတ္ထမင်းသမီး က လူရှေ့ထား၍ တည့်ပြောလိုက်သဖြင့် မင်းသမီးရုံခန့် မှာ ဒေါသထွက်လွန်း၍ ခေါင်းပေါ်မှ အငွေ့များပင် ထွက်တော့မည်ထင်ရလေ၏။
ထို့ကြောင့် ချက်ချင်းပင် ပြန်လည် တုံ့ပြန်လိုက်လေသည်။
"စတုတ္ထမင်းသမီး ရဲ့ လက်တွေက တကယ့်ကို ရှည်တာပဲ… ဘယ်အိမ်က ကိစ္စမဆို ဝင်စွက်ဖက်ချင်နေတာ… ရှင်က ဒီလောက်တောင် အရည်အချင်းရှိနေတာကို မင်းသားအိမ်တော် ထဲမှာ နေနေရတာ တကယ့်ကို နှမြောစရာပဲ… အရှင်မင်းကြီး ဆီ လျှောက်တင်ပြီး ရှင့်ကို အမျိုးသမီး စည်းကမ်းထိန်းသိမ်းရေး အရာရှိ အဖြစ် ခန့်ခိုင်းလိုက်ရင်… ရှင့်ရဲ့ အရည်အချင်းတွေကို အပြည့်အဝ ပြသနိုင်မှာပဲ"
စတုတ္ထမင်းသမီး က ထိုစကားကို ကြားသောအခါ လှောင်ပြောင်သည့်ဟန်ဖြင့် ပြုံးလိုက်လေသည်။
"မင်းသမီးရုံခန့် က ဒီမင်းသမီး ကို အဲဒီလောက် မြှောက်ပြောစရာမလိုပါဘူး… ဒါပေမဲ့ အမျိုးသမီး စည်းကမ်း ကိစ္စနဲ့ ပတ်သက်ရင်တော့ ဒီမင်းသမီး နဲ့ နည်းနည်းတော့ ကိုက်ညီပါတယ်… ကျွန်မက မင်းသမီးရုံခန့် လို ပင်လယ်ကြီးလောက် နက်ရှိုင်းတဲ့ အချစ်မျိုး မရှိဘူးလေ… အမတ်ချုပ်လင် ရဲ့ ပထမဇနီး ဆုံးပါးသွားတာ ခြောက်လတောင် မပြည့်သေးဘူး… ရှင်က မြန်မြန်ဆန်ဆန် အိမ်တော်ထဲ ဝင်သွားခဲ့တာဆိုတော့… တကယ်ကို တာ့ဝေ့ပြည် က မိန်းမတွေ အချစ်စစ်ကို ရှာဖွေတဲ့နေရာမှာ စံပြပါပဲရှင်"
"ရှင်…"
နှစ်ကြိမ်တိုင်တိုင် ဆက်တိုက် မင်းသမီးရုံခန့် မှာ ရှုံးနိမ့်သွားခဲ့ရလေသည်။
စတုတ္ထမင်းသမီး နှင့် ရင်ဆိုင်ရချိန်တွင် သူမ မည်မျှပင် ဒေါသထွက်နေပါစေ ရမ်းကားစွာ ရင်မဆိုင်ရဲချေ။
မည်သို့ပင်ဆိုစေကာမူ မင်းသမီး ဆိုသော အဆင့်အတန်းအရ ကြည့်လျှင် စတုတ္ထမင်းသမီး ကို မယှဉ်နိုင်သလို အမတ်ချုပ်လင် ရဲ့ ဇနီး အဆင့်အတန်းအရ ကြည့်လျှင်လည်း တော်ဝင်မိသားစုမှ မည်သူ့ကိုမျှ မယှဉ်နိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဒေါသထွက်လွန်း၍ မျက်နှာကြီး နီရဲသွားသော်လည်း အင်္ကျီလက်ကို ခါကာ လှည့်ထွက်သွားရုံသာ တတ်နိုင်တော့သည်။
