← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း(၂၀၈) အရာရာကို စေ့စပ်သေချာစွာ လုပ်ဆောင်ခြင်း

ယီနျန်သည် နှစ်အတော်ကြာမှ ဒုတိယ ကိုယ်ဝန်ရလာခဲ့ခြင်းဖြစ်သည်။

ကြည့်ရသည်မှာ အမတ်ချုပ်အိမ်တော်၏ ပွဲ စတင်တော့မည့်ပုံပင်။

အမတ်ချုပ်အိမ်တော်က စည်ကားနေသလို သုန်မိသားစုကလည်း စည်ကားနေလေသည်။

သို့သော် စည်းကားပုံချင်း မတူပေ။

အမတ်ချုပ်အိမ်တော်၏ စည်ကားမှုက

စိတ်ကူးယဉ် သပ်သပ်သာ ဖြစ်သည်။

သုန်မိသားစု၏ စည်ကားမှုကတော့ သတင်းကောင်းတစ်ခုကြောင့် ဖြစ်သည်။

မူလက စာမေးပွဲ ဝင်ခွင့်မရရှိဘဲ ပျောက်ခြင်းလှ ပျောက်နေသော သုန်ခဲ့လီကို ပထမသခင်ကြီးသုန်က နေရာအနှံ့ ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် သူသည် နောက်နှစ် နွေဦးပေါက်တွင် တော်ဝင်ကျောင်းတော်သို့ ဝင်ရောက် ပညာသင်ကြားခွင့် ရသွားခဲ့လေသည်။

အမတ်ချုပ်လင်သည်

လည်း နောက်ကွယ်မှ ကူညီပံ့ပိုးပေးခဲ့သည်။

မည်သို့ပင်ဆိုစေ ယခုအချိန်တွင် လူအတော်များများက သုန်မိသားစုအပေါ် ယခင်ကထက် ပို၍ ဖော်ရွေလာကြသည် မဟုတ်လား။

အမတ်ချုပ်လင်က သုန်မိသားစုကို ကျွန်စာရင်းမှ ပယ်ဖျက်ပေးဖို့တောင် လုပ်နိုင်ခဲ့သည်ဆိုလျှင် လူတစ်ယောက်ကို တော်ဝင်ကျောင်းတော်ထဲ သွင်းဖို့ဆိုတာ ပြောနေစရာပင် မလိုတော့ပေ။

အသက်ရှူရုံ သကဲ့သို့ လွယ်ကူလှသည် မဟုတ်လား။

သုန်မိသားစု တစ်ခုလုံးတွင် အပျော်ဆုံးသူမှာ ပထမသခင်မသုန်ပင် ဖြစ်သည်။

ဤရက်ပိုင်းတွင် သူမက အမြဲတမ်း ပြုံးရွှင်နေပြီး လမ်းဘေးက ခွေးလေခွေးလွင့်ကို မြင်လျှင်တောင် အလွန် မျက်စိကျနေသလို ဖြစ်နေ၏။

သုန်ခဲ့လီ၏ ခြံဝင်းထဲတွင် ပထမသခင်မသုန်က စာရေးကိရိယာများကို အများအပြား ထပ်ဖြည့်ပေးလိုက်ပြီး အားလုံးက အကောင်းစား‌တွေချည်းသာ ဖြစ်သည်။

ယခင်က သုန်မိသားစုတွင် ငွေကြေးရှိသော်လည်း အာဏာမရှိသဖြင့် ပစ္စည်းကောင်း အတော်များများကို သုံးခွင့်မရခဲ့ပေ။

သားဖြစ်သူ တော်ဝင်ကျောင်းတော်သို့ သွားရာတွင် ပစ္စည်းကောင်းများ မသုံးရလျှင် သူများတွေက လှောင်ပြောင်မည်ကို စိုးရိမ်ရသည်။

မိခင်ဖြစ်သူ ဤမျှ အလုပ်ရှုပ်နေသည်ကို ကြည့်ပြီး သုန်ခဲ့လီမှာ ရယ်ရခက် ငိုရခက် ဖြစ်နေလေသည်။

