← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း(၂၀၇) ဒေါသပုံချခြင်း

ဝေ့ဘေးထားတော်နှင့် မင်းသမီးရုံခန့်တို့ ထွက်သွားပြီးနောက်မှသာ ခြံဝင်းလေးသည် ပုံမှန်အတိုင်း ငြိမ်သက်သွားတော့သည်။

ကျန်းမားမားသည် မင်းသမီး၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိသေးသည်ကို မြင်သောအခါ အသာတကြည် ထွက်ခွာသွားလေ၏။

အခန်းထဲတွင် သူမတစ်ယောက်တည်းသာ ကျန်ရစ်သည့်ချိန်မှသာ အတင်း ဟန်ဆောင်ထားရသော စိတ်များက ခေတ္တမျှ ဖြေလျော့သွားတော့သည်။

ထို့နောက် ဘုရားဆင်းတုတော်ကို ကြည့်ကာ တောင်းပန်တိုးလျှိုးစွာဖြင့် ပြောလိုက်လေသည်။

"မြတ်စွာဘုရား… သမီးတော် တစ်သက်လုံး ကြည်ညိုဆည်းကပ်ခဲ့တဲ့ ကုသိုလ်တွေကြောင့်… သမီးရဲ့ ကလေးနှစ်ယောက် ဒီဘဝမှာ ဘေးကင်းချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ဖို့ စောင့်ရှောက်တော်မူပါ… ချမ်းသာကြွယ်ဝဖို့ မတောင်းဆိုပါဘူး… ဘေးအန္တရာယ်ကင်းကင်းနဲ့ ငြိမ်းချမ်းဖို့ပဲ တောင်းဆုပြုပါတယ်"

ငြိမ်းချမ်းခြင်း… ဤသည်က သူမ၏ သားသမီးနှစ်ယောက်အပေါ် ထားရှိသော အကြီးမားဆုံး မျှော်လင့်ချက်ပင် ဖြစ်သည်။

အတိတ်က ထိုကိစ္စသာ မရှိခဲ့လျှင် သူမလည်း ယနေ့လို အခြေအနေမျိုးအထိ ရောက်လာမည် မဟုတ်ပေ။

ဆယ်စုနှစ်များစွာ မကျေမနပ် ဖြစ်ခဲ့ရပြီး ဆယ်စုနှစ်များစွာ မုန်းတီးခဲ့ရသော်လည်း နောက်ဆုံးတွင်တော့ ဆယ်စုနှစ်များစွာ အစွမ်းအစမဲ့ ဖြစ်ခဲ့ရလေသည်။

ကောင်းကင်ဘုံကသာ ကူညီပေးမည်ဆိုလျှင် သူမ၏ သားသမီးများကို ချောမွေ့အောင်မြင်ပြီး ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါစေ ဟု ဆုတောင်းမိမည်ပင်။

ဤအရှုပ်အထွေးများနှင့် ရန်ငြိုးများထဲတွင် မပါဝင်ရလျှင် သူတစ်ပါး၏ မျက်မုန်းကျိုးခြင်းကိုလည်း ခံရမည် မဟုတ်ပေ။

သမီးဖြစ်သူ၏ အဖြစ်ဆိုးမျိုး သားဖြစ်သူအပေါ် ထပ်မံ ကျရောက်လာမည်ကို သူမ လုံးဝ မလိုလားပေ။ ထို့ကြောင့် မိမိအပေါ် အမှန်တကယ် ကောင်းမွန်သူနှင့် မတွေ့ခဲ့လျှင် တစ်သက်လုံး အိမ်ထောင်မပြုဘဲ လွတ်လပ်စွာ နေထိုင်သွားခြင်းက ပိုကောင်းပေလိမ့်မည်။

"မြတ်စွာဘုရား ကယ်တော်မူပါ… မြတ်စွာဘုရား ကယ်တော်မူပါ…"

သူမက ဤနေရာတွင် ဘုရားကို ဆုတောင်းနေသော်လည်း တစ်ဖက်တွင်မူ အပြစ်ပုံချစရာ လူမရှိသဖြင့် မင်းသမီးရုံခန့်က အမတ်ချုပ်အိမ်တော်ထဲတွင် အကြီးအကျယ် ဒေါသပေါက်ကွဲနေလေသည်။