ဝေ့ဘေးထားတော် ကလည်း အနေခက်စွာ ပြုံးလိုက်ပြီး အကြောင်းပြချက် ပေးကာ ထွက်သွားလေ၏။
ထိုအချိန်ကျမှသာ စတုတ္ထမင်းသမီး ရင်ထဲမှ ပူလောင်မှုများက ပျောက်ကွယ်သွားတော့သည်။
သို့သော် ပြန်စဉ်းစားကြည့်သောအခါ မမှန်သေး ဟု ခံစားရပြန်သည်။
အကယ်၍ သူတို့က ကျန်းမင်းသမီးကို ပြဿနာရှာကြလျှင် သူမအတွက် အလကားနေရင်း ပြဿနာတွေ အများကြီး တိုးသွားစေမည် မဟုတ်လား။
ချက်ချင်းပင် ဤကျန်းမင်းသား က တကယ် အသုံးမကျတဲ့သူပဲ ဟု တွေးလိုက်မိသည်။
မယားငယ်ကို အလိုလိုက်ပြီး မယားကြီးကို နှိမ်ထားသည့်အပြင် ကိုယ့်ရဲ့ သွေးသားရင်းချာ ကိုတောင် လုံးဝ ဂရုမစိုက်တာတော့ လွန်လွန်းသည်။
ထို့ကြောင့် ကျန်းမင်းသမီး၏ သမီးဖြစ်သူက မင်းသမီးလေး ကိုယ်စား တိုင်းတစ်ပါးသို့ လက်ထပ်သွားရသည့် ကိစ္စ ဖြစ်ပေါ်လာခဲ့ခြင်းပင်။
ယနေ့အထိ ဆယ်နှစ်ကျော် ကြာသွားခဲ့ပြီ ဖြစ်သော်လည်း တစ်ခေါက်မျှ ပြန်မလာနိုင်ခဲ့ပေ။
သနားစရာ ကျန်းမင်းသမီး ဘေးတွင် တရားဝင်သား တစ်ယောက်သာ ကျန်ရှိတော့သော်လည်း သေချာ ပြုစုပျိုးထောင်ခွင့် မပေးခဲ့ချေ။
မယားငယ်ကမွေးသော သူ သုံးယောက်လုံးမှာ အိမ်ထောင်ကျပြီး မိသားစုကိုယ်စီ ရှိနေကြပြီ ဖြစ်သော်လည်း သူတစ်ယောက်တည်းသာ လူပျို ဖြစ်နေရသည်။
အတွင်းရေးကို သိနေကြသဖြင့် ဘယ်သူကများ ကိုယ့်သမီးကို ကျန်းမင်းသားအိမ်တော် ထဲ ပို့ပြီး ဒုက္ခခံခိုင်းချင်မည်နည်း။
ကျန်းမင်းသားအိမ်တော် ၏ နာမည်ဂုဏ်သတင်းကို မက်မောပြီး ကိုယ့်သမီးကို လှေကားထစ်အဖြစ် အသုံးချချင်သူ တစ်ယောက်နှစ်ယောက် ရှိသော်လည်း နှမြောစရာကောင်းသည်မှာ ကျန်းမင်းသား က အထင်မကြီးခဲ့ပေ။
ဒီလိုနှင့် အသက် နှစ်ဆယ်ကျော်သွားပြီ ဖြစ်သော်လည်း တိုးတက်မှု တစ်ခုမှ မရှိသေးပေ။
ဆက်ပြီး အချိန်ဆွဲနေလျှင် ကျော့ရှင်းလှပသော သခင်မလေး တစ်ယောက်ကိုတောင် ရှာတွေ့တော့မည် မဟုတ်ပေ။ ဂုဏ်သရေရှိ မိသားစုများကို ဆိုလျှင်တော့ ပြောစရာပင် မလိုတော့။
ထို့ကြောင့် ဘေးနားရှိ ယုံကြည်ရသော မားမား ကို ခေါ်ပြီး ပြောလိုက်လေသည်။