"အမေ… ကျွန်တော်အတွက် ဒီလောက်အများကြီး ပြင်ဆင်ပေးနေတာ… ညီလေးမုကျစ် အတွက်ကော ပြင်ဆင်ပေးပြီးပြီလား… သူလည်း နောက်နှစ်ကျရင် တော်ဝင်ကျောင်းတော် ကို သွားရမှာပဲ မဟုတ်လား"

သုန်ပထမသခင်မက သားဖြစ်သူကို မျက်စောင်းတစ်ချက် ထိုးကာ ကြည့်လိုက်လေ၏။

"မင်းအမေက အဲဒီလောက် ကပ်စေးနှဲတဲ့သူ ဖြစ်ပါ့မလား… စိတ်ချပါ… ပစ္စည်းတူတွေကိုပဲ နှစ်စုံ ပြင်ဆင်ပြီး မုကျစ် ရဲ့ ခြံဝင်းထဲကို ပို့ထားပြီးပြီ… အဲဒီအချိန်ကျရင် မင်းတို့ ပစ္စည်း‌တွေ ကုန်သွားရင် လူလွှတ်ပြီးသာ လာပြောလိုက်… အမေ ထပ်ပြီး ပြင်ဆင်ပေးဦးမယ်"

"အမေ့ရဲ့ စေ့စပ်သေချာတဲ့ ပြုစုပျိုးထောင်မှုအတွက် သားက ကျေးဇူးတင်ပါတယ်… မျှော်လင့်ထားတဲ့အတိုင်း သေချာပေါက် ဖြစ်လာစေရပါမယ်… နောင်ကျရင် အမေ့အတွက် ပဉ္စမအဆင့် ဂုဏ်ထူး‌ဆောင် သခင်မ ဆိုတဲ့ ရာထူးကို သေချာပေါက် ယူပေးပါ့မယ်… ဒါမှ သုန်မိသားစု အတွက် ဂုဏ်ယူစရာ ဖြစ်လာမှာလေ"

"ကောင်းပြီ… ကောင်းပြီ… အမေ စောင့်နေမယ်နော်… စောင့်နေမယ်"

သားဖြစ်သူ၏ ဤမျှ တက်ကြွနေသော ပုံစံကို ကြည့်ပြီး ဘယ်သူကများ ဝမ်းသာပီတိ မဖြစ်ဘဲ နေမည်နည်း။

နှစ်ပေါင်းများစွာ ကြာပြီးနောက် နောက်ဆုံးတွင်တော့ ချွေးမအဖြစ်ကနေ ယောက္ခမ ဖြစ်လာခဲ့ပြီ။ နောင်လာမည့် နေ့ရက်တွေကတော့ သေချာပေါက် ချောမွေ့အောင်မြင်လာတော့မည်သာ ဖြစ်သည်။

ထို့ကြောင့် ပြုံးရွှင်စွာဖြင့် သူ့အတွက် ခရီးဆောင်အိတ်များကို ဆက်လက် ပြင်ဆင်ပေးနေလေ၏။

ကျောင်းဝင်ရမည့် အချိန်မှာ နွေဦးပေါက်မှ ဖြစ်မည်။ ယခု နှစ်ဝက်ကျော်ပင် လိုသေးသော်လည်း ပထမသခင်မသုန်က စတင် ပြင်ဆင်နေပြီ ဖြစ်သည်။

သူမက အလုပ်ရှုပ်သည်ဟုပင် မထင်ပေ။

နှုတ်ကကော စိတ်ထဲကပါ ဤမျှကောင်းမွန်သော အခွင့်အရေးမျိုးကို စောစောကတည်းက မျှော်လင့်နေခဲ့သည် မဟုတ်လား။

ယခု သားဖြစ်သူအတွက် တစ်နှစ်စာ ခရီးဆောင်အိတ်ကို သူမကိုယ်တိုင် ပြင်ဆင်ရလျှင်တောင် မညည်းညူဘဲ ကျေနပ်နေမည် ဖြစ်သည်။