ပွဲတက်ရသည်က ဤမျှလောက် ဒေါသထွက်ရမည်မှန်း သိခဲ့လျှင် ယနေ့ သူမ နေမကောင်းဟု အကြောင်းပြလိုက်မည် ဖြစ်သည်။

စတုတ္ထမင်းသမီးဆီတွင် တစ်ခါ၊ ကျန်းမင်းသမီးဆီတွင် တစ်ခါ ဒေါသထွက်ခဲ့ရသည်။

ယနေ့ သူမ ဤဒေါသကိုသာ မဖြေဖျောက်ရလျှင် လူက ရောဂါပင် ရသွားနိုင်ပေ၏။

ယခင်ကဆိုလျှင် အမြဲတမ်း ပထမအိမ်ခွဲမှ လူများက အပြစ်မဲ့သော ဒေါသများကို ခံရလေ့ရှိသည်။ ယခု ပထမအိမ်ခွဲက ပြောင်းရွှေ့သွားပြီဖြစ်ရာ အခြားသူများက ခံရတော့မည် ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် လင်ကျင့်ရှူက ရောက်လာလေ၏။

စကားပင် သေချာ မပြောရသေးခင် မင်းသမီးရုံခန့်က သူမကို ပစ်မှတ်ထားကာ အပြင်းအထန် ဆူပူတော့သည်။

"ရုံဟယ့်ဆောင် မှာ စည်းကမ်းသင်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ… ဘာလို့ အခုထိ အပြုအမူတွေက မမှန်နေရတာလဲ… ဘယ်လိုမျိုးစေ့က ဘယ်လိုအပင်ပေါက်တယ် ဆိုတာ တကယ်မှန်တာပဲ… နင့်အမေ ယီနျန် က အောက်တန်းစားဆိုတော့ နင်ကပါ လိုက်ပြီး အောက်တန်းကျနေတာလား"

ထို့နောက် စူးရှသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ဆက်လက်၍ ကြမ်းတမ်းစွာ ပြောလိုက်လေသည်။

"နင့်ရဲ့ ဟိုယိမ်းဒီယိုင် လမ်းလျှောက်နေတဲ့ ပုံစံကို ကြည့်စမ်း… အပြင်က ဇာတ်သမားတွေကတောင် နင့်ထက် ပိုကြည့်ကောင်းသေးတယ်… စင်္ကြံမှာ သွားဒူးထောက်နေစမ်း… မျက်စိစူးစရာကောင်းတဲ့ ကောင်မ… ထွက်သွား"

ဒေါသထွက်နေချိန်တွင် မင်းသမီးရုံခန့်က မည်မျှ ရိုင်းစိုင်းသော စကားမျိုးကိုမဆို ပြောထွက်လေသည်။

လင်ကျင့်ရှူမှာ ပုံမှန်အားဖြင့် မည်မျှပင် အောင့်ခံနိုင်ပါစေ ယခုအချိန်တွင်တော့ အဆူခံရလွန်းသဖြင့် မျက်လုံးများ နီရဲလာရလေ၏။

အသံကို နှိမ့်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ"

ထို့နောက် ရုံဟယ့်ဆောင်မှ ထွက်ခွာသွားပြီး အပြင်ရောက်သည်နှင့် မထိန်းနိုင်တော့ဘဲ လမ်းတစ်လျှောက်လုံး ငိုယိုကာ ပြေးသွားတော့သည်။