"နင့်လူလွှတ်ပြီး ဝမ်ရင်း ကို သွားပြောခိုင်းလိုက်… သူကို သတိထားဖို့ ပြောလိုက်ပါ… ရုံခန့် က သူဆီ ပြဿနာ သွားရှာမှာကို ငါ စိုးရိမ်လို့"
ဝမ်ရင်း ဆိုသည်မှာ ကျန်းမင်းသမီး ၏ အမည်ရင်း ဖြစ်သည်။
ထိုမားမား ကလည်း သွက်လက်သူ ဖြစ်ရာ ချက်ချင်းပင် လူလွှတ်ကာ အမြန် သွားပြောခိုင်းလိုက်လေသည်။
သတင်းက ကျန်းမင်းသမီး နားထဲ ရောက်သွားချိန်တွင် သူမက ဘုရားတရား လုပ်နေဆဲဖြစ်ပြီး ဤကိစ္စကို လုံးဝ ဂရုမစိုက်ပေ။
ဘေးနားရှိ ကျန်းမားမား ကတော့ အလွန် စိုးရိမ်နေလေ၏။
"မင်းသမီး… ဒီဝေ့ဘေးထားတော် က အိမ်တော်ကို သိမ်းပိုက်ထားတာတင် မကဘူး… အပြင်ဘက်မှာလည်း ဖားနေတယ်… မင်းသမီး က တကယ်ပဲ လုံးဝ ဂရုမစိုက်တော့ဘူးလား"
သူမက ဤစကားကို ပြောလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
အရင်တုန်းကဆိုလျှင် ကျန်းမင်းသမီး က စကားအနည်းငယ် ပြန်ပြောတတ်သေးသော်လည်း ယခုတော့ စကားတစ်ခွန်းမျှပင် မပြောတော့ပေ။
မျက်လုံးမှိတ်ကာ ပါးစပ်မှ တတွတ်တွတ်နှင့် ဘုရားစာများကိုသာ ရွတ်ဆိုနေလေသည်။
ဘေးနားရှိ ကျန်းမားမား သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ထပ်မပြောတော့ပေ။
သတင်းပို့သောသူက မြန်သည့် နည်းတူ မင်းသမီးရုံခန့် တို့ ရောက်လာသည်ကလည်း မနှေးလှပေ။
ဝေ့ဘေးထားတော် ကတော့ ဟန်ဆောင်တတ်သူပီပီ လမ်းတစ်လျှောက်လုံး စကားကောင်းများစွာ ပြောလာခဲ့သည်။
သို့သော် ဤသည်က မီးလောင်ရာ လေပင့်ပေးသလို ဖြစ်သွားပြီး မင်းသမီးရုံခန့် က စတုတ္ထမင်းသမီး ဆီတွင် ဒေါသထွက်လာသမျှကို ကျန်းမင်းသမီး ဆီတွင် လာပုံချတော့မည် ဖြစ်သည်။
ထို့ကြောင့် ကျန်းမင်းသမီး ၏ ခြံဝင်းထဲသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့လေသည်။
တံခါးကို ဆောင့်ဖွင့်ဝင်လာပြီး အော်ဟစ်ဆဲဆိုတော့သည်။
"ငါ့မောင်လေး က တကယ်ကို ကံဆိုးတာပဲ… ရွေးချယ်စရာတွေ အများကြီးထဲကမှ ဘယ်လို မင်းသမီး မျိုးကို ရွေးလိုက်မိမှန်း မသိဘူး… ဘာမှလည်း နားမလည်… လူမှုရေးကိစ္စ တွေမှာလည်း မပါဝင်ဘဲ… တစ်နေ့လုံး ဒီအထဲမှာ ဘုရားစာတွေပဲ ထိုင်ရွတ်နေတာ… ဘုရားတရားလုပ်လို့ ဘာအရည်အချင်းမှလည်း ထွက်လာတာ မမြင်ရပါဘူး"