မိခင်ဆိုသည်မှာ အခြားသူများထက် ပို၍ စိုးရိမ်ပူပန်တတ်ကြသည် မဟုတ်လား။

ပထမသခင်မသုန်လည်း ထိုသို့ပင်ဖြစ်သလို ဒုတိယသခင်မသုန်လည်း ထိုသို့ပင် ဖြစ်သည်။

ကလေးသုံးယောက် မွေးထားသည်ဖြစ်ရာ ယခု အနားတွင် လင်မုကျစ် တစ်ယောက်တည်းသာ ရှိရာ သေချာ ဂရုစိုက်ရပေမည်။

ထို့အပြင် သူက ဒဏ်ရာရထားသေးသည် မဟုတ်လား။

သတိရလာပြီးနောက်ပိုင်း လင်မုကျစ်၏ ပြန်လည်ကောင်းမွန်လာမှုနှုန်းက အလွန် မြန်ဆန်လှသည်။

ပထမအချက်မှာ သုန်မိသားစုက အကောင်းဆုံး‌သော များပြားသော ဆေးဝါးများကို မရပ်မနား ပို့ပေးနေသဖြင့် ရောဂါပျောက်ကင်းရန် အထောက်အကူ ဖြစ်စေသည်။

ဒုတိယအချက်မှာ သူက လူငယ်ဖြစ်ရာ ခန္ဓာကိုယ်၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းက လူကြီးများထက် ပိုမို မြန်ဆန်ခြင်း ဖြစ်သည်။

ထို့ကြောင့် တဖြည်းဖြည်းနှင့် ကုတင်ပေါ်မှ ဆင်းကာ လမ်းလျှောက်နိုင်ချိန်မှစ၍ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

ကြာကြာထိုင်ခြင်းနှင့် စာဖတ်ခြင်းများသာ မလုပ်သင့်သေးပေ။ စာအများကြီး ဖတ်လျှင် ခေါင်းက ကိုက်ခဲလာတတ်သေးသည်။

ထို့ကြောင့် ဒုတိယသခင်မသုန်သည် လင်မုကျစ်၏ ကျန်းမာရေးကို ဂရုစိုက်ပေးရသလို စာအများကြီး မဖတ်ရန်လည်း စောင့်ကြည့်ပေးနေရလေသည်။

မရီးဖြစ်သူ ဝမ်ရှီက လူလွှတ်ပြီး ဤမျှလောက် ပစ္စည်းကောင်းများစွာ ပို့ပေးလာသည်ကို မြင်သောအခါ သူမ၏ ရင်ထဲတွင် ကျေးဇူးတင်မိလေသည်။

အမတ်ချုပ်အိမ်တော်တွင် ရှိစဉ်က ဒုတိယအိမ်ခွဲက စုတ်တံတစ်ချောင်းအတွက်နှင့် သူတို့ကို ရန်ရှာပြီး ယနေ့အခြေအနေအထိ ရောက်အောင် လုပ်ခဲ့သည်ကို တွေးမိပြန်သည်။

တကယ်ကို လူလူချင်း ယှဉ်ကြည့်လိုက်လျှင် ဒေါသထွက်လွန်း၍ ရူးချင်စိတ်ပင် ပေါက်သွားစေသည်။

အကယ်၍ သူမ ကံကောင်းပြီး မရီးဖြစ်သူ ဝမ်ရှီလို လူမျိုးနှင့်သာ တွေ့ခဲ့လျှင် သူမလည်း အစွမ်းကုန် ကြိုးစားဆောင်ရွက်မိမည်မှာ သေချာသည်။

သို့သော် အမတ်ချုပ်အိမ်တော်ထဲက ဒုတိယသခင်မ ဝမ်ရှီကတော့ ကောက်ကျစ်ပြီး ရက်စက်လှသည်။

စစ်မတ်ရေးရာဌာန အမတ်ကြီး၏ မိသားစုမှ ဆင်းသက်လာသူ ဖြစ်သော်လည်း သူမ၏ ဟန်ပန်နှင့် အပြုအမူကတော့ အလွန် ကြမ်းတမ်းသည်။

တစ်ကြိမ်နှစ်ကြိမ်မျှသာ တွေ့ဖူးသော ကောယီနျန်ကို ရုတ်တရက် တွေးမိသွားပြီး သူမလည်း သိပ်ပြီး ကောငကောင်းမွန်မွန် နေရမည် မဟုတ်ဟု တွေးမိလိုက်သည်။