အစေခံများက ထိုမြင်ကွင်းကို မြင်သောအခါ မည်သူမျှ ရှေ့တိုးပြီး မနှောင့်ယှက်ရဲကြပေ။

မဟုတ်လျှင် သခင်မလေးက စင်္ကြံတွင် ဒူးထောက်ရပြီး သူတို့က ရိုက်နှက်ခံရနိုင်ပေ၏။

မင်းသမီး ရုံခန့်က ဤမျှ ဒေါသထွက်နေသဖြင့် အချိန်များကိုပင် မေ့လျော့သွားခဲ့လေသည်။

အစေခံတစ်ယောက်က လင်ကျင့်ရှူ စင်္ကြံတွင် ဒူးထောက်ရင်း သတိလစ်သွားကြောင်း လာရောက် သတင်းမပို့ခဲ့လျှင် သူမက ဤပြစ်ဒဏ် ပေးထားခဲ့သည်ကိုပင် မှတ်မိတော့မည် မဟုတ်ပေ။

ထို့ကြောင့် "အင်း" ဟု တစ်ချက်သာ အသံပြုပြီး သူတို့ကို ကောယီနျန်၏ ခြံဝင်းထဲသို့ ပို့ဆောင်ခိုင်းလိုက်သည်။

ကောယီနျန်မှာ ခြံဝင်းထဲတွင် သီချင်းစာအုပ်ကို အေးအေးဆေးဆေး ကြည့်နေစဉ် သူမ၏ ချစ်ရသော သမီးလေးကို ထမ်းခေါ်လာသည်ကို တွေ့လိုက်ရသည်။

မျက်နှာလေးမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဒူးခေါင်းနေရာတွင်လည်း နီရဲနေလေ၏။

သူမ အလွန် လန့်ဖျပ်သွားပြီး ပြေးသွားကာ မေးလိုက်လေသည်။

"ဘာဖြစ်လာတာလဲ… ရှူအာ က သခင်မကြီး အဆောင်မှာ သင်ကြားနေတာ မဟုတ်ဘူးလား… ဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာလဲ"

ပြောရင်းနှင့် သမီးဖြစ်သူ၏ ပါးပြင်လေးကို လက်ဖြင့် စမ်းကြည့်လိုက်သည်။

အနည်းငယ် ကိုယ်ပူနေသလိုပင်။

သူမကို လာပို့သူများမှာ မင်းသမီးရုံခန့်၏ ခြံဝင်းထဲမှ လူများဖြစ်ရာ မိမိတို့၏ သခင်ကိုသာ ဘက်လိုက်မည်မှာ သေချာပေသည်။

ထို့ကြောင့် အနည်းငယ် မောက်မာသော လေသံဖြင့် ပြန်ဖြေလိုက်လေ၏။

"ယီနျန် စိတ်ချပါ… သခင်မကြီး က အနည်းအကျဉ်းလောက်ပဲ ဆုံးမလိုက်တာပါ… ဒီတတိယသခင်မလေး က သိပ်ပြီး နားမလည်ဘူးလေ… သခင်မကြီး က နေ့တိုင်း သေချာ သင်ပေးနေတာတောင် အကျင့်ဆိုး တော်တော်များများက ပြင်လို့မရဘူး… ဒါကြောင့် ယီနျန် ဆီကိုပဲ ပြန်ပို့လိုက်တာပါ… နောက်မှပဲ ဆက်ပြောကြတာပေါ့"

မည်သို့ပင်ဆိုစေ ကလေးက ဤမျှကြီးပြင်းလာသည်အထိ သူမဘေးနှင့် သခင်မကြီးဘေးတွင်သာ နေခဲ့ခြင်းဖြစ်သည်။

ဤအကျင့်ဆိုးများ ဆိုသည်မှာ သူမကို ရည်ညွှန်းနေခြင်း မဟုတ်လား။

သူမက အားကိုးစရာ နောက်ခံမရှိသည်ကိုသာ မုန်းတီးမိပြီး ရင်ထဲတွင် မကျေနပ်မှုများ ရှိနေသော်လည်း ဤအချိန်တွင် ဒေါသ မထွက်ရဲပေ။

ထို့ကြောင့် လူများကို လင်ကျင့်ရှူအား အခန်းထဲသို့ အမြန်ပို့ဆောင်စေပြီး ကိုယ်တိုင် ပြုစုစောင့်ရှောက်ရတော့သည်။

ထို့အပြင် အိမ်တော်သမားတော်ကိုလည်း သွားပင့်ခိုင်းလိုက်လေ၏။

"သမားတော်… တတိယသခင်မလေး က ဘာလို့ အခုထိ သတိမရသေးတာလဲ"