"ပြီးတော့ နင့်ရဲ့ သားကောင်းလေး ကလည်း ယွီဝမ် မိသားစုရဲ့ သွေးပါပဲ… ဘာလို့များ စတုတ္ထမင်းသားအိမ်တော် က သားတွေကျတော့ အကုန်လုံးက အရည်အချင်းရှိကြပြီး… ငါတို့ ကျန်းမင်းသားအိမ်တော် က တရားဝင်သား ကျတော့ လူရာမဝင် ဖြစ်နေရတာလဲ"
"အဖေဖြစ်သူ ကို ပြောမနေနဲ့တော့… အရီး ဖြစ်တဲ့ ငါတောင် မြင်ပြီး စိတ်ပျက်လွန်းလို့… ဟွန့်… ဒါတွေအကုန်လုံး နင် သေချာ မသွန်သင်လို့ ဖြစ်တာပဲ"
သူမက ဤမျှ ရက်ရက်စက်စက် ဆဲဆိုနေသော်လည်း ကျန်းမင်းသမီး ကတော့ မကြားသလိုပင် နေနေလေ၏။
သူမ၏ ဒေါသကို လုံးဝ ဂရုမစိုက်ဘဲ ဘုရားရှေ့တွင် ဒူးထောက်နေဆဲ ဖြစ်ပြီး ထိုကြည်ညိုဖွယ် ပုံစံက မြင်ရသူကိုပင် အေးချမ်းစေသည်။
"နားကန်းနေတာလား… နင်… ဒီမင်းသမီး စကားပြောနေတာကို ဘာလို့ ပြန်မဖြေတာလဲ"
သူမ၏ ဒေါသက ဘေးလူများကိုပါ ထိလာတော့မည်ကို မြင်သောအခါမှသာ ကျန်းမင်းသမီး က လှည့်ကြည့်ကာ အေးစက်စက်ဖြင့် တစ်ချက် ကြည့်လိုက်လေသည်။
ထို့နောက် တည်ငြိမ်စွာ ပြောလိုက်လေ၏။
"မင်းသမီး က ဒေါသထွက်လို့ မဝသေးဘူးလို့ ထင်ရင်… ဒီမင်းသားအိမ်တော် ကိုပါ ဖျက်စီးပစ်လိုက်ပါလား"
သူမ၏ ခြံဝင်းလေးက အလွန်ကို ရှင်းလင်းနေပြီး မင်းသမီးရုံခန့် ဖျက်စီးချင်လျှင်တောင် ဖျက်စီးစရာ နေရာမရှိပေ။
ထို့ကြောင့် သူမက မင်းသားအိမ်တော် ကိုပါ ဖျက်ဆီးပစ်လိုက်ဟု ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော် မင်းသမီးရုံခန့် က မည်သို့ ကျေနပ်မည်နည်း။
ခေတ္တ စဉ်းစားပြီးနောက် အောက်ကျို့သွားရကာ အနည်းငယ် ထပ် ဆဲဆိုပြီး ထွက်သွားတော့သည်။
ဝေ့ဘေးထားတော် ကတော့ ပုံမှန်အတိုင်းပင် နူးညံ့စွာ ပြောလိုက်လေသည်။
"အစ်မကြီးကို အပြစ်မတင်ပါနဲ့… မင်းသမီး ရဲ့ စိတ်က အမြဲတမ်း ပြတ်သားပေမယ့် ရင်ထဲမှာတော့ ဘာအငြိုးအာဃာတမှ မရှိပါဘူး"
ဘာအငြိုးအာဃာတမှ မရှိဘူး ဟုတ်လား…