သို့သော် ယခုအချိန်တွင် အမတ်ချုပ်အိမ်တော်၏ ဒုတိယအိမ်ခွဲ ကိစ္စများက သူတို့နှင့် ဘာမှ မသက်ဆိုင်တော့ပေ။

နောင်တစ်ချိန် အမတ်ချုပ်လင် ကွယ်လွန်သွား၍ ဈာပန သွားရမည့် အချိန်ကလွဲလျှင် သူတို့ကို အမတ်ချုပ်အိမ်တော်သို့ ပြန်သွားရန် မည်သည့် အကြောင်းပြချက်၊ မည်သည့် မျှော်လင့်ချက်မျှ မရှိပေ။

ခေါင်းထဲတွင် အိမ်အသစ် ပြောင်းရန်ကိုသာ အပြည့်အဝ တွေးနေတော့သည်။

"အဲဒီအိမ်ကို အမေ သွားကြည့်ပြီးပြီ… သားနဲ့ သားအစ်ကို ရဲ့ ခြံဝင်းတွေက သေချာလေးကို ပြင်ဆင်ထားတယ်… နောင်ကျ အိမ်ထောင်ကျသွားရင်တောင် အဆင်ပြေတယ်… သားရဲ့ ဦးလေးကြီး က စေ့စပ်တဲ့သူပါ… သားအစ်ကို ရဲ့ ခြံဝင်းက လမ်းမနဲ့ နည်းနည်း နီးတယ်… သားရဲ့ ခြံဝင်းကတော့ အတွင်းဘက် နည်းနည်း ပိုကျတယ်… တိတ်ဆိတ်တော့ သား သေချာ စာဖတ်လို့ရတာပေါ့"

လင်ရှင်းကျစ်က တော်ဝင်ချပ်ဝတ်စစ်တပ်ထဲ ဝင်သွားပြီဖြစ်ရာ ပြန်လာရမည့် ရက်မှာ သိပ်မလိုတော့ချေ။

လမ်းမနှင့် နီးခြင်းက အဆင်ပြေစေပြီး ဆူညံသံများကိုလည်း မကြောက်ရပေ။

လင်မုကျစ်၏ ခြံဝင်းက အတွင်းဘက် နည်းနည်း ပိုကျခြင်းကြောင့် နောင်တစ်ချိန် စာမေးပွဲအတွက် ပြင်ဆင်ရမည်ဆိုလျှင် စိတ်တည်ငြိမ်စွာထားနိုင်ပြီး အနှောင့်အယှက် နည်းပါးမည် ဖြစ်သည်။

ပထမသခင်ကြီးသုန် ဇနီးမောင်နှံက တကယ်ကို ဉာဏ်ကောင်းသူများ ဖြစ်ကြသည်ဟု ဆိုရပေမည်။

အရာရာကို စေ့စပ်သေချာစွာ လုပ်ဆောင်တတ်ကြသည်။

"ဦးလေးကြီး ရဲ့ စေတနာတွေကို သား မေ့မှာ မဟုတ်ပါဘူး… နောင်တစ်ချိန် အစ်ကိုဝမ်းကွဲ နဲ့အတူ ညီလာခံမှာ အမှုထမ်းခွင့်ရရင် သေချာပေါက် အချင်းချင်း ဖေးမကူညီသွားမှာပါ"

"အင်း… သား မှတ်ထားရင် ရပါပြီ"

ဒုတိယသခင်မသုန်က ဘက်လိုက်ခြင်းများ မရှိပေ။

ဒီလောက် နှစ်တွေ အများကြီး ကြာလာတာတောင် မိဘအိမ်က လူတွေပဲ သူတို့ ပထမအိမ်ခွဲ မိသားစုအပေါ် ရင်ထဲကနေ သေချာ ဆက်ဆံပေးခဲ့ကြတာ မဟုတ်လား။

လင်ကွမ်ကျစ်လည်း တော်ဝင်ကျောင်းတော်ထဲတွင် ရှိနေကြောင်းကို သူတို့ သားအမိ နှစ်ယောက်လုံးက မေ့သွားခဲ့ကြသည်။