"ကောယီနျန် စိတ်အေးအေးထားပါ… တတိယသခင်မလေး က အဖျားတက်နေလို့ အိပ်မောကျနေတာပါ… အရင်ဆုံး ရေပတ်တိုက်ပေးပြီး အဖျားကျအောင် လုပ်ပေးပါ… သတိရလာလို့ ဆေးသောက်လိုက်ရင် ကောင်းသွားပါလိမ့်မယ်"

"သမားတော် ကို ဒုက္ခပေးမိပြီ"

သမားတော် ထွက်သွားပြီးနောက်မှသာ အစေခံ ရှန်းလျန်နှင့် သူမတို့ တစ်လှည့်စီ ရေဝတ်တိုက်ပေးကာ အဖျားကျအောင် လုပ်ပေးရတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက်မှသာ အဖျားကျသွားလေ၏။

လင်ကျင့်ရှူလည်း တဖြည်းဖြည်း သတိရလာပြီး လူက အနည်းငယ် နုံးချည့်နေလေသည်။

ကောယီနျန်ကို မြင်သည်နှင့် ချက်ချင်းပင် ဝမ်းနည်းစွာဖြင့် သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။

ငိုသံဖြင့် ပြောလိုက်လေ၏။

"အမေ… သမီး ရုံဟယ့်ဆောင် ကို မသွားချင်တော့ဘူး… သမီးရဲ့ ဉာဏ်ရည်က ညံ့လွန်းတော့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သခင်မကြီး သဘောကျမှာ မဟုတ်ဘူး… သမီးက…"

လင်ကျင့်ရှူ ဤမျှလောက် ဝမ်းနည်းနေသည်ကို မြင်ရသောအခါ ကောယီနျန်လည်း ရင်ကွဲမတတ် ခံစားရလေသည်။

သူမ အဖိုးတန် ရတနာလေးလို ချစ်မြတ်နိုးစွာ ပြုစုပျိုးထောင်လာခဲ့သော သမီးလေးကို သူများတွေ အနိုင်ကျင်သည်ကို ဘယ်လိုလုပ်ပြီး လက်ပိုက် ကြည့်နေနိုင်မည်နည်း။

ထို့ကြောင့် နှစ်သိမ့်ကာ ပြောလိုက်လေသည်။

"ကောင်းပါပြီ… ကောင်းပါပြီ… မသွားရတော့ဘူး… မသွားရတော့ဘူး… ဘာဖြစ်ခဲ့တာလဲ… သမီး ဘာလို့ အပြစ်ပေးခံရတာလဲ"

ပြောရင်းနှင့် သမီးဖြစ်သူ၏ ဒူးခေါင်းကို ကြည့်လိုက်သည်။ ဒူးခေါင်းမှာ အကြာကြီး ဒူးထောက်ထားမှသာ ဤကဲ့သို့ နီရဲဖောင်းအစ်လာမည် ဖြစ်သည်။

အဖျားတက်ခြင်းမှာလည်း မြေကြီးပေါ်တွင် ဒူးထောက်ထားသဖြင့် အအေးမိသွား၍ ဖြစ်မည်မှာ သေချာပေသည်။

မူလကတည်းက စင်္ကြံလမ်းမှာ လေအေးများနှင့် အအေးဓာတ်လွန်ကဲ၍ လင်ကျင့်ရှူကလည်း မိန်းကလေးတစ်ယောက် ဖြစ်သဖြင့် ဤဓာတ်ကို ခံနိုင်မည်မဟုတ်ပေ။

"သခင်မကြီး ဒီနေ့ ဘာဖြစ်နေမှန်း သမီးလည်း မသိဘူး… ဝင်ဝင်ချင်းပဲ သမီးကို အပြစ်မရှိ အပြစ်းရှာတော့တာပဲ… သမီးက… ဇာတ်သမားတွေလောက်တောင် အသုံးမကျဘူးလို့ ပြောပြီး… သမီးကို စင်္ကြံမှာ သွားဒူးထောက်ခိုင်းတာ"