ဒါဆို ဘာလို့ ပြဿနာ တစ်ခုခုရှိတိုင်း ဒီကိုလာပြီး သူမကို ပြဿနာ လာရှာနေရတာလဲ။
ဒီလောက် နှစ်တွေ အများကြီး ကြာလာတာတောင် ဒီပုံစံအတိုင်းပဲ။
ဒီစကားကို ဝေ့ဘေးထားတော် ကိုယ်တိုင် ပြောထွက်ပေမယ့် သူမကိုယ်တိုင်တောင် အမှန်မဟုတ်မှန်း သိလေသည်။
နှမြောစရာကောင်းသည်မှာ ကျန်းမင်းသမီး က မည်သူ့ကိုမျှ ဂရုစိုက်ချင်စိတ် မရှိခြင်းပင်။
စကားပြန်မပြောဘဲ ဘုရားစာများကိုသာ ဆက်လက် ရွတ်ဆိုနေလေသည်။
ဝေ့ဘေးထားတော် ကလည်း မျက်နှာပူလာ၍ တိုးတိုးလေး ပြောလိုက်လေ၏။
"ညီမလေးကို ပြန်ခွင့်ပြုပါဦး"
ထို့နောက် လူများကို ခေါ်ကာ မင်းသမီး ရှိသော ခြံဝင်းထဲမှ ထွက်ခွာသွားလေသည်။
မင်းသမီးရုံခန့် က အမတ်ချုပ်အိမ်တော် သို့ ပြန်သွားပြီဖြစ်ကြောင်း အစေခံ၏ သတင်းပို့ချက်ကို ကြားလိုက်ရသည်။
သူမက အသာအယာ ပြုံးလိုက်ပြီး ပုံမှန်အတိုင်းပင် နူးညံ့ပြီး ဆွဲဆောင်မှု ရှိနေလေ၏။
"အစေခံတွေကို သွားပြောလိုက်… မင်းသမီး ရဲ့ ထမင်းဝိုင်းမှာ အသားဟင်းနှစ်ပွဲလောက် ထပ်တိုးပေးလိုက်ပါ… ဒီဘေးထားတော် ကြည့်ရတာ မင်းသမီး ရဲ့ မျက်နှာက သိပ်မကောင်းဘူး… အားရှိအောင် အများကြီး ထပ်စားသင့်တယ်"
"ဝေ့ဘေးထားတော် စိတ်ချပါ… မင်းသမီး ရဲ့ ကိစ္စတွေ အားလုံးကို ဒီအစေခံကြီး က သေချာ ဂရုစိုက်ပေးနေပါတယ်… ဘာအမှားအယွင်းမှ မဖြစ်စေရပါဘူး"
ဝေ့ဘေးထားတော် က လက်အောက်ရှိ အဒေါ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် ကျေနပ်မှုများ ပေါ်လာလေသည်။
ထို့နောက် ခေါင်းပေါ်မှ ဆံထိုးကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး ထပ်မံ အမိန့်ပေးလိုက်လေသည်။
"ယွိရှား ကို လာခဲ့ဖို့ ပြောလိုက်… ဒီဘေးထားတော် ညောင်းနေလို့ လာနှိပ်ပေးဖို့… ဒီဆံထုံးက ဖိထားတာ ကြာတော့ နည်းနည်း နာနေပြီ"
သူမက ပုံမှန်ဆိုလျှင် ဤကဲ့သို့ မြင့်မားသော ဆံထုံးမျိုးကို အမုန်းဆုံး ဖြစ်သော်လည်း မတတ်နိုင်ပေ။ ပွဲတက်ရာတွင် လူတွေက အထင်သေးမည်ကို စိုးရိမ်သဖြင့် ဆံထုံးနှင့် အဆင်တန်ဆာများကို သေချာ ပြင်ဆင်ကာ ဟန်ရေးပြရခြင်း ဖြစ်သည်။