မည်သို့ပင်ဆိုစေ သူ၏ အဘွားမှာ မင်းသမီးရုံခန့် ဖြစ်ရာ သူတို့နှင့် အပေါင်းအသင်း လုပ်ချင်မည် မဟုတ်ပေ။

သို့သော် ဒုတိယသခင်မသုန်က မှာစရာရှိသည်များကိုတော့ မှာရဦးမည် ဖြစ်သည်။

"တော်ဝင်ကျောင်းတော် ကို ရောက်တဲ့အခါ… သားနဲ့ ခဲ့လီ သတိထားကြဦးနော်… လင်ကွမ်ကျစ် က ဘာပြဿနာတွေ လာရှာမလဲ ဘယ်သူမှ မသိနိုင်ဘူး… သူက စိတ်ထားမကောင်းဘူး… သူ့အဖေနဲ့ အဘွားထက်တောင် ပိုဆိုးသေးတယ်… ထောင်ချောက်မမိအောင် သတိထားနော်… ကြားလား"

"အမေ စိတ်ချပါ… ဒီအစ်ကိုဝမ်းကွဲ က အရင်ကတည်းက သားကို အရေးလုပ်ခဲ့တာမှ မဟုတ်တာ… ဒီတစ်ခေါက် သွားရင်လည်း သူ သိပ်ပြီး သတိထားနေမှာ မဟုတ်ပါဘူး… သားက စာဖတ်ဖို့ကိုပဲ အာရုံစိုက်ထားတာမို့လို့ သူနဲ့ ပြဿနာတက်ဖို့ အချိန်မရှိပါဘူး"

လူမိုက်တွေသာလျှင် ဤကဲ့သို့ တန်ဖိုးမရှိသူများနှင့် အချင်းချင်း အငြိုးဖွဲ့ကာ အချိန်ကုန်ခံကြမည် ဖြစ်သည်။

လင်မုကျစ်အတွက်တော့ တော်ဝင်ကျောင်းတော်သို့ ဝင်ခွင့်ရခြင်းက အရင်က တောင်းဆို၍တောင် မရခဲ့သော အခွင့်အရေး ဖြစ်သည်။

ထို့ကြောင့် အခွင့်အရေးကို ဆုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အရည်အချင်း ပိုရှိလာအောင် လုပ်ရမည်သာ။

သို့သော် သူတွေးထားသည်က အနည်းငယ် ရိုးရှင်းလွန်းနေလေ၏။

တစ်ခါတရံ လူက ပြဿနာကို သွားမရှာသော်လည်း ပြဿနာက လူဆီ ရောက်လာတတ်သည်ကို သိထားသင့်ပေသည်။

လင်ကွမ်ကျစ်၏ ပြဿနာက အိမ်တံခါးဝ မရောက်လာသေးခင် လင်ဝမ်ယိဆီတွင်တော့ မထင်မှတ်ဘဲ လန်မိသားစု၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံနေရလေပြီ။

ထိုကိစ္စကြောင့် သူမ ဤရက်ပိုင်းအတွင်း အတော်လေး ခေါင်းခဲနေရလေ၏။

လန်ဖေး သေဆုံးသွားပြီးကတည်းက လန်မိသားစုက အတော်လေး ပြဿနာရှာနေခဲ့သည်။

တစ်ခဏနေ လန်ဖေးကို ဘယ်သူသတ်လဲဆိုတာ စုံစမ်းချင်တယ်ပြောလိုက်၊ တစ်ခဏနေ ဒုတိယမင်းသမီးကို ကြည့်ဖို့ နွေရာသီအပန်းဖြေနန်းတော်ကို ဇွတ်ဝင်လာလိုက်နှင့်။

ယီဖေးက ဤကိစ္စများအားလုံးကို တင်းကြပ်စွာ တားမြစ်ပိတ်ပင်ထားနိုင်သည်။

သို့သော် သူမက ဘာမှမသိသလို ဟန်ဆောင်နေပြီး လင်ဝမ်ယိနှင့် လန်မိသားစုကြားက အားပြိုင်မှုများကို ထိုင်ကြည့်နေလေ၏။

အားလုံးက ဒုတိယမင်းသမီး၏ အနာဂတ်အတွက်သာ ဖြစ်သည်။

All Chapters