ဇာတ်သမား ဟူသော စကားလုံးကို ကောယီနျန် အကြိမ်ကြိမ် ကြားဖူးခဲ့ပြီဖြစ်သည်။

ပြည့်တန်ဆာ ဆိုသည့် စကားလုံးနှင့် ဇာတ်သမား ဆိုသည့် စကားလုံးက သိပ်ပြီး မကွာခြားလှပေ။

သို့သော် သူမ၏ သမီးလေးကတော့ အမတ်ချုပ်အိမ်တော်တွင် မွေးဖွားပြီး အမတ်ချုပ်အိမ်တော်တွင် ကြီးပြင်းလာသူ ဖြစ်သည်။

မယားငယ်က မွေးသည်ဆိုသော်လည်း အမတ်ချုပ်အိမ်တော်၏ သခင်မလေး ဖြစ်ပေသည်။

ဘာဖြစ်လို့များ သခင်မကြီးက ဤကဲ့သို့ ခိုင်းနှိုင်းပြီး နှိမ့်ချရသနည်း။

ကောယီနျန်၏ ရင်ထဲတွင် အလွန်တရာ ဒေါသထွက်နေသော်လည်း ကလေးရှေ့တွင်တော့ ချက်ချင်း ထုတ်မပြရဲပေ။

ထို့ကြောင့် နှစ်သိမ့်စကားသာ ပြောလိုက်ရလေ၏။

"မကြောက်နဲ့… မကြောက်နဲ့… ဒီမှာပဲ အရင် ကောင်းကောင်း အနားယူလိုက်ဦး… ဒဏ်ရာသက်သာမှ ဆက်ပြောကြတာပေါ့"

"တကယ်လို့ သမီး တကယ် မသွားချင်ဘူးဆိုရင်… အမေ သမီးအဖေဆီ သွာပြီးတောင်းပန်ကြည့်မယ်… ရုံဟယ့်ဆောင် ကို မသွားဖို့ သူ ခွင့်ပြုကောင်း ခွင့်ပြုနိုင်တယ်"

ဤစကားကို ကြားသောအခါမှသာ လင်ကျင့်ရှူ၏ ကြောက်စိတ်များက တဖြည်းဖြည်း လျော့ကျသွားတော့သည်။

ထို့နောက် အားနည်းစွာဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းကာ မျက်လုံးမှိတ်ပြီး အနားယူလေ၏။

ကောယီနျန်က သူမကို စောင်သေချာ ခြုံပေးပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

ရုံဟယ့်ဆောင် ဘက်သို့ တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲတွင် ဆဲဆိုလိုက်လေသည်။

ဒီအဘွားကြီး တကယ်ကို ရက်စက်တာပဲ… ဘယ်လိုပဲပြောပြော ရှူအာ က သူ့ရဲ့ မြေးအရင်းပဲလေ… ဒီလို ဆိုးဝါးတဲ့ စကားတွေကို ကလေးကြားသွားရင် စိတ်မကောင်းဖြစ်မှာကိုတောင် မကြောက်ဘူးလား။

တကယ့်ကို လူကြီးတစ်ယောက်ရဲ့ မေတ္တာတရား နည်းနည်းလေးမှ မရှိဘူး။

ထိုသို့ ပြောတွေးပြီးနောက် လက်ကို ဝမ်းဗိုက်ပေါ်သို့ တင်ကာ မျက်ဝန်းများကလည်း အလိုအလျောက် ပိုမို လေးနက်လာတော့သည်။

"စိတ်ချပါ… အမေက မင်းတို့ မောင်နှမ နှစ်ယောက်ကို သေချာပေါက် ကာကွယ်စောင့်ရှောက်ပေးမှာပါ"

လင်ကျင့်ရှူက ပင်ပန်းလွန်း၍ အိပ်ပျော်သွားပြီ ဖြစ်သဖြင့် ဤစကားကို မကြားချေ။

မဟုတ်လျှင် သူမလည်း အံ့ဩသွားပေလိမ့်မည်။

All Chapters